အောက်ပါ အဖြေများမှ မှန်ကန်သော အဖြေ တစ်ခုကို ရွေးပါ။ ( နှစ်ခု မရွေးရ ဟု ဆိုလိုသည် ) တစ်ပုဒ်မှန် တစ်မှတ်။
၁။ နိုင်ငံ ( သေးသေးလေး ) တစ်နိုင်ငံ၏ ဝန်ကြီးချုပ်သက်တမ်းသည် ငါး နှစ်ဖြစ်သည်။ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ နိုင်ခဲ့သော် ဆယ် နှစ်ဖြစ်သည်။ သို့ ဖြစ်လျှင် ထို ဝန်ကြီးချုပ်၏သက်တမ်းသည်
( က ) အနှစ် ၂၀
( ခ ) အနှစ် ၄၀
( ဂ ) တစ်သက်လုံး ဖြစ်သည်။ ( မစ္စတာ ဂျင်းမ် )
၂။ နိုင်ငံတစ်နိုင်ငံ၌ ကျောင်းသားတစ်ယောက်အတွက် ကျောင်းဝင်ကြေးသည် ငါးရာကျပ် ဖြစ်၏။ သို့ဖြစ်လျှင် ကျောင်းသားတစ်ယောက် ကျောင်းအပ်ရန် မိဘများ ကုန်ကျငွေသည်
( က ) ငါးသောင်း ဖြစ်သည်။
( ခ ) တစ်သိန်း ဖြစ်သည်။
( ဂ ) ငါးသိန်း ဖြစ်သည်။
၃။ နိုင်ငံတစ်နိုင်ငံ၌ စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်လစာသည် ငါးသိန်းဖြစ်အံ့။ သို့ဖြစ်လျှင် ထို စစ်ဗိုလ်ချုပ်ကြီး၏ အမှန်တကယ် တစ်လ ဝင်ငွေသည်
( က ) သိန်း ငါးရာ ဖြစ်သည်။
( ခ ) သိန်း တစ်ထောင် ဖြစ်သည်။
( ဂ ) မရေ မတွက်နိုင် ဖြစ်သည်။
၎။ နိုင်ငံ တစ်နိုင်ငံ၏ အခြေခံဥပဒေ ရေးဆွဲရာ ကာလသည် ငါးနှစ်ကြာသည်ဟု ဆို၏။ သို့ဖြစ်လျှင် ၎င်း အခြေခံဥပဒေ ရေးဆွဲ ပြီးစီးရန် လူထု စောင့် ရသော သက်တမ်းသည်
( က ) ၁၀ နှစ် ဖြစ်သည်။
( ခ ) နှစ် ၂၀ ဖြစ်သည်။
( ဂ ) မည်မျှကြာမှန်း မသိနိုင်ပါ။
၅။ နိုင်ငံ တစ်နိုင်ငံ၏ မတည်ငြိမ်သော အခြေအနေကို ထိန်းသိမ်းရန် စစ်တပ်က " ခဏ " တာဝန် ဝင်ယူရသည်ဟု ဆို၏။ သို့ဖြစ်လျှင် ၎င်း " ခဏ " ဟူသည်
( က ) ၂၆ နှစ် ဖြစ်သည်။
( ခ ) ၄၆ ဖြစ်သည်။
( ဂ ) စိတ်ကောင်းရှိသော ဗိုလ်ချုပ်ကြီး သမ္မတ မဖြစ်ခင် အထိ ဖြစ်သည်။
၆။ နိုင်ငံ တစ်နိုင်ငံ၌ မတရား ရယူထားသော မြေများကို အခွန် စနစ်ဖြင့် ထိန်းမည်ဟု ဆို၏။ ထိုမြေများ အခွန်ပေးရန် မလွယ်ကူသဖြင့် ၎င်း ( မသေမီ ဖြစ်နေနေရရှာသောလူ့ ပြိတ္တာ ) တို့က နိုင်ငံတော်ကို ပြန်လည် အပ်နှံရမည် ဖြစ်သည်။ ထိုအခါ သုံးစွဲသင့်သော ဝေါဟာရမှာ
( က ) " ဧက တစ်သိန်းကျော်ကို နိုင်ငံတော်သို့ ပြန်လည် လှူဒါန်း " ဖြစ်သည်။
( ခ ) " ( ဦး ) သိန်းစိန်ကို သေတောင် မကျေဘူး " ဖြစ်သည်။
( ဂ ) " ဒီ သောက် ဒီမိုကရေစီ ရှုပ်ကို ရှုပ်တယ် " ဟု ဖြစ်သည်။
၇။ အာရှတိုက်ရှိ အဆင်းရဲဆုံးနိုင်ငံ တနိုင်ငံမှ လူချမ်းသာကြီးများသည် လန်ဒန်ရှိ တန်ဖိုးကြီး အိမ်ယာများကို ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများနှင့် တန်းတူ ဝယ်ယူနိုင်အောင် ချမ်းသာကြသည်ဟုဆို၏။ သို့ဖြစ်လျှင် ထိုနိုင်ငံမှ ဗိုလ်ချုပ်လူထွက်ကြီးများ ဝမ်းနဲတကြီးဖြစ်ရဆုံးသောနေ့သည်
( က ) အာဇာနည်နေ့ ဖြစ်သည်။
(ခ) ရဟန်းတော်များ၊ ကျောင်းသားပြည်သူများ သွေးမြေကျရသောနေ့ ဖြစ်သည်။
(ဂ) ဘိန်းဘုရင်ကြီး သေဆုံးသောနေ့ ဖြစ်သည်။
၈။ အပေါ်ခွံအမာကြီး အချွတ်ခံလိုက်ရသော လိပ်တစ်ကောင်ကို ဝတ်လစ်စလစ်ဟုလည်းကောင်း၊ အိမ်ခြေယာမဲ့ဟုလည်းကောင်း ဆိုကြ၏။ သို့ဖြစ်လျှင် အပေါ်ခွံအမာကြီး ချွတ်လိုက်သော လူတစ်စု၏ အမည်သည်
(က) ဝတ်လစ်စလစ်အဖွဲ့ ဖြစ်သည်။
(ခ) အိမ်ခြေယာမဲ့အဖွဲ့ ဖြစ်သည်။
(ဂ) ဦးသိန်းစိန်အစိုးရ ဖြစ်သည်။
၉။ လူဖတ်များသည့် ဖေ့စ်ဘုတ်အကြီးစားကြီးတစ်ခုသည် ကမ္ဘာအရပ်ရပ်ကရေးထားကြသည့် (မြန်မာလို) ကောင်းနိုးရာရာစာတွေကို အကုန်တင်၏၊ ပြီးတော့ မူရင်း လင့်ခ် ကို ဖြတ်ပစ်လိုက်၏။ အလွယ်တကူ မူရင်းလင့်မှ "ရှဲ " လုပ်လိုက်လျှင် ရပါလျှက် (ဖေ့စ်ဘုတ်တည်ထွင်သူ၏ အဓိက ရည်ရွယ်ချက်က ဤနည်းဖြင့် လွယ်ကူစွာ ဆက်ဆံနိုင်ရေး ဖြစ်သည်) မူရင်းလင့်ကိုချက်ချင်းသွားလို့မရအောင် ခရစ်ဒစ် ဘာညာဆိုပြီးအပင်ပန်းခံ ပြုမူလုပ်ဆောင်နေခြင်းသည်
(က) စာဖတ်သူကို စေတနာထားခြင်းကြောင့် ဖြစ်သည်။
(ခ) စာရေးသူများကို စေတနာထားခြင်းကြောင့် ဖြစ်သည်။
(ဂ) အချိန်တွေ ပိုနေသောကြောင့် (သို့) အခက်ကြိုက်သောကြောင့် (သို့ ) ဘယ်လိုပေါ်လစီကြီးပါလိမ့် ဖြစ်သည်။
အမှတ်ပြည့်ရသူ များကို ကျေးဇူးတင်စကား ထိုက်ထိုက် တန်တန် ပြောပါမည်။
( posted on 28/08/2012 )

ဇင်ဝေသော်
Post a Comment