အတုယူစရာလေး


မြန်မာသင်္ကြန်ရက် ရှည်လှပြီမှတ်တယ်။ တရုတ် နယူးယီးယာက နှစ်ပတ်။
အတုယူစရာလေးက အဲဒီရက်တွေအတွင်း ကျောင်းကိုမလာနိုင်တော့တဲ့ အဘိုး အဖွားတွေဆီ ကိုယ်တော်တွေက သွားကြ၊ လည်ပတ်ကြ၊ ရွတ်ဖတ်မေတ္တာပို့ပေးကြခြင်းပါပဲ။ သူတို့ အလွန်ပျော်ရွှင် ကျေနပ်ကြတယ်။ နာမည်သာပေး၊ ကားအထိ စီစဉ်ပေးစရာ မလိုဘူး၊ ကျောင်းက စီစဉ်ပေးတာ။
ဒီယဉ်ကျေးမှုက မြန်မာပြည်မှာ မရှိဘူး။ ဒီမှာ အပင့် မစောင့်တော့ဘူး။ ကြွလာစေချင်တယ်လို့သာ ဖုန်းသာဆက်၊ ရောက်အောင် လာတယ်။ ။

ကဲ အဲဒါ အာဏာရှင်ဆန်တာလား


လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက ကျောင်းမှာ ဆွမ်းချက်က တရုတ်ဒကာကြီး၊ ဟင်းချက်ကောင်းတယ်၊ ယောက်ျားဆန်တယ်။ ချက်ပြီး စားပွဲပေါ် တင်ထား တာပဲ၊ ကြိုက် ရာစား၊ စားချင်စား မစားချင်နေ။ သူ့အပူ မပါဘူး။

အခု ဆွမ်းချက်က တရုတ်ဒကာမကြီး၊ သူက စားနေရင် ဘေးကနေပတ်ပြီး အကဲခတ်နေ တာ။ ကျန်းမာရေးနဲ့ သိပ်မသင့်ဘဲ ကိုယ်ကြိုက်လို့ အများကြီး စားလိုက်တာ မျိုးဆို ပြီးရင် သိပ်မစားဖို့ ပြောတတ်တယ်။
ဥပမာ။ အခု မနက်ပိုင်းတွေမှာဆိုရင် တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီး အီကြာကွေး မစားရတော့ဘူး။
ကဲ အဲဒါ အာဏာရှင်ဆန်တာလား။
ဘုန်းဇင်တို့ကတော့ မထင်။ စေတနာမပါဘဲ ဒီစကားတွေက ထွက်ကို မလာဘူး။

ပစ္စည်းတူ၊ ဈေးတူ၊ရင် ပြန်လာအားပေးပါ


ဟိုတနေ့က ညီအကို နှစ်ယောက် ဆွမ်းစားလာပင့်တယ်။
"....ရက်၊ တနင်္ဂနွေနေ့၊ နေ့ဆွမ်းပင့်ချင်လို့ပါဘုရား"
"ဒီမှာ သင်တန်းတွေနဲ့ မအားလို့ တနင်္ဂနွေ နေ့ဆွမ်းတော့ ငါတို့ လိုက်လို့ မရဘူး၊ စနေနဲ့ တနင်္ဂနွေ အာရုံဆိုရင်တော့ ကြွတယ်"
ခဏ တိတ်ဆိတ်သွားတယ်။



"တပည့်တော်တို့ အဒေါ်က အဝေးကြီးက လာရမှာဆိုတော့ အာရုံဆွမ်းက သိပ်အဆင်မပြေဘူးဘုရား"
"အေးပေါ့၊ ဟုတ်နိုင်တာပေါ့"
"တပည့်တော်တို့ တိုပါးရိုးကျောင်းကြီးကို ဆက်သွယ်ကြည့်ပါအုံးမယ်ဘုရား"
"ဆက်သွယ်ကြည့်ပေါ့ကွ၊ သူတို့က သံဃာများတော့ ရနိုင်ပါတယ်"
"တင်ပါ့ဘရား၊ ဒါနဲ့ တခြားကျောင်းတွေက မရရင်တော့ ပြန်လာခွင့် ပြုပါ ဘုရား၊ ရက်ကလေး မှတ်ပေးထားပါအုံး"

နောက်ချင်တဲ့စိတ်က အလိုလိုပေါ်လာတာနဲ့
"ရပါတယ်၊ ဈေးတူ၊ ပစ္စည်းတူရင် ဒီကို ပြန်လာအားပေးနော့်"
ဝါး ဟား ဟားဟား ဟား။ (အတော်ကြာတယ်၊ အရှိန်သတ်လို့ မရကြဘူး။)

"ဒါနဲ့ အာရုံဆွမ်းက ဘယ်အချိန်လဲဘုရား"
"ငါတို့ အာရုံဆွမ်းက ၇ နာရီခွဲ အစောဆုံးပါ"
"ဟာ ဒါဆို အဆင်ပြေပါတယ် ဘုရာ့၊ တပည့်တော်တို့က ၅ နာရီ ၆ နာရီ ထင်နေလို့ပါ ဘုရာ့"
အတိုချုပ်တော့ ကုသိုလ် အရောင်းအဝယ် တည့်သွားကြတယ်ပေါ့လေ။

အမှာ တစ်။ ဓါတ်ပုံနဲ့ စတေးတပ် လုံးဝမဆိုင်ပါ။ ဖဘမှာ မဆိုင်လည်း တင်လို့ရပါတယ်။
အမှာ နှစ်။ စီးပွားရေးနဲ့ အားကစားသတင်းတွေပါတဲ့ စထရိတ်တိုင်းမ်၊ အပိုင်း စီ ကို လုံးဝကောက်မကိုင်ပါ။

သီဟနာဒ

နောက်နှစ်ပြန်မယ်နဲ့ နေ လာခဲ့တာ


ဒီနေ့ ဒကာကြီး ဦးသန်းမြင့်နဲ့ ဒကာမကြီးဒေါ်ရီတို့ပါ ဆွမ်းလာကပ်တယ်၊ မှတ်မိသေးတယ်..
"ဆရာတော်၊ စင်္ကာပူ ရောက်တဲ့နှစ်ကစပြီး နောက်နှစ်ပြန်မယ်၊ နောက်နှစ်ပြန်မယ်နဲ့ နေ လာခဲ့တာ ဒီကောင်တွေ လုပ်နေတာနဲ့ အခုထိ မပြန်ရသေးဘူးဘုရား"
"ဒါနဲ့ ဒကာကြီး အသက်က"
"၈၀ လေ ဘုရား" တဲ့။
အဲသလိုပြောတာ သုံး လေးနှစ်တော့ရှိပြီ။
(သူက ဂျာမဏီကျောင်းဆင်း၊ ဂျာမန်စကား ကောင်းကောင်းတတ်၊ စင်္ကာပူ အစိုးရဆုပေးတဲ့ တံဆိပ်တွေနဲ့ ပိုလီဆရာ၊ အမေရိကန် တက္ကသိုလ် တစ်ခုမှာလည်း သုတေသနပိုင်း ဆရာ)

Time to change


ပျံလွန်တော်မူသွားတဲ့ သီဟိုဠ်ဆရာတော်ကြီးက ဝါတော်အကြီးဆုံးဆိုတော့ တခြားကျောင်းဘုန်းကြီးတွေကို ဆွမ်းစားပင့်တဲ့အခါ
"ဘယ်နေ့ တို့ကျောင်းမှာ ဘာ ပွဲရှိတယ်ဟေ့" ဆိုရုံနဲ့ သံဃာငယ်တွေက ဘာမှ မမေးရဲဘဲတက္ကစီငှားပြီး ကြွကြရတယ်။ ကျောင်းရောက်တော့ ကျောင်း က ဒကာတစ်ယောက်က တက္ကစီခပေးပေါ့၊ အပြန်လည်း အဲသလိုပဲ။

ဒါတော့ မဟုတ်သေးဘူးဆိုပြီး ရှေ့က ကျောင်းထိုင်သွားတဲ့ ဆရာတော်တွေ ကို ပြင်ဖို့လျှောက်ကြည့်တယ်။ လုပ်မသွားကြဘူး။
ကိုယ်ကျောင်းထိုင်ဖြစ်တော့မှ အစည်းအဝေးမှာ
"တနင်္ဂနွေနေ့၊ ပွဲရှိတဲ့နေ့တွေမှာ ကားရပ်စရာ နေရာမလောက်လို့ လမ်းဘေး မှာ ရပ်ခွင့်ပြုဖို့ အစိုးရဆီက ခွင့်တောင်းထားရတယ်။ ဒါတောင် ကိုယ်ပင့်တဲ့ ဆရာတော်တွေကို ကားနဲ့ အကြိုအပို့မလုပ်နိုင်ဘူးဆိုတော့ အဓိပ္ပါယ် လုံးဝ မရှိတော့ဘူး။ နောက်ပြီး အရင်ဆရာတော်ကြီးက ဝါအကြီးဆုံး၊ ငါက ကျောင်းထိုင်တွေထဲမှာ အငယ်ဆုံး၊ ကားအကြိုအပို့ လုပ်ကိုလုပ်မှ ရမယ်၊ Time to change" လို့ ပြောလိုက်တယ်။

အခုဆို ဆရာတော်အကြိုအပို့ကားတွေက သီးသန့်၊ ကားဆရာတွေ လည်း သီးသန့် အဖွဲ့လိုက်ပဲ။ ဘယ်သူက ဘယ်ကျောင်း၊ ကားနံပတ်က ဘာ။ ကားအရောင်က ဘာအရောင်၊ ဘယ်အချိန်ရောက်မယ်ဆိုတာ ကြို ဖုန်းဆက်။ အားလုံး ကွက်တိ။

ရဟန်းက တစ်ပမ်းသာ


ကျေင်းသန့်ရှင်းရေးလုပ်တဲ့ အဝှားကို ဘယ်ပါတီမဲပေးခဲ့သလဲမေးတော့ သူမက ဘေးဘီကို အရင်ကြည့်တယ်။ မပြောဘူး။
"ပြောတာက ဘာမှမဖြစ်ဘူး၊ ငါ့ကိုလိမ်ပြောရင် မုသာဝါဒ နော်၊ ငရဲကြီးမှာ" လို့ ရုပ်တည်ကြီးနဲ့ဖိန့်လိုက်တော့ တိုးတိုးလေး "W.P" တဲ့။ မြန်မာတွေ အများစုကလည်း ဘုန်းကြီးကဖိန့်လိုက်ရင် ပါသွားတတ်တယ်။ တချို့က အဖိန့်ကောင်းလှတယ်။

"ဒါက ကွန်ဖီဒင်ရှယ်၊ သူများကို မပြောရဘူး" တဲ့


ဒီနေ့ညနေ ကျောင်းရောက်လာသမျှ စလုံး ဒကာ၊ ဒကာမတိုင်းကို ဘယ်ပါတီ မဲပေးခဲ့သလဲလို့ မေးတော့ လူတိုင်း
"ဒါက ကွန်ဖီဒင်ရှယ်၊ သူများကို မပြောရဘူး" တဲ့။ တကယ်လည်း မပြောကြဘူး၊ ရီနေကြတယ်။
"ဟင် တို့များ မဲလည်း မပေးရဘဲနဲ့ ဖေ့စ်ဘုတ်ပေါ်ကနေတောင် ပြောချ လိုက်သေးတယ်" လို့ စဉ်းစားရင်း ပြုံးမိသေး။ မတတ်နိုင်ဘူး၊ ဒီနေ့ ပို့စ်များသွားပြီ။

နှလုံးသားထဲ ဘုရားတည်ကြပါ


ပြောလို့မှ မပြီးသေးဘူး၊ ညောင်ပင်အောက်က ဘုရားရှေ့မှာ စေတီ၊ ဆင်းတု၊ ဆရာတော်ရုပ်ထုတွေ လာတင်ထားကြပြီ။
ကျောက်ဆင်းတုဆိုရင် နှစ်ပေါင်းထောင်ချီကြာတောင် ဘာမှ မဖြစ်ဘူး၊ ကိုယ့် သားသမီးတွေက ကိုယ့်လို ဟုတ်ပါ့မလား။ သူတို့က ဟုတ်တယ်ဆိုဦး သူတို့ သား သမီးတေကျ ဘယ်လိုလဲ။
ရွှေ့ပြောင်း မြန်မာလုပ်သားတွေ မပြောနဲ့ စလုံးတွေကိုတောင် ဘုရား ဆင်းတုတော်တွေ လက်ဆောင် မပေးကြပါနဲ့၊ နှလုံးသားထဲ ဘုရားတည်ကြပါ။ ဆင်းတုတော်တွေ စွန့်ပစ်ခံရတာ စိတ်မကောင်းစွာ ခဏခဏတွေ့နေရလို့ပါ လို့။

တရုတ်အစဉ်အလာ ၇ လမြောက်


တရုတ်လူမျိုးတွေဖြစ်ကြတော့ တရုတ်အစဉ်အလာ ၇ လမြောက် ယုံကြည်မှုက မပျောက်ဘူး။
ဒါပေမဲ့ ထေရဝါဒတွေဆိုတော့ ထေရဝါဒလမ်းစဉ်အတိုင်း လိုက်ကြတယ်။
စက္ကူတွေမီးရှို့တာမျိုး မလုပ်တော့ဘဲ ကောင်းမှုကုသိုလ်ပြုလုပ်၊ တိရောကုဍ္ဍသုတ်ကိုရွတ်ဖတ်ပြီး စုပေါင်းအမျှဝေကြတယ်။
ဒါကို General transferring of merits လို့ ဒီမှာ ခေါ်ကြတယ်။
ထူးခြားတာက ကျောင်းကို ပုံမှန်လာတဲ့ ဒကာ၊ ဒကာမတိုင်း တိရောကုဍ္ဍသုတ်ကို သိကြသလို ကောင်းကောင်းလည်း ရွတ်နိုင်ကြတယ်။
မြန်မာတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေစက်ချနေကြတော့ တိရောကုဍ္ဍသုတ်ကို သိပ် မရင်းနှီးတော့ဘူး၊ ရေစက်ချ၊ အမျှဝေမှုနဲ့ပတ်သက်လို့ ထေရဝါဒ အဆုံးအမတွေထဲမှာ တိရောကုဍ္ဍသုတ်ဟာ မူရင်းအကျဆုံးပါပဲ။

ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှုသင်တန်း


အောင်လက်မှတ်နဲ့ ဆုလွယ်အိပ် ပေးအပ်ပွဲ
ကလေးတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ဘုန်းကြီးသုံးပါး
(ဒီနှစ် ကရင်လွယ်အိပ် ပေးသတဲ့၊ မနှစ်က ရှမ်းလွယ်အိပ်ထင်တာပဲ)


သဒ္ဓါဓိကဘုရားအလောင်း ရှိတာကို မေ့ထားလို့ လုံးဝမရဘူး


ဒီနေ့ တရုတ်ပြက္ခဒိန်အရ New Moon ပေါ့။ အရင် ဒု ဝါဆိုလပြည့်နေ့က ဓမ္မစက္ကပဝတ္တနသုတ် ရွတ်ပြီး အလှည့်ကျ ဒီညမှာ သစ္စဝိဘင်္ဂသုတ်ကို ရွတ်ကြတယ်။
အဓိပ္ပါယ်ကို ကျကျနန သူတို့ နားမလည်ကြပါဘူး၊ ဒါပေမယ့် ရွတ်နေကြပုံက သိပ်ပြီးအားရပါးရရှိတယ်။ သဒ္ဓါဓိကဘုရားအလောင်း ရှိတာကို မေ့ထားလို့ လုံးဝမရဘူး။

ဂျင်းရိုင်းမြစ်နှင့် သင်္ဘောပင်ငယ်


လွန်ခဲ့သော ခြောက်လခန့်က ခြံအလုပ်သမားနှင့်အတူ ဤသင်္ဘောပင်လေးကို စိုက်ပျိုးခဲ့ပါသည်။ ထိုနေရာမှာ အရင်က တံတိုင်းကာရံသည့် သဘောဖြင့် စိုက်ထားသည့် ဂျင်းအနွယ်ဝင်အပင်များ ရှိခဲ့ဖူးသည်။ ဘာပင်ခေါ်သလဲ မသိပါ၊ သိသည်က စိုက်လိုက်မိလျှင် အမြစ်ပြတ်အောင်သတ်ဖို့ အလွန်ခက်ခဲသော အပင်ဖြစ်သည်ဆိုတာပဲ ဖြစ်ပါသည်။
ထို အပင်များမရှိတော့သော်လည်း သူတို့အမြစ်များက ရှိနေဆဲပင်။ ဆိုလိုသည် မှာ စိုက်သာစိုက်ခဲ့ရသော်လည်း သင်္ဘောပင်လေးနှင့် ပတ်သက်သည့် မျှော် လင့်ချက် ကြီးကြီးမားမား ကျနော့်ဆီမှာ မရှိဆိုတာသာဖြစ်ပါသည်။

သို့သော် မြေကိုအနည်းငယ် ပြင်ပြီးမှ စိုက်ပျိုးခြင်းဖြစ်သဖြင့် တစ်လနှစ်လ အတွင်းလောက်မှာတော့ အရွက်တဖားဖား၊ လက်တံ တကားကားနဲ့ တက် လာခဲ့သည်။ ထိုအခါ သီးများသီးလေဦးမလားဟု သင်္ဘောပင်လေးအပေါ် မျှော် လင့်ချက်ပြန်ထားလာမိသည်။

သို့သော် တစ်လနှစ်လလွန်သည့်အခါမှာတော့ အလွန်ခက်မာလှသည့် ဂျင်းရိုင်းအမြစ်ဒဏ်ကို သူ ခံရရှာတော့သည်။ ကျနော်တို့ မြေဩဇာကျွေးလျင် ဂျင်းရိုင်းမြစ်တွေက စားသုံးသွားသည်၊ ရေလောင်းလျင်လည်း ဂျင်းရိုင်းမြစ်တွေ က သောက်သုံးသွားသည်။ သို့ဖြင့် ယခုပုံအတိုင်း ဖြစ်နေရှာတော့သည်။



တစ်နေ့က ခြံအလုပ်သမား ဂေါဝိန္ဒက
"ခုတ်ပစ်ရအောင်လား၊ သီးမှာ မဟုတ်တော့ဘူး" ဟု ဆိုလာသည်။
"မခုတ်ပါနဲ့၊ သူစွမ်းသရွေ့ ရှင်နေပါစေ၊ ဒါပေမဲ့ ဂျင်းရိုင်းမြစ်တွေရဲ့ဒဏ်ကို သူ ကြာကြာခံနိုင်မှာတော့မဟုတ်ဘူး" ဟု ပြန်ပြောမိပါသည်။

အမှန်မူ ဂျင်းရိုင်းမြစ်များရှိသည့်နေရာမှာ သူတို့ထက် စွမ်းအားကောင်းသည့် အုန်းပင်လိုမျိုး စိုက်ပျိုးနိုင်မှ ရှင်သန် သီးပွင့်နိုင်ပေမည်။
ဤ သင်္ဘောပင်လေးက သီးပွင့်လာလေဦးမလားဆိုသည့် သံသယဆန် ဆန်မျှော်လင့်ချက် ယခု ကျနော့်ဆီမှာ မရှိတော့ပါ။

ကိုယ်ကျင့်တရား ပျက်မှု၊ အတ္တထူပြောမှုနှင့် ငတေမာပြီးရော စိတ်ဓာတ်တို့သည် ဂျင်းရိုင်းမြစ်များနှင့် တူသည်ဟု မနေ့က စာတစ်ပုဒ်ထဲမှာ
ဖတ်လိုက်ရသည်................................။

Make sure that you are present where really matters


တစ်လလွန် ကဆုန်လပြည့်အတွက် ယနေ့ ခြေကုန်လက်ပန်းကျကုန်ပြီး သည့်နောက် မနက်ဖြန် ခြေကုန်လက်ပန်းကျနိုင်ရန် အားသစ်မွေးကြလေ ကုန်ပြီ။ သို့သာ် လူ သုံးထောင်မှ ငါးထောင်ခန့်အတွက် ချက်ပြုတ်နေကြသည့် အဘွားကြီးအုပ်စုကတော့ တစ်ညလုံး မအိပ်ရရှာ။ ခဏတဖြုတ်ဆင်းပြီး ရယ်မောစရာပြောရင်း အားပေးဖို့လောက်တော့ လုပ်ပေးရဦးမည်။
"Make sure that you are present where really matters"
(မစ္စတာ ဖို့ဒ်၊ ဖို့ဒ် ကားကုမ္ပဏီ တည်ထောင်သူ၊ ဥက္ကဋ္ဌ)


အစွန်းရှောင်ရင်း အစွန်းရောက်သွားတတ်ခြင်း


(လွန်ခဲ့တဲ့ ၇ နှစ်က AGM မှာ ပြောခဲ့တာပါ)

ဒီအယူအဆက အဓိကအားဖြင့် ဘာသာရေးအဖွဲ့အစည်းကြီးတွေနဲ့ ပတ်သက် ပါတယ်၊ ဒါပေမဲ့ အခြားအဖွဲ့အစည်းကြီးတွေနဲ့လည်း သက်ဆိုင်မှုရှိပါလိမ့်မယ်။
ဘာသာရေးအဖွဲ့အစည်းကြီးတစ်ခုမှာ စတင်တည်ထောင်သူက ဆရာတော် ကြီး တစ်ပါးပါးဖြစ်နေတတ်ပါတယ်။ သူဟာ ဩဇာတိက္ကမကြီးတယ်၊ အရေး ကိစ္စအားလုံးအတွက် ဆုံးဖြတ်ချက်ချသူကလည်း သူပဲဖြစ်နေတတ်ပါတယ်။

ဖွင့်ပြောဖို့ဝန်လေးတဲ့ ဗုဒ္ဓဘာသာတပည့်အများစုက သူတို့ သိပ်သဘောမတူ ဘူးဆိုရင်တောင် ဆရာတော်ကြီးမိန့်တာပဲလေဆိုပြီး လိုက်နာကြ၊ လုပ်ဆောင် ကြပါတယ်။ ဒါပေမဲ့ သာသနာချစ်စိတ်လည်းရှိ၊ အမျှော်အမြင်လည်းရှိတဲ့ ဗုဒ္ဓ ဘာသာ တပည့်တွေရဲ့စိတ်ထဲမှာ ဒီလိုလေးဆိုရင်ပိုကောင်းမှာပဲလို့ သူတို့ချင်း တိုင်ပင်တတ်၊ ဆွေးနွေးတတ်ပါတယ်။ ဆရာတော်ကြီး သက်ရှိထင်ရှား ရှိနေသေးသရွေ့ "ဒီလိုလေးဆိုရင်ပိုကောင်းမှာပဲ" ကို အကောင်အထည် မဖော်တတ်ကြဘူး။ သူတို့စိတ်ထဲမှာပဲရှိတယ်။

ဆိုပါတော့။ အဲဒီဆရာတော်ကြီး ပျံလွန်တော်မူသွားပြီ။ ဆရာတော်ကြီး ပျံလွန်တော်မူတာနဲ့ ဗုဒ္ဓဘာသာတပည့်တွေ (သို့) ဥပဋ္ဌာကအဖွဲ့က အရင်လို ဘုန်းကြီးမှာ "Too much power" ရှိနေတဲ့အဖြစ်ဆီ အရောက်မခံတော့ဘဲ ဝင်ထိန်းပါတော့တယ်။
ကောင်းပါတယ်၊ ဒါပေမဲ့ အရင်လိုဖြစ်မှာစိုးလို့ ထိန်းရင်းထိန်းရင်းနဲ့ တဖြည်းဖြည်း ဒုတိယတက်လာတဲ့ဘုန်းကြီးမှာ ဆုံးဖြတ်ပိုင်ခွင့်မဲ့သွားပြီး အစွန်းတစ်ဖက် ပြန်ရောက်သွားပါတော့တယ်။ ကြည့်ရဲရင် မြန်မာပြည်က ဘာသာရေးအဖွဲ့အစည်းကြီးတွေကို ကြည့်နိုင်ပါတယ်(ကိုယ်ပိုင်ကျောင်းကို မဆိုလိုပါ)။ ဒီ သဘောတရား တွေ့ရပါတယ်။ အချိန်ကြောင့် ဒုတိယဘုန်းကြီး က ဒီအခြေအနေကို တည့်မတ်လို့ မရတတ်ပါဘူး။ တည့်မတ်ဖို့ ကြိုးစားတာ ထက် ခပ်ထက်ထက် ဒုတိယဘုန်းကြီးက ကိုယ်ပိုင် ကျောင်းခွဲ၊ အဖွဲ့အစည်း ခွဲတတ်ပါတယ်။ စွမ်းမယ်ဆိုရင် တတိယ၊ စတုတ္ထတက်လာတဲ့ ဘုန်းကြီး ကတော့ ဆရာ၊ ဒကာကြားက ဒီဟန်ချက်ကို ပြန်ညှိပေးလို့ ရတတ်ပါတယ်။



အဖွဲ့အစည်းတစ်ခုအောက်မှာ တွင်တွင်ကျယ်ကျယ်နဲ့ ရေရှည်သာသနာပြုဖို့ ဆိုရင် ဆရာ၊ ဒကာဟန်ချက် ညီနေရတတ်ပါတယ်။
"ဥဘော အညောညနိသိတာက" က ပစ္စည်းလေးပါး လှူသူနဲ့ ပစ္စည်းလေးပါး ယူသူထက် အဓိပ္ပါယ်ပိုကျပြန့်တယ်လို့ ခံယူမိပါတယ်။

သီဟနာဒ

နားလည်မှု တည်ဆောက်၊ မာစတာကီး ကိုင်ထားရင် စွန့်လွှတ်


ဒီနေ့ ကျောင်းရဲ့ AGM (နှစ်ပတ်လည် အစည်းအစည်းအဝေး) မှာ ပြောမယ့် စကားပါ။

တစ်ချိန်က မိမိရဲ့ အခန်းသော့က မာစတာကီးဖြစ်နေပြီး အခန်းတိုင်း ဖွင့်လို့ ရနေကြောင်း
နားလည်မှုရှိကြစဉ် မာစတာကီးနဲ့ပတ်သက်ပြီး ပြသနာ မရှိကြ။ သော့မေ့၊ သော့ပျောက်အခါမျိုးတွေမှာပင် မိမိသော့ကို ငှားဖွင့်လို့ရကြောင်း

နားလည်မှုလွဲပြီဆိုတာနဲ့ အဲဒီ မာစတာကီးက ပြသနာကြီးဖြစ်သွားရ
ဟိုဖက်ကလည်း "သူ့မှာ မာစတာကီးရှိနေမှတော့ သော့ခတ်နေလည်း အပိုပဲ" ဖြစ်
ဒီဖက်ကလည်း "သူ့တို့ဘာသာ နေရာထားမှားတာကိုတောင် ငါက တရားခံဖြစ်ရမယ့်ကိန်း" ဖြစ်။
ဒါနဲ့ သော့တွေအကုန်ပြောင်း၊ တစ်ချောင်းစီ ကိုင်။ မာစတာကီးကို ရုံးထဲမှာပဲထား။ သံသယကင်းသွားကြတယ်။



ဒီမှာ မာစတာကီးဆိုတာ အရာရာကို တစ်ဦးတည်း၊ တစ်ဖွဲ့တည်းက ထိန်းချုပ်ထားလိုမှု အာဏာလောဘလို့ အဓိပ္ပါယ်ကောက်ရင်လည်း ရနိုင်ကြောင်း
ဘယ်လိုပဲဆိုဆို ဗုဒ္ဓအဆုံးအမအရ ပျော်ရွှင်မှုဟူသည် ညီညွတ်ခြင်း
ညီညွတ်ဖို့ နားလည်မှုလိုကြောင်း
နားလည်မှုတည်ဆောက်ဖို့ မာစတာကီးကို စွန့်လွှတ်သင့်က စွန့်လွှတ်ရမည်ဖြစ်ကြောင်း။ ။

သီဟနာဒ

သဘာဝကျကျ ရှင်သန်ဖို့


ဒီ ဗောဓိပင်လေးက အိုးထဲမှာအကြာကြီးနေခဲ့ရပြီး ညောင်ပင်ကြီးလဲလို့ သူ့ကို မြေပေါ်ချစိုက်ထားတာ။ ဖွံ့ဖြိုးချင်လျက် မဖွံ့ဖြိုးရတဲ့အခြေအနေ ကနေ မြေပေါ်လည်းရောက်ရော ရုတ်တရက်ကြီးဖွံ့ဖြိုးလိုက်တော့ သူ့ အကိုင်းတွေက သဘာဝမကျဘူး၊ နွဲ့နှောင်းနေတယ်။ သူ့အကိုင်းတွေကို သူမနိုင်ဘူးလည်းဖြစ်နေလို့ ဒေါက်တိုင်တွေ၊ ကြိုးတွေသုံးပြီး တည့်မတ်ပေး ထားရတယ်။ သူ သဘာဝကျကျ ရှင်သန်ဖို့ နှစ်အနည်းငယ်တော့ လိုမယ့် သဘောပါပဲ။
အရာခပ်သိမ်းဟာ ဒီသဘောအတိုင်းပဲလေလား။



ကျောင်းက (Youth Group) အဖွဲ့က မဆီမဆိုင် ဝိနည်းသိက္ခာပုဒ်တွေ ဖတ်ပြီး ဆွေးနွေးနေကြသတဲ့


ခေါင်းဆောင်က ဥက္ကဋ္ဌသမီး မေဓါ။
ပါစိတ်ပါဠိတော် အင်္ဂလိပ်ပြန်ကိုရောက်နေကြပြီ။ ရဟန်း မြေမတူးရတွေကို ရောက်နေပြီ။ ကလေးတစ်ယောက်မေးခွန်းကိုတော့ သူမနိုင်လို့ ဖော်ဝါ့ဒ်လုပ်လိုက်တယ်။
အားလုံး ဒုဗ္ဘိက္ခန္တရကပ်ဆိုက်နေချိန်မျိုးမှာတောင် ရဟန်းက မြေမတူး၊ စိုက်ပျိုးရေး မလုပ်လား တဲ့။

လောကဝဇ္ဇ (သဘာဝအရ အပြစ်)
ပဏ္ဏတ္တိဝဇ္စ (ပညတ်ချက်ကြောင့်သာ ဖြစ်ရတဲ့အပြစ်) ကို ရှင်းပြပြီး
သိက္ခာပုဒ် တစ်ခုတည်းပေမဲ့ ရဟန်တစ်းပါးချင်းဆီမှာ ဆုံးဖြတ် လုပ်ဆောင် ချက်တွေ တူနိုင်မယ်မဟုတ်ကြောင်း....
ဘာဖြစ်ဖြစ် သိက္ခာပုဒ်မပေါက်စေရဆိုတဲ့ ရဟန်းတွေရှိကြောင်း... (ဝိနယာဓိက)၊
အငတ်ဘေးကနေ လူအများစုကို အတိုင်းအတာတစ်ခုအထိ ကယ်တင်နိုင် မယ်ဆိုရင် အာပတ်ငယ်ကို နောက်မှ ဖြေယူမယ်ဆိုတဲ့ ရဟန်းတွေလည်း ရှိနိုင်ကြောင်း.... (ကရုဏာဓိက)
မိမိကိုယ်တိုင်အတွက် အစာရေစာရဖို့ဆိုရင်တော့ မသင့်တော်လှကြောင်း...
ဝိနည်းလည်းမလွတ် ခေတ်နဲ့လည်း မကွာဟလှအောင် အဖြေပေးလိုက်ရပါ တယ်။
ဒီထက် ကောင်းတဲ့အဖြေများရှိကြရင် သာသနာဝိုင်းပြုကြပါဦး။ ဝိနည်း ငါးကျမ်း အကုန်ဖတ်သွား၊ ဆွေးနွေးသွားကြမှာ တဲ့။

"ခွင့်လွှတ်ပါဘုရား၊ သင်္ကြန်မို့ ပျော်လို့ပါ"


၂၀၀၈ ခုနှစ် သင်္ကြန်မှာပေါ့။ ရဲကားကလည်း ရွှေဝါရောင်ဂယက်နဲ့ဆိုတော့ မြန်မာလူမျိုး ၁၀ ယောက်ေ လာက်စုနေရင် ရောက်လာတတ်တဲ့အချိန်။ သင်္ကြန်စတုဒီသာကနေတဆင့် ဒေါ်စုပုံ ပိုစတာကြီးကောက်တင်လိုက်တော့ ရဲကရောက်လာရော၊ ကော်မတီနဲ့ စကားပြော၊ ချက်ချင်း အဖြုတ်ခိုင်းရတယ်။ ညနေရောက်လို့ အားလုံးရှင်းလင်းသွားပြီဆိုတော့မှ ကျောင်းဝင်းအတွင်းနဲ့ ဝန်းကျင်ကိုလိုက်ကြည့်ပြီး ရှင်းစရာရှိတာတွေ ထပ်အရှင်းခိုင်းရတယ်။
၈ နာရီလောက်မှာတော့ အားလုံးလည်းရှင်း၊ လူလည်းရှင်းပေါ့။ စိုးရိမ်တာက အရက်သောက်တာကိုမဟုတ်ဘူး၊ အရက်သောက်၊ အမူးလွန်ပြီး မထိမ်း မသိမ်းနိုင်ဖြစ်မှာကိုပါ။ ကလေးတွေပဲ နှစ်သစ်ကူးရက်မှာ သောက်ချင်မှာပေါ့ဆိုပြီး စည်းကမ်းထုတ်ပြီး မပိတ်ပင်ပါဘူး။
ပြောချင်တာက ၈ နာရီမှာ လူမှန်းမသိလောက်အောင်မူးနေတာက လူငယ် မဟုတ်ဘဲ လူကြီးဖြစ်နေတယ်။ (ရွှေမြန်မာထဲမှာတော့ ဒကာကြီး ဒေါက်တာ ခင်မောင်လတ်ရဲ့ အရွယ်လို့ ရေးခဲ့တယ်)
ခဏနေတော့မှ သူ့ မျက်လုံးတွေပွတ်ပြီး
"ခွင့်လွှတ်ပါဘုရား၊ သင်္ကြန်မို့ ပျော်လို့ပါ" ဆိုပြီး ထွက်သွားလေရဲ့။

စလုံး ဒကာ၊ ဒကာမတွေ


ကျောင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော် စလုံး ဒကာ၊ ဒကာမတွေက စင်္ကာပူနဲ့ လီကွမ်းယုအကြောင်း သူတို့ဘုန်းကြီးလောက်ကို မသိတာ။
ဒီနေ့ Hard Truths တွေ One Man's View တွေနဲ့ (ရှိန်သွားအောင် ဖိန့်တာမျိုး) ကိုင်ကိုင်ပြီးပြောလိုက်တာ ပါးစပ်ဟောင်းလောင်းလေးတွေနဲ့ နားထောင်နေကြတယ်။

ကျောင်းမှာ သန့်ရှင်းရေးလုပ်တဲ့ အ၀ှား


သူ့သားက NUS ရောက်သွားပြီး
သူက ကိုရီးယားကို ဟောလီးဒေး ၁၀ ရက် ထွက်သွားလေရဲ့ဗျာ။