ရွာအနောက်ခြမ်းက အသံများ(၃)

The Life of the Buddha

ယခု သကျမုနိ ဘုရားရှင်အကြောင်း ဆွေးနွေးချင်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဝင်ဆန်ဆန် အသေးစိတ်တော့ မပြောလိုပါဘူး။ ဇာတ်လမ်း၊ ဇာတ်ကွက်တွေနဲ့ ဗုဒ္ဓဝင်ကတော့ ရှေးကရော အခုရော ရေးခဲ့ဖူးကြလှပါပြီ။ ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်ကို အခြေခံပြီး ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ဖော်ပြနိုင်မယ့် အချက်တစ်ချို့ကိုသာ ဆွဲထုတ်ဆွေးနွေးသွားမှာပါ။

ရှေ့ကအခန်းနှစ်ခန်းမှာ အိန္ဒိယရှေးဟောင်းကိုးကွယ်မှု၊ အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုနဲ့ အားရီးယန်းတွေအကြောင်း ဆွေးနွေးခဲ့ပြီးပါပြီ။ မြောက်ပိုင်းဂင်္ဂါလွင်ပြင်နဲ့ နီပေါတာရိုင်း (Tarai) တို့ဟာ အဲဒီခေတ်က အိန္ဒိယရဲ့ အသက်သွေးကြောသဖွယ် ဖြစ်ခဲ့တဲ့ မဓယဒေသဟာ ဒီယဉ်ကျေးမှုနှစ်ခုအားပြိုင်ရာ၊ ပေါင်းစည်းရာဖြစ်လာခဲ့တယ်။ ဒါဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်ပါဘူး။ အာရီးယန်းတွေ ဖြစ်တဲ့ ရသေ့၊ ရဟန်းတွေက သူတို့ အားရီးယန်းအကျင့်တွေကို သင်ကြားပို့ချကြဖို့ အာရီးယန်းတွေနဲ့အတူ အရှေ့ဘက်ကို ခြေဦးလှည့်ကြတယ်။

ဒီလို အင်အားကြီးယဉ်ကျေးမှုနှစ်ခု ထိပ်တိုက်ရင်ဆိုင်တွေ့ကြုံမှုဟာ ဘာသာယဉ်ကျေးမှုအသစ်တစ်ခု ပေါ်ပေါက်လာဖို့ တွန်းအားတစ်ခုဖြစ်ခဲ့ပါတော့တယ်။ ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်နဲ့ အဆုံးအမတစ်ချို့ကို ဒီလိုသမိုင်းအထောက်အထား ရှုထောင့်တွေကနေ ကြည့်နိုင်ပါတယ်။ ရှေ့မှာပြောခဲ့သလိုပါပဲ လူမှုရေး၊ စီးပွါးရေးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ ဘီစီခြောက်ရာစုလူတွေကို တိတိကျကျသက်ရောက်စေခဲ့ပြီး ဘာသာရေးယုံကြည်မှု အမြင့်ဆုံးကို ရောက်ရှိစေခဲ့တယ်။

ဒီလိုအပြောင်းအလဲတွေကို သင်ခန်းစာယူကြပြီး သူတို့ရဲ့ဘေးကင်းလုံခြုံမှုတို့နဲ့ ပတ်သက်လို့ မရေမရာမှုတွေ ခံစားလာကြရတယ်။ ဒီနောက် ဘာသာရေးဘက်ကို ခြေဦးပြန်လှည့်လာကြတယ်။ ဘာသာရေးယုံကြည်မှုက တည်ငြိမ်မှု ကိုဖြစ်စေပြီး စိုးရိမ်ကြောင့်ကြရမှုတွေကို အထိုက်အလျှောက်ငြိမ်းအေးစေနိုင်ပါတယ်။ ဒီလိုခေတ်အခြေအနေ မျိုးတွေဟာ ဘာသာရေးပြောင်းလဲမှု၊ ဘာသာရေးအားပြိုင်မှုတွေ အမြဲတမ်းဖန်တည်းပေးတတ်ပါတယ်။

ဘီစီခြောက်ရာစုက အိန္ဒိယမှာ ဘာသာတရားပေါ်ပေါက်ခဲ့သလို၊ တရုတ်ပြည်မှာလည်း ပေါ်ပေါက်ခဲ့တာပါပဲ။

ဘုရားဗုဒ္ဓဝင်ကနေအခြေခံပြီး အရေးအကြီးဆုံး ဘာသာရေးတန်ဖိုးသုံးခု ပေါ်ထွက်လာခဲ့တယ်။
၁။ ကာမဂုဏ်ကိုခွါပြီး တောရိပ်ခိုလှုံခြင်း
၂။ မေတ္တာနဲ့ ကရုဏာ
၃။ ပညာတို့ ဖြစ်ကြပါတယ်။

ဒီအချက်သုံးချက်ကို နေရာတိုင်းမှာတွေ့ရပြီး နိဗ္ဗာန်ရောက်ရေးမှာလည်း ဒါတွေဟာ အရေးအကြီးဆုံးအချက်တွေ ဖြစ်နေခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အဓိက အကုသိုလ်မူလတွေက လောဘ၊ ဒေါသ၊ မောဟတို့ဖြစ်ပြီး လောဘကို ကာမဂုဏ်မှစွန့်ခွါခြင်း၊ ဒေါသကို မေတ္တာနှင့် ကရုဏာ၊ မောဟကို တရားထိုင်ရှုမှတ်ခြင်းဖြင့် လွန်မြောက်နိုင်တယ်လို့ တွဲစပ်ပြထားပါတယ်။

သိဒ္ဓတ္ထမင်းသားဟာ (၇) နှစ်သားအရွယ်ကတည်းကကိုပဲ လယ်ထွန်မင်္ဂလာပွဲကို တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ လယ်ထွန်မင်္ဂလာပွဲကိုကြည့်ရင်း သိန်းငှက်ရဲ့အစာဖြစ်ရရှာမယ့် တီကောင်ကိုတွေ့ခဲ့တယ်။ အဲဒီကတည်းက သတ္တဝါတွေဟာ ကိုယ့်ရှင်သန်ရေးအတွက် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်စားသောက်နေကြရတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ အလောင်းတော်ဟာ နုစဉ်ဘဝကတည်းကပဲ ဒီလို ဒုက္ခသုက္ခတွေကို ရှုမြင်လာခဲ့ရတော့ ဘုရားဖြစ်လို့ ဒေသနာတွေကို ဟောရာမှာလည်း ဒုက္ခသစ္စာကို ဦးတည်ထားပါတော့တယ်။

နိမိတ်ကြီးလေးပါးကို မြင်ပြန်တော့ ရှောင်လွှဲမရတဲ့ အိုမှု၊ နာမှု၊ သေမှုတွေကို တွေခဲ့ရတယ်။ ဒါတွေနဲ့ ကင်းကွာဖို့ဆိုရင် ပရမတ္တသစ္စာကို ဆိုက်မှရမယ်။ ဒီအခါမှာ တောထွက်ခြင်းကိစ္စ ပေါ်ပေါက်လာခဲ့တော့တယ်။

ဒီလို နုနယ်တဲ့အရွယ်မှာ တောထွက်ခြင်းဟာ အဆင်မပြေတဲ့ဘဝကို စိတ်ဓာတ်တွေကျပြီး တောထွက်(ဖြစ်လေ့ဖြစ်ထ ရှိတဲ့) မှုမျိုး မဟုတ်ဘူးဆိုတာတော့ သတိရနေဖို့ အရေးကြီးပါတယ်။ အကောင်းဆုံး ကာမဂုဏ်တွေကို ခံစားနေရင်းနဲ့ အတွင်းက ပုန်းလျှိုးကွယ်လျှိုး ဒုက္ခအစစ်တွေကို ကျော်မြင်တော်မူခဲ့တယ်။ ဒီအမြင်ကပဲ သိဒ္ဓတ္ထမင်းသားကို တောထွက်ဖို့ တွန်းအား ပေးလိုက်တာပါ။

မေတ္တာနဲ့ ကရုဏာကို ကြည့်ကြပါစို့။ စိတ်ဝင်စားစရာအကောင်းဆုံး အဖြစ်အပျက်ကတော့ ဒဏ်ရာရနေတဲ့ ငန်းတစ်ကောင်အကြောင်းပါ။ ဘုရားဖြစ်တော်စဉ်အရ သိဒ္ဓတ္ထမင်းသားနဲ့ ဒေဝဒတ္တတို့ ဥယျာဉ်ထဲလမ်းလျှောက်နေကြတယ်။ ဒေဝဒတ်က ငန်းကို လေးနဲ့ပစ်တယ်။ သူတို့နှစ်ယောက်လုံး ငန်းဆီကိုပြေးသွားကြတယ်။ အပြေးပိုမြန်တဲ့ သိဒ္ဓတ္ထမင်းသားက ငန်းကိုရသွားခဲ့တယ်။

သိဒ္ဓတ္ထမင်းသားက ဒဏ်ရာရနေရှာတဲ့ ငန်းကိုပွေ့ယူပြီး အနာသက်သာအောင် ပြုစုပေးတယ်။ ဒေဝဒတ္တက သူပစ်လိုက်တဲ့ငန်းမို့ သူသာပိုင်ကြောင်း အခိုင်အမာပြောတယ်။ သူတို့နှစ်ယောက်ဟာ အဲဒီငန်းကိုယူ၊ တရားသူကြီးဆီ သွားရောက်ပြီး ဆုံးဖြစ်ချက်ကို ခံယူကြတယ်။ တရားသူကြီးက သိဒ္ဓတ္ထမင်းသားပိုင်စေလို့ ဆုံးဖြတ်တယ်။ အကြောင်းကတော့ ပြုစုစောင့်ရှောက်သူသာ ငန်းကိုပိုင်သင့်ပြီး ညှင်းပန်းနှိပ်စက်သူ မပိုင်သင့်ဆိုတာပါပဲ။

ဒီဇာတ်လမ်းလေးက နုနယ်တဲ့မင်းသားရဲ့ မေတ္တာနဲ့ ကရုဏာကို လှလှပပ ပုံဖော်ပေးပါတယ်။ ဘုရားဖြစ်ပြီးတဲ့ နောက်မှာလည်း မေတ္တာ၊ ကရုဏာရဲ့ ပုံရိပ်တွေက အများကြီးပါ။ အခါတစ်ပါးမှာ တိဿဆိုတဲ့ ဂိလာနရဟန်းကို ဘုရားရှင်ကိုယ်တိုင် ပြုစုပေးခဲ့ပါတယ်။ တိဿရဲ့ရောဂါက ရွံရှာစရာ ပြည်ပုပ်တွေနဲ့ရောဂါပါ။ ဒါကို ဘုရားရှင်က စံပြအနေနဲ့ သန့်ရှင်းပေးခဲ့ပါတယ်။

အခု အရေးအပါဆုံးဖြစ်တဲ့ ပညာကိစ္စကို ကြည့်ကြပါစို့။
လွတ်လပ်ရေးတံခါးတွေကို ဖွင့်ပေးတာ ပညာ၊ ဒုက္ခအားလုံးရဲ့ အဓိကတရားခံ မောဟကို ပယ်သတ်တာ ပညာပါ။

သစ်တစ်ပင်ရဲ့ အကိုင်းအခက်တွေ၊ ပင်စည်တွေကို ဖြတ်တောက်လိုက်ပေမယ့် အမြစ်က ကျန်နေသေးတော့ ဒီသစ်ပင်က ပြန်လည်စည်ပင်လာသလို ကာမဂုဏ်ခွါ တောထွက်ခြင်းနဲ့ လောဘကို နှိမ်နင်းနိုင်တယ်။ မေတ္တာ၊ ကရုဏာနဲ့ ဒေါသကိုနှိမ်နင်းနိုင်တယ်ဆိုပေမယ့် မောဟဆိုတဲ့ အမြစ်ကတွယ်နေသေးတော့ တဏှာနဲ့ ဒေါသက တဖန်ပြန်ပြီး စည်ပင်လာပြန်တယ်လို့ ရှင်းလင်းစွာ ပြသခဲ့တယ်။

အဓိကအကျဆုံးပညာကို ဘာဝနာနဲ့ပဲရနိုင်တယ်လို့ မှတ်သားရင် မှန်နိုင်ပါတယ်။ သကျမုနိအရှင်ရဲ့ ဗုဒ္ဓဝင်အရ စွန်နဲ့ တီကောင်ကိုကြည့်ရင်းနဲ့ သံဝေဂရပြီး ဝင်သက်ထွက်သက်ကို တရားမှတ်လိုက်တာ ပထမဈာန်အထိပင် ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါက ဘုရားရှင်ရဲ့ဘဝမှာ ပထမဆုံးတရားရှုမှတ်တဲ့ သာဓကတစ်ခုပါပဲ။

နောက်တော့ အလောင်းတော်ဟာ တောထွက်ပြီး ပရမတ္တသစ္စာကို ရှာခဲ့တယ်။ ရှေးဦးပိုင်းမှာ အာဠာရ ကာလာမနဲ့ ဥဒကရာမပုတ္တဆိုတဲ့ ဆရာတွေရှိခဲ့တယ်။ ဒီဆရာကြီးနှစ်ပါးဟာ အိန္ဒုယဉ်ကျေးမှုရွှေခေတ်လို့ခေါ်ရင်ရတဲ့ ဘီစီ(၆)ရာစုမတိုင်ခင်ကာလရဲ့ တရားရှုမှတ်ခြင်း၊ စိတ်ကိုထိန်းသိမ်းခြင်းတို့ရဲ့ သာဓကတွေလို့ ပြောရင်ရပါတယ်။

ဆရာနှစ်ဆူဆီကရခဲ့တဲ့တရားက အခိုက်အတန့် အေးငြိမ်းစေနိုင်ပေမယ့် ဒုက္ခကို အမြစ်ဖြတ်မပြစ်နိုင်ဘူးဆိုတာ ဂေါတမအလောင်း သိခဲ့တယ်။ ဒါဟာ အရေးကြီးပါတယ်။ အိန္ဒုယဉ်ကျေးမှုက ပေါက်ပွါးပေးလိုက်တဲ့ ဘာဝနာအမှုဟာ အဆုံးကိုမရောက်လေတော့ ဘုရားရှင်က ဘာဝနာနဲ့ပတ်သက်လို့ ရှေ့အကျင့်ဟောင်းကိုမှီပြီး နယူးဒိုင်မင်းရှင်း ထပ်ဖြည့်ခဲ့ရပါတယ်။ အဲဒီ အမြင်သစ်ဟာ ဗုဒ္ဓဘာသာကို အခြားအခြားသော အိန္ဒိယဂိုဏ်းတွေထဲကနေ ကွဲသွားအောင် ခွဲထုတ်ပေးလိုက်တာပါ။

အကျဉ်းချုပ်ပြောရရင် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူစတဲ့ အိန္ဒိယဘာသာတွေကြားက ခြားနားမှုဟာ ဗုဒ္ဓဘာသာကဆိုလိုက်တဲ့ ဘာဝနာဟာ သူတစ်ခုတည်း အလုပ်မဖြစ်ဆိုတဲ့အချက်ပါ။

ဗုဒ္ဓဘာသာရှုထောင့်အရ တရားထိုင်ခြင်းဟာ ခဲတံချွန်ခြင်းနဲ့တူတယ်လို့ ဆိုနိုင်ပါတယ်။ ဆိုပါတော့ ခဲတံက ဘာအတွက် ချွန်သလဲ။ စာရေးဖို့ပါ။ ဒီလိုပါပဲ၊ တရားရှုမှတ်ခြင်းမှာလည်း ဦးတည်ချက်ရှိကို ရှိရပါမယ်။ အဲဒါ ပညာပါ။

တရားထိုင်ခြင်းနဲ့ ပညာကို မီးတုတ်အကူအညီနဲ့ ပန်းချီကားကိုကြည့်ခြင်း ဥပမာတင်စားလို့ရပါတယ်။ မှောင်ထဲက ပန်းချီကားကိုကြည့်ဖို့ မီးတုတ်လိုပါတယ်။ မီးတုတ်အလင်းက မကောင်းရင်၊ မီးတုတ်မီးက လေကြောင့် မငြိမ်သက်ရင်၊ မီးတုတ်ကိုင်ထားတဲ့လက်က မငြိမ်ရင် ပန်းချီကားကို ရှင်းရှင်းလင်းလင်း မတွေ့ရဘူး။

ဒီလိုပါပဲ၊ အမှန်တကယ်ဖြစ်နေတဲ့ အဝိဇ္ဖာအမှောင်ကို ဖောက်ခွင်းဖို့အတွက် စိတ်ဓာတ်မခိုင်ရင်၊ စိတ်ပြန့်လွှင့်ရင်၊ သာယာမူးယစ်ခြင်းအနှောက်အယှက်၊ ခံစားမှုပြင်းပြခြင်း အနှောက်ယှက်၊အပေါ်ယံ ပညာရပ်ဆိုင်ရာ အနှောက်အယှက်တွေ ရှိနေရင် မဖြစ်နိုင်တော့ပါဘူး။

ပညာနဲ့ပတ်သက်လို့ နောက်တွေ့ရတဲ့ ဒိုင်မင်းရှင်းတစ်ခုကတော့ အလယ်လမ်းစဉ်ကို တွေ့ရှိခဲ့ခြင်းပါ။ အလယ်လမ်းစဉ်ဆိုတာ ဗုဒ္ဓဘာသာရဲ့နှလုံးသည်းပွတ်ပါ။ အဓိပ္ပါယ်တွေကလည်း အမျိုးမျိုးရှိပါတယ်။ ဒီနေရာမှာဆွေးနွေးလို့ မလုံလောက်နိုင်ပါဘူး။

မှန်တာပေါ့၊ ဗုဒ္ဓဝင်ထဲမှာ အခြားတန်ဖိုးရှိတဲ့ အချက်အလက်တွေ အများကြီးရှိမယ်။ ဒါပေမယ့် ကျွန်တော် ဆွေးနွေးလိုတာက ဝိဇ္ဖာ၊ စရဏနဲ့ ပတ်သက်တဲ့ သင်ခန်းစာယူမိဖို့ပါ။ နာမည်တွေ၊ မြို့ပြတွေနဲ့ပြည့်နေတဲ့ ဗုဒ္ဓဝင် မဟုတ်စေချင်ပါဘူး။ ဒါမှ ဘုရားရှင်ကို စံပြထားပြီး အတူလိုက် ကျင့်နိုင်ကြမှာပါ။ ဒီလို သဘောပေါက်မှလည်း ဘုရားရှင်ကို ပိုပြီးသဘောပေါက်စွာ နားလည်ကြည်ညိုနိုင်မှာပါ။ တကယ်တော့ ဗုဒ္ဓဝင်ဟာ ကာမဂုဏ်ခွါ၊ မေတ္တာ၊ ကရုဏာနဲ့ ပညာ ဒီသုံးမျိုးပါ။

Peter Della Santina-



ဆုထားမျက်ချယ်

Post a Comment