အဖိုးသိမသွားတဲ့ ရေမျက်နှာပြင် ပြဿနာ (ပြန်တင်)


ကမ္ဘာကြီး ပူနွေးမှုကြောင့် ပင်လယ်ရေမျက်နှာ မြင့်တက်လာရသည် ဟုဆို သည့် ကျောင်းဆရာလေး စကားကို အဖိုးက လက်မခံပါ။
" မဟုတ်မဟပ်တွေ မပြောစမ်းပါနဲ့ ၊ နေပူလို့ ရေခန်းတာပဲ ရှိတယ်။ ဘယ်ကလာ ရေတက်ရမှာတုန်း၊ မယုံရင် ငါ့လယ်ကို ကြည့် " ဟု အဖိုးက ကျောင်း ဆရာလေးကို ငေါက်သည်။

ဝင်ရိုးစွန်း ရေခဲတောင်တွေ အရည်ပျော်ခြင်းထက် တဖြည်းဖြည်း ခန်းခြောက် လာနေတဲ့ သူ့ လယ်ကွက်ကိုပဲ နားလည်တဲ့ အဖိုးဟာ သူ့ဒဿန နဲ့ သူပဲ မှန်နေရရှာသည်။

သို့သော် ဤဒဿန မျှဖြင့်ပင် သူ့ဝန်းကျင်၊ သူ့ဘဝ အ တွက်တော့ ပြည့် စုံနေပါပြီ။ အဖိုးက လယ်သမားသာဖြစ်သည်။ သူ့ လယ် ထဲ ရေရှိလျှင် သူ့ စပါးအောင်မည်။
သီတင်းကျွတ်နေပူကို သူမုန်းသည်။ ရေခဲတောင်တွေကို အရည်ပျော်စေ ခြင်းကြောင့် ကား မဟုတ်။ လယ်ထဲကရေကို ခမ်းစေသောကြောင့် ဖြစ် သည်။

ထိုစဉ် စံလှထွန်း ဆိုသည့် တက္ကသိုလ် ပါမောက္ခဟောင်းက
" အဖိုးပြောတာမှန်တယ်၊ ဟိုကောင် မသိလို့ လျှောက်ပြောတာ " ဟု ထောက်ခံပေးလိုက်သည်။
ကျောင်းဆရာလေးလည်း ဦးစံလှထွန်းကပါ ထောက်ခံနေသဖြင့် သူပြောချင် ရှင်းပြချင်နေသည့် ဂလိုဘယ် ဝမ်းမင်း ကိစ္စ ပြောမရတော့။
တကယ်တော့ စက်မှု တက္ကသိုလ် ပါမောက္ခဟောင်း ဦးစံလှထွန်းကလည်း ဂလိုဘယ် ဝမ်းမင်း ကိစ္စလောက်တော့ သိပါသည်။
သို့သော် လယ် ရေမလုံလောက်မှာ စိုးရိမ်ပြီး ပူပင်နေရသော အသက် ၈၄ နှစ် ရှိ အဖိုးရှေ့မှာ မပြောသင့်လို့ မပြောဖို့ ဆုံးဖြတ်လိုက်ခြင်း သာ ဖြစ် ပါသည်။
သူ့ ဒဿနဲ့ သူပဲ ရှိပါစေ။

အကယ်၍ အဖိုးက ၁၈ နှစ်သား ဆိုသော် ဦးစံလှထွန်းက တစ်မျိုး ဖြေကောင်း ဖြေပါလိမ့်မည်။ ဦးစံလှထွန်းစကားဆိုလျင် အဖိုးကလည်း " စံလှထွန်း ပြောတာဆို ဟုတ်မှာ " ဟု ခံယူရှာပေမည်။ ထို့ကြောင့် အသက် ၈၆ နှစ်မှာ ကွယ်လွန်သွားရှာသော အဖိုးသည် ကမ္ဘာကြီး ပူနွေးမှုကြောင့် ပင်လယ်ရေမျက်နှာ မြင့်တက်လာရသည် ဟုဆို သည့် သိပ္ပံ အမြင်ကို သိမသွားရရှာပါ။ သို့သော် အဖိုးဘဝမှာ ဒါ မသိလည်း လယ်ထဲ ရေရှိနေလျှင် ဖြစ်ပါသည်။ စိတ်ချမ်းသာနေရှာသည်။ လယ်ထဲက ရေကသာ မြေးကို ရှင်ပြုပေးနိုင်သည် ဟု ယုံကြည်ထားသောကြောင့် ဖြစ်ဟန်တူပါသည်။
သူ့ ဒဿနဲ့ သူပဲ ရှိပါစေ။

(posted on 15/11/2012)
 သီဟနာဒ

ပို့စ် မော်ဒန် ဝတ္ထု တစ်ပုဒ် (စပ်ထည်)

သူ့ရင်ဘတ်သူ ချိန်တဲ့ မြား
ခြေလှမ်းမှားတဲ့ စိတ်ပညာ နဲ့
ဖြတ်တိုက်လာတဲ့ တောခရေ အပြုံးလေး တစ်ပွင့်။ ။

(ဒီလို တိုက်ဆိုင်မှု အကြောင်းကို မဂ္ဂဇင်း အယ်ဒီတာတွေ တော်တော်ပြောတတ်ကြပါတယ်။ တကယ်က ဘယ်လို စီစဉ်ထားတာမှ မရှိဘူး။ ကြိုက်လို့ ရွေးထားမိပြီး မဂ္ဂဇင်းပေါ် တင်လိုက်မှ စာမူတွေဟာ တစ်ပုဒ်နဲ့ တစ်ပုဒ် သွားပြီး ဆက်စပ်မိနေလျက်သား ဖြစ်တတ်တာ။ ဒီ အကြောင်းကို ကိုလတ် (အင်းဝ ) လည်း မကြာ မကြာ ပြောတယ်။ အခု ပိတောက် ပွင့်သစ်ကို ပြန်ဖတ်ရင်း တစ်ပုဒ်နဲ့ တစ်ပုဒ် ဆရာတွေရဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး ချိတ်မိနေတာလေးတွေ တွေ့ရလို့ ပြန်ကူးပြီး တင်လိုက်တာပါ။ )

(၁)
ကျွန်တော် ကြည့်ဖူးသည့် ရုပ်ရှင်ကား တစ်ကားကို သွား သတိရမိသည် အမည်တော့ မမှတ်မိတော့ ပေ။ ဇာတ်လမ်းက ဆေးဆရာကြီးတစ်ဦးဟာ ဟိုး နန်းတော်ကြီးနဲ့ အလွန်ဝေးတဲ့ ရွာလေး တစ်ရွာမှာ ဆေးကု တရားကျင့်ကြံရင်း ဆေးဆိုင်ဖွင့်ပြီး မိသားစုနဲ့ ရိုးကုတ်စွာ လုပ်ကိုင် စားသောက်နေတယ်။ အဲဒီအခါ ဘုရင့်ထံပါးမှာ ခစားနေတဲ့ နန်းတွင်း သမားတော်လေးဟာ အဲဒီ ဆေးဆရာကြီးရဲ့ တပည့် နှစ်ဦးထဲက တစ်ဦး ဖြစ်နေသတဲ့။ ဒီလိုနဲ့ တစ်နေ့မှာ ဘုရင်ကြီးရဲ့ ခန္ဓာကိုယ်ထဲ ကြီးထွားသော ဝမ်းတွင်း အနာ ရောဂါကြီး စွဲကပ်လာသတဲ့။ နန်းတွင်း သမားတော်လေး ကုလို့ မပျောက်တဲ့ ရောဂါကို သူ့ဆရာ ဆေးဆရာကြီးမှာ ကုထုံးရှိသတဲ့။

ဒါကြောင့် နန်းတွင်း သမားတော်လေး နဲ့ အတူ ရဲမက် ရမ်းကားတွေက ဆေးဆရာကြီးရဲ့ မျက်နှာကို အဝတ်နက် စည်းပြီး ချုပ်နှောင် ဖမ်းဆည်း ခေါ်ဆောင် သွားကြသတဲ့။ လျှို့ဝှက် ချုပ်နှောင်ထားတဲ့ နေရာရောက်တော့ ဘုရင်ကြီးရဲ့ ရောဂါ လက္ခဏာ နဲ့ ပျောက်အောင်ကုနိုင်တဲ့ ကုထုံးကို မေးသတဲ့။ မဖြေတော့ ရိုက်နှက် စစ်ဆေး သတဲ့။

ဆရာကြီးက မျက်နှာစည်းထားပေမယ့် သူ့ တပည့်ရဲ့ အသံကို မှတ်မိတာကြောင့်
"မင်းမှာ ဆေးဆရာတစ်ယောက် ရှိအပ်တဲ့ ကိုယ့် ကိုယ်ကျင့်တရား၊ ကျေးဇူးသစ္စာ စောင့်သိမှု၊ လိုက်နာရမည့် စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တယ်။ စိတ်ဆိုး စိတ်ယုတ် ရှိသူဖြစ်တယ်၊ မင်းဟာ လောကကို လောဘနဲ့ တည်ဆောက်သူ ဖြစ်တယ်။ ငါ့ဆီမှာ ဒီဘုရင်ကြီးရဲ့ ရောဂါကို ကုနိုင်တဲ့ ကုထုံး ရှိလျက်နဲ့ မင်းကိုတော့ ဘယ်တော့မှ သင်မပေးတော့ဘူး လို့ "
သူ့ တပည့် အသံလာရာကို စေ့စေ့ကြည့်တယ်။ စကားတွေ တစ်လုံးချင် တဖြည်းဖြည်းချင်း ပြောချလိုက်တယ်။

" ငါ့ တစ်သက်မှာ အမှား နှစ်ခုပဲ ပြုဖူးတယ်၊ ပထမ အမှား တစ်ခု က ငါ ဆေးဆရာဖြစ်စ ငါ့ အမေရဲ့ မျက်စိ ကြည်စေဖို့ ဆေးတစ်မျိးကို စမ်းသပ်ထည့်ပေးမိတယ်။ ငါ့ ဆေးထည့်ပြီး အမေ့ မျက်လုံး စုန်းစုန်း ကွယ်ခဲ့ရတဲ့ အမှား တစ်ခု ။ နောက်ထပ် အမှား တစ်ခုက မင်းလို တပည့်မျိုး ငါ မွေးဖွားပေးခဲ့မိတဲ့ အမှား။ ငါ့ကိုယ်ငါ နောင်တ ရ လို့ မဆုံးဘူး။ ကဲ မင်းလည်း ငါ့ ကို သတ်လို့ ရပြီ "


(၂)
"တရံရော အခါက စိတ်ပညာရှင်ကြီး တစ်ဦးသည် ရိုင်း မြစ်ကမ်းပါး၌ထိုင်၍ မှိုင်နေသော လူငယ် တစ်ယောက်ကို သွား၍တွေ့သည်။ စိတ်ပညာရှင်ဆရာကြီးက လူငယ်၏ အမူ အယာကို ကြည့်ရခြင်းအားဖြင့် အကြီးအကျယ် စိတ်ပျက် အားငယ်နေကြောင်း တွေ့ရသည်။ လူငယ်အား စတင် စကားပြောမိသော အခါ ဆရာကြီး၏ ခန့်မှန်းချက် မလွဲပါပေ။
"ဟုတ်တယ် ကျွန်တော် ဒီ ရိုင်းမြစ်ကြီးထဲ ခုန်ဆင်းသေဖို့ စဉ်းစားနေတာပဲ ။ ကျွန်တော့မှာ အလုပ်လည်း မရှိဘူး၊ စားစရာလည်း မရှိဘူး။ မှီခို တွယ်တာစရာလည်း မရှိဘူး။ အဒီတော့ ကျွန်တော့လို လူမျိုး သေတာဘဲ ကောင်းတယ် မဟုတ်လား"
ဟု လူငယ်က ဟုတ်တိုင်းမှန်ရာ ဖွင့်ဟ ဝန်ခံရှာလေသည်။

ဒီတော့ ဆရာကြီးက လူ့ဘဝမှာ ရခဲကြောင်း၊ ရခဲလှသော လူ့ဘဝကို စွန့်လွှတ်ရသည်ထက် ပို၍ ဆုံးရှုံးမှု ဟူသည်က မရှိတော့ကြောင်း၊ ယနေ့ သေချင်စိတ်ကို ဖျောက်၍ တစ်စုံတစ်ရာကို ဇွဲ ကောင်းကောင်းနှင့် ကြိုးပမ်းကြည့်စေလိုကြောင်း၊ အလဟဿ အသေခံမည့် အစား ကြိုးပမ်းရင်း သေသွားတာက ပို၍ မွန်မြတ်မည် ဖြစ်ကြောင်း စသဖြင့် လူငယ် စိတပြောင်းလာအောင် ဖျောင်းဖျောင်း ဖျဖျ တရားပြသည်။

လူငယ်ကလည်း စိတ်ပြောင်းလာကာ အချီးအနှီး သေမည့်အစား အောင်မြင်ခြင်း အထွတ်အထိပ် တစ်ခုခုကို ဖန်တီးယူရင်း အသေခံသွားရသည်က မြတ်သေးသည် ဟု သဘောပေါက် သွားတော့သည်။ နောင် နှစ်ပေါင်း အစိတ် ကြာသော အခါ မြစ်တွင်းသို ခုန်ဆင်းသေကြောင်းကြံသော လူငယ်အား တရားဓမ္မပြကာ ကယ်တင်ခဲ့သော စိတ်ပညာရှင်ကြီး မှာ သူ့ကိုယ်သူ သတ်သေချင်စိတ် ပေါက်လောက်အောင် အကြီးအကျယ် စိတ်ငြစ် သွားရတော့သည်။

အကြောင်းမူကား သူ ကယ်ဆယ်လိုက်၍ မသေဖြစ်သူမှာ တစ်ကမ္ဘာလုံးအား မီးလောင်တိုက် သွင်းခဲ့သော ဂျာမနီ အာဏာရှင် ဟစ်တလာ ဖြစ်သောကြောင့်ပင်တည်း ဟူသော စာပိုဒ်ကလေးပင် ဖြစ်သည်" (တိမ်တွေကို ငေးနေတဲ့အခါ။ ကိုကိုအောင် (ရုက္ခ) ၎င်း မဂ္ဂဇင်း၊ နှာ ၁၆၃၊၁၆၄ )

(၃)
"ကျွန်မတို့ မြန်မာနိုင်ငံက မသန်းအေး ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ဟီလာရီ ကလင်တန် နဲ့ အတူတူပါပဲ"
ပြောလိုက်ရင် ဟီလာရီ ကိုယ်တိုင်က မနာတောင် ကမ္ဘာက အခြား နိုင်ငံသားတွေ၊ အမေရိကန်၊ အင်္ဂလိပ်၊ ဥရောပသားတွေ၊ အာရှတိုက် သားတွေလည်း နာကြမယ် ထင်ပါတယ်။ ဘယ့်နှယ့် မနှိုင်းစရာ မနှိုင်းသာလား။ ဟီလာရီမှာ ဥပဒေ ထိပ်တန်း ပညာရှင်၊ အိုဗားမားနဲ့ သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့သူ၊ မဲ အနည်းငယ်နဲ့ ရှုံးနိမ့်သော်လည်း လောလောဆယ် အိမ်ဖြူတော်မှာ အရေါးတဲ့ စက္ကထယ်ရီ လုပ်ပြီး အိုဗားမားကို အထောက်အကူ ပြုနေသူ။ ဒီနောက် နိုင်ငံခြားရေး ဝန်ကြီး၊ နောက်ဆုံး ပြောရမှာက အမေရိကန် သမ္မတဟောင်း ကလ်တန်ရဲ့ တော် ငါးဝ ဝင် သမ္မတကတော်ဟောင်း၊ ဂျက်ကလင်း ကနေဒီ နဲ့ စရိုက်ချင်း ကွာခြားသူ၊ ကွယ်လွန်မှ နှိုင်းရတော့ ဂျက်ကလင်းကို အားနာပါတယ်။

မှန်ရာကို သစ္စာဆိုပါတယ်။ မသန်းအေးက ကျွန်မနဲ့ သူ့ မိတ်ဆွေတွေကို အင်မတန် မိတ်ဆက်ပေးချင် ဂုဏ်တင်ချင်တာ။
"ပြီးတော့ ဆရာမက ကျုပ်ကိုပြောသေးတာ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ ဟစ်တလာ နဲ့ တူသတဲ့ "
သင်္ကန်း လက်ကတော့ ထိုးနေတဲ့ ဆရာတော်ရဲ့ မျက်ခုံး နှစ်ဖက်စလုံး ပင့်လိုက်တယ်။
"ဟဲ့ မသန်းအေး" အာမေဋိတ်သံ ပြုလို့ ကျွန်မလည်း ပျာပျာသလဲ ဖြစ်သွားမိတယ်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မသန်းအေး 'အမှတ် ' လွဲနေတာ "
ပြောပြောဆိုဆို ရယ်မိတယ်၊ ကျွန်မ သူ့ လုပ်ရပ်လေးတွေ သဒ္ဓါကောင်းတာတွေကို အကဲခတ်ရင်း မသန်းအေးကို ဟီလာရီစာအုပ် စကားဦးစာညွှန်း အဓိပ္ပါယ် ပြောခဲ့မိတာ ကြာပါပြီ။ ကျွန်မ နိုင်ငံရပ်ခြား မသွားခင်က ဟီလာရီရဲ့စာအုပ် "ရှင်သန်တဲ့ နိုင်ငံ သမိုင်း" စိတ် နှလုံးကောင်း ရှိသူများ သို့။ မသန်းအေး နားထွေးသွားမှာ စိုးလို့ ရှည်ရှည် ဝေးဝေး ဘာမှပြောတာ မဟုတ်ဘူး။ "စိတ် နှလုံးကောင်း ရှိသူများ သို့" ဆိုတာလေးပဲ။ အဲဒါ ဟီလာရီ နာမည်နဲ့ ဟစ်တလာနာမည် လူပုံလည် မှားပြောတော့တာ။

၁။ " ဝေဖန်ရေးစာပေ ဟူသည်နှင့် အရိုးအား ထပ်မံစစ်ဆေးသူ မောင်ယုပိုင် အား ဆန်းစစ်ခြင်း " နရီ ( မြိတ် ) ပိတောက်ပွင့်သစ်၊ အမှတ် ၃၅၊)
၂ ။ " တိမ်တွေကို ငေးနေတဲ့အခါ " ကိုကိုအောင် (ရုက္ခ ) ၎င်း မဂ္ဂဇင်း၊ နှာ ၁၆၃၊၁၆၄)
၃ ။ " နှလုံးကောင်းတဲ့ ကောင်မလေးရယ် " ခင်ဆွေဦး။ ၎င်း မဂ္ဂဇင်း။ နှာ၂၀၀၊ ၂၀၃။


03/08/2012 08:00

ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

***စမ်းချောင်းလေးထဲ လွတ်သွားတဲ့ ငါး***

"သူ့အလိုလို စီဆင်းနေတဲ့ စမ်းချောင်းကလေးကို ဇာ ပုဝါလေးနဲ့တောင် ကျနော်တို့ မတားဆီးသင့်ပါဘူး။"

အဲဒီနေ့က ကံကောင်းတယ် ပြောရမလားပဲ။ တက္ကစီစောင့်လို့ မိနစ်ပိုင်းပဲ ရှိ သေးတယ်။ တက္ကစီရောက်လာတယ်။ တက္ကစီပေါ်ရောက်တော့ တက္ကစီ သမားက
"ညီလေး စောင့်နေရတာ ကြာပြီလား"
"မကြာသေးဘူး အကို ၊ အခုလေးတင်ပဲ"
"ညီလေးက တော်တော် ကံကောင်းတာပဲ၊ ကိုကံရွှေကျလို့"
"ကိုကံရွှေက ဘာဖြစ်လို့လဲဗျ"
"ကျနော်သိရသလောက် ကိုကံရွှေက တော်တော် ကံထူးတဲ့လူဗျ။ သူ တက္ကစီ ငှားမယ်ဆို တက္ကစီ ရောက်လာရော"
"အမြဲတန်းကြီးတော့ မဖြစ်နိုင်လောက်ပါဘူး အကို ရာ"
"ညီလေးက မသိလို့၊ သူက တကယ် ကံထူးတဲ့လူ၊ ဒါနဲ့ ညီလေးက ဘယ် က ပြန်လာတာလဲ"
"မိတ်ဆွေတွေနဲ့ ဘောလုံးကန်ရာက ပြန်လာတာပါ"
"ဟာ တူသွားပြန်ပြီဗျို့၊ ဒီ ကိုကံရွှေ ဆိုတဲ့လူကလည်း အားကစား လိုက်စား ရုံတင်မကဘူး၊ တော်တော်များများ အားကစားတွေကို ပရော်ဖက်ရှင် ဆန် ဆန်ကို ကစားနိုင်တာ၊ ဂေါက်ရိုက်ဆို သိပ်တော်ဆိုပဲ"
"ကိုကံရွှေ တော့ မသိဘူး၊ ကျနော်ကတော့ မတော်ပါဘူးဗျာ၊ အပျင်းပြေ ကျန်းမာရေး လောက်ပါ"
"ဒါနဲ့ ညီလေးလက်ထဲက ဘာစာအုပ်လဲ"
"ဆရာ မြသန်းတင့် စာအုပ်ပါ၊ အကို ဖတ်ချင်လို့လား"
"မဟုတ်ပါဘူးကွာ၊ အကိုက အံ့ဩလွန်းလို့ပါ။ ကိုကံရွှေ က အားကစားတင် မကဘူး၊ စာပေ ဗဟုသုတလည်း တော်တော်ရှိတဲ့လူ။ တစ်ခုခု မသိရင် သူ့ သာ့မေးလိုက်၊ သူ မသိတာ သိပ်မရှိဘူး"
"ဟာ ဟုတ်ရဲ့လားဗျာ၊ လူပဲ၊ သိတာလည်း ရှိ၊ မသိတာလည်း ရှိနေမှာပါ"
"ညီလေးက မသိလို့ အဲလို ပြောတာ။ ကိုကံရွှေ က တကယ် ထူးချွန်တဲ့လူ"
"ညီလေးက အိမ်ထောင်ရော ရှိလား"
"ဟုတ်ကဲ့၊ အိမ်ထောင်ရှိပါတယ်၊ ကလေး နှစ်ယောက်"
"ညီလေး ဝယ်လာတာ ခေါက်ဆွဲကြော်တွေလား၊ အများကြီးပဲ၊ ဘယ်သူတွေ အတွက်လဲ။
"ဟုတ်တယ်၊ ဒါက ခေါက်ဆွဲကြော်တွေပါ။ ယောက္ခမကြီး မွေးနေ့မို့ အမှတ် တရ မိသားစု လက်ဆုံ အတူတူစားရအောင် ဝယ်လာတာပါ"
"ဟာ ကွာ၊ အကိုဖြင့် ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး"
"ကိုကံရွှေ နဲ့ တူနေပြန်ပြီလား ဗျ"
"အေးကွာ၊ ကိုကံရွှေကလည်း သူ့ ယောက္ခမတွေကို သူ့မိဘရင်းတွေလိုကို ဂရုစိုက်တာ။ သူ့ မိသားစုအပေါ် ဘယ်လောက် ဂရုစိုက်သလဲဆိုရင် တစ်အိမ် လုံးက လူတွေရဲ့ မွေးနေ့ မွေးရက်တွေကို အကုန် မှတ်မိနေတာ။ တခါတလေ သူ့ဇနီးကတောင် သူ့ မွေးနေ့၊ သူ့ မိဘတွေရဲ့ မွေးနေ့ကို မေ့နေတတ်တာ၊ သူကတော့ မမေ့ရေးချ မမေ့ဗျာ၊ ကျနော့် မှတ်ဉာဏ်နဲ့တော့ ကွာပါ့ ဗျာ"
"အကို ပြောတာနဲ့ ကျနော်တောင် ကိုကံရွှေနဲ့ တွေ့ချင်လာပြီ။ ဘက်စုံ တ ကယ် ထူးချွန်တဲ့လူပဲ ဗျ၊ ကျနော်က အဲသလို မဟုတ်ပါဘူး၊ တိုက်ဆိုင်သွား တာပါ။ အကိုက ကိုကံရွှေ အကြောင်း တော်တော် သိတာပဲ။ သူက ဘယ် မှာ နေတာလဲ"
" တွေ့ချင်လို့တော့ မရတော့ဘူး ဗျ၊ သူက မရှိရှာတော့ဘူး။ ဆုံးသွားပါပြီ"
"အကိုက ကိုကံရွှေ ကို ဘယ်လို သိတာလဲ"
"အကို့ မိန်းမနဲ့ ယောက္ခမကြီးက ကြုံတိုင်းပြောနေလို့ မှတ်မိနေတာပါ"
"သူတို့ကရော ကိုကံရွှေအကြောင်း ဘာလို့ ဒီလောက် သိနေရတာလဲ"
"သိပြီလားကွာ၊ ကိုကံရွှေ က အကို့ဇနီးရဲ့ ဆုံးသွားတဲ့ ခင်ပွန်း ဟောင်းလေ"

ကဲ ကျနော်ဘာပြောသင့်ပါသေးသလဲ။ သူ့အလိုလို စီဆင်းနေတဲ့ စမ်းချောင်း ကလေးကို ဇာ ပုဝါလေးနဲ့တောင် ကျနော်တို့ မတားဆီးသင့်ပါဘူး။

ဘ၀ဟူသည် ယား၏

ဘ၀ဟူသည် အလွန်ယားယံသော ကိစ္စတစ်ခုဖြစ်ပါသည်။ ဤအကြောင်းကို ငယ်စဉ် ကတည်း ကပင် လေ့လာခဲ့ရသည်။ တစ်နေ့... အဖေက ဘ၀အကြောင်း သိရအောင်ဆိုပြီး စပါးရိတ်ရာ လယ်တောသို့ အစ်မများနှင့်အတူ လိုက်သွားရန် စေခိုင်းသည်။ ထိုအချိန်မှစ၍ ဘ၀အကြောင်းကို မသိချင်တော့ပါ။ "အလွန်ယားယံလှပါသည်။"

အသက်အရွယ် အတန်ရလာပြီး "ဆုထားမျက်ချယ်" ဆိုသည့် ကောင်မလေးနှင့် ပေါင်းသင်း ဆက်ဆံရသည့်အခါ ထိုအယူအဆသည်ပို၍ပင် ခိုင်မာလာခဲ့လေသည်။ "ဆုထားမျက်ချယ်" သည်မဖြစ်ညစ်ကျယ် အလွန်နိုင်သောကောင် မလေး ဖြစ်သည်။ ဧပြီလ ကတည်းက "ရန်ကုန်ပြန်မည်"ဟု သူမကို ပြောသောအခါ ချမ်းရင် ၀တ်ဖို့ဆိုပြီး သိုးမွှေး ဆွယ်တာကြီး တစ်ထည် လက်ဆောင်ပေးသည်။

ထိုသိုးမွှေးဆွယ်တာကလည်း ၀ယ်လာတာဟုတ်ဟန်မတူပါ။ သူမဘာသာသူမ သိုးမွှေးထိုးကျင့်ရင်း ဆွယ်တာလို့ လည်းပြောမရ၊ သိုးမွှေးတဘက်လိုလည်း အနားသတ်မညီ၊ အူချာပေါက်နေသည့် သိုးမွှေးချည်လုံးကြီး မျှသာဖြစ်သည်။ ဥပမာနှိုင်းပြရလျှင် ဆိတ်ပုဆိုးကြမ်းနှင့် ခပ်ဆင်ဆင် တူနေသည်ဟု ထင်ရပါသည်။

မှတ်မှတ်ရရ မနှစ်ကသူမ လက်ဖက် တစ်ခါ သုတ်ကျွေးဖူးသည်။ ထို့နောက် သူမ လက်ဖက်သုတ် ကို ကောင်းကောင်း သုတ်တတ်ကြောင်း၊ ကျွန်တော့်ကိုလက်ဖက်သုတ် ကျွေးမည်ဖြစ်ကြောင်း ပြောသည်မှာ (၆၈)ကြိမ်ရှိပြီဖြစ်ပါ သည်။ ကျွန်တော့်ကို ပြောသည်မှာ ပြသနာမဟုတ်ပါ။ ဒီစကားကို တွေ့တဲ့လူတိုင်းကို ပြောနေတတ်သည်။ လူအရေအတွက် တိတိကျကျ မဖော်ပြနိုင်သည် ကို တောင်းပန်ပါ၏။

ကျွန်တော် မဂ္ဂဇင်းတစ်စောင်မှာ အယ်ဒီတာလုပ်စဉ်က သူမ နားပူနားဆာ လုပ်သည်ကို မခံနိုင်တော့ သဖြင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး သူမဆောင်းပါးလေးတစ်ပုဒ် မဂ္ဂဇင်းမှာ ထည့်ပေးခဲ့ဖူးသည်။ တကယ်ဆိုလျှင် သူမ ရေးသည့်ဆောင်းပါး ကို တည်းဖြတ်ရတာထက်ကိုယ်တိုင် ကောက်ရေးလိုက်ရတာကမှ လွယ်ကူပါလိမ့်ဦးမည်။ သူမရေးတာအစစ်ဟူ၍ "ဆုထားမျက်ချယ်" တစ်ခုတည်းသာ ကျန်အောင် တည်းဖြတ်ပစ်လိုက်သည်။

သူမကစိတ်မဆိုးပါ။ စိတ်မဆိုးသည့်အပြင် သူမဆောင်းပါး မဂ္ဂဇင်းမှာ ပါပြီး ကတည်းက "ဆရာမတို့ စာရေးဆရာ တွေဆိုတာကလေ" ဆိုတာကို နားကြားပြင်းကတ်အောင် ထပ်တလဲလဲ သုံးစွဲပါတော့သည်။ ဤမျှဆိုလျှင် ကျွန်တော့်ဘ၀သည် မည်မျှ ယားယံကြောင်း သင်တို့ အထိုက် အလျောက် သဘောပေါက်ပြီဟု ထင်ပါသည်။

ကျွန်တော့်ဘ၀ထဲသို့ ယားယံမှုတွေ သယ်ဆောင်လာသူ နောက်တစ်ယောက် (တစ်ပါး)ကတော့ ဆရာတော်ဦးစိတ္တရ ဖြစ်သည်။ ဒီအရှင်ဘုရားကလည်း ကမ္မဋ္ဌာန်းပြရင်း "ဖာဂူဆန်"ဆီ ရောက်သွားတတ်သလို ပဋ္ဌာန်းကနေလည်း "ပို့(စ်)မော်ဒန်"ဆီ ရောက်သွား တတ်ပြန်သည်။

အရှင်ဘုရားက လိုက်ခဲ့ပါဟု   ပြောသဖြင့် တလောလေးက မလေးရှားကို လိုက်ခဲ့ ရပါသည်။ ခြင် အလွန်ပေါသော   ဒေသဖြစ်သည်။ ခြင်တစ်ကောင်က ကျွန်တော့်ကို ကိုက်နေတုန်း ကျွန်တော်လည်း ရိုက်သတ်လိုက်မိသည်။ ဒါကို မျက်စိရှင် နားပါး အရှင်ဘုရားက တွေ့ဖြစ်အောင် တွေ့လိုက်သည်။

"ဟဲ့...ဇင်ဝေသော်၊ ခြင်က   နင့်သွေးလေးတစ်ပေါက်ကိုပဲ သောက်တာ၊ နင်က သူ့အသက် တစ်ချောင်း လုံး ပြန်ယူ လိုက်တော့ ဘယ်တရားမလဲ" ဟု ပြောပါသည်။ စိတ်ကောင်း ၀င်ခိုက်မို့ဖြစ်မည်။ ဤတစ်ခါတော့ အရှင်ဘုရား စကားက မှန်လည်းမှန်၊ ချိုလည်း ချိုသာ၊ ကျိုးကြောင်းညီညွတ်သည်ဟု သုံးသပ်ကာ မှတ်ယူထားလိုက်မိသည်။ (ဤစကားသည် သူမိန့်သမျှထဲ အချိုသာဆုံးဖြစ်သည်။)

မှတ်ထားလိုက်မိသည်ဆိုခါမှ ရှိရှိသမျှ ခြင်တွေက ကျွန်တော့်ကို ၀ိုင်းဖဲ့ ကြပါတော့သည်။ အမှန်ဆိုလျှင် ခြင်ကိုက်စရာ လူခြောက်ယောက်ရှိပါသည်။ ကျန်တဲ့ ငါးယောက်ကို မကိုက်ဘဲ ကျွန်တော့်ကိုသာ ၀ိုင်းကိုက်နေကြခြင်း ဖြစ်သည်။ မိတ်ဆွေ အသိတစ်ယောက်က သွေးချိုလို့ ကိုက်တာဟုသူ ကြားဖူးတာကို ပြောသည်။ ကျွန်တော် မကြိုက်ပါ။ ဒီလိုဆိုလျှင် သွေးချိုတာထက် ဆီးချိုတာကမှ တော်လိမ့်ဦးမည်ဟုလည်း မဆီမဆိုင် တွေးနေမိသည်။

ဦးစိတ္တရက ဆရာမကြီးတစ်ယောက်က သူ့ကို လျှောက်ဖူးသည့်အကြောင်းကို မိန့်သည်။

"ဆရာမကြီးတစ်ယောက် ပြောဖူး     တယ်ကွ။ ခြင်ဆိုတာ ကိုက်စရာ လူအများကြီး ရှိရင် ပညာရှိတဲ့ လူကို ရွေးကိုက် တာတဲ့။ ဒါကလည်း သိပ္ပံနည်းကျ စမ်းသပ်ပြီးတွေ့ရှိတာ။ လူတွေအများ ကြီးတောထဲကို လွှတ် လိုက်ရင် ပညာတတ်တွေ၊ ပရော်ဖက်ဆာတွေပဲ ခြင်ကိုက်                  ခံရသတဲ့။ ပညာမတတ်၊ သာမန်လူတွေ ကတော့ ခြင်ကိုက်မခံရ ဘူး   တဲ့ကွ။ ခြင်လည်း ပညာတတ်ကို ကြိုက်တယ်။ တို့ခြောက်ယောက်ထဲမှာ မင်းက ပညာအရှိဆုံး၊ ဒါကြောင့် မင်းကို ၀ိုင်းကိုက်ကြတာ"ဟု ပြောသည်။

အမှန်ပြောရလျှင် ဒီအဖြေကို ကျွန်တော် သဘောကျပါသည်။ သိပ္ပံနည်းကျပြီး ယုတ္တိလည်းရှိသည်ဟု ရိုးရိုးသားသား ထင်မိပါသည်။ ထိုမျှမကပါ ဦးစိတ္တရတို့၊ ဒေါက်တာ အရှင်အာစာရတို့ ရှိနေပါလျှက် ကျွန်တော့်ကို ၀ိုင်းကိုက်နေကြသည့် ခြင်များကို ဒေါသ မထားမိသည့်အပြင် ကျေးဇူးပင် တင်နေမိပါတော့သည်။ သိပ္ပံနည်းကျ တွေ့ရှိမှုအရ ထိုခြောက်ယောက်တွင် ကျွန်တော်သည် ပညာဥာဏ် အကြီးဆုံး ဖြစ်နေသည်မဟုတ်ပါလား။ ကိုက်ကြ။ သူတို့ ကိုက်လေ ကျွန်တော် ဥာဏ်ကြီးလေဖြစ်၏။

တကယ်တော့ ပညာရှိလုပ်ရသည့် အလုပ်သည် မလွယ်ပါ။ အလွန် ယားယံ လှပါသည်။ မလေးရှားကနေ အိမ်ပြန်ရောက်တော့မှ ယားယံမှုအဓိပ္ပါယ်ပို၍လေးနက် လာပါသည်။ ကျွန်တော့်ဘ၀ထဲ ၀င်လာသော ယားယံမှုများတွင် ဦးစိတ္တရပေးခဲ့သည့် ယားယံမှုသည် အဆိုးဝါးဆုံး၊ အချိုမြိန်ဆုံးသော ယားယံမှုတစ်ခု ဖြစ်ပါသည်။

ထို့ကြောင့် ဘ၀ဟူသည် "ယား"၏ဟု ဆိုခြင်းဖြစ်ပါသည်။

ဤအဆိုကို မယုံကြည်သူရှိလျှင် ရေမချိုး၊ ခေါင်းမလျှော်ပဲ တစ်ပတ်ခန့် နေကြည့် စေချင်ပါသည်။ သို့မဟုတ် "ဆုထားမျက်ချယ်"ဆိုသည့် ကောင်မလေးနှင့် သော်လည်းကောင်း၊ "ဆရာတော်ဦးစိတ္တရ"နှင့်သော်လည်းကောင်း မိတ်ဆက်ပေး ချင်ပါသည်။ ထိုအခါ ဘ၀သည် ယားယံကြောင်း ကိုယ်တိုင် သဘောပေါက်လာပါလိမ့်မည်။

"ဘ၀သည် ယား၏ "

ဆရာတော်ဦးစိတ္တရ နှင့် ဆုထားမျက်ချယ် တို့ကို ကျေးဇူးတင်ပါသည်။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

အနံ့အသက် မရှိတဲ့ သင်္ခန်းစာ


သူတို့ကလည်း သူတို့ပဲ့။ ဘောလုံးပွဲအပြီး သောက်လာလို့ မူးနေတယ် ဆိုလည်း အေးအေးဆေးဆေး ဝင်အိပ်ကြပေါ့၊ ခုတော့ ဒီလို မဟုတ်ဘူး။ သီချင်းလေး တကြော်ကြော်နဲ့။ ဒါကို ညွန့်ဝေဆိုတဲ့ကောင်က နည်းနည်းမှ ကြည့်လို့ရတာ မဟုတ်ဘူး။
ကြည့်လိုသာ မရတာ ဘော့စ်နဲ့က ပနံရနေတော့ သူလည်း ဘာမှ မပြောသာ ဘူး။ ရောက်ပြီးတဲ့ နောက်မှာတောင် စကား တောင်ရောက် မြောက်ရောက် က ထိုင်ပြောလိုက်ချင်ကြသေးတာ။ ထားပါ၊ ပြဿနာက မနက်မှ တက်တာ
" မင်းတို့ နှစ်ယောက်တော့ ငါ မပြောရင် ဒုက္ခ ရောက်ပြီ "
" ဘာဖြစ်နေလို့လဲ၊ ညက မူးလာလို့လား "
" မင်းတို့ နှစ်ယောက်မူးတာက အထူးအဆန်းမို့လို့လား "
" ဒါဖြင့် ဘာဖြစ်လို့လဲ "
" ဘာဖြစ်နေရမှာလဲ၊ ကိုယ့် ကုတင်အောက်ကို မကြည့်ခဲ့ဘူး လား "
" ကုတင်အောက်ကို ဘာအတွက် ကြည့်နေရမှာလဲ "
" မကြည့်နေပေါ့။ ဘော့စ် တွေ့လို့ကတော့ မင်းတို့ အသေပဲ။ ညက မူးမူးနဲ့ အိပ်ယာထဲ သေးပါးထားတာ၊ ကုတင်အောက်မှာ သေးကွက်ကြီးတွေ ရှိနေ တုန်း "
" ဟာ၊ ဟုတ်လို့လားကွာ။ တစ်ခါမှ ဒီလို မဖြစ်ဖူးပါဘူး "
" မယုံနေပေါ့၊ တင်ထွန်းကိုတောင် ငါ ပြခဲ့သေးတယ် "

မယုံဘူးလို့သာပြောတာ ဒီ ကောင်နှစ်ယောက် လက်ကုတ်ပြီး လစ်ထွက် သွားကြတယ်။
" ဟေ့ကောင် ထွန်းဇော်အောင်၊ တကယ်က အိပ်ယာထဲ သေးပါးရင် ငါတို့ ပုဆိုးတွေလည်း စိုနေရမှာ နော် "
" ငါလည်း ဒီလိုတော့ စဉ်းစားမိပါတယ်၊ သေချာအောင် သွားတော့ ကြည့်ကြဦးစို့ "
ဟုတ်တယ်၊ သူတို့ ကုတင်အောက်မှာအကွက်ကြီးတွေ တွေ့ရတယ်။ သိပ်လည်း မခြောက်သေးဘူး။ စူးစမ်းတာ ဝါသနာကြီးတဲ့ ခင်မောင်မြင့်က အနံ့ခံကြည့်တယ်။
" နေဦး ထွန်းဇော်အောင်၊ သေးနံ့လည်း မနံဘူးကွ "
ကျောင်းဆရာဖြစ်ချင်တဲ့ ထွန်းဇော်အောင်က အရဲတော့ သိပ် မစွန့်ရဲဘူး။
" ဘာပဲဖြစ်ဖြစ် ကြည့်ကောင်းအောင်တော့ အဝတ်နဲ့ သုတ်လိုက်ရအောင် ကွာ၊ တွေ့သွားရင် မလွယ်ဘူး "

ငနဲ နှစ်ကောင် သန့်ရှင်းရေးလုပ်နေတာကိုပဲ အထူးအဆန်းကြီး တစ်ခုလို ပြုံးစိစိလာကြည့်တဲ့ကောင်တွေကလည်း မနည်းဘူး။
အဖြေက သိနေပြီးသားဆိုတော့ စောစောစီးစီး ကုသိုလ်ရတဲ့ အလုပ်တွေ လုပ်နေကြပါလား လို့ လာပြောတဲ့ ကောင်တွေကလည်း ရှိသေးတယ်။

သူတို့နဲ့ ခပ်ဝေးဝေးမှာတော့ ညွန့်ဝေက ဆန်းဝင်းကို ဖောက်သည်ပြန်ချရင်း ရယ်နေတယ်။
" ဒီကောင်တွေ ညက အိပ်ယာထဲ တကယ် သေးပါတာလား " ဆန်းဝင်းက မေးတော့
" မပါပါဘူးကွာ။ မူးတော့ တော်တော်မူးနေကြတာ။ ငါလည်း အမြင်ကပ်လို့ သူတို့လည်း အိပ်ပျော်သွားရော သူတို့ ကုတင်အောက် ရေ ဖလား တစ် ဝက်လောက် လောင်းပေးထားလိုက်တယ်၊ အခု သူတို့ ကြောက်ကြောက်နဲ့ သန့်ရှင်းရေးတွေလုပ်နေကြတယ်လေ "
" ဟား ဟား ဟား "

သူတို့ အားလုံးပြီးလို့ ညွန်ဝေက အဖြစ်အမှန်ကို ပြောပြတော့မှ ဆဲလိုက်ကြ တာ မိုးမွှန်ရောပဲ။
( ရွာက သူငယ်ချင်းများကို အမှတ်တရ နဲ့ )



ဇင်ဝေသော် 

အလွမ်းပြေ

ရိုးသားမှု
မေး ။  ။ ရိုးသားမှုကို ငွေပေးဝယ်လို့ မရဘူး ဆိုတာကို လက်ခံပါသလား။
ဖြေ ။  ။ လက်ခံပါတယ်။
မေး ။  ။ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ ။  ။ ရောင်းတဲ့လူ မရှိလို့ပါ။
မေး ။  ။ ဘာလို့  ရောင်းတဲ့လူ မရှိတာလို့ ထင်ပါသလဲ။
ဖြေ ။  ။ ရိုးသားမှုကို ရောင်းရင် ပုံမှန်ဝင်ငွေလည်း မရှိနိုင်လောက်ဘူး လေ။

အနားသတ် မျဉ်း
" အုတ် က မာတယ် "
" ကျောက်က  မာတယ် "
လူ နှစ်ယောက် ငြင်းခုံနေကြတာ။ သူတို့  ငြင်းခုံနေစဉ် နောက်ထပ် လူ နှစ်ယောက် ရောက်လာပြန်တယ်။
" ဘာတွေ  ငြင်းခုံနေကြတာလဲ ဗျ "
" အုတ် နဲ့  ကျောက် ဘယ်ဟာကပိုမာသလဲ  ငြင်းခုံနေကြတာပါ "
နောက်ထပ် ရောက်လာတဲ့ လူ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်တယ်။
ပြီးတော့ သူတို့ ခေါင်းမှာရှိတဲ့ " ဖု " တွေကို ကိုယ်စီ စမ်းကြည့်ရင်း
" အုတ် ရယ် ကျောက်ရယ် မဟုတ်ပါဘူးဗျာ။ ကိုယ့်ခေါင်းပေါ် ကျလာတဲ့ အရာတိုင်း မာကျောတာချည်းပါပဲ " တဲ့။
ပြိုင်တူဖြေချလိုက်ကြတယ်။


ကျနော်ချစ်ခင်လေးစားတဲ့ စာရေးဆရာတစ်ယောက်ရဲ့ စာတွေကို လွမ်းလို့
အလွမ်းပြေ ဝတ္ထုတိုလေးတွေ ( သူ့စကားအတိုင်း ) ရေးကြည့်တာပါ။
ကျနော်လည်း လေးကြောင်း၊ ခြောက်ကြောင်းပါ ဒိုင်ယာလော့ တွေကို ဝတ္ထုတို လို့ ခေါ်ချင်ပါတယ်။
စာဖတ်သူ အလွမ်းပြေ မပြေက ကျနော့် ညံ့ဖျင်းမှု အားနဲ့ပဲ ဆိုင်ပါတယ်။


လေးစားလျက်
ဇင်ဝေသော်

သွေး ၊ သစ္စာ

ကျုပ်အကြောင်းကိုပြောပြရမယ် ဟုတ်လား၊ သိပ်ပြီးစိတ်ဝင်စားစရာကောင်းလှမယ်တော့မဟုတ်ပါဘူး။

ဘယ်ကနေ စ ပြောရမလဲ။

မွတ်သိပ်လွန်းလှတဲ့ ညနေတစ်ခုက စ ရလိမ့်မယ်ထင်တယ်။ မဟုတ်ပါဘူး၊ဘယ်သူကမှ ကျုပ်ကိုထောင်ထဲ ထည့်လိုက်တာမဟုတ်ပါဘူး၊ ပြောရရင် ခင်ဗျားတို့ရယ်ကြလိမ့်မယ်။ အဲဒီ ထောင်ထဲကို ကျုပ်ကိုယ်တိုင်စိတ်လိုလက်ရဝင်ခဲ့တာပါ။ ကျုပ်ပြောခဲ့ပြီးပါပကော။ မွတ်သိပ်လွန်းလှတဲ့ညနေတစ်ခုပါဆို။

ဘာမှထွေထွေ ထူးထူးစဉ်းစားနေစရာမလိုပါဘူး၊ တစ်ခုခုတော့စားရမှာပဲ၊ အငတ်တော့ထားမှာမဟုတ်ဘူးဆိုပြီး ထောင်ထဲကိုကျုပ်ကိုယ်တိုင်စိတ်လိုလက်ရဝင်ခဲ့တာ။ မလုပ်ခဲ့ပါဘူး၊ လူအထင်ကြီးအာင် နိုင်ငံရေးလုပ်လို့ဘာလို့တွေမပြောပါရစေနဲ့။

အဲဒီ ထောင်ထဲမှာ ကျုပ်အရင်ရောက်နှင့်သူတစ်ရောက်ရှိနေတယ်၊ သူရှိနေတော့ စိတ်ပူစရာမရှိတော့ဘူး၊ သူကိုမှီခိုစားနေလိုက်ရင် ရတာပဲ။ ပြဿနာက ဒီမှာစ တာ၊ ကျုပ်လည်းမစားရတာကြာပြီဆိုတော့ ဆာဆာနဲ့စားလိုက်တာ တော်တော်လွန်သွားတယ်။ ကျုပ်ခန္ဓာကိုယ်က နှစ်ဆလောက်ဖြစ်သွားပြီး ပေါင်ချိန်တွေတက်လာလိုက်ချက်က...။ ဒါနဲ့ပဲ ဝင်တုန်းက လျောလျောလျူလျူ၊ပြန်ထွက်မယ်ဆိုတော့ ထွက်လို့မရတော့ဘူး။

ပျင်းပျင်းနဲ့ ခဏတဖြုတ်မှေးလိုက်တယ်။ ထောင်ထဲမှာဆိုပေမယ့် ရာသီဥတုအားလုံးက စိုစိုပြေပြေပါ။ အိပ်ရာထတော့ ဘာလုပ်ရမှန်းမသိတော့ဘူး။ အိပ်တာကြာတော့ ကျောကအပူသားလားဗျ။ အပြင်ထွက်လမ်းသလားလို့ကလည်းမရဘူးလေ။ ဒါနဲ့ ထောင်ထဲမှာပဲ တောင်ရောက်မြောက်ရောက် လမ်းသလားနေလိုက်မိတယ်။

ကိုယ့်ခြေသံကို ကိုယ်မကြားရပေမယ့် နည်းနည်းတော့ ဆူညံသွားပုံရတယ်၊ ကျုပ်မိတ်ဆွေက ကျုပ်ကို ခပ်တင်းတင်းကြည့်တယ်။ ကံကောင်းတယ်လို့ပြောရမယ်။ ဒီလူက သူတော်ကောင်းကြီးပဲဗျ။ သူမကျေနပ်လို့ တစ်ခုခု လုပ်မယ်ဆို ကျုပ်ကတော့အသေပဲ။ ပြောပြီးပါပကော ၊ဝ လာတော့လှုပ်ရှားရတာလေးလံလာတယ်လို့လေ။ အရင်လို မသွက်လက်တော့ဘူးဗျာ။

အဲဒီရက်တွေတုန်းက ကျုပ်တို့ တစ်မျိုးလုံးကို တွေ့ရာသင်္ချိုင်း ကြေညာထားကြတာ။ ပုန်းစရာမြေမရှိ၊ တကယ့်ကိုအကျပ်အတည်းကာလပါ။ ဒါကြောင့်ပြောတာ ဒီလူက သူတော်ကောင်းကြီးလို့။

ကျုပ်လည်း ဆပ်ပါနည်းနည်းထပ်စား၊ နည်းနည်းထပ်အိပ်ပေါ့။ ခက်တာက ညပိုင်းရောက်တော့ မိန်းမနဲ့ကလေးတွေကိုသတိရလာတယ်။ ခပ်ချွဲချွဲပြောရရင် လွမ်းတယ်ပေါ့ဗျာ။ ပြည်ထဲရေးနဲ့ဝမ်ရေးတို့ထက် လွမ်ရေးခက် ဆိုတာ အလကားဆိုထားတာမဟုတ်ဘူး နော်၊ တကယ်မှန်တယ်။ ဒါနဲ့ ထွက်ပေါက်လေးများတွေ့မလားဆိုပြီး မနားတမ်ရှာနေမိတော့တာပါပဲဗျာ။

ကျုပ်အတွက်တော့သင်္ခန်းစာအကြီးစားကြီးရခဲ့တာပါ။ ကျုပ်ထင်တာက စားစရာ အိပ်စရာ နေစရာရှိရင် ဘဝဟာပြည့်စုံပြီ၊ဒီလိုမဟုတ်ဘူးဗျ။ ဝေးမှ၊ မရှိမှ တန်ဖိုးကိုသိရတာက လွတ်လပ်မှုနဲ့ ချစ်ခြင်းမေတ္တာ ပါပဲ။ ကျုပ်လည်းထောင်ကထွက်နိုင်ဖို့အရေး အသည်းအသန် ကြိုးစားတော့တာပဲ။

ဒီတော့မှ အဲဒီလူက "ဟေ့ကောင်၊ဗိုက်ဝရင်လည်းအေးအေးဆေးဆေးနေကွာ၊ ကျန်တာတွေအကုန် ငါ သည်းခံနိုင်တယ်၊ မင်းအသံကိုတော့သည်းမခံနိုင်ဘူး" "စိတ်မရှိပါနဲ့ဗျာ၊ မိန်းမနဲ့ကလေးတွေကိုသတိရလို့ပါ၊ သူတို့ အေးအေးချမ်းချမ်း၊ ဘေးကင်းရန်ကင်းမှရှိကြရဲ့လား လို့ စိုးရိမ်လို့ပါ" "ဒါဆို မင်းအိမ်ပြန်ပေါ့" "ပြန်ဖို့ပဲဗျ၊ ပြန်မရလို့ အခက်တွေ့နေတာ" "ဝင်လာတဲ့အပေါက်ကပြန်ထွက်ပေါ့ကွ"

"ခင်ဗျားပြောတော့လွယ်လိုက်တာ၊ ကျုပ်ကိုလည်းကြည့်ပါအုံး" ဆိုတော့မှ သူက "အေး၊ ငါသဘောပေါက်ပြီ" ဆိုပြီး ထောင်တံခါးလေး ဟ ပေး တယ်။ ကျုပ်လည်း နောက်တောင်လှည့်မကြည့်တော့ဘဲ တချိုးတည်း လစ်ခဲ့တော့တာပဲ။

ဟုတ်တယ်လေဗျာ။ ဒါမျိုးကြုံရတဲ့သူတိုင်း အသက်နဲ့ပြန်ထွက်လာနိုင်တာတော်တော်ရှားပါတယ်။ ကျုပ်တွေ့ခဲ့ရတဲ့လူက တကယ့်သူတော်ကောင်းကြီးဖြစ်နေလို့သာပါ။

ပြောပြီးပါပကော၊ ခင်ဗျားတို့စိတ်ဝင်စားမှာ မဟုတ်ဘူးလို့လေ။အခု အိပ်ချင်နေကြပြီမဟုတ်လား။ တရားရှုမှတ်နေတဲ့ယောဂီတစ်ယောက်ရဲ့ ခြင်ထောင်ထဲ ဝင်မိတဲ့ ခြင်တစ်ကောင်ရဲ့ဘဝက ဘယ်လောက် ဆွဲဆောင်မှုရှိနိုင်မှာတဲ့ လဲ ဗျာ။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ခြူသံစွဲအလင်္ကာ

အလင်္ကာတွေထဲမှာ “မည်သံစွဲ အလင်္ကာ” ဆိုတာ ရှိတယ်လို့ သိရပေမယ့် ခြူသံစွဲအလင်္ကာ ရှိ၊ မရှိဆိုတာကိုတော့ တိတိကျကျ မသိပါဘူး။ ဒီကိစ္စကို အလင်္ကာ၊ ဒေါသပါရဂူတွေ ဆုံးဖြတ်ဖို့ ချန်ထားခဲ့ရတော့မှာပဲ။ ဘာပဲဖြစ်ဖြစ် (၂၁) ရာစု မျက်ခွက်ဘွတ်အုပ်ခေတ်မှာတော့ ကိုယ်သုံးချင်တဲ့ အလင်္ကာ ကိုယ်သုံးလို့ ရပါပြီ။

    ခြူသံစွဲဆိုတာက ဒီလိုပါ။


    “နွားပျောက် ခလောက်သံကြား” ဆိုတဲ့ စကားပုံ ရှိပါတယ်။ ခလောက်က ခြူတွေ မပေါ်ခင်က သုံးတာလို့ ထင်ရပေမယ့် ခြူတွေ ပေါ်လာတဲ့အထိလည်း သုံးနေကြတုန်းပါ။ သစ်သားကို ထွင်းထုထားတာချင်း အတူတူမို့ ခလောက်သံခြင်း တူနေမယ်ထင်ရင် မှားပါလိမ့်မယ်။ နွားပိုင်ရှင်ဟာ သူ့နွားရဲ့ ခလောက်သံကို မှတ်မိနေတတ်ပါတယ်။ အရောင်တူ၊ ဆိုက်တူ၊ တံဆိပ်တူ ဖိနပ်တွေထဲမှာ ကိုယ့်ဖိနပ်ကို မှတ်မိနေသလိုမျိုးလို့ ထင်ပါတယ်။ ခြူသံကျတော့ သိပ်ခွဲခြားလို့ မရတော့ပါဘူး။ ဒါ့ကြောင့် တောအုပ်ထူထူထဲက တောင်သူကြီးတွေ ခလောက်ကို ဆက်သုံးနေတာနေမှာလို့ စဉ်းစားစရာ ရှိပါတယ်။

    အားလုံး သိကြမယ် ထင်ပါတယ်။ ယာထွန်ဖြုတ်ပြီဆိုရင် နွားတွေကို တောထဲလွှတ်ပေးလိုက်ကြတယ်။ သူစားချင်ရာ လျောက်စားပေါ့။ ညနေစောင်းတော့မှ နွားပိုင်ရှင်က ခလောက်သံကို နားထောင်၊ သူ့နွားရှိတဲ့ နေရာကိုသွားပြီး ဆွဲခေါ်လာခဲ့တော့တာပါ။ ဆိုလိုတာကတော့ ခလောက်သံနဲ့ဆိုရင် နွား ဘယ်ရောက်နေတယ်ဆိုတာ သိလို့ရပါတယ်။ ဒါပါပဲ။

    နွားနဲ့ အကျွမ်းတဝင်ရှိခဲ့တော့ တစ်ခါတစ်ခါ အခက်ကြုံရပါတယ်။ သူများကတော့ မသိပါဘူး၊ ကိုယ့်ဘာသာကိုယ် ကြုံရတာပါ။ တစ်နေ့က ကောင်မလေးတစ်ယောက် ခြေထောက်မှာ ခြူတွေ ဆင်ထားတာ တွေ့ရတယ်။ ပြုံးမိတယ်။ မတတ်နိုင်ဘူး။ ဒုက္ခဆိုတာ အဲ့ဒါပါ။ သူမကို အားနာပါတယ်။ ခြေထောက်မှာ ခြူဆွဲထားတော့ သူမ ဘယ်သွားသွား သိနေရတယ်။

    ဂလိုဘယ်ခေတ်ကြီးထဲမှာတော့ လူလည်း ခြူဆွဲတော့တာပါပဲ။ နွားက လည်ပင်းမှာ ဆွဲပြီး လူကတော့ ခြေချင်းဝတ်မှာ ဆွဲတာပေါ့။ တော်ပါသေးတယ်။ ခြူဆွဲတဲ့နေရာ မတူလို့။

    အခုမှ ကျနော်ပြောချင်ရာ ရောက်ပါတော့တယ်။

    “ခြူသံစွဲ” အလင်္ကာဆိုတာ လူတစ်ယောက် ဘယ်ကို ရောက်နေတယ်ဆိုတာ သိနိုင်တဲ့ အလင်္ကာပါ။ (ကျနော်ကိုယ်တိုင်ပေးတဲ့ အလင်္ကာမို့ စာအုပ်ထဲမှာ မရှာကြဖို့ မေတ္တာရပ်ခံပါတယ်။)
    ဒီနေ့ မျက်ခွက်ဘွတ်အုပ်လို့ခေါ်တဲ့ F.B. ဟာ ခြူသံစွဲအလင်္ကာပါ။ အနည်းဆုံး အကြောင်းနှစ်ချက် ရှိပါတယ်။

    ၁။ မျက်ခွက်ဘွတ်အုပ်ကို ကြည့်လိုက်ရင် အဲ့ဒိဘွတ်အုပ်ပိုင်ရှင် ဘယ်ရောက်နေတယ်ဆိုတာ သိလို့ ရပါတယ်။
    ၂။ မျက်ခွက်ဘွတ်အုပ်ကို ကြည့်ရင်း သူဘာလဲဆိုတာလည်း သိလို့ ရပါတယ်။





    ဆိုရှယ်ကွန်ယက်ကြီးကို F.B. ခြူသံနဲ့ ဆက်သွယ်ပေးထားတော့ မိတ်တွေဟောင်း၊ မိတ်ဆွေသစ်တွေ ဘယ်ရောက်နေကြတယ်၊ ဘာတွေ လုပ်နေကြတယ်ဆိုတာ သိခွင့် ရနေကြရပါတယ်။ ဆိုရှယ်အတွက် အတော်ထိရောက်တယ်လို့ ပြောရင် မလိုအပ်ဘဲ စကားဖောင်းပွတာပါပဲ။

    မိတ်ဆွေတစ်ချို့ဆို မိနစ်ပိုင်းအတွင်းမှာ သူတို့ ဘယ်ရောက်နေကြောင်း ကြေငြာပြီး ဖြစ်နေတယ်။

    တစ်ခါတစ်ခါမှာ အဲ့ဒီ မျက်ခွက်ဘွတ်အုပ်ကနေပဲ ကိုယ်ဘာလဲ၊ ဘယ်လိုလူလည်းဆိုတာ ပြောမိလျက်သားလည်း ဖြစ်နေတတ်ပြန်ပါတယ်။ ဒါကိုတော့ ခြူသံစွဲအလင်္ကာသာမက မည်သံစွဲအလင်္ကာလို့လဲ ခေါ်မယ်ဆို ခေါ်လို့ရပါတယ်။ အဲ့ဒီလူဟာ ဓာတ်ပုံဝါသနာပါသူလား၊ ပန်းချီဝါသနာပါသူလား၊ အားကစားဝါသနာပါသူလား၊ နိုင်ငံရေးလား၊ စာပေလား၊ ကွန်မင့်ရေးတာ၊ ကိုယ့်ကို ကွန်မင့်ပြန်တာကို ကြိုက်သူလား စတာတွေကိုလည်း သိနိုင်ပါတယ်။

    ဆက်ပြောဖို့ ရှိတာက တစ်ချိန်ကတော့ ခြူဆိုတာ နွားဘယ်မှာရှိတယ်ဆိုတာ သိရုံနဲ့ တူပါတယ်။ နောက်ပိုင်းကျတော့ ခြူဆွဲထားခြင်းကပင် နွားရဲ့ တန်ဆာတစ်ခု ဖြစ်နေပါတော့တယ်။ လှတဲ့နွား၊ ကောင်းတဲ့နွားတွေဆိုရင် ခြူသံတစ်ချွင်ချွင်နဲ့ပါ။ မစွံတဲ့နွားကို ခြူတတ်မိပြန်တော့ ကိုယ့်နွား မစွံတာကို ပြနေသလို ဖြစ်တတ်ပြန်ပါရော။

    မှားရင်တော့ တောင်းပန်ရမှာပါပဲ။

    အဲ့သလိုပါပဲ။ ခံစားချက်တွေရေးရင်း၊ ပေါက်ကွဲရင်းနဲ့ ကိုယ့် F.B. က ကိုယ်မစွံကြောင်း၊ အတင်းပြောတတ်ကြောင်း၊ သူများကိစ္စတွေ ဝင်စွက်တတ်ကြောင်း ပြောပြနေတတ်ပြန်ရော။

    တစ်ခုရှိတာက နွားပိုင်ရှင်တွေက နွားကို ခြူဆွဲပေးတတ်ပေမယ့် ကြောင်ပိုင်ရှင်တွေကတော့ ကြောင်ကို ခြူဆွဲပေးတယ်လို့ မကြားဖူးပြန်ဘူး။ ပုံပြင်ထဲမှာတော့ ကြောင်ကို ခြူဆွဲပေးဖို့ ကြွက်ကလေးတွေ တိုင်ပင်နေကြတာ ဖတ်ဖူးတယ်။ ပုံပြင်က ရှည်တော့ ပြီးအောင် မဖတ်လိုက်မိဘူး။ သူတို့ အကြံအစည် အထမြောက်၊ မမြောက် မသိခဲ့ရဘူး။

    တစ်ချို့ မျက်ခွက်ဘွတ်အုပ်တွေကျတော့ ကြောင်နဲ့ တူပြန်ရော။ ခြူမပါတော့ ဘယ်သူရေးမှန်း မသိ၊ ရေးသူ ဘယ်သွားမှန်းလည်း မသိ၊ တောရောက်လား၊ မြို့ရောက်လား မသိ၊ ဘွဲ့ရလား၊ ဘွဲ့မရလား မသိ၊ ဘာဆို ဘာမှ မသိ။

    ကြောင်ကိုတော့ ခြူဆွဲပေးလို့ မရဘူး။
    သူက ကြွက်ခုတ်ရဦးမှာ မဟုတ်လား။

    ခြူသံမြိုင်မြိုင်နဲ့ တောက လှည်းယဉ်ကျော့လေးတွေကို သတိရရင်း မဆိုင်ရာတွေကို နှိုင်းမိပြန်ပါရော။

    ဖေ့(စ်)ဘုတ် (သို့) ခြူသံစွဲအလင်္ကာ

ဇင်ဝေသော်








(စကားနည်းနည်း ရိုင်းသွားသလားလို့ စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် ဘုရားရှင်ကိုတောင် နွားလားဥသဘနဲ့ နှိုင်းတာ၊ ဘုရားရှင်ရဲ့ အနွယ်တော်ကလည်း ဂေါတမ (နွားတကာထက် မြတ်သောနွား) ဆိုတာကို တွေးမိရင်း လိပ်ပြာသန့်လို့ လွှတ်လိုက်မိပါတယ်။)

Copyright © 2012 ကမ်းလက်. All rights reserved.

ညစာမစားဖြစ်တဲ့ အိပ်မက်များ

အလည်လွန်သော အိပ်မက်များ ညစာပြန်မစားခြင်းနှင့်ပတ်သက်၍ ကြေကွဲမည်ဆိုက ကြေကွဲနိုင်၏။
သို့သော်…….

          ကျေးလက်ညနေချမ်းလေးတစ်ခု၌ သူမိတ်ဆွေ ကဗျာဆရာက ကဗျာလေးတစ်ပုဒ် ရေးစပ်ရွတ်ဆိုပေးခဲ့ ဖူးတယ်။ ခေါင်းပေါင်းစနှင့် ကျေးလက်သားကြီးများက မိတ်ဆွေရဲ့ စပ်ရှရှစကားလုံး (တချို့က မော်ဒန်၊ ပို့စ်မော်ဒန် စသဖြင့် သုံးကြပါတယ်။ ဟုတ် မဟုတ်တော့ မသိပါ) တွေကို နားလည်ကြသလား မသိဘူး။ လူငယ်တွေကတော့ ခံစားလို့ရတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာတော့ လုပ်ဖြစ်လိုက်ကြတာပါပဲ။

          “မိုးပေါ်ပျံတက်သွားတဲ့ မိုးပျံပူပေါင်းတစ်လုံးကို မြင်ဖူးကြပါသလား။ ကျွန်တော့် မိတ်ဆွေဟာ အဲဒီ မိုးပျံပူပေါင်းတစ်လုံးပါလို့ သူစတင်ရွတ်ဆိုလိုက်တယ်။

          ဟုတ်ပါတယ်။ အလည်လွန်တဲ့ အိပ်မက်တစ်ချို့ ညစာပြန်မစားဖြစ်ကြတာဟာ အဲဒီမိုးပျံပူပေါင်းဆီကို ရောက်နေကြလို့ပါ။

          သူ့ဆီကို ရောက်ရောက်လာတဲ့ အိမ်ခြံမြေရောင်းဝယ်ရေး ကြော်ငြာတွေဟာ မိုးပျံပူပေါင်းလေးနဲ့ ဘာမှမဆိုင်ပါဘူး။ သူနဲ့ဆိုင်တာက သူ့ရဲ့ အရေခွံပါးပါးလေးတစ်ခုပါ။ အဲဒီ အရေခွံဟာ အိမ်တစ်လုံး ဆိုရင်တော့ သူ့မှာလည်းအိမ်ရှိပါတယ်။ ဒါပေမယ့် ဒီအိမ်မှာ ဈေးကွက်သဘောတရားတွေ ဘာတွေ  တော့ မရှိပါဘူး။ အဲ- မိုးပျံပူပေါင်းတစ်လုံးမှာ အကြောင်းညီညွတ်ရင် ကြိုးတစ်ချောင်းလည်း ရှိနေနိုင် တာပေါ့။ ဒီကြိုးကရော အိမ်၊ခြံ၊မြေလား။ မဟုတ်နိုင်ပါဘူး။

          ရှုမှတ်ပွါးများတတ်တဲ့ ယောဂီတစ်ယောက်အတွက်ဆိုရင်တော့ အဲဒီမိုးပျံပူပေါင်း လေးကိုကြည့်ပြီး အနိစ္စတရားတွေ ထပ်တလဲလဲ စီးဖြန်းလို့ရနိုင်တာပေါ့။ သူ့ဘဝနဲ့ လေဟာပြင်ကို စည်းခြားထားတာ ဆိုလို့ အဲဒီအရေခွံပါးပါးလေးပဲ ရှိတာမဟုတ်လား။ ဒီထက် အနတ္တဆန်တဲ့ သဘောတရား ဘယ်မှာ ရှာကြဦးမှာလဲ။

          ဘာမှမရှိခြင်းတွေနဲ့ ဖောင်းကားနေတဲ့ သူ့ရင်ဘတ်ကရော ဘာတွေသိမ်းဆည်း နိုင်မလဲ။ ဒါတွေမသိ ပေမယ့် ဘာမှမသိခြင်းတွေဖောင်းကားလာတာနှင့်အမျှသူဟာ ပိုလို့ပေါ့ပါး လာပါတယ်။ ပေါ့ပါးခြင်း ဆိုတာ အမြင့်ကိုရောက်ခြင်းရဲ့ အကြောင်းတရားလား။ ဟုတ်ကောင်း ဟုတ်နိုင်ပါတယ်။ ဒါပေမယ့် ဖောင်းကားလာတာနဲ့အမျှ လွင့်စင်ပေါက်ကွဲဖို့လည်း နီးစပ်လာပါတယ်။

          တစ်နေ့ မိတ်ဆွေတွေနဲ့ ပြန်တွေ့တော့-
          “ အခု “         ” နဲ့ အတူနေတာလားလို့ မေးကြတယ်။
          “ ဘယ်သူမှ မရှိတော့လည်း သူ့ကိုပဲလူလုပ်ပြီး ပေါင်းနေရတာပေါ့လို့ပြောတော့ ကဗျာဆရာက တဟားဟားရယ်တယ်။ သူငယ်ချင်းတွေက လက်ဆောင်တွေ ထုတ်ပေးတော့-

          “ကိုယ့်ထက်နွမ်းပါးတဲ့ သူ့ကိုပဲ ပေးထားခဲ့ပါလို့ ပြောမိတော့ သူစိတ်မထိန်းနိုင်တော့ပဲ လက်သီးနဲ့ ထိုးတယ်။ ဒါပေမယ့် မိုးပျံပူပေါင်းပေါက်မှာစိုးလို့နေမှာပေါ့ ကဗျာဆရာရဲ့လက်က သိပ်မပြင်းပါဘူး။ ကဗျာဆရာဆိုတာ ကောက်နေတာကိုသာ ဖြောင့်ပေးတတ်ပြီး လက်သီး ပြင်းပြင်းတွေ မွေးမြူမထား တတ်ပါဘူး။

          “ကိုယ့်လူ ကျူရှင်ထဲက ဟိုကောင်မလေးကို ကြိုက်တယ်တဲ့။ ချစ်ဆိုတဲ့စကား ပြောရမှာရှက်တဲ့ ကဗျာဆရာကိုကြည့်ရင်း ရယ်မိပြန်ရော။ ခပ်လှလှစကားလုံးတွေ တမင်ရှာသုံးတတ်တဲ့ ကဗျာဆရာက ချစ်ကိုတော့လျှာမရဲဘူးတဲ့။ မိန်းကလေးတစ်ယောက်ကို ရည်ညွှန်းနေလို့တဲ့။

          မှတ်မှတ်ရရ သူရွေးပေးတဲ့ ကလောင်နာမည်လေးနဲ့ စာတော်တော် ရေးဖြစ်ခဲ့ သေးတယ်။ သူဒီတစ်ခါ ပေးတဲ့နာမည်က မိုးပျံပူပေါင်းတော့ မဟုတ်တော့ဘူး။ ဒါပေမယ့် စိတ်ထဲမှာစွဲနေတာကတော့ အဲဒီ မိုးပျံ ပူပေါင်းလေးပါပဲ။ အမြင့်တက်ခြင်းတွေ ဘာတွေနဲ့ မဆိုင်ပါဘူး။ ထိရှလွယ်တဲ့အဓိပ္ပါယ် ဆောင်နေတာ လေးကို သတိရတာပါ။



          ဒါ့ကြောင့် အိပ်မက်တွေဟာ အိမ်ပြန်နောက်ကျခဲ့ရတာပါ။

          အထီးကျန်လွင့်မျောနေတဲ့ ပေါ့ပေါ့ပါးပါးဝမ်းဗိုက်တစ်ခုဟာ တစ်ခါတစ်ခါတော့ တစ်ခုခု၊ တစ်စုံတစ်ရာ၊ တစ်ယောက်ယောက်၊ တစ်နေရာရာကို သတိရတာမျိုးတော့ ရှိတာပေါ့။ ဒါကလည်း လေးလေးလံလံ တော့ မဟုတ်နိုင်ပါဘူး။
          ဒီထက်ကြီးလေးတဲ့ ကိစ္စက အနတ္တလွင်ပြင်မှာ ပေါက်ကွဲလွင့်စင်လာဦးမယ့် သူ့အရေခွံ ပါးပါးလေး အကြောင်းပါ။ လွင့်စင်ပေါက်ကွဲခြင်းကို ရှောင်လို့မရဘူးဆိုတာ သိနေတယ်။ လွင့်စင်သွားတော့လည်း မိုးပျံပူပေါင်းလေးက လေဟာပြင်နဲ့တသားတည်း ဖြစ်သွားပြီး သူ့အရေခွံဟောင်းနဲ့ ချည်ထားတဲ့ ကြိုးတစ်ချောင်း (ရှိနေသေးရင်ပေါ့) ဟာလေးကန်တဲ့ ခြေလှမ်းတွေနဲ့ မြေပြင်ကိုပြန်ဆင်း သွားကြ မှာပေါ့။

          အဲဒီအခါမှာ မိုးပျံပူပေါင်းဆိုတာ ဘယ်ဟာလဲလို့ ပြောလို့မရတော့ဘူး။ ဘယ်မှာလဲလို့ လည်းရှာမရ တော့ဘူး။ အဲဒီကဗျာဆရာကိုယ်တိုင် တွေဝေသွားမယ့် အိမ်မက်ရှည်ဆီ ခြေဆန့်နေမိတယ်။

          ဒါနဲ့ပဲ ညနေစာနဲ့လည်း လွဲခဲ့ရပေါ့။




 

ဇင်ဝေသော်
















Copyright © 2011 ကမ်းလက်. All rights reserved.

နာလန္ဒာရင်ခွင်၌ ရူးသွပ်သွားသောပန်းသီးတစ်လုံး



နယူတန်ကြီး ဂရဗတီကိုမတွေ့ခင်က ပန်းသီးတစ်ချို့ မိုးပေါ်ပျံတက်ကြလေသလား။ ထိုပန်းသီးများ မြေပေါ်ကျလာခြင်းအပေါ်၌ရော နယူတန်၏နိယာမက မည်မျှသြဇာ သက်ရောက်မှု ရှိလေသနည်း။ မသိတော့။ သိတာတစ်ခုပဲ ရှိသည်။ သူမကို တွေ့ချင်နေသည်။ သူမကို တွေ့ချင်လှသည်ဟု သိသော်လည်း နယူတန်သိသည့် တတိယနိယာမကို လူအများ မသိကြသေးသည့်အတွက် မိုးပေါ်ပျံတက်လိုသည်ဆိုက ပန်းသီးတစ်ချို့ ပြန်တက်လို့ ရသေးသည် ထင်၏။ နောက်ဆုံး အခွင့်အရေးဖြစ်သည်။


          မကြာမီ ကမ္ဘာမြေ၏ဆွဲငင်အားအကြောင်းကို လူအများသိလာလိမ့်မည်။ ထိုအခါ မည်သည့် ပန်းသီးမှ မိုးပေါ်ပျံခွင့် မရနိုင်တော့။ ပန်းသီးများ မိုးပေါ်မပျံနိုင်တော့သော်လည်း ကျွန်တော်သူမကို တွေ့လိုက တွေ့လို့ရသေး၏။ မှန်၏။ ယနေ့ မိုးပေါ်ပျံတက်သွားသော ပန်းသီးသည် ရူးသွပ်သောပန်းသီး ဖြစ်သွားတော့၏။ အမှန်မူ ဤကိစ္စသည် ပန်းသီးနှင့် ဘာမှမဆိုင် နယူတန်ဆိုသည့်ပုဂ္ဂိုလ် မူးမူးနှင့် ပန်းသီးပင်အောက် ဝင်အိပ်ခြင်းနှင့်သာ ဆိုင်၏။ မည်သို့ဖြစ်စေ ကျွန်တော်သူမကို တွေ့လိုခြင်းသည် ရူးသွပ်မှုမဟုတ်သလို မူးမူးနှင့် ပန်းသီးပင်အောက် ဝင်အိပ်လိုက်ခြင်းလည်းမဟုတ်။ ဟုတ်သည်ဟု တစ်ယောက်ယောက်က ပြောလာပါကလည်း ငြင်းဆန်မိမည်တော့မဟုတ်။
 
           သူမနာမည်သည် နာလန္ဒာ ဖြစ်သည်

          ကြာပန်းတစ်ချို့ ခေါင်းပေါ်မှာပန်ထားတတ်သည်ဟု ကြားခဲ့ဖူး၏။ သူမနာမည်ကို ကျွန်တော် မသိ။ သူမနာမည် နာလန္ဒာဖြစ်သည်။

 
          သူမကို မည်သူက မွေးထုတ်ပေးလိုက်သနည်း။ မသိ။ သူမ၏ အပျိုရည်များ မည်သူက စုပ်ယူသွားသနည်း။ မသိ။ မသိဟူသည် သမိုင်းကို မသိခြင်းဖြစ်သည်။ သမိုင်းဟူသည် နောက်လှည့်လှည့်ကြည့်ရသော အလုပ်တစ်ခုဖြစ်သဖြင့် အလွန်ဇက်ညောင်းသော ပညာရပ် တစ်ခု ဖြစ်သည်။ သမိုင်းသင်ရန် အနှိပ်ခန်းလို၏။

          နာလန္ဒာသည် တစ်ခုလပ်ဖြစ်သည်။ သားတွေရဲ့အမေလည်း ဖြစ်သည်။ သူမမှာ သမီးတော့ မရှိ။ သို့သော် လှချက်က စက်စက်ယိုသော အမျိုးသမီးဖြစ်သည်။ သူမနာမည်ကို ကျွန်တော်မသိ။ သူမနာမည် နာလန္ဒာဖြစ်သည်။ ဟုတ်သည်။ တွေ့ပြီ။

          “ ရှင်က ကျွန်မနဲ့ တွေ့ချင်လို့ လိုက်ရှာနေတာဆို”
          “ မင်းက ဘယ်သူလဲ။ ငါရှာနေတဲ့လူက မင်းလား”
          “ ရှင်တွေ့ချင်လို့ ရှာနေတဲ့လူကို တွေ့နေတာတောင် ရှင်ကဘယ် သူမှန်းမသိဘူးလား”


အင်း ဟုတ်တယ်။ ငါသူ့ကို မမြင်ဖူးဘူး။ မင်းက နာလန္ဒာလား
          “ ဟုတ်တယ်လေ၊ ကျွန်မက နာလန္ဒာ။ လာလေ၊ ဒီနားမှာ လာထိုင်။ စကားပြောရအောင်

          “ ဒါနဲ့ မင်းက အပျိုနာလန္ဒာလား၊ တစ်ခုလပ် နာလန္ဒာလား
          “ အတူတူပဲ။ အပျိုလည်း ကျွန်မပဲ။ တစ်ခုလပ်လည်း ကျွန်မပဲ

          ဒီတော့မှ ရှင်းသွားတော့သည်။ ကျွန်တော်တို့နှစ်ယောက် အုတ်ခုံပေါ်မှာ ထိုင်နေကြသည်။ လေအနည်းငယ် တိုက်နေသည်ဟုထင်၏။ လရောင်လည်း အနည်းငယ် ဖြာကျနေသည်ထင်၏။ နေရောင်လား၊ လရောင်လားတော့ မကွဲပြား။ ဒီအရောင်နှစ်ခုက ရှုပ်ထွေးလွန်းသည်။ သေချာတာကတော့ သူမနှင့် ကျွန်တော်ထိုင်နေသော အုတ်ခုံကြီးက မှောင်မနေ။

          ထိုစဉ် လည်ဆံမွှေးကားကားဖြင့် မြင်းရိုင်းတစ်ကောင် ပြေးလွှားလာနေသည်ကို တွေ့လိုက်ရ၏။ ထိုမြင်းသည် ဆွတ်ဆွတ်ဖြူနေသော မြင်းတစ်ကောင်တည်း။

          “နာလန္ဒာ၊ ကြည့်လိုက်စမ်း။ မြင်းဖြူတစ်ကောင် တို့ဆီပြေးလာနေတယ်။ သူ့ရဲ့ လည်ဆံမွှေးတွေက သိပ်လှတာပဲ

          “ ရှင်က ဘာတွေလာပြောနေတာလဲ။ အဲဒါ ကျွန်မပဲလေ
          “ မဟုတ်ပါဘူးကွာ၊ မင်းက ငါနဲ့ အတူတူထိုင်နေတာပဲ
          “ ဟုတ်တယ်။ ယုံချင်ယုံ၊ မယုံချင်နေ။ အဲဒီ မြင်းဖြူမလေးကလည်း ကျွန်မပဲ

  ဒီတော့မှကျွန်တော်သဘောပေါက်သည်။ ဟုတ်သည်။ လည်ဆံမွှေးကားကားဖြင့်  ပြေးလာနေသော  မြင်းဖြူမလေးသည် နာလန္ဒာဖြစ်သည်။ သိပ်မကြာ မြင်းဖြူမနာလန္ဒာက ထွက်ပြေးသွားပြန်သည်။ ကျွန်တော်တို့ ထိုင်နေခဲ့ကြသည်။ ဘာကြောင့် ထိုင်နေကြသည်ကို နှစ်ယောက်စလုံး သိကြဟန်မတူ။

          “ ရှင်ပြန်ချင် ပြန်တော့လေ။ မိုးချုပ်နေပြီ
          “ ငါမပြန်သေးဘူး။ မိတ်ဆွေတစ်ချို့နဲ့ တွေ့ရဦးမယ်
          “ အမျိုးသားလား၊ အမျိုးသမီးလား
          “ အမျိုးသား

          “ သူတို့က ရှင့်ကို ဘဝနေနည်း၊ ထိုင်နည်းမေးလိမ့်မယ်။ ရှင့်ကိုမှ ရွေးပြီးမေးတာတော့ မဟုတ်ဘူး။ လာတဲ့သူတိုင်းကို မေးတာ

          “ ဟုတ်လား၊ မင်းက ဘယ်လိုလုပ်သိတာလဲ။ ထားပါတော့၊ ဒါဆို ငါမသွားတော့ဘူး။ နေနည်းက စာပေထဲမှာပါတာပဲ။ မြင့်သောနေရာ မြတ်သောနေရာတွေမှာ မနေရဘူးလေ။ ထိုင်နည်းကတော့ ငါတို့အခုထိုင်နေသလို ထိုင်တာကပိုကောင်းတယ်။ မြေမညီရင် ထိုင်ရခက်တယ်လေ။ မင်းလိုကောင်မလေးနဲ့ ထိုင်နေတာ မှန်ကန်တဲ့ထိုင်ခြင်းပေါ့

          “ ရှင် ဘယ်မှာအိပ်မှာလဲ
          “ ဟိုတယ်ကို ပြန်ရမှာ။ ဒါပေမယ့် ပြန်စရာမလိုတော့ဘူး
          “ ဘာဖြစ်လို့လဲ

          “ မိတ်ဆွေတွေဆီ ငါမသွားတော့ဘူးလေ။ သူတို့ဆီသွားရင် သူတို့က ဟိုတယ်လိုက်ပို့ကြမှာ။ ပြီးတော့ အခန်းတံခါးကိုဖွင့်ပြီး အပြင်ကိုကြည့်ကြမယ်။ ပြန်ပိတ်ဖို့မေ့သွားပြီး ဒီအတိုင်းထားခဲ့ကြလိမ့်မယ်။ ငါလည်း ဒါကိုမသိလိုက်ဘူး။ မင်းအကြောင်းစဉ်းစားရင်း အိပ်ပျော်သွားမယ်။ မနက်လင်းတော့ ငါအအေးပတ်နေလိမ့်မယ်

          “ ရှင်တကယ်ပြောနေတာလား
          “ တကယ်ပြောတာ။ ငါတို့ ဒီအတိုင်းပဲ ထိုင်နေရအောင်။ ဟိုတယ်ကိုပြန်ရင် အအေးပတ်မှာ

          ကျွန်တော်တို့ ထိုင်နေခဲ့ကြသည်။ ဘာကြောင့် ထိုင်နေခဲ့ကြသည်ကိုတော့ မသိ။ စကားတွေပြောကြသည်။ များလွန်းသွားသည့်အတွက် ဘာတွေပြောခဲ့ကြသည်ဆိုတာကို မမှတ်မိ။ ထိုကြောင့် ပြန်ရေးနေစရာမလိုတော့။ အလုပ်ရှုပ်သက်သာသွားသည်။

          ခက်သည်က စကားပြတ်သွားသော အခိုက်အတန့်များဖြစ်သည်။ ကိုယ့်အသက်ရှူသံကို ကြားရသည်။ သူမ အသက်ရှူသံကိုလည်း ကြားရသည်။ ရင်ခုန်ုသံ ကိုကား မကြားရ။ ရင်ခုန်သံဟူသည် ဒေါက်တာများသာ ကြားခွင့်ရသော အခွင့်ထူးဖြစ်သည်။ နားကြပ်ရှိလျှင်တော့ ဒေါက်တာမဟုတ်လည်း နားထောင်လို့ရသည် ထင်၏။ ကျွန်တော့မှာ နားကြပ်မရှိ။

          ရင်ခုန်သံက ပုံမှန်ဖြစ်နေသည်။ ဒါဟာ မရိုးသားမှုတစ်ခုပေပဲ။ ဒီလို မဖြစ်သင့်။ တိတ်ဆိတ်သောညချမ်း၌ အလွန်လှပသော နာလန္ဒာလိုမိန်းကလေးနှင့် နှစ်ယောက်တည်း ရှိနေခိုက် ပုံမှန်သာခုန်နေသော ရင်ခုန်သံသည် မရိုးသားမှုစစ်စစ် ဖြစ်သည်။ အနည်းငယ်တော့ မြန်နေသင့်၏ (သို့) နှေးနေသင့်၏။ ဒါမှ ရိုးသားမှု ဖြစ်သည်။ ဒါဖြင့် သူမကကော ကျွန်တော့်လိုပဲ ရှိနေလိမ့်မည် ထင်၏။

          ရိုးသားမှုကို ရှာဖွေရန် ရင်ခုန်သံကို မြန်ပေးလိုက်သည်။ ဟုတ်ပြီ။ ဒီလိုအချိန်မှာ ဒီလောက်တော့ မြန်နေသင့်သည်။ ဟုတ်သလိုလိုရှိသော်လည်း မဟုတ်။ လူကမောလာသည်။ အသက်ရှူရတာ မဝချင်တော့။ ဘာဖြစ်သွားသနည်း။ သူမရော ဒီလိုဖြစ်နေသလား။ မသိ။



          ဒါနဲ့ အသက်ရှူသံကို နှေးပေးလိုက်သည်။ မှန်သည်။ ပုံမှန်ဖြစ်မနေဖို့သာ အရေးကြီး၏။ ဤအချိန်မျိုး ပုံမှန်ဖြစ်နေခြင်းသာ မရိုးသားမှုတည်း။ ခံစားမှုသည် ရိုးသား၏။ ကြိုက်သလို ခံစားလို့ရ၏။ စကားလုံးမပါသေးသ၍ ခံစားမှုက ရိုးသားသည်။ အသက်ရှူသံနှေးသွားသည်။ ဟုတ်သလို လိုထင်သည်။ မဟုတ်။ မောလာပြန်သည်။ မတတ်နိုင်တော့။ မရိုးမသားဟု ဆိုလိုကဆိုစေ ပုံမှန်အသက်ရှူသံဆီကို ပြန်သွားရတော့၏။

          သွားမည့်သာသွားရသည် ဤအချိန်မှာ ပုံမှန်ဖြစ်မနေသင့်ဟုတော့ ထင်နေဆဲ ဖြစ်သည်။
          မောလှသည်။

          ကံကောင်းထောက်မသည်။ နေလား၊ လလားမသိ ထွက်လာသည်။ နံနက်ခြောက်နာရီ ဖြစ်သည်။ နေထွက်တာဖြစ်ဖို့ ရာခိုင်  နှုန်းများသည်။

          ကျွန်တော် ပြန်သင့်ပြီ။ ပြန်ရတော့မည်။

          ဒါနဲ့ လက်ကိုဆန့်ပေးလိုက်သည်။ လက်ဆွဲနှုတ်ဆက်ရန် ဖြစ်သည်။ အရှက်ကြီးသော နာလန္ဒာက ဘေးကိုဝေ့ဝိုက်ကြည့်သည်။ ထို့နောက် သူမလက်ကို မရဲတရဲထုတ်ပေးသည်။ သူမလက်ကို မဆွဲပဲနှုတ်ဆက်လို့ ရသည်။ နှုတ်မဆက်ပဲလည်း ပြန်လို့ရသည်။ သို့သော်-

          သူမလက်ကို ကိုင်ဆွဲနှုတ်ဆက်ချင်သည်။ ယဉ်ကျေးမှုမဟုတ်၊ အမြတ်တနိုး အမှတ်တရဖြင့် သူမလက်ကို ကိုင်လိုက်ခြင်းဖြစ်သည်။ သူမလည်း သိလိမ့်မည်ထင်သည်။ မည်သို့ဆိုစေ ဤနောက်ဆုံးဝါကျသည် ရိုးသား၏။

(နာလန္ဒာမှ မိတ်ဆွေများသို့ အမှတ်တရ)
 

ဇင်ဝေသော်














Copyright © 2011 ကမ်းလက်. All rights reserved.

ခရီးတစ်ခုထွက်ခြင်း


သူခရီးတစ်ခုထွက်ဖို့ စဉ်းစားနေသည်။
          “ဟယ် ဒီလပြည့်ညက လှလိုက်တာ၊ ကြယ်တွေလည်း စုံနေတာပဲ” ဟု လူတစ်ချို့က ပြောကြသည်။ သူကောင်းကင်ကို မော့ကြည့်မိသည်။ မဟုတ်။ သူတို့လို ခံစားလို့မရ။ ကြယ်တာရာဟူသည် သူ့ချစ်သူပါးပြင်မှ ဝက်ခြံဖုများဖြစ်သည်။

            ဒါကြောင့် ဖြစ်နိုင်သည်။ သူခရီးတစ်ခု ထွက်ဖို့စဉ်းစားနေသည်။
          “ဟယ် ကြည့်လိုက်ကြစမ်း။ စနေထောင့်မှာ နီရဲနေတာပဲ။ မုန်တိုင်းကျတော့မယ်ထင်တယ်” ဟု ပြောကြပြန်၏။ သူတို့ပြောသည့် စနေထောင့်ကို ကြည့်လိုက်သည်။ မဟုတ်။ သူတို့ပြောသလို ခံစားလို့မရပြန်။ နီထွေးသောအရောင်များသည် သူ့ချစ်သူ၏ ပါးအို့နီနီလေး ဖြစ်နေ၏။

          ဒါ့ကြောင့်လည်း ဖြစ်နိုင်ပြန်သည်။ သူခရီးထွက်ဖို့ စဉ်းစားနေသည်။
          ခရီးတစ်ခုထွက်ခြင်းအတွက် အကြောင်းပြချက်တစ်ခုခု လိုချင်မှလည်း လိုလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ခရီးတစ်ခုတော့ သူထွက်ဖို့ စဉ်းစားနေသည်။

          “ရင်မှာလှိုက်ခတ် ကြပ်တင်းလို့၊ ဝေဒနာဖြစ်ခဲ့ပြီမို့
          တနေရာရှောင်ထွက်သွားပါရစေ၊ ခေါ်မနေနဲ့တော့ ဒီတစ်ခါ ငါ့ကို
          သွားခွင့်ပြုဦး၊ ခွင့်ပြုပါဦးလေ….”

          ဆိုသည့် သီချင်းအပိုင်းအစတစ်ချို့ ခေါင်းထဲရောက်လာပြန်၏။ မဆိုင်ဟု ထင်သည်။ သူ့ရင်သည် လှိုက်ခတ်ကြပ်တင်း၍မနေ၊ ဝေဒနာလည်း မယ်မယ်ရရ မရှိ၊ ရှောင်ထွက်သွား ခြင်းလည်းမဟုတ်။ ပို၍ အရေးကြီး သည်က သူ့မှာ လှမ်းခေါ်မည့်သူ၊ ခွင့်ပန်ရမည့်သူ မရှိ။ ဒါဆိုရင်တော့ ဒီသီချင်းလည်း မှားနေပြန်သည်။



          ဒါ့ကြောင့်လည်း ဖြစ်မည်။ သူခရီးတစ်ခု ထွက်ဖို့ ကြိုးစားနေသည်။
          ဒီသီချင်းက မှားနေလျှင် မှန်နေသောအရာကား အဘယ်နည်း။

          မှန်ကန်သောအရာ များစွာရှိနိုင်၏။ ရေရောမထားသော အရက်တစ်လုံးသည် အမှန်တရား တစ်ခုဖြစ်နိုင်၏။ ဖုံးဖိထားသော စကားလုံးတစ်ချို့သည် အမှန်တရားဖြစ်နိုင်၏။ မတူးဖော်ရသေးသော ခံစားမှုရုပ်ကြွင်းများ အမှန်တရားဖြစ်နိုင်၏။ မပေးဆပ်ရသေးသောအကြွေးများ အမှန်တရားဖြစ်နိုင်၏။ မှောက်ထားသော ဖဲတစ်ချပ် ဘာမှန်းမသိခြင်းသည် အမှန်တရားဖြစ်နိုင်၏။ ကျပျောက်သွားသော ဓာတ်ပုံတစ်ခုသည် အမှန်တရားဖြစ်နိုင်၏။ ခံစားမှု၌ Lost and Found အော့ဖစ်မရှိ၊ ဤလည်း အမှန်တရားဖြစ်နိုင်၏။ အမှန်တရားများ များလွန်းနေပြီ။

          ဒါကြောင့်လည်း ဖြစ်နိုင်၏။ သူခရီးတစ်ခုထွက်ဖို့ စဉ်းစားနေသည်။
          ခရီးတစ်ခုထွက်ခြင်းအတွက် ဘာတွေလိုအပ်သလဲ…။

          တချို့က (၇) မျိုး (၈) မျိုးပဲလိုတယ်ဟု ဆိုကြ၏။ ပိုက်ဆံအိတ်လို၏။ ပတ်(စ်) ပို့ လို၏။ ဆဲ(လ်) ဖုန်းလို၏။ အိုင်ပက်လို၏။ ချစ်သူ၏ ဓာတ်ပုံလို၏။ မှန်လို၏။ မိတ်ကပ်ဘူးလို၏။ ညှပ်ဖိနပ်လို၏။ အနွေးထည်လို၏။ ဝမ်းပိတ်ဆေးလို၏။ ဗီဇာလို၏။ အမှတ်တရ နှုတ်ဆက်စကားတစ်ခွန်းလို၏။ လို၏-၊ -လို၏။

          ခရီးတစ်ခုထွက်ခြင်းအတွက် အမှန်တစ်ကယ်ရော ဒါတွေလိုအပ်သလား။ သူမသိ၊ လိုကောင်း လိုလိမ့်မည်။ ဒါတွေရှိမှ ခရီးထွက်ရမည်ဆိုလျှင်တော့ သူခရီးထွက်၍ မရတော့။ ဒါတွေမပါလည်း ခရီးထွက်လို့ရသည်ဟု သူထင်၏။

          ဒါကြောင့်လည်း ဖြစ်မည်။ သူခရီးထွက်ဖို့ စဉ်းစားနေ၏။
          ခရီးဆိုတာ ဘယ်ကိုထွက်ရတာလည်း….

          ပို၍ရှုပ်ထွေးသွား၏။ တချို့က ဦးတည်ချက်ရှိမှ ခရီးထွက်လို့ရသည်ဟု ဆို၏။ ထိုဦးတည်ချက် သည် ပို၍လှပသောရပ်ဝန်းတစ်ခုဖြစ်က ပို၍ကောင်းသည်ဟု ထပ်ဆင့်ဆိုကြပြန်၏။ သိပ်မဆိုင်လှဟု ထင်သည်။ ခရီးတစ်ခုသည် ဦးတည်ချက်မလို၊ ဦးတည်ချက်မရှိလည်း ထွက်လို့ရသည်။ သူ့မှာ ဦးတည်ချက် မယ်မယ်ရရ မရှိ။ ဦးတည်ချက်ရှိမှ ခရီးထွက်ရမည်ဆိုလျှင် သူခရီးထွက်၍ မရ။ ထို ဦးတည်ချက်ဆီ ခရီးထွက်သူများရော ဦးတည်ချက်ဆီကို ရောက်ကြသလား။ ရောမကို မရောက်သော လမ်းများစွာရှိ၏။

          သူငယ်ချင်းကဗျာဆရာက ဒုတိယမြို့တော်၏ ဓာတ်မီးတိုင်များကို စာအိတ်ထဲထည့်ပြီး သူ့ချစ်သူ မြင့်မြင့်ချိုထံ စာတိုက်ကပို့ဖူး၏။ သူငယ်စဉ်က ဓာတ်မီးတိုင်ကြီးတစ်ခုကို ဆွဲနှုတ်ကြည့်ဖူး သည်။ မရခဲ့။ အဖေက ဘာအတွက်လဲဟုမေးသောအခါ ချောချောဖို့ဟု ဖြေဖူးသည်။ ချောချောဟူသည် သူ့အစ်မ တစ်ယောက်ဖြစ်သည်။ မငေါက်ငမ်းဖူးသောအစ်မ၊ အမေကွယ်ရာမှာပင် ဆွဲမဆိတ်ခဲ့ဖူးသော အစ်မဖြစ်သည်။ ထိုဓာတ်တိုင်များ မီးပျက်ကိုကြည့်ပြီး ချောချောကို မပေးလိုက်နိုင်ခြင်းအတွက် အခုသူဝမ်းမြောက်နေသည်။ ဘက်ထရီအိုးတစ်လုံး ချောချောကိုပေးခဲ့၏။

          ခရီးထွက်ခြင်း၌ မရှိမဖြစ်လိုအပ်သောအရာတစ်ခုတော့ရှိသည်။ ထိုအရာသည် ထွက်ခွါရာ အရပ်ဖြစ်သည်။ မှန်သည်။ ဦးတည်ချက်မရှိ၊ အမှတ်တရ နှုတ်ဆက်စကားတစ်ခွန်းမရှိ၊ ဘာမှမရှိပဲ ခရီးထွက်လို့ရသည်။ သို့သော် ထွက်ခွါရာမရှိပဲတော့ ခရီးထွက်လို့မရ။ သူသိလိုက်သည်။ ပေါ့ပေါ့ပါးပါး ခရီးထွက်ရန် ပထမခြေလှမ်းစလိုက်သည်။

          ဟင် ၊ ငါထွက်ခွါရာက ဘာပါလိမ့်။ သူသိလိုက်သည်။ သူဆောက်ထားမိသော အမေ့ရွာက အိမ်လေးတစ်လုံးထဲမှဖြစ်သည်။

          သူသည် သူလုပ်ချင်ရာကို လုပ်သူဖြစ်သည်။ တော်တော်များများလုပ်ဖူးသည်။ ဘာမှတော့ ဖြစ်ဖြစ်မြောက်မြောက်မရှိ။ မကြာသေးမီက သူလုပ်ချင်သောအလုပ်တစ်ခု ရှိခဲ့သည်။ ဒါကို သူ့ တစ်သက်မှာ တစ်ခါမှ သူမလုပ်ဖူးသေး။ ထိုအရာသည် အိမ်ကလေးတစ်လုံးဆောက်လိုခြင်းဖြစ်၏။ ထိုအိမ်ကလည်း သူကိုယ်တိုင်ဆောက်သောအိမ် ဖြစ်ရမည်။ ဘာကြောင့် ဒီအိမ်ကလေးကို ဆောက်ချင် တာလည်း ဆိုတာကိုတော့ သူကိုယ်တိုင်လည်း မသိ။ သိစရာလည်းမလိုဟု ထင်သည်။ “ဘာကြောင့်” ဆိုသောအမေးသည် မုသာဝါဒအများစု၏ မြစ်ဖျားဖြစ်သည်။

          ကိုယ်တိုင်သစ်ခုတ်၍ တိုင်ထူသည်။ ကိုယ်တိုင်ဝါးခုတ်၍ နှီးဖျာသည်။ ကိုယ်တိုင် မြက်ရိတ်၍ သက်ငယ်ပျစ်သည်။ ကိုယ်တိုင်မိုး၍ ကိုယ်တိုင်ခေါင်အုပ်လိုက်သည်။ အမေ့ရွာက ထိုအိမ်ကလေး ကိုကြည့်ပြီး ချောချောကပြောသည်။

          “မောင်လေး၊ နင်ကဘာဖြစ်လို့ ဒီအိမ်ဆောက်တာလဲ။ နင်ဆောက်ပေးထားတဲ့အိမ် ရှိပြီးပြီပဲ။ မကြီးပေမယ့် ငါတို့နေလို့ ရတာပဲ”

          “နေဖို့မဟုတ်ဘူးဟ၊ ငါအိမ်မဆောက်ဖူးလို့ အိမ်ဆောက်ကြည့်တာ။ အရင်အိမ်လေးက လက်သမားတွေဆောက်တာ။ ဒီအိမ်လေးက ငါကိုယ်တိုင်ဆောက်တာ”

          “နင် ပင်ပန်းတာပေါ့”
          “အင်း၊ ငါတော့ အိမ်ဆောက်ဖူးသွားပြီလေ။ အဖေက လက်သမားလည်း လုပ်တတ်တယ်။ ငါလည်း လက်သမားလုပ်တတ်မှကောင်းမယ်”

          ထိုအိမ်လေးထဲမှ သူထွက်လိုက်၏။ ထိုအိမ်လေးသည် ထွက်ခွါရာဖြစ်၏။ ခရီးတစ်ခုထွက်ခြင်း မှာလည်း ထွက်ခွါရာသာအရေးကြီးသည်။ ကျန်တာတွေက အရေးမကြီး။ ခြေတစ်လှမ်း နှစ်လှမ်း လှမ်းမိသောအခါ သူငယ်စဉ်က အလွန်ကြိုက်ခဲ့သော “လူမနေတဲ့ အိမ်ကလေး” ဆိုသည် ဟင်္သာတထွန်းရင်၏ လွမ်းဆွေးဆွေး သီချင်းလေးတစ်ကြောင်း ရောက်လာပြန်၏။

          “လူမနေတဲ့အိမ်ကလေး…အထီးကျန်ဆန်လွန်းလှတယ်လေ…”
          သူစိတ်မကောင်းတော့ ဖြစ်မိ၏။ မတတ်နိုင်။ ဆုံးဖြတ်ပြီးပြီဖြစ်၏။ ဒီအိမ်ကလေးကလည်း အထီးတော့မကျန်လှ။ ချောချောတို့အိမ်လေးနှင့် တွဲလျှက်ဆောက်ထားတာဖြစ်သဖြင့် လှဲကျင်းမည့် သူ တော့ရှိနေသည်။

          သူထွက်ခဲ့ပြီးဖြစ်၏။
          ကောင်းကင်ကို မော့ကြည့်၏။ လပြည့်ညဖြစ်နေသဖြင့် သူ့ချစ်သူ၏ပါးပြင်၌ ဝက်ခြံများ ပေါက်နေလျှက်ရှိ၏။ သူစိတ်မကောင်းဖြစ်ရသည်။ မုန်တိုင်းမဆင်သဖြင့် ချစ်သူ၏ပါးပြင်ပေါ်က ပါးအို့နီကိုလည်းမတွေ့ခဲ့ရ။ စိတ်မကောင်းဖြစ်ရပြန်၏။
                                                                                          


ဇင်ဝေသော်
















Copyright © 2011 ကမ်းလက်. All rights reserved.