နာနာဘာဝ၊ ဓဇဂ္ဂသုတ်နှင့် ရိုမင်ကက်သလစ်


ပြောရခက်၊ ရှင်းရခက်သည့် ကိစ္စသည် နာနာဘာဝကိစ္စဟုထင်သည်။ ထို့ အပြင် ထိုထို နာနာဘာဝတို့ကို မွေးရာပါဗီဇဖြင့် မြင်နိုင်သည်ဆိုသော ကိစ္စ လည်းပါဝင်သည်။ စင်္ကာပူမှာလည်း ဤကိစ္စမျိုး မကြာ မကြာကြုံတွေ့ရသည်။

သူ့နာမည်က ချာကင်ဟောက်။ ဆန်းဒေးဓမ္မသင်တန်းမှာ နှစ်ပေါင်းများစွာ ဆရာလုပ်ခဲ့သူ။ မနှစ်က ယခုလို ချိန်ပိန်ပွဲအနီးမှာ သူ့အိမ်က ကက်စက် အလိုလိုမြည်နေတတ်ကြောင်း၊ ပစ္စည်းပစ္စယများ အလိုလိုရွေ့နေ တတ်ေ ကြာင်း၊ ညပိုင်းစကားပြောသံတွေ ကြားနေရကြောင်း စသဖြင့် လျှောက်ထား လာသည်။
ထို့ထက် ထူးခြားသည်က ချွေးမဖြစ်သူ ရိုမင်ကက်သလစ်ဘာသာဝင်က နာနာဘာဝကို မြင်ရသည်ဟုဆိုလာ၏။ ယင်း နာနာဘာဝက အမျိုးသမီး၊ အစိမ်းရောင် အတ်အစား ရှိ၏ တဲ့။ ဤသို့ မြင်ရသည်ဆိုခြင်းကိုကား ယုံသည် မဟုတ် မယုံသည်မဟုတ်ဟု ဆိုရချေမည်။ အစိမ်းရောင်ဟုဆိုသဖြင့် အင်ဒို နီးရှား၊ ဂျဗားကျွန်းက ဖြစ်မည်ဟုပင် စ လိုက်မိသေးသည်။

အစမှာတော့ ကျောင်းက ပရိတ်ရေကိုယူပြီး အိမ်ကိုဖြန်းပေးရန် လမ်းညွှန်မိ သည်။ ထိုအမျိုးသမီးငယ် အဆိုအရ အိမ်ကိုပရိတ်ရေဖြန်းနေစဉ် နာနာဘာ ဝက အပြင်ထွက်သွားပြီး ပြီးလျှင် ပြန်ဝင်လာသည် တဲ့။ ခက်ချေ၏။
သို့ဖြင့် သီရိလင်္ကာကိုယ်တော်လေးနှင့်အတူ သူတို့အိမ်ကြွသွားပြီး ရတန သုတ်၊ မေတ္တသုတ် ဓဇဂ္ဂသုတ် ပရိတ်တို့ကိုရွတ်ပြီး အိမ်ကိုလည်း ပရိတ်ရေဖြန်းပေးလိုက်သည်။ ထိုအမျိုးသမီးငယ် အဆိုအရ ထိုမှနောက် ပြန် မလာတော့ ဟူသတတ်။

အရင်တပတ်က ကြုံလာရပြန်သည်။ ယခုအခါ ချာကင်ဟောက်၏ ခယ်မ အိမ်မှာဖြစ်သည်။ ဖြစ်ပျက်နေပုံ အလုံးစုံတူ၏။ ထူးသည်က ဤနာနာဘာဝက အမျိုးသား၊ အနက်ရောင်အတ်အစား ရှိ၏ တဲ့။ အလားတူပင် သီရိလင်္ကာ ကိုယ်တော်လေးနှင့်အတူ ကြွပြီး ပရိတ်ရွတ် ပရိတ်ရေဖြန်းပေးလိုက်သည်။ ယခု ပိုထူးခြားလာသည်က ပရိတ်ရွတ်နေစဉ် ဤနာနာဘာဝက မိမိခြေထောက်ကို ဖက်ထားသည်ဟု နာနာဘာဝကို မြင်ရသည်ဟုဆိုသော အမျိုးသမီးက ဆိုချေ၏။ မိမိကိုယ်တိုင်ကလည်း ပရိတ်တော်တို့ကို အာရုံစိုက် ရွတ်ရွတ်နေရလို့လားမသိ ဘယ်လို အထိအတွေ့မှ မခံစားရ။
ကိုယ်က တကယ်မသိလို့ မသိကြောင်းပြောလည်း ထိုထို ရွှေတရုတ် ဒကာ၊ ဒကာမတို့က မယုံကြည်။ မပြောအပ်လို့ မပြောခြင်းဟုသာ ဆိုကြသည်။ မိမိနှင့် သီရိလင်္ကာကိုယ်တော်လေးတို့ကတော့ ပြုံးလို့သာ နေလိုက်ရတော့၏။

ဤက အရေးမကြီး အရေးကြီးသည်က ထိုသတ္တဝါ ပြန်လာ မလာသာဖြစ် သည်။ နှစ်ညလွန်သော် အတွင်းရေးမှုကို ဖုန်းဖြင့်စုံစမ်းကြည့်ရန်ပြောမိ၏။ ထိုအခါ ပြန်မလာဟု သတင်းကောင်းရရှိသည်။ ထိုမျှမက နှစ်ကြိမ် သူမ ကိုယ်တိုင် ကြုံတွေ့လိုက်ရသည့်နောက် ချွေးမဖြစ်သူ ရိုမင်ကက်သလစ် ဘာသာဝင်က ဗုဒ္ဓဘာသာကို ပြောင်းလဲကိုးကွယ်ချင်သည်၊ လိုအပ်သော လမ်းညွှန်မှုပေးပါဟု လျှောက်ထားသဖြင့် သရဏဂုမ် သုံးပါးနှင့် ငါးပါးသီလ ကို အယူခိုင်းလိုက်သည်။

ရိုမင်ကက်သလစ်ဘာသာဝင်ကနေ ဗုဒ္ဓဘာသာကို ပြောင်းလဲ ကိုးကွယ် သည်ကို ထောက်ဆတော့ နာနာဘာဝတို့ကို မြင်ရသည်ဟုဆိုသော သူမ စကားကို အတည်ပြုရမလို ဖြစ်သွားတော့သည်။ တကယ်မမြင်ရလျင် သူမ ပြောင်းလာမည်မဟုတ်။ သူတို့က ဘာသာပိုစွဲသည်။

ဘုရား မုခပတ်တော်များက နှစ် ၂၅၀၀ ကျော်သည့်တိုင် စွမ်းဆဲ၊ ကာကွယ် ဆဲ၊ ကောင်းကျိုးဆောင်ဆဲဟု လေးနက်စွာယုံကြည်မိ၏။


 သီဟနာဒ

Post a Comment