ကပ်သီး ကပ်သပ်

ဘုန်းဘုန်း ရန်ကုန်မှာတုန်းက ပိန်ပိန်လေးနော်။ အခု တော်တော်ဝလာတယ်။ စင်္ကာပူက အစားအစာကြောင့်လား မသိဘူး။ ပေါက်ပေါက်ရှာရှာ မေးတယ် မထင်ပါနဲ့ ဘုရား။ ( ငတူး )

စင်္ကာပူက အစားအစာကြောင့် မဟုတ်ပါဘူး ငတူးရာ ။ ဘုန်းဘုန်းမှ မဟုတ်ပါဘူး၊ တခြား ဘုန်းဘုန်းတွေ ဝလာတာလည်း အစားအစာနဲ့ မဆိုင်ပါဘူး။ သင်္ကန်းကြောင့်ပါ။ လူတွေက အင်္ကျီဘောင်းဘီတွေ ဝတ်ကြတော့ နည်းနည်းလေး ဝ လာတယ်ဆိုရင်ပဲ အင်္ကျီတွေ ကျပ်၊ ဘောင်းဘီတွေ ကျပ် ဆိုတော့ တန်းသိတယ်။ ရဟန်းတော်တွေမှာတော့ သင်္ကန်းကြီးက ပြန့်ကြီးဆိုတော့  နည်းနည်းလေး ဝ လာလည်းမသိ၊ များများကြီးဝ လာလည်းမသိ။ ကျပ်တယ်ဆိုတာလည်း မရှိ။  ဒါကြောင့်ပါ။
ဘုန်းဘုန်းတွေ ဝလာရင် ဘုရားပေးတဲ့ သင်္ကန်းကြီးကြောင့်လို့သာ မှတ်လိုက်ပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ်။

ဆရာတော် ဦးဗုဒ်က ကြည်ညိုဖို့သိပ်ကောင်းတယ်လို့ ပြောကြတယ်၊ ဆရာတော် ဦးဗုဒ် အကြောင်း နည်နည်း ပြောပြပေးပါလား ဘုရား။ ( ခက်ခက် )


ဆရာတော် ဦးဗုဒ်ကြည်ညိုဖို့သိပ်ကောင်းတာက ဒီခေတ် မဟုတ်လို့ပါ။  ဒီခေတ်မှာဆို ဆရာတော်ဗုဒ်ကို လူတွေ ဒီလောက်  ကြည်ညိုချင်မှ   ကြည်ညို ကြမှာပါ။ ဒီခေတ်က ဆိုရှယ်ခေတ် မဟုတ်လား။
ဥပမာ ကြည့်ပါ။

ယနေ့ခေတ်။ ဒကာကြီး ဒကာမကြီး တို့ မတွေ့တာတောင် ကြာလှပေါ့၊( ဒါမျိုးမှ ကြိုက် )
ဆရာတော်ဗုဒ်။ သူတို့ကို ဧည့်မခံရတော့ ငါ့ပရိယတ်၊ ပဋိပတ်ကို ဖြောင့်ဖြောင့် လုပ်နိုင်တာပေါ့။ ( ဘယ်လိုကြီးလဲ ဟ )





ယနေ့ခေတ်။ လာ၊ ဒကာမကြီးတို့၊ လှေကားကနေတက်ခဲ့။
ဆရာတော်ဗုဒ်။ လှေကားက မတက်လို့ ဒီ ဒကာမက တိုင်ဖက်ပြီး တက်နေရဦးမှာလား၊ စကားမရှိ စကားရှာ။

ယနေ့ခေတ်။ ထိုင်ကြ၊  ဒကာမကြီးတို့။ ကော်ဇောပေါ်ထိုင်။
ဆရာတော်ဗုဒ်။ ကော်ဇောပေါ်မထိုင်လို့  ဒီ ဒကာမတွေက ဆရာတော့်ခုံပေါ် တက်ထိုင်နေရမှာလား၊ စကားမရှိ စကားရှာ။

စာထဲက ဆရာတော်ဗုဒ်ကို ကြည်ညိုကြပေမယ့် အပြင်မှာ တကယ် နဖူးတွေ့ ဒူးတွေ့ဆို လန်သွားမယ့် ဒကာ ဒကာမတွေ ဒီခေတ်မှာ တော်တော် များလိမ့်မယ် ထင်သကွယ်။ မှားရင် ခွင့်လွှတ်တော်မူကြကုန်။

သီဟနာဒ

Post a Comment