ရွာအနောက်ခြမ်းက အသံများ (၁)

မော်ဒန်ပါစပက်တစ်(ဗ်)


ကျွန်တော်ပြောလိုတဲ့ ဗုဒ္ဓဘာသာဆိုတာ ဘုရားရဲ့ဖြစ်တော်စဉ်၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ကံ၊ ရှေးဘဝနောက်ဘဝ (သံသရာ)ပဋိစ္စသမုပ္ပါဒ်၊ လက္ခဏာရေးသုံးပါး၊ ခန္ဓာငါးပါးဆိုတဲ့ အခြေခံအဆုံးအမတွေအကြောင်းပါ။ ဒါတွေမပြောခင်မှာ ဗုဒ္ဓဘာသာအပေါ်ထားရှိတဲ့ ခေတ်သစ်အနောက်က အမြင်တစ်ချို့ကို ဆွေးနွေးချင်ပါတယ်။ ဗုဒ္ဓဘာသာကို ခေတ်ကာလမတူ၊ နေရာဒေသမတူ၊ ယဉ်ကျေးမှုမတူကြတဲ့လူတွေက နည်းမျိုးစုံနဲ့ ချဉ်းကပ်လေ့လာပြီး ကိုးကွယ်နေခဲ့ကြတယ်။ ဒီခေတ်ကမြင်တဲ့ ဗုဒ္ဓဘာသာနဲ့ ရှေးရိုးစွဲ မိရိုးဖလာဗုဒ္ဓဘာသာကို နှိုင်းယှဉ်ပြီးကြည့်ခြင်းဟာ အကျိုးရှိစေမယ်လို့လည်းထင်ပါတယ်။ မတူညီတဲ့အချိန်၊ မတူညီတဲ့ယဉ်ကျေးမှုတွေကို လေ့လာကြည့်ခြင်းအားဖြင့် ငါ့ဟာမှငါဆိုတဲ့အစွဲကို ကန့်သတ်ထားလိုက်နိုင်ပါလိမ့်မယ်။

ကမ္ဘာ့ရွာအနောက်ခြမ်းမှာ ဗုဒ္ဓဘာသာ တကယ်ကိုနိုးထခဲ့ပါပြီ။ အနောက်ကမ္ဘာမှာ ဗုဒ္ဓဘာသာလို့ တိတိကျကျခံယူသူတွေ၊ ဗုဒ္ဓဘာသာကို မခံယူသေးပေမယ့် စိတ်ညွှတ်နေကြတဲ့လူတွေ အများအပြားရှိနေပါပြီ။

ဒါက (၂၀) ရာစုရဲ့ ဦးဆောင်သိပ္ပံပညာရှင် အဲ(လ်) ဘတ် အိုင်စတိုင်းရဲ့ ရဲဝံ့လှတဲ့မှတ်ချက်ကြောင့်လို့ ပြောရင်ရပါတယ်။ သူဟာ ဘယ်ဘာသာကိုမှ မကိုးကွယ်ပါ။ ဘာသာတစ်ခုခုကို မဖြစ်မနေဝင်ရမယ်ဆိုရင်တော့ ဗုဒ္ဓဘာသာကို ရွေးချယ်မိလိမ့်မယ်လို့ ခပ်ရှင်းရှင်းပဲပြောခဲ့ပါတယ်။ အစပထမတုန်းကတော့ သူလို့ (၂၀) ရာစု သိပ္ပံရဲ့ဖခင်ကြီးက ဒီလိုပြောချလိုက်တဲ့အတွက် အားလုံးမျက်လုံြးံပူး၊ မျက်ဆံပြာဖြစ်ခဲ့ကြရတယ်။ ဒါပေမယ့်ခေတ်ပြိုင် အနောက်တိုင်းသိပ္ပံပညာရှင်လောကကိုကြည့်ရင် ပြင်သစ်က အာကာသပညာရှင် ဗုဒ္ဓဘာသာ၊ အီတလီက စိတ်ပညာရှင် ဗုဒ္ဓဘာသာ၊ အင်္ဂလန်က ရှေ့ဆောင်တရားသူကြီး ဗုဒ္ဓဘာသာတွေ ထပ်တွေ့ရပါလိမ့်မယ်။

ဒါကြောင့် သိပ္ပံနဲ့ဝိဇ္ဇာပညာရှင်တော်တော်များများဟာ ဗုဒ္ဓဘာသာဆီ အာရုံညွှတ်နေကြပြီလို့ပြောရင် လွန်မယ်တော့မထင်ပါဘူး။ ဒါပေမယ့် သူတို့သဘောပေါက်တဲ့ ဗုဒ္ဓဘာသာနဲ့ မိရိုးဖလာဖြစ်နေတဲ့ ဗုဒ္ဓဘာသာကို နှိုင်းယှဉ်ကြည့်မိဖို့တော့ လိုပါလိမ့်မယ်။ အထူးသဖြင့် အရှေ့တောင်အာရှနဲ့ အရှေ့အာရှမှာတွေ့ရတဲ့ ဗုဒ္ဓဘာသာနဲ့ပေါ့။

ဥရောပနဲ့ အမေရိကမှာတွေ့ရတဲ့ ဗုဒ္ဓဘာသာက အများကြီးရှေ့ရောက်တယ်။ ပိုပြီးတော့ ကျိုးကြောင်းညီညွတ်တယ်။ ခေတ်မီတယ်။ ကျွန်တော်ပထမဆုံး အရှေ့တောင်အာရှကိုရောက်ပြီး အရှေ့တောင်အာရှက ဗုဒ္ဓဘာသာကိုတွေ့လိုက်ရတော့ အံ့သြတကြီးဖြစ်ခဲ့ရတယ်ဆိုတာကို ဖုံးဖိမထားချင်ပါဘူး။ အရှေ့တောင်အာရှသားတွေဟာ ယုတ္တိမရှိတဲ့ အယူသီးမှုတွေနဲ့ ဗုဒ္ဓဘာသာကို ချည်တွယ်ထားကြပါတယ်။

ဒါဟာ ဗုဒ္ဓဘာသာကို ချဉ်းကပ်တဲ့အခါမှာ ပထမဆုံးတွေ့လိုက်ရတဲ့ အံမဝင်၊ ခွင်မကျဖြစ်မှုတစ်ခုပါပဲ။ အရှေ့တောင်အာရှက ဗုဒ္ဓဘာသာတွေရဲ့ အကျင့်တစ်ချို့ဟာ အနောက်ခြမ်းက လူတွေအတွက် ဘယ်လိုမှနားမလည်နိုင်အောင်ပါပဲ။ ဥရောပနဲ့ အမေရိက ကလူသားတွေက သိပ္ပံနဲ့မာန်တက်နေကြလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပြန်ပါရဲ့။

ဗုဒ္ဓဘာသာရဲ့ပုံရိပ်ဟာ အနောက်မှာလူကြိုက်များနေတဲ့ ဗုဒ္ဓဘာသာရဲ့ပုံရိပ်နဲ့ မိရိုးဖလာနိုင်ငံတွေမှာရှိတဲ့ ဗုဒ္ဓဘာသာရဲ့ပုံရိပ်ဆိုပြီး နှစ်မျိုးကွဲနေပါတယ်။ ဗုဒ္ဓအမှန်သင်ကြားခဲ့တဲ့ အဆုံးအမတွေကို ကျေနပ်နိုင်ဖို့ အစွဲတွေကိုတော့ ချန်လှပ်ထားခဲ့မှ ရပါလိမ့်မယ်။ ဒါမှသာ ကမ္ဘာအရပ်ရပ်က လူသားများအားလုံး ဗုဒ္ဓဘာသာကို သမာသမတ်ကျကျ ရှုမြင်လာနိုင်မှာပါ။ အယူသီးမှု၊ လှေနံဓါးထစ်မှတ်သားမှုတွေကို ခွာချထားခဲ့ရပါမယ်။

ကျွန်တော်ဆွေးနွေးမယ့်အကြောင်းတွေဟာ ကမ္ဘာ့အနောက်ခြမ်းကလူတွေအတွက် ဖြစ်နိုင်သလို၊ အာရှနဲ့ အရှေ့တောင်အာရှက လူတွေအတွက်လည်း ကမ္ဘာအနောက်ခြမ်းကလူတွေက ဗုဒ္ဓဘာသာကို ဒီလိုမြင်နေကြပါလားဆိုတာလေး လက်တို့ဖို့လည်း ဖြစ်နိုင်ပြန်ပါတယ်။ အရှေ့ကလူတွေအတွက် အနောက်ကယုံကြည်တဲ့ ဗုဒ္ဓဘာသာရဲ့သဏ္ဍာန်ဟာ မတူကွဲပြားနေနိုင်တယ်လို့လည်း သုံးသပ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အနောက်မှာ ဗုဒ္ဓဘာသာပေါ်ထွက်လာခဲ့ပါပြီ။

အနောက်ခြမ်းက ဗုဒ္ဓဘာသာကို အထင်တကြီးဖြစ်နေတဲ့ ပထမဆုံးအချက်က ဗုဒ္ဓဘာသာဟာ ဘယ်ယဉ်ကျေးမှု၊ ဘယ်လူမျိုးစု၊ ဘယ်လူ့အဖွဲ့အစည်း၊ ဘယ်လိုအသားအရောင်ရှိသူတွေအဖို့ဆိုတဲ့ ကန့်သတ်ချုပ်ခြယ်မှုမရှိခြင်းပါ။

တစ်ချို့ဘာသာတွေက ယဉ်ကျေးမှုနဲ့လှောင်ခတ်ထားပါတယ်။ ဥပမာ ဂျူးနဲ့ ဟိန္ဒူဘာသာတို့ပါ။ ဒါ့ကြောင့် ဗုဒ္ဓဘာသာဟာ အိန္ဒိယဗုဒ္ဓဘာသာ၊ သီရိလင်္ကာဗုဒ္ဓဘာသာ၊ ထိုင်းဗုဒ္ဓဘာသာ၊ မြန်မာဗုဒ္ဓဘာသာ၊ တရုတ်ဗုဒ္ဓဘာသာ၊ ဂျပန်ဗုဒ္ဓဘာသာ၊ တိဗက်ဗုဒ္ဓဘာသာဆိုပြီး ရှိခဲ့တာပါ။ သံသယရှိစရာမလိုပါဘူး။ အင်္ဂလိပ်ဗုဒ္ဓဘာသာ၊ ပြင်သစ်ဗုဒ္ဓဘာသာ၊ အီတလီဗုဒ္ဓဘာသာ၊ အမေရိကန်ဗုဒ္ဓဘာသာဆိုတာတွေ ရှိလာမှာပါ။ ဘာကြောင့်လည်းဆိုရင် ဗုဒ္ဓဘာသာက ယဉ်ကျေးမှုတစ်ခုခုနဲ့ ကန့်သတ်မထားလို့ပါ။

ဗုဒ္ဓဘာသာဟာ ပြင်ပပုံသဏ္ဍာန်ထက် အဇ္ဈတ္တကို ပိုအလေးပေးထားလေတော့ ယဉ်ကျေးမှုတစ်ခုကနေ နောက်ယဉ်ကျေးမှုတစ်ခုဆီကို ကူးပြောင်းရတာသိပ်လွယ်ကူပါတယ်။

ဗုဒ္ဓဘာသာက လူ့စိတ်အကြောင်းကို ပြောတာပါ။ သူဝတ်ထားတဲ့ အဝတ်အစား၊ သူစားတဲ့ အစားအသောက်၊ သူထားတဲ့ ဆံပင်မဟုတ်ပါဘူး။

ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ဒုတိယဆွဲထုတ်လိုတဲ့ အချက်ကတော့ ဗုဒ္ဓဘာသာဟာ ပညာရပ်ဆိုင်ရာ မေးခွန်းတွေ၊ ပဟေဠိဆန်ဆန် သီအိုရီတွေထက် လက်တွေ့ကျတဲ့ ဘဝပြဿနာတစ်ချို့ကို ချဉ်းကပ်ရှုမြင်ခြင်းပါ။ ဘဝပြဿနာတွေကို လက်တွေ့ကျတဲ့နည်းနဲ့ဖြေရှင်းဖို့ လမ်းညွှန်မှုပါပဲ။ ဒါကလည်း အနောက်ခြမ်းက သိပ္ပံရဲ့ Problem-solving နည်းပညာပါ။ အကျဉ်းဆုံးချုပ်ပြရရင် “ If it works, use it ” ဆိုတဲ့ မာ့(က်)ရဲ့ နိုင်ငံရေး၊ စီးပွါးရေးနဲ့ပတ်သက်တဲ့ အမြင်တစ်ခုပါ။

သဘာဝကျကျချဉ်းကပ်တဲ့ ဗုဒ္ဓဘာသာရဲ့သဘောကို စူဠမာလုကျသုတ်မှာ တွေ့ရပါတယ်။ မြားမှန်တဲ့လူဟာ မြားကိုနှုတ်ပြီး ဒဏ်ရာပျောက်ဖို့ အရင်လုပ်ရမယ်၊ ဘယ်ကလာတဲ့မြားလဲ၊ ဘယ်သူပစ်တာလဲစတာတွေနဲ့ အချိန်မကုန်စေရဘူးလို့ ကျကျနန မိန့်မှာခဲ့ပါတယ်။ ဒီသုတ်ဟာ အရေးကြီးတာကို ရွေးချယ်တတ်ရမယ်ဆိုတဲ့ သိပ္ပံရဲ့ပြဿနာဖြေရှင်းနည်းကို ပြောနေတာပါ။

မေးခွန်းမေးတာက ကောင်းပါတယ်။ အဓိပ္ပါယ်မရှိတဲ့မေးခွန်းတွေ မေးနေရုံနဲ့တော့ ပညာတိုးမလာနိုင်ပါဘူး။ အဓိက အရေးကြီးတာတွေကို ရွေးချယ်ကြရပါမယ်။ အရေးကြီးဆုံးက ဘဝဒုက္ခတွေနဲ့ ဒီဘဝဒုက္ခကို ကုန်ဆုံးစေဖို့ပါ။ ဒါကြောင့် ကမ္ဘာကြီးဆုံးမဆုံး ပြဿနာတွေကို မေးနေခြင်းဟာ မြားမှန်တဲ့လူသားအတွက် မြန်မြန်သေစေဖို့ပဲဆိုတာ ဘုရားရှင်မိန့်ခဲ့ပါတယ်။

ဒါ့ကြောင့် နေစဉ်ဘဝထဲမှာကိုပဲ အရေးကြီးတဲ့ကိစ္စတွေကို အရင်ရွေးထုတ်ရမယ်။ ဥပမာ ထမင်းချက်နေတယ်ဆိုပါတော့၊ ဒီအချိန်မှာ သင်က ပရိဘောဂတွေကို ဖုန်သုတ်၊ ကြမ်းပြင်ကို တံမျက်စည်းလှည်းကောင်း လှည်းနေပါလိမ့်မယ်။ ခဏနေတော့ ထမင်းအိုးဆီက တူးနံ့တွေရလာရော။ ကဲ ဒါဆို သင်ဘာလုပ်တော့မလဲ။ ဖုန်ဆက်သုတ်မလား၊ ဝေနေတဲ့ ထမင်းအိုးဆီကို သွားမလား။ ဒါပါပဲ။ အသေးအမွှားလေးတွေကအစ အရေးကြီးတာကို အရင်လုပ်ကြရမှာပါ။

တတိယအချက်ကတော့ အမှန်တရားကို ရှင်းရှင်းလင်းလင်း ချပြခြင်းပါ။ ဒါကလည်း ကေသမုတ္တိသုတ်( ကာလာမ) နဲ့ ထင်ရှားစေပါတယ်။

ကာလာမသုတ်လာ လမ်းညွှန်ချက်အရ ကိုယ့်ကိုကိုယ်သာ ထိန်းကျောင်းဖို့ အရေးကြီးတယ်ဆိုတာ ရှင်းရှင်းကြီးပြထားပါတယ်။ ကိုယ့်လောဘ၊ ဒေါသ၊ မောဟကိုသိဖို့၊ ကိုယ့်ပျော်ရွှင်ကျေနပ်မှုကို သိဖို့ပါ။ အလွယ်ကူဆုံး အခြေခံလေးတွေပါပဲ။ ကိုယ့်အတွေ့အကြုံကို အခြေခံပြီး ကျင့်သုံးသွားမှသာ ဗုဒ္ဓရဲ့အဆုံးအမက ဘဝကိုပြောင်းလဲပေးသွားနိုင်မှာပါ။ ဘုရားရှင်ရဲ့ အဆုံးအမအရင်းအမြစ်တွေက ကိုယ့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ ပေါင်းစပ်လိုက်မှသာ ဒုက္ခကိုလွန်မြောက်ရေးဆိုတာကလည်း ဖြစ်လာနိုင်ပါတယ်။

ဗဟုသုတကို ရှာဖွေတဲ့နေရာမှာလည်း ဗုဒ္ဓဘာသာနဲ့ သိပ္ပံပညာရဲ့ချဉ်းကပ်ပုံ တူနေတာကို တွေ့ရပြန်ပါတယ်။ အော့ဘဂျက်တစ်ဖြစ်တဲ့ စူးစမ်းမှုကို ဘုရားရှင်က အလေးပေးခဲ့တယ်။ ဒါဟာ ဗုဒ္ဓရဲ့ ပထမသစ္စာဖြစ်တဲ့ ဒုက္ခသစ္စာပါပဲ။ ဒီဒုက္ခကိုသိရာမှတဆင့်၊ တဆင့်ခြင်းတက်သွားမှ ဒုက္ခကလည်း လွန်မြောက်မှာပါ။ အစ၊ အလယ်၊ အဆုံးသုံးပါးသော ဆုံးမစကားတွေဟာ ဒုက္ခငြိမ်းအေးဖို့ချည်းပါပဲ။

ဒါကလည်း အနောက်ကကျင့်သုံးတဲ့ အော့ဘဂျက်တစ် ချဉ်းကပ်ခြင်းဆိုတဲ့ သိပ္ပံနဲ့ဘာမှ မထူးပါဘူး။ သိပ္ပံကပြောတာက အရင်ပြဿနာကို တွေ့အောင်ရှာပြီး ဒါကိုဖြေရှင်းနည်းတွေဆက်ပြီး လုပ်သွားရမယ်ဆိုတာပါ။

ဒါ့ကြောင့် ဗုဒ္ဓရဲ့အဆုံးအမကို ပိုပြီးနီးကပ်အောင်ကြည့်ရင် ဒီအချက်ဟာ အနောက်နိုင်ငံသားတွေ ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာရခြင်းရဲ့ အဓိကအကြောင်းပါပဲ။ ဒါဆို အိုင်စတိုင်းလိုပုဂ္ဂိုလ်က ဘာကြောင့်ဒါမျိုးမှတ်ချက်ပေးခဲ့ရတာလည်းဆိုတာ ထင်သာမြင်သာပါပြီ။ သိပ္ပံရဲ့အနှစ်သာရလို့ပြောရင်ရတဲ့ Analytical ကိစ္စကို ထပ်ပြီးပြောရရင် ဗုဒ္ဓဇင်နဲ့ သိပ္ပံဟာ ချဉ်းကပ်မှုဘာမှမထူးဘူးဆိုတာ ပိုပြီးတောင်ထင်ရှားစေပါလိမ့်မယ်။

ဘုရားအဆုံးအမတွေကိုချုပ်ကြည့်ရင် ရှုမှတ်တဲ့တရားနဲ့ အရှုခံတရား ဒီနှစ်မျိုးပဲရှိပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ဝန်းကျင်က သက်ရှိသက်မဲ့တွေကို ရှုမှတ်တယ်။ ဝန်းကျင်က သက်ရှိသက်မဲ့တွေက ကျွန်တော်တို့ကို ပြန်ပြီးရှုမှတ်နေကြပြန်တယ်။ ဒါပါပဲ။ ဒါတွေကို ခန္ဓာငါးပါးဒေသနာနဲ့ ကြည့်နိုင်ပါတယ်။ ဒါဟာ တကယ်ကို ခွဲခြမ်းစိတ်ဖြာမှု ဝိဘဇ္ဇဝါဒပါ။ ခန္ဓာငါးပါးကို အာယတန(၁၂) ပါးနဲ့ပြန်ခွဲပြီး၊ ဓာတ် (၁၈) ပါးဆိုပြီး ပြန်စိတ်ဖြာပြခဲ့ပြန်ပါတယ်။

သာမာန်အမြင်ကို ဘုရားရှင်က ကျေနပ်အားရတော် မမူခဲ့ပါဘူး။ ဒါ့ကြောင့် စူးစမ်းလေ့လာမှု၊ သက်သေပြနိုင်တဲ့ အနှစ်သာရတွေအထိရောက်အောင် ပို့ဆောင်ခဲ့တာပါ။ လှည်းကြီးတစ်စီးကို လှည်းဘီးတွေ၊ လှည်းဝင်ရိုးတွေဆိုပြီး တစ်စစီခွဲထုတ်ပြခဲ့သလို ခန္ဓာကိုယ်ကို ခွဲထုတ်ပြတော်မူခဲ့ပါတယ်။ ဒါမှသာ သဘာဝတွေဘယ်လိုဖြစ်စဉ်အတိုင်း ဖြစ်တည်နေကြတယ်ဆိုတာ ပိုမိုသဘောပေါက်လာမှာပါ။

ပန်းတစ်ပွင့်ကိုမြင်တဲ့အခါ၊ သီချင်းတစ်ပုဒ်ကို နားထောင်တဲ့အခါ၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံရတဲ့အခါတွေမှာ ခံစားမှုစတဲ့ နာမ်သဘာဝ၊ ရုပ်သဘာဝတွေ ပေါ်ထွက်လာပါတယ်။ ဒါဟာ ခန္ဓာငါးပါးကြောင့်ပါပဲ။

ဒီချဉ်းကပ်ပုံက သိပံ္ပအတွက် လုံးဝတစ်စိမ်းတရံမဟုတ်ပါဘူး။ ဒီလိုနည်းနဲ့ ချဉ်းကပ်ကြတာ အများကြီးပါ။ အထင်ရှားဆုံးသာဓကကတော့ ဘာထရန် ရပ်ဆဲ(လ်)ပါ။ ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေနဲ နှိုင်းယှဉ်ပြီးလေ့လာခဲ့တဲ့သူရဲ့ ဒဿနိက သဘောတရားတွေဟာ တော်တော်အောင်မြင်ခဲ့ပါတယ်။

အနောက်တိုင်းစိတ်ပညာရှင်တွေဟာ အခုဆိုရင် ဗုဒ္ဓရဲ့ စိတ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ စေတနာနဲ့ပတ်သက်တဲ့ အဆုံးအမတွေကို လေးလေးနက်နက်ကြီး စိတ်ဝင်စားနေကြပါပြီ။ ဗုဒ္ဓဘာသာတို့အပေါ် အနောက်က စိတ်ဝင်စားလာမှုဟာ (၂၀) ရာစုနှောင်းပိုင်းလည်းရောက်ရော Relativity Theory နဲ့ Quantum Physics တို့ကြောင့် အမြင့်ဆုံးကို ရောက်ခဲ့ပါတော့တယ်။

သိပ္ပံရဲ့ အခြေခံမတ်သတ်တွေဖြစ်တဲ့ Observation, Experimentation နဲ့ Analysis တို့ကို ဗုဒ္ဓကကျင့်သုံးခဲ့ယုံသာမက လူသားနဲ့စင်္ကြာဝဠာတို့ သဘောတရားတွေရဲ့ အနှစ်ချုပ်အဓိပ္ပါယ်ကို တိတိကျကျဖော်ပြထားခဲ့တယ်။

ဆိုပါတော့ စိတ်ဟာအရေးအပါဆုံးဆိုတဲ့ကိစ္စ။ ဒါကို အနောက်တိုင်းက အချိန်အတော်ကြာ မသိခဲကြမိပါဘူး။ အခုမှ အသိအမှတ်ပြုလာခဲ့ကြတာပါ။ မကြာသေးမီကပဲ ရူပဗေဒပညာရှင်တစ်ယောက်က စင်္ကြာဝဠာဟာ တကယ့်အကြီးစားတွေ့ကြုံမှုတစ်ခုနဲ့ တူနေတယ်လို့တောင် ပြောခဲ့ပါတယ်။ ဒါဟာ ဘုရားရှင်ရဲ့ခြေရာကို ခံလိုက်တာပါ။ ဓမ္မပဒမှာ စိတ်ဟာ အရာခပ်သိမ်းကို ပြုလုပ်သူလို့ဟောခဲ့ပါတယ်။

ဒီလိုပါပဲ၊ ရုပ်နဲ့ နာမ်ဆက်သွယ်ချက်၊ မက်တာနဲ့ အင်နာဂျီဆက်သွယ်ချက်၊ ဘာမှခွဲခြားထားလို့မရပါဘူး။ ဒါက ဖွံ့ဖြိုးလာတဲ့သိပ္ပံက သိလိုက်ရတဲ့၊ လက်ခံလိုက်ရတဲ့ အချက်ပါ။

ဒါတွေကို အားလုံးခြုံကြည့်လိုက်တော့ အရှေ့ကဗုဒ္ဓရဲ့ အဆုံးအမဟာ အနောက်ကသိပ္ပံရဲ့ အခြေခံမူတွေနဲ့ ဘာမှမခြားဘူးဆိုတာ သိပ္ပံပညာရှင်တွေ၊ စိတ်ပညာရှင်တွေ၊ ဒဿနိကဆရာတွေ တွေ့လာခဲ့ကြရပါတော့တယ်။

အနည်းငယ်ထပ်ဖြည့်ရရင် ဗုဒ္ဓဘာသာနဲ့ သိပ္ပံဟာ အခြေခံမူတွေ၊ ဆုံးဖြတ်ချက်ချပုံတွေ တူညီတာရှိနေကြပေမယ့် ဗုဒ္ဓဘာသာက အလေးထားခဲ့တဲ့ အဇ္ဈတ္တငြိမ်းချမ်းရေးကိုတော့ အနောက်သိပ္ပံက အလှမ်းကွာဝေးနေသေးတယ် ဆိုတာ ပညာရှင်တွေထပ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာကို သူတို့က ပိုပြီးတောင် စိတ်ဝင်တစားရှိလာကြပါတော့တယ်။

သိပ္ပံက ပိုကောင်းတဲ့ မြို့တော်တွေ၊ လမ်းမကြီးတွေ၊ စက်ရုံတွေ၊ စိုက်ခင်းတွေဖြစ်လာအောင် သင်ပြနိုင်ပေမယ့် ပိုကောင်းတဲ့လူဖြစ်လာအောင်တော့ မသင်ပြခဲ့ပါဘူး။ ဒါကြောင့် ဒီခေတ်လူသားက နှောင်းခေတ်က ဗုဒ္ဓဒေသနာဆီကို ခြေဦးလှည့်လာကြတာပါ။

ဒါတွေကတော့ ဒီနေ့အထိတိုးတက်လာနေတဲ့ သိပ္ပံကို ဗုဒ္ဓဘာသာနဲ့နှိုင်းကြည့်မိလိုက်တဲ့ ကျွန်တော့်အမြင်ပါ။ ။
(Peter Della Santina)




ဆုထားမျက်ချယ်












Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment