ကိုပေါနဲ့ ကျွန်တော်


မေ့လျော့မနေခဲ့ဘူးဆိုလျင် ၂၈ ရက်နေ့တိုင်းမှာ ကမ်းလက် လပတ်လည် အဖြစ် အမှတ်တရစာလေးများ ရေးမိတတ်ပါသည်။ အခု ကိုပေါနဲ့ ကျွန်တော် အကြောင်းကို ရေးချင်ပါသည်။
ကိုပေါသည် လွမ်းမိုးသီချင်းထဲက ကိုပေါမဟုတ်၊ နွားကျောင်းသား မဟုတ်၊ ကျနော့် ရွာသားမဟုတ်ပါ။ သို့သော် ကျနော်လိုပဲ ထောင့်သိပ်မကျိုးသူတစ်ယောက်တော့ ဖြစ်ပါသည်။ (ဒါက ကျနော့် သတ်မှတ်ချက်သာ ဖြစ်ပါသည်)

ကိုပေါနဲ့ကျနော် နောက်ဆုံးတွေ့ဖြစ်သည်က မန္တလေး ကျုံးဘေးမှာဖြစ်သည်၊ ထိုစဉ် သူ့ဇနီးဖြစ်လာမည့် ဂျပန်မလေးလည်း ဘေးမှာရှိသည် (သူမနာမည်ကို ကျနော်မသိပါ (သို့) မမှတ်မိပါ)။ သူတို့က (ဂျပန် ဗီဇာနဲ့ပတ်သက်ပြီး) အကြံ ဉာဏ်တောင်းသဖြင့် ကျနော်သိသလောက် ခပ်တည်တည်ပြောပြခဲ့ပါသေး သည်၊ သို့သော် ကျနော်ပေးသည့် အကြံဉာဏ်များက အလုပ်ဖြစ်လှမည် မဟုတ်ကြောင်း ယခု သဘောပေါက်မိသည်။ ကိုပေါနဲ့ကျနော်ကြားမှာ ဘုံ ယဉ်ကျေးမှု တော်တော်များများရှိပြီး ယခု ပြောပြချင်သည့်အချက်သည် ထို အထဲမှ တစ်ခုသာဖြစ်ပါသည်။ တိုတိုဆိုရလျင် ထို ဂျပန်မလေးနဲ့လက်ထပ်ပြီး ကိုပေါ ဂျပန်ကိုလိုက်သွားသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ကျနော့်မိတ်ဆွေတ်ယောက် (သူနဲ့ကိုပေါလည်း သိကြ၊ ရင်းနှီးကြပါသည်) ဂျပန်ရောက်သွားပြီး ကိုပေါနဲ့ တွေ့ဖြစ်ခဲ့သည်။ ကျနော့် မိတ်ဆွေစကားအရ ဇင်ဝေသော်ကိုလည်း ဂျပန်ရောက်ဖူးအောင် အလည်ခေါ်သင့်ကြောင်း သူက ကိုပေါကို အကြံပေးသည်။
ထိုအခါ ကိုပေါက
"ငါက ဘာအတွက် သူ့ကို အလည်ခေါ်နေရမှာလဲ၊ သူလာချင်ရင် သူဘာသာ လာလို့ ရနေတာပဲ။ ရောက်လာလို့ ငါ့ကို ဆက်သွယ်ရင် ငါလုပ်ပေးစရာရှိတာ လုပ်ပေးမှာပေါ့" (ဤ အဓိပ္ပါယ်မျိုးရှိသည့်စကား) ဟု ပြောလိုက်သည်။
ထိုအခါ ကျနော့်မိတ်ဆွေက ကျနော့်အစား ကိုပေါအပေါ် အနည်းငယ် အောင့်သက်သက်ဖြစ်ဟန်တူပါသည်။ ဒီအတိုင်းလည်း ကျနော့် ကို ပြန်ပြောပြသည်။
သို့သော် ကျနော်ကတော့ ကိုပေါကို ပိုလေးစား၊ ပိုချစ်သွားသည်။
"ကိုပေါ မပြောင်းလဲသေးပါလား"
***********************************************************************

မန္တလေးမှာကတည်းက ကျနော်တို့ဆက်ဆံရေးက ဒီအတိုင်းပဲ ရှိနေခဲ့ကြ သည်။ အတူ ထွက်သွားလို့ အတူပြန်ဝင်လာရမယ်ဆိုတာမျိုး မရှိ။ သူ့လမ်း သူသွား။ ကိုယ့်လမ်း ကိုယ်သွားဖြစ်သည်။
ကိုပေါပြောတာ မှန်ပါသည်။ တစ်ချိန်က နိုင်ငံခြားသွားဖို့ အဓိက အခက်အခဲက ဗီဇာနဲ့ ငွေဖြစ်သော်လည်း ယနေ့ ဒါတွေက သိပ်မခက်တော့ပါ။ အခု အခက် အခဲက သွားလိုစိတ်နဲ့ အချိန်သာဖြစ်ပါသည်။ ကျနော့်မိတ်ဆွေက မကျေ မနပ်ဖြင့် ပြောပြနေချိန်
"မဟုတ်ဘူးဟ၊ ဒါက ကိုပေါနဲ့ငါနဲ့ကြားက နားလည်မှု၊ ငါရောက်သွားရင် သူတတ်နိုင်တာ အကုန်လုပ်ပေးမှာ၊ ငါ့ကိုတော့ တကူးတကခေါ်နေ မယ့်ကောင် မဟုတ်ဘူး" လို့ ခပ်ပြုံးပြုံးရှင်းပြမိသည်။

အခု ကိုပေါပြောလို့သိရတာက သူ့မှာ သမီးလေးရှိသည်၊ သူမ အသက် ၁၄ နှစ်ရှိပြီ၊ သူ့သမီးလေးက သူနဲ့ ပိုတူသည် ဟုဖြစ်ပါသည်။
**********************************************************************

အကြောင်းတိုက်ဆိုင်လျင်တော့ ကိုပေါနဲ့အတူ သူနဲ့ ပိုတူသည်ဆိုသည့် သူ့သမီးလေးရော သူ့ဇနီးကိုပါ တွေ့ချင်ပါသေးသည်။ နေရာရွေးခွင့်ရလျှင် မန္တလေးတောင်ပေါ်၊ ဗျာဒိတ်ပေး ဘုရားဘေးက အအေးဆိုင်လေး တစ်ဆိုင် ကို ရွေးချင်ပါသည်။ အချိန်ပါ ရွေးခွင့်ရလျှင် နေဝင်ရီတရောကို ရွေးပါမည်။ သို့သော် တွေ့ခွင့် မရကြတောဘူးဆိုလျင်လည်း ပြသနာတော့ မဟုတ်လှပါ။ သူတို့ဘဝ အဆင်ပြေစေဖို့ဆန္ဒ ကျနော့်ဆီမှာ ရှိနေပါသည်။ ။

ဇင်ဝေသော်

မင်္ဂလာပါ (ကမ်းလက် လပတ်လည်)


"ဗဟုသစ္စဉ္စကို အထက်တန်းပညာရေး(ဘာသာရပ်အခြေခံတွေ အများကြီး သင် ယူရ၊ အထူးပြုလေ့လာမှု မဟုတ်)၊ သိပ္ပဉ္စကို တက္ကသိုလ်ပညာရေး (အသက်မွေး ဝမ်းကြောင်းလို့ရတဲ့အထိ အထူးပြုလေ့လာ၊ မေဂျာ ဆပ်ဘဂျက် ယူရ) လို့ ဆွဲ ကြည့်မိပါတယ်။ လူငယ်တစ်ယောက်ရဲ့ဘဝနဲ့ပူးတွဲပြရင် ဗဟုသစ္စဉ္စဟာ အသက် ၅ နှစ်နဲ့ ၁၆ နှစ်ကြား၊ သိပ္ပဉ္စဟာ ၁၇ နှစ်နဲ့ ၂၄ နှစ် (သို့) အသက် ၃၀ (ဘွဲ့လွန်ကို ရည်ရွယ်) အကြားလို့ ကြည့်ထားပါတယ်"

တကယ်လို့ ဘဝတစ်ခုကို ဓားတစ်ချောင်းလိုဆက်ဆံပေးရမယ်ဆိုရင် လက်ရှိ အချိန်ဟာ ရေဖြန်းပေးရမယ့်အချိန် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ နှစ်နှစ်လောက် နိုင်ငံရေးစာအုပ်တွေနဲ့ လုံးထွေး သတ်ပုတ်ခဲ့ပြီးတဲ့နောက် လူက မာကျောလာပေ မဲ့ ဘဝက ပူလာပါတယ်။ ("လူ့ယဉ်ကျေးမှု" ဒုတိယတွဲနဲ့ "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" က ပြင်ဆင်၊ တည်းဖြတ်ဖို့ပဲ ကျန်ပါတော့တယ်။)
ဒီအခိုက်......ထိုင်ဝမ်မှာရောက်စဉ်
"မင်း ရေးထားတဲ့ မောင်ငယ်ရင်သွေး နာဘိသေးလော့ တော်တော်ကောင်းတာပဲ၊ ငါတော့ လူတွေ့တိုင်းအဖတ်ခိုင်းတယ်၊ ဆက်ရေးပါ" ဆိုတဲ့စကား ဆရာတော်ကြီး ဦးနန္ဒဝံဆီက ကြားခဲ့ရပါတယ်။ အလားတူပဲ မောင်ငယ်ရင်သွေးရဲ့ အယ်ဒီတာ ကိုကောင်းကျော်ကလည်း အဲသလို ပင်ကိုယ်ရေးလေးတွေ မရေးဖြစ်ဘူးလားလို့ (အားမလို၊ အားမရသံ ခံစားမိတယ်) မေးလာပြန်တယ်။ တကယ်တော့ ကိုယ်တိုင် အအေးဓာတ်လိုနေတာလည်းပါဝင်ပါတယ်။

ပြဿနာက အရင်က မောင်ငယ်ရင်သွေးကို အခု ကိုယ်တိုင်မကြိုက်တော့ပါ။ ဖတ်ရတဲ့စာ၊ ကျင်လည်ရတဲ့ ဝန်းကျင်၊ ပြောဆိုဆွေးနွေးရတဲ့ အကြောင်းအရာ စတာတွေကြောင့် မိမိရဲ့ ပညာမဟုတ်တဲ့ သညာတွေ အရောင်ပြောင်း လာခဲ့ရ ပါ တယ်။ ရင့်ကျက်ခြင်းလား၊ ခေါင်းမာခြင်လား မကွဲပြားလှပါ။ ဒါနဲ့ပဲ ဗုဒ္ဓရဲ့ မင်္ဂလာ ပန်ခင်းဆီက မင်္ဂလာခိုး၊ မင်္ဂလာငွေ့တွေကို (မိမိမြင်သည်က ဘုရားသိစေချင် သည့် မင်္ဂလာအစစ် ဟုတ်ဟန်မတူ) တမေ့တမောပြန်မျှောကြည့်လာမိပါတယ်။

လက်ရှိ မင်္ဂလသုတ်ကို ချဉ်းကပ်ပုံဟာ အဖွင့်ကျမ်းတွေနဲ့ ညီတာရှိသလို မညီ တာတွေလည်းရှိနေနိုင်ပါတယ်။ သီးသန့်ကြီးခွဲမထွက်သလို မရ ရအောင်လည်း ဆွဲမညှိချင်ပါ။
ဥပမာ ဗဟုသစ္စဉ္စကို အထက်တန်းပညာရေး(ဘာသာရပ်အခြေခံတွေ အများကြီး သင်ယူရ၊ အထူးပြုလေ့လာမှု မဟုတ်)၊ သိပ္ပဉ္စကို တက္ကသိုလ်ပညာရေး (အသက်မွေးဝမ်းကြောင်းလို့ရတဲ့အထိ အထူးပြုလေ့လာ၊ မေဂျာ ဆပ်ဘဂျက် ယူရ) လို့ ဆွဲကြည့်မိပါတယ်။ လူငယ်တစ်ယောက်ရဲ့ဘဝနဲ့ပူးတွဲပြရင် ဗဟုသစ္စဉ္စဟာ အသက် ၅ နှစ်နဲ့ ၁၆ နှစ်ကြား၊ သိပ္ပဉ္စဟာ ၁၇ နှစ်နဲ့ ၂၄ နှစ် (သို့) အသက် ၃၀ (ဘွဲ့လွန်ကိုရည်ရွယ်) အကြားလို့ ကြည့်ထားပါတယ်။ ပညာရှင် တစ်ယောက်ရဲ့ "မင်္ဂလာတရားဟာ အရွယ်အတိုင်းသွားတယ်၊ ခရီးဆက်တယ်" ဆိုတဲ့စကားကနေ ဆင့်ပွားယူလိုက်ခြင်းပါ။ ဗုဒ္ဓဘာသာမဟုတ်တဲ့ စာဖတ်သူတွေ ပါ ဖတ်လို့ရစေဖို့ လိုအပ်ရင် အင်္ဂလိပ်ဝေါဟာရတချို့၊ အဆိုအမိန့်အချို့ကိုလည်း ထည့်သွားမှာပါ။ ဘာသာရေးစာအုပ်တစ်အုပ်လို ချဉ်းကပ်ကြည့်ခြင်းထက် သာမန် လူတစ်ယောက်လို လွတ်လွတ်လပ်လပ် ချဉ်းကပ်ကြည့်ခြင်းသာဖြစ်ပါတယ်။

ခေါင်းစဉ်မပေးရသေးပေမဲ့ ၂၀၁၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၅ နှစ်ဦးပိုင်းတွေမှာ မင်္ဂလာ တရားတွေ တင်ပေးသွားဖို့ရှိပါတယ်။
မောင်ငယ်ရင်သွေး နယူးဗားရှင်းဆိုရင် ရပါလိမ့်မယ်။
ကလောင်နာမည်ကို သိပ်အလေးမထားတတ်လို့ လူပိုသိတဲ့ ဇင်ဝေသော်ကိုပဲ သုံးပါမယ်။ မင်္ဂလာရှိကြပါစေ။

(သူများကိုပြောပြီးရင် လုပ်ဖြစ်ဖို့၊ ပြီးဖို့လည်း ကိုယ့်ကိုယ်ကို တွန်းအားပိုပေးရ တတ်ပါတယ်၊ နို့မို့ ရှက်စရာ။ ဒါ့ကြောင့် ဒီနေ့ ဖွင့်ပြောလိုက်ခြင်းဖြစ်ပါတယ်။ အားယူခြင်း တစ်မျိုးပေါ့)

ကမ်းလက် သုံးနှစ်ပတ်လည်


အချိန်ပိုလေးတွေကို စှစည်းပြီး လျှောက်ခဲ့ရတဲ့ အဆင်းအတက်ခရီးစဉ်တချို့နဲ့ သုံးနှစ်ကာလကိုပြန်ကြည့်တော့ "ထိပ်ဆုံးထိမရောက်ခဲ့ရတောင် အလယ် အလတ်တော့" "ရှိမယ်" လို့ ထင်မိပါတယ်။ လေးအုပ် ဖြန့်ချီပြီး၊ နှစ်အုပ်က အဆင်သင့်၊ စာမျက်နှာ နှစ်ထောင်ကျော်။ ဘဝဖြစ်စဉ်အတိုင်း လက်ပြကျန်ရစ်ခဲ့ တဲ့ ရာသီဦးကမ်းစပ်တချို့ရှိခဲသလို့ နားလည်မှုအရင်းတည်၊ ပိုပြီး မြဲမြံလှိုက်လှဲတဲ့ ကမ်းသစ်တွေကလည်း တဝေ့တဝဲမို့ ကျေနပ်ရပါတယ်။ လောကတံထွာ။


၁။ မျှဝေခြင်း တစ်

ရေသည်ယောက်ျားရဲ့ ဒုတိယရေဖိုးအလှူအဖြစ် ကျေးဇူးရှင်မိခင်တက္ကသိုလ် (သာသနာ့တက္ကသိုလ်၊ မန်း)ကို ဆွမ်း၊ သင်္ကန်းနဲ့ စာအုပ်နှစ်အုပ် (နားဝင်မချိုနဲ့ ပဋိ ပက္ခ) လှူဒါန်းဖို့ အတည်ပြုနိုင်ခဲ့ပါတယ်။ ရင်းနှီးတဲ့ စင်္ကာပူရီးယန်း ဒကာ၊ ဒကာ မတွေကလည်း သူတို့ပါလိုက်ပြီး အားပေးမယ်ဆိုလို့ ဆစ်လ် အဲယား(Silk air) မန္တလေးကိုပျံသန်းမယ့်ရက်ကို ပြောင်းလဲယူဖို့တော့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဒီဇင်ဘာ ၃၀ ရက်ကနေ ဇန်နဝါရီ ၈ ရက် ကို မိတ်ဆွေရဟန်းတစ်ပါး ကတဆင့် ပြောင်းလဲယူခဲ့ရပါတယ်။

၂။ မျှဝေခြင်း နှစ်

ဒီအိုင်ဒီယာလေးရခဲ့တာကတော့ အပြင်ဒကာ၊ ဒကာမအချို့နဲ့ဖေ့စ်ဘုတ်ပေါ်က ကိုအောင်မင်းဇော်(မလေးရှား)ဆီက ဖြစ်ပါတယ်။ "စာအုပ်တွေလှူမယ်ဆိုရင် တပည့်တော်တို့လည်း တတ်နိုင်သလောက်ပါဝင်လှူဒါန်းချင်ပါတယ်" လို့ ဆိုကြပါတယ်။ ဒါဆို ကျန်တဲ့သူတွေရော၊ နိုင်ငံရေး၊ လူမျိုးရေးစာအုပ်တွေမို့ ဘာသာရေးလောက် မများရင်တောင် ရှိနိုင်တယ်။ ဒါ့ကြောင့် ဒီစာအုပ်တွေ သံဃာအပါး(စာသင်သား၊ ဆရာ၊ အုပ်ချုပ်ရေးဆရာတော်များ) ၄၀၀ ကျော်ကို လှူဒါန်းလိုသူတွေအနေနဲ့လှူဒါန်းနိုင်အောင် စီစဉ်လိုက်မိခြင်းဖြစ်ပါတယ်။ တကယ်က ကိုယ်တိုင် အားလုံးစီစဉ်ပြီးဖြစ်ပါတယ်။

(က) တစ်အုပ်ကို ၂၅၀၀ ကျပ်၊ နှစ်အုပ်ကို ၅၀၀၀ ကျပ်။ ဆင်း ၇ ဒေါ်လာနဲ့ ညီမျှပါတယ်။ (စာမူခ တင်မထားတာကလွဲရင် သယ်ယူခ အပါအဝင် အားလုံး ကာမိပါတယ်။ )
(ခ) တစ်စုံ (နှစ်အုပ်)မှစပြီး လှူလိုက လှူနိုင်ပါတယ်။
(ဂ) အလှူရှင်ရဲ့အမည် စာအုပ်တိုင်းမှာ ထည့်ပေးပါမယ်။
(ဃ) လှူဒါန်းလိုသူတွေအနေနဲ့ အမည်၊ လှူမယ့်စာအုပ်အရအတွက်ကို ကမ်းလက် အီးမေးထဲ(lek.camm@gmail.com) အီးမေးပို့ပေးစေလိုပါတယ်။ ဘယ်လိုလှူရ မယ်၊ ဘယ် ဘဏ်အကောင့်ထဲ ထည့်ပေးရမယ်ဆိုတာ အလှူရှင်တွေဆီကို သီး သန့်အကြောင်းပြန်ပေးပါမယ်။
(င) အုပ်ရေ ၂၅၀ ကုန်ပြီး ၆၅၀ ကျန်ပါသေးတယ်။ အစုံ ၄၅၀ ပြည့်ရင် စာရင်း ပိတ်၊ အလှူရှင်စာရင်းကို တင်ပေးသွားပါမယ်။
(ကူညီမယ့်သူ ရှာမထားမိခြင်း၊ ဘဏ်စနစ် စနစ်မကျလှသေးခြင်းကြောင့် ပြည် တွင်းက လှူလိုသူတွေကိုတော့ တောင်းပန်ရပါလိမ့်အုံးမယ်။)

၃။ ကျေးဇူးတင်ခြင်း

ကိုအောင်မင်းဇော်၊ ဒီကိစ္စ (ငွေရေးကြေးရေး) အတွက် လိုလိုချင်ချင် အကူ အညီပေးကြတဲ့ ကိုမင်းထွဋ်အောင်၊ မနှင်းဝေအောင်တို့ဇနီးမောင်နှံ၊ အထူးသဖြင့် မန္တလေးကနေ စီစဉ်ကူညီမယ့် ဆရာတော် ဦးစန္ဒာသီရိတို့ရဲ့ ကျေးဇူးကို ဒီကနေ မှတ်တမ်းတင်ပါတယ်။

၎။ ခဏဖြစ်ဖြစ်

အလွန်အမင်း မဖြစ်နိုင်တဲ့ကိစ္စကလွဲရင် ဆရာသစ္စာနီ၊ မောင်ကျော်သာ (ပဲခူး) ကိုသရဝဏ်(ပြည်) စသူတို့ပါ ဆွမ်းကပ်ပွဲကို လိုက်ပါကုသိုလ်ယူကြမှာမို့ သူတို့ မိတ်ဆွေ၊ သူတို့စာဖတ်ပရိသတ်တွေလည်း ခဏဖြစ်ဖြစ် ဆရာတွေနဲ့ တွေ့ဆုံနိုင် ကြမယ်လို့ မျှော်လင့်မိပါတယ်။

မေတ္တာဖြင့်
(ဇင်ဝေသော်၊ သီဟနာဒ)

အရှင်သိရီဓမ္မ၊(ဓမ္မဥယျာဉ်) ဒေါက်တာ အရှင်ဣန္ဒကနဲ့ သီဟနာဒ


လပတ်လည် (လှည့်ကြည့်မိသည့် ထောင့်ချိုးများ)

လပတ်မလည်မိတာ လေးလရှိပြီ။ ယနေ့တော့ မမေ့လျော့သော၊ မေ့လျော့နေ မိသော ကျေးဇူးတရားတို့အကြောင်း ရေးချင်နေမိသည်။
ကိုယ်ပိုင်အိပ်မက်များနဲ့ လူငယ်၊ ရဟန်းငယ်တိုင်း လုံးခြာလည်နေသည့် ဘဝငယ် ငယ်လေးများကို သတိတရဖြစ်မိသည်။ သူရည်သွေး၊ ကိုယ်ရည်သွေးလိုချင်း မဟုတ်ဘဲ ကျေးဇူးအောက်မေ့မှုများဟုသာ မှတ်ယူစေချင်ပါ၏။

အရှင်သိရီဓမ္မ(ယခု နယူးဇီလန်ရောက်နေ)နဲ့ သီဟနာဒ
********************************************************
မိမိက စာရေးဝါသနာပါသဖြင့် စာရေးနေချိန်။ ဘာသာသွေမဂ္ဂဇင်းက လစဉ်ဖော်ပြပေးနေချိန်၊ အခြားမဂ္ဂဇင်းနှစ်စောင်င်နဲ့ ဂျာနယ်တစ်စောင်က မကြာ မကြာ ထည့်ပေးချိန်။ နွမ်းပါးသည့် စာသင်သားဘဝမှာ ကုသိုလ်လည်းရ ဝမ်းလည်း ဝဟု ယုံကြည်မိ၏။
ဘာသာသွေမဂ္ဂဇင်းမှာ အတန်ငယ်ရေးမိတော့ ထုတ်ဝေသူ ပေါ်လာသည်။ ဗုဒ္ဓဘာသာအမြင် သစ်သည်၊ ထုတ်မည်။ သို့သော် ရဟန်းကလောင်အမည် ကို ပြောင်းပေးရမည်၊ သို့မှ စာဖတ်သူက စိတ်ဝင်စားမည်ဟု သူကဆိုလာသည်။ မလေးငြိမ်စကားဖြင့် သာဓုခေါ်၏၊ မခေါ်၏။ သူ့ အဆိုမှန်ကန်ကြောင်း လက်ခံပါ ၏၊ သို့သော် မိမိက ဤကိစ္စကို လုံးဝလက်မခံ။ ကလောင်အမည် မပြောင်းနိုင် ဟုပြောရာ သူနဲ့လည်း အပေးအယူ မတည့်ကြတော့။

ထိုစဉ် အရှင်သိရီဓမ္မက
"ဒီလောက်ကြီးရေးလာပြီးမှတော့ ငါထုတ်ပေးမယ်။ နှစ်သိန်းဆိုရင်လောက်တယ် မဟုတ်လား။ မလောက်ရင် ငါထပ်ပေးမယ်" ဟုဆိုပါသည်။ ပေးဟူသည် ပေးခြင်းဖြစ်သည်။ အကြွေးပေးခြင်းမဟုတ်။
သို့ဖြင့် ထုတ်လိုက်ကြသည်။ တာရာမင်းဝေသုံးသလိုဆိုရင်"အနုပညာအရအာင်မြင်တယ်" ဖြစ်ပြီး ငွေကြေးအရ မအောင်မြင်ပါ။ စာအုပ်က အထိုက်အလျောက်ရောင်းရသည်(ဘယ်လောက် ရိုက်သည် မသိ၊ ရိုက်သလောက်တော့ ကုန်သွားသည်)၊ ငွေကတော့ ပြန်ဝင် မလာပါ။ ထို့ကြောင့် စိတ်ပျက်ပျက်ဖြင့် ဤလောကနဲ့ အတန်ငယ် ကင်းသွားခဲ့ သည်။
မိမိထက်အသက်ရှူ ပိုချောင်သော်လည်း အရှင်သိရီဓမ္မသည် တောသား၊ လယ် သမားသားသာဖြစ်ပါသည်။ ထိုခေတ်က ငွေနှစ်သိန်း။ မိမိဆီလည်း တစ်ပြားမှပြန် မဝင်၊ သူ့ကိုလည်း တစ်ပြားမှပြန်မပေးနိုင်။
သူ သီရိလင်္ကာကိုသွားတော့ မရှိမဲ့ ရှိမဲ့ အမေရိကန်ဒေါ်လာလေး ၂၀၀ စုပေး လိုက်သည်။ အခြားသူငယ်ချင်းများနဲ့တွေ့တော့
"ဒီကောင်ကြီးက ငါ့ကိုချစ်တယ်၊ ဒေါ်လာ ၂၀၀ တောင် ပေးလိုက်တယ်" ဟု ပြောတတ်လေသည်။
အမှတ်မရှိသည့် ထိုအရှင်က အခု
"ဟေ့ကောင် စာပေကိစ္စတွေလုပ်မှာဆို ငါ့ပြောအုံး၊ ငါ ပိုက်ဆံပေးမယ်"
ဟု ဆိုနေဆဲ။
(သူနှင့် သီဟနာဒကြားမှာ ငါးနှစ်အတွင်း အီးမေးမပို့၊ ဖုန်းမဆက်ကြဟုဆိုလျင် အတန်ငယ်ထူးဆန်းနေပါလိမ့်မည်။ ဒါက အမှန်ဖြစ်ပါသည်။ ဒါတွေလိုသည်ဟု ကျွန်ုပ်တို့နှစ်ယောက်စလုံးက မထင်ကြပါ(သို့)မရှိလည်း ဖြစ်ပါသည်။ သူလိုလျင် သီဟနာဒရှိသမျှ သူ ယူခွင့်ရှိပြီး သီဟနာဒလိုလျင်လည်း သူ့ရှိသမျှ ယူခွင့်ရှိနေ ဆဲပင်)





ဒေါက်တာ အရှင်ဣန္ဒကနဲ့ သီဟနာဒ
*************************************
ဤကိစ္စက ပို၍ပင်ကြေကွဲဖွယ်ကောင်းသေးသည်။ အကယ်၍ အရှင်ဣန္ဒကသာ အရှင်ဣန္ဒကမဟုတ်ခဲ့လျင် သူ့အိပ်မက်တွေ ကပေါက်ကချာဖြစ်သွားနိုင်သည့် ကိစ္စပင်ဖြစ်သည်။
သာသနာ့တက္ကသိုလ်(မန္တလေးမှာ) ရှိနေကြဆဲ။ မယ်တော်ကြီး ကျန်းမာရေးကြောင့် ရွာပြန်စဉ် ဣန္ဒကဆီက နဝကမ္မတစ်ချို့ ချေးယူသွားခဲ့သည် (ဘယ်လောက်လဲ မမှတ်မိ)။ ထို စေ့စေ့ကုတ်ကုတ်လေးများကို မိခင်၏ ကျန်းမာရေးကြောင့်ဟုသာ ယူခဲ့ရသည်၊ ထို စေ့စေ့ကုတ်ကုတ်လေးများသည် သူ သီရိလင်္ကာကို ပညာသင်သွားဖို့ဆိုပြီး စုထားသော ကျေးလက်က သမ္မာ အာဇီဝ ချွေးပေါက်များဖြစ်ကြလေ၏။ မယ်တော်ကြီးကျန်းမာရေး၊ တက္ကသိုလ်လွန် နာဂတောင်တန်း၊ နာဂတောင်တန်းလက်ဆောင် ငှက်ဖျားဇီဝ၊ အကြောင်းစုံစွာရောက်လာပြီး အရှင်ဣန္ဒက၏ သမ္မာအာဇီဝ ချွေးပေါက်များကို လုံးဝ မေ့လျော့နေမိတော့၏။
မည်သို့ဆိုစေ ဤအမှားမျိုးသည် ကိုယ်တိုင်ပင် ခွင့်လွှတ်ရခက်သည့် အမှားပင်။ တစ်လောက အတူနေ ရဟန်းက စကားစပ်မိရင်းပြောမှ ယင်း သမ္မာအာဇီဝ ချွေးပေါက်များကို သတိရတော့သည်။ မိမိက ဝေရဉ္ဇာပုဏ္ဏား လက်သစ်တည်း။




အခုတော့ သူ့အိပ်မက်လည်း အတောင်စုံပြီ၊ သူယုံကြည်ရာတွေကိုလည်း ပါရမီဝေစုအလိုက် လုပ်ခွင့်ရပြီ။
ကြံဖန်ပြီး သူ့အတွက် ဝမ်းသာမိပါသည်။
ဘာပဲဖြစ်ဖြစ် ယုံကြည်ရာ လုပ်တတ်သူ။
ဘာတွေပဲ ကြုံကြုံ ခြေကုန်ထုတ် ရောက်အောင် သွားတတ်သူ။
ဒီတစ်ခေါက် ရန်ကုန်ပြန်မှ သူ့ကိုတွေ့ပြီး မိမိရဲ့ ဧရာမအမှား၊ ဧရာမအမေ့၊ ဧရာမ အလွဲအတွက် ညွတ်ညွတ်နူးနူးတောင်းပန်ရပါဦးမည်။
ထို့အတူ ပေးဆပ်ရန်ရှိသည့် ကတညုတ ကတဝေဒီများကလည်း အပျိုရည်မပျက်၊ နဂိုရည်မပျက် အုပ်စုဖွဲ့ ရှိနေဆဲ။

ကံ့ကော်၊ အင်ကြင်း(လပတ်လည်)


ဒီနေ့ ထူးထူးခြားခြား ပန်းဓာတ်ပုံတွေ တင်ပေးလိုက်ပါတယ်။
အထူးသဖြင့် ပင်လုံးကျွတ်ပွင့်နေတဲ့ ကံ့ကော်ပင်ပျိုလေးပါ။
တရုတ်တွေကတော့ လာမယ့် ၃၁ ရက်နေ့မှာ ကျရောက်မယ့်
၅၄ နှစ်မြောက်(မင်္ဂလဝိဟာရ)ကျောင်းရဲ့နှစ်ပတ်လည်အတွက်
မင်္ဂလာရှိတဲ့နှစ်လို့ ယုံကြည်ကြမှာ မလွဲပါဘူး။
ကံ့ကော်နဲ့ အင်ကြင်းကလည်း ဘာသာရေးနဲ့ နွှယ်နေတဲ့ ပန်းတွေမဟုတ်လား





နှစ်ချို့အမှတ်တရ (ဒီဇင်ဘာ ၂၈)


၂၀၁၃ နှစ်ကူးချိန်တွေမှာ သီရိလင်္ကာကိုရောက်နေခဲ့ကြသည်။ ဂေါပကဥက္ကဋ္ဌ ရဲ့ သမီကြီး မေဓာ (လင်းမေစန်း) က ၂၀၁၃ ကို ပုဂ္ဂလိကရေးရာအရ ဘယ် လိုမြင်သလဲ၊ ကျရှုံးသလား၊ အောင်မြင်သလား လို့လာမေးသည်။
ထိုအချိန်က နားဝင်မချိုဟော့နေချိန်ဖြစ်သဖြင့် နှစ်ကုန်ပိုင်းမှာ အောင်မြင် တဲ့နှစ်ဖြစ်ကြောင်း ရှင်းပြတော့ သူမ မျက်လုံးပြူးသွားသည်။ မြန်မာလူထုက လီကွမ်းယုစကားတွေကို ဒီလောက်တန်ဖိုးထားပြီးဖတ်နေကြသောကြောင့်ဟု သူမကဆိုသည်။ ဒီလိုစာအုပ်တွေကို ဖတ်နေသူတွေကလည်း လူလတ်၊ လူ ငယ်တွေပိုများတယ်ဟုဆိုရာ သူမက အလေးပင်ပြုလိုက်သေးသည်။

" မြန်မာ တက်လာတော့မှာ သေချာတယ်" လို့လည်းဆက်ပြီး နိမိတ်ဖတ် သည်။ သူမအကြောင်းပြချက်က စင်္ကာပူ လူငယ်တွေ (လီကွမ်းယုစာအုပ် ရယ်မှမဟုတ်) စာကောင်းပေမွန် မဖတ်ကြတော့၊ ဆိုရှယ် နက်ဝါ့က်နဲ့ အချိန် ကုန်နေတယ်၊ ရင်လေးစရာ၊ မြန်မာအတွက် ဝမ်းသာတယ်လို့ သူမက ဆို သည်။ သူမက စထရိတ်တိုင်းမ်မှာ အလုပ်လုပ်နေသဖြင့် သူ့အတွင်းသတင်း က ခိုင်မာနိုင်သည်။

ပြောလိုသည်မှာ မြန်မာလူငယ်ထု (အများစု) သည် တံခါးဖွင့်လိုက်သည်နှင့် နည်းပညာဆိုင်ရာ၊ ကမ္ဘာ့နိုင်ငံရေးဆိုင်ရာ၊ မြန်မာ့နိုင်ငံရေးဆိုင်ရာစာတွေကို အသည်းအသန်ဖတ်လာကြသည်၊ ကုယ့်တံခါးတွေကို ကိုယ်တိုင်ဖွင့်လာကြ သည်။ အလွန်အားတက်စရာကောင်းသည်ဟုလည်း ယုံကြည်မိသည်။ အစိုး ရက သိပ်ကောင်းရင် သာမန်လူထုနဲ့ပင် နိုင်ငံတက်လာနိုင်သလို လူထုက သိပ်တော်လာရင်လည်း သာမန်အစိုးရလောက်နဲ့ပင် နိုင်ငံက တက်လာနိုင် သည်။ နှစ်ခုစလုံးဆိုရင်တော့ ပြောဖွယ်မလိုတော့ပါ။

အသိပညာဆည်းပူးလိုတဲ့ လူငယ်ထုနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရဲ့ အနာဂတ်ဟာ ရုပ်ပျက်ဆင်းပျက် မဖြစ်တန်ရာ။ အနာဂတ်ဟူသည် မရေရာသော်လည်း မြန် မာနိုင်ငံအနာဂတ်အတွက် မေဓာထောင်ပြခဲ့သောလက်မကိုမူ ကျွန်ုပ် ပိုင်ဆိုင် ခဲ့ပါသည်။ ဘယ်သူမှ လုယူလို့မရပါ။

ထိုနေ့က ဒီဇင်ဘာ ၂၈ ဖြစ်ပါသည်။

မသိမသာနဲ့ ဘာသာတွေပြန်နေမိခြင်း (လပတ်လည် အမှတ်တရ)


Self-reflection သာ ဖြစ်လို့ စိတ်မဝင်စားရင် အချိန်ကုန်ခံပြီး ဆက်မဖတ်ဖို့ အကြံပေးချင်ပါတယ်။

၁။ အင်္ဂလိပ်သို့

မနှစ်က အင်္ဂလိပ်လိုစာအုပ်တစ်အုပ်ရေးခွင့် ကြုံလာခဲ့ပါတယ်။ ကမ်းလှမ်းသူ က စထရိတ်တိုင်းပါ။ ဒါ့အတွက် အားလည်းစမ်းကြည့်ခဲ့မိပါသေးတယ်။ ဒီ စာအုပ်မျိုးရဲ့ တာဂက်(စာဖတ်ပရိသတ်)က အများကြီးကျယ်ဝန်းသလို တူတူ တန်တန်လေးဖြစ်သွားမယ်ဆိုရင်လည်း ပုဂ္ဂိုလ်ရေး အကျိုးအမြတ်က အများ ကြီးပါ။ အားပေး၊ ကူညီ၊ တိုက်တွန်းသူတွေလည်း ရှိခဲ့ပါတယ်။ ပြသနာက အ ချိန်နဲ့အားစိုက်မှုပါပဲ။ ပေးနိုင်ပါ့မလား။ ကိုယ်တိုင်ကလည်း အချိန်ပြည့် ရေးနို င်၊ သွားလာ၊ တွေ့ဆုံ၊ သုတေသနပြုနိုင်တာမဟုတ်တော့ နှုတ်နဲ့ဝန်ခံခဲ့ပေမဲ့ စာချုပ်ပေါ်လက်မှတ်ထိုးဖို့ကျတော့ မဝန့်မရဲဖြစ်ခဲ့ရပါတယ်။

၂။ အင်္ဂလိပ်မှ

"အင်္ဂလိပ်သို့" နဲ့စာရင် "အင်္ဂလိပ်မှ" က အများကြီးပေါ့ပါးလွတ်လပ်ပါတယ်။ ဒါပေမဲ့ တာဂက်(စာဖတ်ပရိသတ်) ကတော့ ကျဉ်းသွားတာပေါ့။ (ကြီးကြီး ကျယ်ကျယ်တွေ လျောက်ပြောလို့ ကွာ)

၃။ မေးခွန်းတစ်ခု (ကြီးကြီးကျယ်ကျယ်တွေ လျောက်ပြောပြန်ပြီ ကွာ)

"ကမ္ဘာကြီးက မြန်မာတွေဆီက လေ့လာစရာနဲ့ (ရာစုဝက်အမှောင်ချခံခဲ့ရ တဲ့) မြန်မာတွေအနေနဲ့ ကမ္ဘာကြီးဆီက လေ့လာစရာ ဘယ်ဟာက ပို များ မလဲ"
ဒီမေးခွန်းကို မေးပြီးတဲ့နောက် တတ်နိုင်သလောက်လေး မြန်မာ ဘာ သာပြန်ဖို့လည်း စိတ်ဝင်စားလာခဲ့ရပါတော့တယ်။ ဘာသာပြန်ခြင်းကို တ စိုက်မတ်မတ်လုပ်နေကြတဲ့ ဆရာကြီးတွေရှိတယ်ဆိုပေမဲ့ မြန်မာလို ရှိသင့် တဲ့ စာအုပ်တွေ မပြန်နိုင်ဘဲ အများကြီးကျန်ရှိနေသေးတယ်ဆိုတာ လက်ခံ ရမှာပါ။
ဆရာကျော်ဝင်းရဲ့ "ကမ္ဘာပြား" အမှာစာမှာ "ဒီစာအုပ်ကြီးကို ဘာသာပြန်နေ ချိန် သုံးလအတွင်း စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းရပါ့မလဲ" ဆိုတဲ့ မလုံခြုံမှု စကားကလည်း ကြေကွဲထိခိုက်စရာ ကောင်းလှပါတယ်။
ဒီလိုနဲ့ ......
လီကွမ်းယုကို မပြန်ခင်အထိ နီးစပ်ရာတွေမှာ ပင်ကိုရေးဆောင်းပါး၊ ကဗျာ စတာလေးတွေကို ရေးခဲ့ပေမဲ့ ဒီနေ့ဆိုရင် ဘာသာပြန်တာက သိသိသာသာ ကြီးများလာနေပါတယ်။
ဘာရယ်မဟုတ်ပါဘူး၊ စာတွေဖတ်ရင်း ဘာသာပြန် ရှိသင့်တယ်ဆိုတဲ့အတွေး ဝင်ဝင်လာလွန်းလို့ စိတ်ပြေလက်ပြောက် အမှတ်တရ ကောက်ရေးမိတာပါ။ ကိုယ်ရေးကိုယ်တာမှ တကယ့်ကို ကိုယ်ရေးကိုယ်တာပါ။

လပတ်လည် အမှတ်တရ


မီးဖိုထဲမှာ စားစရာ
အိပ်ထဲမှာ အဝတ်အစား
ခေါင်းပေါ်မှာ အမိုး၊ အိပ်စရာနေရာရှိနေရင်
သင်ဟာ ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းထက်သာနေပါပြီ။

ဘဏ်မှာ
ပိုက်ဆံအိပ်ထဲမှာ
သုံးစွဲစရာ ငွေကြေးအလုံအလောက်ရှိနေရင်
သင်ဟာ ကမ္ဘာ့အချမ်းသာဆုံး လူဦးရေ ၈ ရာခိုင်နှုန်းထဲ ပါဝင်နေပြီ။

သုံးစွဲစရာ ငွေကြေးအလုံအလောက်ကို
ကွန်ပျူတာနဲ့ ရှာလို့ရရှိနိုင်တယ်ဆိုရင်
သင်ဟာ ကမ္ဘာ့ကံ အကောင်းဆုံး လူဦးရေ ၁ ရာခိုင်နှုန်းထဲ ပါဝင်နေပြီ။

ကျန်းကျန်းမာမာနဲ့ မနက်အိပ်ယာက ထနိုင်ခဲ့ရင်
သေမလား၊ ရှင်မလား မသိတဲ့
ရောဂါရှင်တစ်ယောက်ထက် သာနေပါပြီ။

စစ်ပွဲရဲ့ ဘေးရန်တွေ
နှစ်ရှည်လများ အကျဉ်းချခံထားရခြင်းတွေ
အစာရေစာငတ်ပြတ်မှုတွေ
ကြုံတွေ့ မနေရဘူးဆိုရင်
သင့်ဘဝဟာ ကမ္ဘာ့လူဦးရေ ၇ သန်းကျော်ထက်သာနေပါပြီ။

(အထူးသဖြင့်)
မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့
ဣဿာ မစ္ဆရိယကင်းကင်း
ပြုံးပြုံးရွှင်ရွှင်နေနိုင်ရင်
တွေတွေဝေဝေနဲ့ မျက်နှာပုတ်သိုးနေသူထက်
အများကြီး သာနေပါပြီ။ ။

ကောက်စိုက်နေသော ရဟန်းများ (၂၅ လပြည့် အမှတ်တရ)


(၁)
မှားတယ်ပဲ ဆိုဆို
မိုးပြိုမှာ စိုးရိမ်ရရင်တော့
စာမျက်နှာ တစ်ချို့ ကျော်ဖတ်ရလိမ့်မယ်။

(၂)
တကယ်ဆို
ကောက်မစိုက်သင့်တာက
ရဟန်းတစ်ပါးထက်
ကိုယ်ဝန် အရင့်အမာနဲ့ မိခင်လောင်းပဲ ဖြစ်ပါတယ်။
သူမကို ကောက်မစိုက်ပါစေနဲ့။

(၃)
အနံက
အလျားထက်ရှည်ရှည်လာ (ချင်) တိုင်း
ကောက်စိုက်မယ့် ရဟန်းများလည်း
အရင်
အခု
နောင်။ ။

ကမ်းလက် လပတ်လည် (NUSBS နှစ်ပတ်လည်)

စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS) ဗုဒ္ဓဘာာအဖွဲ့ချုပ်၏ (Buddhist Society) နှစ်ပတ်လည် "Wise Up!" မဂ္ဂဇင်းအတွက် ထိုအဖွဲ့ချုပ်၏ Spiritual Adviser ဖြစ်သည့် ဦးစိတ္တရ ရေးသားသည့် စာလုံးရေ (၃၀၀) ရှိ (ဘုန်းကြီးပဲ ရေးချင်ရာရေးပါစေဟူသော အထူးအခွင့်အရေး ရဟန်၊ ယူထား ဟန် မတူပါ) အမှာစာကို အမှတ်တရအဖြစ် ဘာသာပြန်ပေးထားခြင်း ဖြစ်ပါ သည်။ သူတို့မဂ္ဂဇင်းအတွက်ဖြစ်ပြီး စောင့်စည်းသင့်သည်ဟု ယုံကြည်သဖြင့် အင်္ဂလိပ်လိုတော့ ဖော်ပြမထားတော့ပါ။

Wise Up!
Dhamma Sisters and Brothers
ကျွန်ုပ်လူငယ်ဘဝက လက်ဝှေ့ပွဲ တစ်ပွဲကြည့်ဖူးသည်။ လက်ဝှေ့သမား နှစ်ေ ယာက်စလုံးက ပညာလည်းကောင်း သတ္တိလည်းရှိကြသဖြင့် ဘက်ညီပြီး ကြည့်လို့ကောင်းသောပွဲ တစ်ပွဲဖြစ်ခဲ့၏။ ဆိုင်းသံဗုံသံများကလည်း စီညံ ၍နေလေသည်။
ထိုစဉ် နောက်ခုံမှာ ထိုင်နေသူတစ်ယောက်က ဆိုင်းသံ၏ စည်းချက်နဲ့အညီ ကျွန်ုပ်ခေါင်းကို ရိုက်နေတော့သည်။ ဒေါသတကြီးဖြင့် နောက်လှည့်ကြည့်စဉ် သူက သူတပါးကို ရိုက်နေမှန်းပင်မသိရှာသည့် ကလေးငယ်၏ အပြစ် ကင်း စင်သောမျက်နှာလေးကို တွေ့လိုက်ရသည်။ တုန့်ပြန်လိုသော ကျွန်ုပ်၏ ဒေါ သ လည်း သူ့ကိုမြင်ပြီး အေးငြိမ်းသွားခဲ့တော့သည်။ ဤသို့ သာမန်ဖြစ်စဉ်ေ လးများမှာပင် အကြောင်းရင်းမှန်ကို သဘောပေါက်လိုက်ပါက ဒေါသဖြင့်ေ လာင်ကြွမ်းနေရသောအဖြစ်မှ ကင်းလွတ်ခွင့်ရလေသည်။

Wise Up!
Dhamma Sisters and Brothers
နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့အားလုံး ပျော်ရွှင်မှုကို ရှာဖွေနေကြသည်။ လိုအပ်မှု ကို ရသူတို့ ပျော်ရွှင်ကြရသည်ဟု ဆိုကြ၏။ ဗုဒ္ဓဘာသာစိတ်ပညာအရ သမာ ဓိ၊ ပညာကြောင့် ရရှိသော ပျော်ရွှင်မှု၊ စွန့်လွှတ်ပေးလှူရမှုကြောင့် ရရှိသောေ ပျာ်ရွှင်မှုတို့အပြင် လောဘကြောင့်လည်း ပျော်ရွှင်မှု ရနိုင်သည်ဟု ဆိုသည်။ တချို့ ပျော်ရွှင်မှုက အပြစ်ကင်းပြီး တချို့ ပျော်ရွှင်မှုက အပြစ်ရှိသည်။ မိမိ၏ ပျော်ရွှင်မှုကို ရှာဖွေရင်း သူတစ်ပါးကို ဒုက္ခရောက်အောင် မသိ မသာ ပြုမူတတ်ကြလေသည်၊ သတိ၊ ပညာ အထူး ထားသင့်ကြ၏။

Wise Up!
Dhamma Sisters and Brothers
အကောင်းအဆိုး လောကဓံများနှင့် ကြုံရခိုက် အပျော်လွန်၊ ဝမ်းနည်းလွန် သည့် ခံစားမှုများ ရှိတတ်ကြ၏။ သတိထားသင့်သည်မှာ ဘုရားရှင်သည် ဒေ သနာအားလုံးကို ဒုက္ခသစ္စာဖြင့် မိတ်ဆက်ထားလေသည်။ ထိုကြောင့် သမ္မာ ဒိဋ္ဌိ ဦးဆောင်သည့် မဂ္ဂသစ္စာကို ပွားများဖို့ ကြိုးစားကြသလို ကြုံတွေ့ရမည့် ဒုက္ခသစ္စာကိုလည်း မေ့မထားသင့်။ ဒုက္ခအစုမှ လွတ်မြောက်မှုပေးနိုင်သော အရာသည်လည်း ပညာမှလွဲ၍ ဘာမျှမရှိပေ။

Wise Up!
Dhamma Sisters and Brothers
နောက်ဆုံးစကားဆိုချင်ပါ၏။ အခါတပါး၌ ဘုရားအလောင်းတော်သည် ပညာ ရှိဘုရင်တစ်ပါးအား အကြံဉာဏ်ပေးဖူး၏။ ထို ပညာရှိဘုရင်က ဘုရား အလောင်းတော်ကို ဆုအနေဖြင့် တစ်ဂါထာကို အသပြာ တစ်ထောင် ပေးခဲ့ ၏။
ထို အကြံဉာဏ်ကိုပင် လှေထိုးသားအားပေးလိုက်မိရာ လှော်တက်ဖြင့် အရိုက် ခံ ရလေသည်။ သတိ၊ ပညာ မူသင့်၏။

စာကြွင်း။ ။ စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS) ဗုဒ္ဓဘာာအဖွဲ့ချုပ်၏ လွန် ခဲ့သော လေးငါးနှစ်ခန့် က ဆောင်ပုဒ်သည် Wake Up! ဖြစ်သည်။ ထို့နောက် Light Up! ဖြစ်လာပြီး ယခု Wise Up! ဖြစ်လာသည်။ သတိ၊ ပညာကို ရည်ညွှန်းသည်။ နောင်နှစ်များတွင် ဘယ်ဆောင်ပုဒ်ကို သုံးကြမည် နည်းဟု ကျောင်းသားတို့က လျှောက်ထားရာ Shut Up! လည်းမဆိုး ဟု မြန်မာဘုန်းကြီးက ခပ်နောက်နောက် ဩဝါဒပေးထားကြောင်းလည်း သိရပါသည်။ ကံအလွန်ဆိုးလျှင် Shut Up! လည်း ဖြစ်လာနိုင်ဖွယ် ရှိ ပါကြောင်း...။
Shut Up! ကို Noble silence ဟု ဘာသာပြန်လျှင် ရနိုင်သည်ဟု မြန်မာ ဘုန်းကြီးက ဆက်လက်အကြံပေးသည်ဟု သိရပါသည်။

မေ့မရနိုင်တဲ့ အကြောင်း (ကမ်းလက် လပတ်လည်)

" ဟေ့ ခေါင်တိုင်နဲ့ ဝင်တိုက်မိမယ်၊ သတိထားကြ"

အမှတ်တမဲ့ ဒီစကားကိုပြောလိုက်မိပြီး ဘကြီးအေးက သူ့ပါးစပ်ကိုသူ အသံမဲ့ ကြိမ်ဆဲနေလိုက်မိတယ်။ စိတ်မလုံတာနဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့် လိုက်တော့ ကံကောင်းတယ်လို့ ဆိုရမလား၊ ဘယ်သူမှတော့ သူ့စကား အ ဓိပ္ပါယ်ကို နားလည်ကြပုံ မရဘူး။ အေးလေ၊ ဒီ စကားကို အပြည့်အဝ နား လည်ဖို့ဆိုတာကလည်း အဖြစ်အပျက်တွေကိုလည်း သိထားအုံးမှကိုး။ ရွာထဲမှာ ရှေ့မှီနောက်မှီလူကြီးတွေလည်း သိပ်မှ မရှိတော့တာကလား။

(၁)

ဖြစ်ပုံက ဒီလိုပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ရွာသူကြီး ဦးယဉ်ကျေးသေဆုံးပြီ လို့ သတင်းတစ်ခါထွက်ခဲ့ဖူးတယ်။ ဦးယဉ်ကျေးဆိုပေမဲ့ လူကတော့ ယဉ်ေ ကျးလှပုံမရပါဘူး။ သူတို့ခေတ် မိဘတွေက နာမည်လှလှ အဓိပ္ပါယ်လှလှေ လးတွေ ရွေးပေးတတ်ကြလို့သာ ဒီနာမည်နဲ့ ရှိနေပုံရပါတယ်၊ တကယ်တော့ တစ်ရွာလုံးက သူ့ဆို ရွံကြောက်ကြီးပါ။
သူကြီးဖြစ်စမှာ ဟုတ်မလိုမလိုပေမဲ့ တဖြည်းဖြည်းနဲ့ သူ့အကြောင်းကို တစစ သိလာကြရတာ။ အဲဒီအချိန်တုန်းက ဘကြီးအေး အသက် လေးဆယ်ကျော်ကျော်လောက် ရှိဦးမှာပေါ့။ ဖြစ်ပျက်ခဲ့တာတွေကို ကောင်းကောင်းကြီး မှတ် မိနေသေးတယ်။ နောက်တက်လာမယ့် သူကြီးက ဘယ်လိုနေမယ်ဆိုတာ မသိပေမဲ့ ဦးယဉ်ကျေးသေဆုံးပြီဆိုတော့ ရွာသားတွေကတော့ ပျော်နေကြ တယ်။ သူ့ အသုဘမှာ ဖဲရိုက်၊ သုံးပုံရိုက်ကြဖို့အားလုံး ဟန်ပြင်နေကြလေရဲ့။

ပြဿနာက ( ပြဿနာလို့ပြောရင် ကောင်းမှ ကောင်းပါ့မလား မသိဘူး) သူ့ အခေါင်းကို အိမ်ထဲကနေ အိမ်ပြင် ယာယီထန်းလက်တဲထဲကို အထုတ်မှာ စတာ။ သူ့အခေါင်းကို အထုတ်မှာ အခေါင်းနဲ့ ခေါင်တိုင် ဝင်တိုက်မိ ပါလေရော။ အဲဒီအချိန်မှာပဲ ညီးသံလိုလိုကြားလို့ အခေါင်းကို ဖွင့်ကြည့်တော့ ဦးယဉ်ကျေးက တကယ်သေဆုံးတာမဟုတ်သေးပဲ မြောနေတာဖြစ်တယ် ဆို တာ ရွာသားတွေ သိလိုက်ရတယ်။ ဦးယဉ်ကျေးက အသက်ရှူနေတုံး ပဲ။ ပျော်နေကြတဲ့ ရွာသားတွေ၊ ဖဲရိုက်၊ သုံးပုံရိုက်ဖို့ပြင်နေတဲ့ ရွာသားတွေ ဇက် တငန့်ငန့်ဖြစ်ကုန်တယ်။

ဒါတင် ဘယ်ကမလဲ သေရွာပြန် ရွာသူကြီး ဦးယဉ်ကျေးက ကျန်းမာရေးတွေ တဖြည်းဖြည်းပြန်ကောင်းလာပြီး ရွာကို ဆက်အုပ်ချုပ်လာလိုက် တာ နှစ်ေ ပါင်း ဘယ်နည်းတော့မလဲ။ ပယောဂတွေ ဘာတွေကို ယုံကြည်ကြတဲ့ ရွာသားတွေကတော့ အဲဒါ ဖုတ် ဝင်နေတာ၊ ဦးယဉ်ကျေးအစစ်မဟုတ်ဘူးလို့ဆိုကြတယ်။ သူတို့ပြော လည်း ပြောစရာပဲ သေရွာပြန်ဦးယဉ်ကျေးက သူတော်ကောင်းဖြစ်လာရမယ့် အစား ပိုပြီးတောင် လောဘမောဟတွေ အားကြီးလာသေးတယ်။ တချို့ ကတော့ အလောင်းသယ်တဲ့အဖွဲ့နဲ့ သူ့အိမ်က ခေါင်တိုင်ကို ထိုင်ဆဲနေတတ် ကြတယ်။ ဒင်းတို့သာ ဂရုတစိုက်သယ်ယူခဲ့ရင် ဦးယဉ်ကျေးသေနေပြီပေါ့။

သူ တကြော့ပြန် အုပ်ချုပ်တဲ့နှစ်တွေမှာပဲ ဘုရားပွဲတွေလည်း စည်စည် ကား ကား မကျင်းပနိုင်၊ ရွာဦးက ကန်ရေဆိုလည်း မိုးမကျခင် ရေတွေခန်း၊ ရာသီ ဥတုက မမှန်ရတဲ့အထဲ သူကြီးမွေးထားတဲ့ လူရမ်းကားတွေက စပါးမပေါ်ခင် စပါးလာသိမ်း၊ တစ်ရွာလုံး ဒုက္ခပင်လယ်ဝေရတဲ့ နှစ်တွေပေါ့။ ရွာမှာ အကြီး အကျယ် ချမ်းသာနေကြတာကတော့ ဦးယဉ်ကျေး မိသားစုနဲ့ သူ့တပည့်တွေ အုပ်စုပဲ။ မကျေနပ်ပေမဲ့ ဘယ်သူမှ ဘာမှ လုပ်လို့ မရဘူး။ ဒါတွေကို ဘကြီးအေးက ကောင်းကောင်းကြီး သိမီနေတော့ စိတ်မကောင်းဘူးပေါ့။ စိတ်မကောင်းလည်း သူလည်း ဘာမှ တတ်နိုင်တာမဟုတ်းလေ။

(၂)

အသက်အရွယ်လေးရလာတော့ ရွာထဲက နေ့စဉ်ဒုက္ခတွေကို မမြင်ချင်၊ မကြားချင်တော့ဘူး။ ဒါနဲ့ပဲ ကံဦးကျောင်းနဲ့နီးတဲ့ သရက်ခြံထဲမှာ တဲထိုးပြီးနေလိုက်တော့တယ်။ ဆရာတော်ကြီးတွေ ဟောထားတဲ့အတိုင်း "မမြင်ရရာ ကိလေသာ သူ့ဟာသူ ငြိမ်းသည်၊ မကြားရရာ ကိလေသာ သူ့ဟာသူ ငြိမ်းသည်" ပဲ လုပ်နေလိုက်တော့တယ်။ သရက်ခြံထဲတဲထိုးပြီးနေလိုက်ပေမဲ့ မြေးကလေး ငတွတ်လာတိုင်း ရွာသ တင်း၊ ရပ်သတင်းက ပါပါလာတတ်ပြန်ရော။

ဦးယဉ်ကျေး သူကြီးမဖြစ်ခင် ကဆို ဒီနယ်မှာ ဒီရွာက ထိတ်ထိတ်ကျဲပဲ ဥစ္စာ။ ဘယ်ရွာသားကမှ ဒီရွာသား ကို ထိရဲတာမဟုတ်ဘူး။ အခုများလား တစ်ခု ခုဖြစ်ပြီဆို ခံလိုက်ရပြီ ဒီရွာသား။ ရွာထဲက ကောင်လေး၊ ကောင်မလေးတွေ ဆို သူများရွာသွားပြီး စာရင်းငှား လုပ်နေရသတဲ့။ ကြားမှ မကြား ဖူးတာ။ ဟိုရွာ၊ ဒီရွာတွေက ပြန်ပြန်လာကြပြီး သူများသူကြီးနဲ့ တို့ သူကြီးကတော့ ကွာပကွာ ဆိုပြီးပြောပြောနေကြတော့ ရွာမှာ ကျန်ရစ်ခဲ့သူတွေက ပိုပြီး ရင် ထုမနာ ဖြစ်ကြရတာပေါ့။

(၃)

တမနက်မှာတော့ မြေးကလေး ငတွတ် အမောတကော ရောက်လာပြီး
"ဘကြီးအေး၊ သူကြီး ဦးယဉ်ကျေး ဆုံးပြီတဲ့"
"ဟေ ဟုတ်လား၊ မင်း ဘယ်လို သိခဲ့တာလဲ"
"သူ့တစ်အိမ်လုံး ငိုနေကြတယ်။ အသုဘကိစ္စ ၊ သက်ပျောက်ဆွမ်းအတွက် ဆရာတော်ပင့်ဖိုကိစ္စ စတာတွေစီစဉ်ရအောင် ဘကြီးအေးကို အခေါ်ခိုင်းလို့ ကျုပ် ပြေးလာခဲ့တာ"
"အေးလေ၊ ဒါဆိုသွားကြမယ်" ဆိုပြီး မြေးလေးနဲ့ အတူ သူကြီးအိမ်ကို သူတို့ တန်းပြီးသွားကြတယ်။ ဘကြီးအေးတို့ သူကြီးအိမ်ရောက်တော့ အလောင်းေ ကာင်ကို ရေချိုး၊ အခေါင်းထဲထည့်၊ အခေါင်းကို သူသေဆုံးတဲ့ ကုဋင်ကနေ အပြင်ထုတ်ဖို့ လုပ်နေကြချိန်ပေါ့။ ဒါကိုလည်းမြင်ရော ဘကြီးအေးပါးစပ်က ထိန်းချိန်တောင် မရလိုက်ဘဲ

" ဟေ့ ခေါင်တိုင်နဲ့ ဝင်တိုက်မိမယ်၊ သတိထားကြ" လို့

အလောတကြီး အော်လိုက်မိတယ်။ ဒီတခါ ခေါင်တိုင်နဲ့ ဝင်တိုက်မိလို့ အ သက်ပြန်လည်လာလိုကတော့ ရွာသွားတွေအတွက် မလွယ်တော့ဘူးဆိုတာ ဘကြီးအေးက အသိဆုံး နေမှာပေါ့။
ဒါပေမဲ့ ဘယ်လောက်ဆိုးသွမ်းတဲ့ လူအတွက်ပဲဖြစ်ပါစေ ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ သေပါစေလို့တော့ ဆုမတောင်းအပ်ဘူး မဟုတ်လား။
" ဟေ့ ခေါင်တိုင်နဲ့ ဝင်တိုက်မိမယ်၊ သတိထားကြ" ဆိုတော့ ဘာလိုလိုကြီး။

***************************************************
ဖတ်ဖူးတဲ့ အင်္ဂလိပ်လိုစာလေးတစ်ပုဒ်ကို ခံစားပြီး ရေးထားတာပါ။
ကမ်းလက် လပတ်လည်မှာ ဝတ္ထုတို မတင်ဘူးသေးလို့ ရေးလိုက်မိပါတယ်။