"ကျောင်းပိတ်ရက် မဟုတ်ပါဘဲ ကျောင်းသားလေးတွေကို ဘာကြောင့်များ ဒီနေရာ ခေါ်ထားကြတာပါလိမ့်


ကျနော် တရုတ်ပြည် လေယာဉ်ကွင်းထဲ ရောက်စဉ် ဝတ်စုံညီ ကျောင်းသားလေးတွေက "ကြိုဆိုပါတယ်၊ နွေးထွေးစွာ ကြိုဆိုပါတယ်" သီချင်းလေး ပြိုင်တူဆိုရင်း ပန်းစည်းကလေးတွေ ဝှေ့ယမ်းကြတယ်။
ကျနော် စဉ်းစားမိတာက "ကျောင်းပိတ်ရက် မဟုတ်ပါဘဲ ကျောင်းသားလေးတွေကို ဘာကြောင့်များ ဒီနေရာ ခေါ်ထားကြတာပါလိမ့်၊ ဒီအချိန်မှာ သူတို့လေးတွေဟာ စာသင်ခန်းထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား" ဆိုတာပဲ ဖြစ်နေပါတယ်။
(လီကွမ်းယု)
(သမ္မတကြီးနဲ့ လက်ထောက် ဆရာဌေးဦးတို့ဆီ ရောက်အောင် ပို့ပေးကြပါကွယ်တို့ရယ်။)

ကြွားသတင်း


စာအုပ်ကို အကဲစမ်းတဲ့ အနေနဲ့ ပထမအကြိမ် တစ်ထောင်ပဲရိုက်တာ၊ လီနဲ့ဇင် တွဲထွက်လာတော့ တစ်ပတ်မပြည့်ခင် ပြတ်ထွက်သွားရော တဲ့။ ထပ်ရိုက်နေရပြီ။ အားပေးကြချက်တော့။ ကျေးဇူးတင်ရပါတယ်။

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်အတွက် လူတစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်



အခန်းတိုင်းမှာ ရောင်စုံဓာတ်ပုံတွေ ထည့်ထားတဲ့အတွက် စာအုပ်ဈေးကြီးသွားရတယ်လို့ ဆရာကိုကျော်စွာဝင်းက အသိပေးလာပါတယ်။ လီရဲ့ ဒုတိယစာအုပ်က ရောင်းဈေး ၅၀၀၀ိ ပါတဲ့။ ကိုယ်တိုင် စာအုပ်ကို မမြင်ရသေးပါ။ ဈေးကတော့ မှန်းတာထက် ပိုသွားပါတယ်။ မျှပြီး ဖတ်ကြပေါ့။ စာအုပ်ကရတဲ့ စာမူခကိုတော့ တစ်နေရာမဟုတ် တစ်နေရာ ပြန်လှူမှာပါ။ ကုသိုလ်လို့သာ သဘောထားကြပေတော့ လို့။

********
Pyae Sone Malun ။ ။ အရှင်ဘုရား ဒီမှာဘယ်တော့လောက်ရနိုင်မလဲ ဘုရား.

စင်္ကာပူက စာဖတ်ပရိသတ်တွေအတွက် ဒီလ၊ တနင်္ဂနွေ တစ်ရက်ရက် အချိန်သတ်မှတ်ပြီး ကျောင်းမှာ အမှတ်တရ လက်မှတ်ထိုးပေးဖို့ စီစဉ်ကြည့်ပါမယ်။ စိတ်ဝင်စားသူ၊ လာနိုင်သူ လာနိုင်ပါတယ်။ အခုတော့ လက်ထဲ စာအုပ် မရောက်လာသေးပါ။

Than Htut။ ။ မြန်မာပြည်မှာ စာအုပ်တွေက ဖြစ်သင့်တာထက် ဈေးပိုနေတယ်လို့ ဆိုသူတွေက ဆိုကြတယ်။
ကျနော်ကတော့ စာအုပ်ဝယ်လို့ကုန်တဲ့ပိုက်ဆံ မနှမြောပါ၊ ဘာလို့လဲဆိုတော့ ဒါက investmentဖြစ်ပါတယ်။
ကျနော်တို့နိုင်ငံအတွက် အသိပညာဆိုင်ရာ ရင်းနှီးမြှပ်နှံမှုတွေ အမြောက်အမြားလိုအပ်နေပါသေးတယ်။

Zin Wai Thaw။ ။ ဒါတောင် စထရိတ်တိုင်းအတွက် ပေးရတဲ့စရံငွေကို ဒေါက်တာလီက စပွန်ဆာခံလို့။ အရင်စာအုပ်တုံးက အိပ်စိုက်ပါ။

"လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" စာအုပ်နဲ့ ကြိုဆိုလိုက် ပါသည်


ကြုံတောင့်ကြုံခဲ ရွေးကောက်ပွဲ စည်းရုံးရေးရာသီကို ဇင်ဝေသော် ဘာသာပြန် သည့် လီကွမ်းယု၏ "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" စာအုပ်နဲ့ ကြိုဆိုလိုက် ပါသည်။
ဖြန့်ဖြန့်ချင်း ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများမှ အော်ဒါများ အဆက်မပြတ် ဝင်နေသည်ဟု ကြားသိရသဖြင့် စာဖတ်ပရိသတ်ကို ကျေးဇူးတင်ရ၊ ကိုယ်တိုင် လည်း ဝမ်းသာရ ဖြစ်ရပါသည်။
မြန်မာပြည်မှာ စီးတီးမတ်များအပါအဝင် စာအုပ်ဆိုင်ကြီးတိုင်းမှာ ရနေပါပြီ။ စင်္ကာပူမှာတော့ ဒီလ၊ ရက် ၂၀ ကျော်မှ ရနိုင်မယ်ဖြစ်ကြောင်း အသိပေးအပ် ပါသည်။


ဦးသန်းရွှေ အသက်ရှင်နေသေးရင် တရုတ်သမိုင်းကို လေ့လာပါ။


ဦးသန်းရွှေ အသက်ရှင်နေသေးရင် တရုတ်သမိုင်းကို လေ့လာပါ။
မေး ။ ။ ထိပ်တန်းအဆင့်က အရာရှိကြီးတွေ သဘောထားချင်း မတိုက်ဆိုင်လို့ ကွဲသွား တာမျိုးရော မဖြစ်နိုင်ဘူးလား။ ဝမ်ကျားပေါင် ရာထူးရှိနေစဉ်တုန်းက သူဟာ နိုင်ငံရေး ပြုပြင် ပြောင်းလဲ လိုသူ တစ်ယောက်အနေနဲ့ တွေ့မြင်ခဲ့ရတယ်။ ဒီမိုကရေစီနဲ့ တရုတ်လူမျိုးတွေရဲ့ စရိုက်လက္ခဏာတွေ အကြောင်းတောင် သူက ဆက်စပ် ပြောပြနေသေးတယ်။
ဖြေ ။ ။ ဒါပေမဲ့ သူက နံပါက်တစ် မဟုတ်ဘူး။ နံပါက်သုံးအဆင့်ပဲ ရှိတယ်။ နံပါက်သုံးအဆင့်က ဒါမျိုး ပြောတယ်ဆိုတာကလည်း ကောင်းတဲ့အချက်ပါပဲ။ အဲဒီတုန်းက ကျန်ဇီမင်းက အာဏာကို ကိုင်ထား တုန်းပဲ။ သူတို့ ထိပ်တန်းအဆင့် အရာရှိကြီးတွေကြားမှာ ဝမ်ကျာင်းပေါင်နဲ့ သဘောထား တိုက်ဆိုင်တာ ဆိုလို့ တစ်ယောက်စနှစ်ယောက်စပဲ ရှိမယ်ထင်တယ်။ သူတို့အားလုံးဟာ စေ့စေ့စပ်စပ် ရွေးချယ်ခံထားရတဲ့ လူတွေချည်းပဲ။ ဟုတ်ပြီ၊ ဒီစနစ်ဟောင်းကို စွန့်ပြီး လူထုအကြိုက် လိုက်ကြစို့လို့ ပြောကြလိမ့်မယ် ထင်သလား။ ရွေးကောက်ပွဲဆိုတာ တစ်ယောက်ယောက်က ဝင်ပြိုင်ပြီး မထင်မှတ်ဘဲ နိုင်သွားတာမျိုးတွေ ရှိတတ်တယ်။ ဒါမျိုး သူတို့ လုပ်ကြမှာ မဟုတ်ပါဘူး။
(လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

လူတစ်ယောက်အတွက် လူတစ်ယောက်ရဲ့ အမှာစာ


“လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်” ကို ဘာသာပြန်ပြီးချိန်နဲ့ ထုတ်ဝေချိန် က တော်တော်ကွာနေခဲ့ပါတယ်။ “နားဝင်မချို” စာအုပ်မှာ အတူတူ အလုပ်လုပ် ခဲ့တဲ့ အိတ်ဇက်ကူးတစ် ဒါရိုက်တာ ရှယ်လီ ဟူး ကင်ဆာရောဂါနဲ့ သေဆုံး သွားခြင်း၊ သူမရှိတော့တာနဲ့ ကလဲရာ ဝမ်းပါ စထရိတ်တိုင်းမှာ မရှိတော့ခြင်း၊ ဒီကြားထဲမှာ မစ္စတာလီသေဆုံးသွားခြင်း၊ ရှယ်လီရဲ့နေရာကိုဝင်လာတဲ့ ဆူဇန်နဲ့ ဆက်ဆံရေး ပြန်လည်စတင်ယူရခြင်း စတာတွေဟာ ဒီစာအုပ် ထုတ်ဝေဖို့ နှောင့်နှေးရခြင်းရဲ့အကြောင်းတွေဖြစ်ခဲ့ပါတယ်။ အခု အားလုံး သဘောတူညီမှုရပြီး စာဖတ်သူထံ အရောက်ပို့ပေးနိုင်ခဲ့တာကို ကျေနပ် ဝမ်း သာဖြစ်ရပါတယ်။

Hard Truth ထွက်စဉ်က မစ္စတာလီရဲ့ နောက်ဆုံးစာအုပ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အဲ့ဒီခန့်မှန်းချက်လွဲသွားပြီး “One Man’s View of the World” ထွက်လာခဲ့ပါတယ်။ ဒီစာအုပ်ကတော့ သေချာပေါက် သူ့ရဲ့ နောက် ဆုံး စာအုပ်ဖြစ်သွားခဲ့ပါပြီ။

စာဖတ်သူတွေကို ကြိုတင်အသိပေးချင်တာကတော့ လီကွမ်းယု၊ ဇင်ဝေသော် အတွဲလိုက် ထွက်လာလို့ “နားဝင်မချို” စာအုပ်လို ဒိုးဒိုးဒေါက်ဒေါက်ထင်ပြီး မဝယ်ယူမိစေဖို့ပါ။ ကမ္ဘာ့အမြင်လို့ ဆိုထားတဲ့အတိုင်း ဒီစာအုပ်ဟာ စင်္ကာပူ အရေးတင်မက ကမ္ဘာ့အရေးတွေပါ ဆွေးနွေးထားတာဖြစ်လို့ နယ်ပယ် ကျယ် ဝန်းပါတယ်။ ရှယ်လီ့စကားနဲ့ပြောရရင် “One Man’s View” က အင်တယ် လက်ကျူယယ် ဆန်တယ်၊ မင်းချက်ချင်း ဘာသာမပြန်နဲ့ဦး ဆိုတာပါ။ ဒီစာအုပ်မှာ အဓိကဆွေးနွေးသွားတာက တရုတ်၊ အမေရိကန်တို့ရဲ့ အားနည်း ချက်၊ အားသာချက်တွေ ဖြစ်ပြီး လာမယ့် နှစ်နှစ်ဆယ်၊ သုံးဆယ်အတွင်း ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးကို အဓိက အကျိုးသက်ရောက်မှုရှိနေမှာကလည်း သူတို့ပဲလို့ သုံးသပ်သွားပါတယ်။

“One Man’s View” ကို တစ်အုပ်လုံး ဘာသာပြန်ထားတာ မဟုတ်ပါဘူး။ ဥရောပဆိုင်ရာ တစ်ခန်းလုံး အပ်ကြောင်းထပ်နေပြီထင်လို့ ချန်ထားခဲ့ပါတယ်။ စင်္ကာပူနိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေကလည်း Hard Truth (နားဝင်မချို) ကို ဖတ်ပြီးသူတို့အတွက် သိပ်မလိုအပ်လှဘူးထင်လို့ အင်တာဗျူး အခန်းတွေကိုပဲ ရွေးထုတ်ဘာသာပြန်ခဲ့ပါတယ်။ နောက်ဆုံး စထရိတ်တိုင်း မှာ ဖော်ပြခဲ့တဲ့ မစ္စတာလီနဲ့ အနောက်ဂျာမဏီ အဓိပတိဟောင်း Helmut Schmidt(1974-1982) တို့ရဲ့ စကားပြောခန်းကိုလည်း မှတ်သားစရာပါတယ် ဆိုပေမယ့် မြန်မာစာဖတ်ပရိသတ်နဲ့ မဆိုင်လှတာရယ်၊ စာမျက်နှာချွေတာ ချင်တာရယ်ကြောင့် ချန်လှပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ တရုတ်၊ အမေရိက၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှနိုင်ငံများနဲ့ သူ့ရဲ့ သေတမ်း စာဆန်ဆန် တစ်ကိုယ်ရေဘဝအကြောင်းတွေကို အပြည့်အဝ ဘာသာပြန်ခဲ့ ပါတယ်။

နောက်ပြီး ဒီစာအုပ်မှာ နာမ်စားနှစ်မျိုးခွဲသုံးခဲ့ပါတယ်။ သာမန်ဝါကျတွေ ထဲမှာ ပါတဲ့ “I” ကို ကျွန်တော်နဲ့ ဘာသာပြန်ပြီး အင်တာဗျူးထဲမှာပါတဲ့ “I” ကိုတော့ အရင်အတိုင်း “ငါ” လို့ပဲ ဘာသာပြန်ခဲ့ပါတယ်။

ဒီစာအုပ်က နယ်ပယ်ကျယ်ပြန့်ပြီး အင်တယ်လက်ကျူယယ် ဆန်တယ်ဆိုပေ မယ့် ဒိုးဒိုးဒေါက်ဒေါက်ပြောတတ်တဲ့ လီကွမ်းယုရဲ့ဟန်ကြောင့် ဟန်တင်တန်လောက် မလေးလံတာကတော့ အမှန်ပါ။ နောက်ပြီး ဘာသာပြန်သူ တစ်ယောက်ရဲ့ တာဝန်တစ်ရပ်အနေနဲ့ လီကွမ်းယုရဲ့ လေယူလေသိမ်းကို တတ်နိုင်သရွေ့ နီးစပ်နေအောင်တော့ ကြိုးစားခဲ့ပါတယ်။

ဒီစာအုပ်မြန်မာဘာသာပြန် ထုတ်ဝေခွင့်ပြုခဲ့တဲ့ SPH (Singapore Press Holdings)၊ မန်နေဂျင်းဒါရိုက်တာ ဆူဇန် လောင်း (Ms Susan Long) နဲ့ ဂျူးလီယက် လီ (Ms Juliet Lee)တို့ကို ကျေးဇူးတင်ရှိပါတယ်။
နောက်ပြီး ကော်ပီရိုက်ရဖို့ လူအား၊ ငွေအားနဲ့ အချိန်အားတွေပါ ပေးခဲ့တဲ့ မစ္စတာ ဒေါက်တာဂျွန် လီ (Lee Chuan Guan) ကိုလည်း ကျေးဇူး အထူး တင်ရှိပါတယ်။
နောက်ဆုံး “နားဝင်မချို” ကို တခဲနက် အားပေးခဲ့ကြတဲ့ (ကြားသိရသလောက် ဆိုရင် ကော်ပီတောင် ကူးရောင်း၊ ကူးဖတ်ကြရပါသတဲ့) စာဖတ်ပရိသတ် ကို ကျေးဇူးတင်ရှိကြောင်းကတော့ ပြောဖွယ်ပင် လိုတော့မည်မထင်ပါ။

ဇင်ဝေသော်
(10/6/2015)

ဒေါက်တာဂျွန်လီရဲ့ လက်ရှိဘာသာပြန်စာအုပ် (လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်) အတွက် အမှာစာ....


PREFACE

In March 2015, we witnessed the over-pouring of emotions by Singaporean, young and old, with the demised of our founding Prime Minister LEE Kuan Yew. What was equally enlightening was the show of respects overseas. Foreign nations observed a moment of silence at their respective National Assemblies/Parliaments and some nations, raising their national flags to half-mast, the highest respects reserved for national leaders.

The world has lost another illustrious leader, whom we loved and respects, but his legacy should live on, transcending space and time, the like of Mahatma Gandhi, Mao Tse-Tung, Winston Churchill and George Washington.

As a Singaporean, I am honoured and humbled to have a part in disseminating Mr. LEE legacy far and wide. However, this would not have come to passing for not the enthusiasm of my mentor, Zin Wai Thaw. Having read Mr. LEE book - “HARD TRUTH: To keep Singapore Going” (2011), he was particularly keen to have it translated into Myanmar language, so that his fellow countrymen could be avail of the wisdom and experience of Mr. LEE. As a man of principle, Zin Wai Thaw, insisted on doing it the right way, that is, to have the license to translate “HARD TRUTH’. Thanks to Singapore Press Holding, the copyright holder for all of Mr. LEE books, license to translate into Myanmar language was granted.

The official translated version of the “HARD TRUTH” was officially launched in Yangon on October 2013. A few months earlier Mr. LEE latest book, “One Man’s View of the World” was launched and Zin Wai Thaw was already discussing about doing a translated version of it.
Once again, many thanks to Singapore Press Holding, license was granted for this translation “One Man’s View of the World“to Zin Wai Thaw.

Not the least, this translation is a humble tribute to Mr. LEE Kuan Yew (1923-2015), a visionary leader who seeks so little for himself but care so much for Singapore and humanity.

စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ပတ်သက်လို့ ကောက်ချက်တွေ အကြိမ်ကြိမ် လွဲခဲ့တဲ့ ဆရာကြီးလီဟာ အခုလည်း.........


မြန်မာ
ဗိုလ်ချုပ်ကြီးများ လမ်းကြောင်းပြောင်းခြင်း

"နိုင်ငံရဲ့ စီးပွားရေးတံခါးဖွင့်မှုကို အဓိကအားရှိစေမယ့် နောက်အချက် တစ်ချက် ကတော့ နိုင်ငံခြားမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေပါပဲ။ မြန်မာပြည်ထဲကနေ ထွက်ပြေးသွားကြတဲ့ အဲဒီအုပ်စုဟာ အတော်ဆုံးမြန်မာလူမျိုးတွေ ပါ။ သူတို့က မွေးလာတဲ့ကလေးတွေက နိုင်ငံတော်အပေါ်ထားရှိရမယ့် တာဝန် နဲ့ဝတ္တရားတွေကို မသိတော့ဘူး ဆိုရင်တောင်မှ မြန်မာပြည်ကနေ ငယ်စဉ်မှာ ထွက်ခွာခဲ့သူတွေ၊ အရွယ်ရောက်မှ ထွက်ခွာခဲ့သူတွေကတော့ လူမျိုးရေးအသိ နဲ့ လူမျိုးရေးခံယူချက် မြဲမြဲ မြန်မြန်ရှိနေကြပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတွေနဲ့အတူ အဲဒီ နိုင်ငံခြားရောက်မြန်မာတွေကိုပါ ပြန်လာအောင် စည်းရုံးပြီး စီးပွားရေး စတင်လုပ်ကိုင်နိုင်မယ်ဆိုရင် နိုင်ငံအတွက် တကယ့်အခွင့် အရေးကြီး တစ်ခုဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။"

အဘတို့ကို ပြောတာ မဟုတ်၊ ဗီယက်နမ်ကို ပြောနေတာပါ


ဗီယက်နမ်
ဆိုရှယ်လစ်စနစ်ကျန်စိတ်ဓာတ်နဲ့ သော့ခတ်ခံနေရတဲ့နိုင်ငံ

"ပါတီရဲ့ အဓိကကျတဲ့နေရာတိုင်းကို စစ်အတွင်း အသက်မသေဘဲ ကျန်ရှိနေခဲ့တဲ့ စစ်အရာရှိကြီးတွေက ယူထားပါတယ်။ ကံမကောင်း အကြောင်းမလှစွာပဲ၊ သူတို့ရယူထားတဲ့ အစိုးရပါတီတွင်းအဆင့်တွေက စီးပွားရေးစီမံခန့်ခွဲမှုမှာ တော်လို့၊ စီမံအုပ်ချုပ်မှုမှာ တော်လို့မဟုတ်ဘဲ စစ်အတွင်း နှစ်ပေါင်း (၃၀) ကာလ တောင်နဲ့မြောက်ဗီယက်နမ်ကြား ဥမင်လှိုဏ်ခေါင်းကြီးတွေ ဖောက်ရာမှာ ဘယ်သူက ပိုပြီးရှည်ရှည်ဖောက်နိုင်သလဲဆိုတာအပေါ် မူတည်ပြီး ရာထူးအကြီး၊ အသေးတွေ ခွဲဝေရယူထားတာ ဖြစ်နေပါတယ်။ သူတို့နဲ့ တရုတ်အရာရှိတွေ တူညီတာဆိုလို့ အကျင့်ပျက် လာဘ်စားမှုပဲ ရှိပါတယ်။ ဒီစနစ်ကို သူတို့ကောင်းကောင်း ကိုင်တွယ်ထားနိုင်မယ်လို့ ယုံကြည်ထားကြတဲ့ အစိုးရပါတီထိပ်သီး အရာရှိကြီးတွေဟာ နိုင်ငံရေးမလုပ်တဲ့သူတွေက ရုတ်တရက်ကြီးပွားချမ်းသာ သွားကြတာကိုတွေ့ပြီး ယောင်ဝါးဝါးဖြစ်သွားကြရင်း အကျင့်ပျက်လာဘ်စားမှုလည်း စတင်လာခဲ့တော့တယ်။ ဥပမာ အကောက်ခွန်အရာရှိကြီးက ကားကိုမှောင်ခိုသွင်းမယ်၊ ပြီးရင် ရတဲ့အမြတ်ကို ဝေစားမယ်။ ဒါမျိုးတွေပါ .... ။"

ထိုင်းလူမျိုးတွေရဲ့ သမိုင်းသိထားမှ


မေး။ ။ ၁၉၉၇ ခု၊ အာရှမှာ စီးပွားရေး အကျပ်ရိုက်တော့ အပြောင်းအလဲ တစ်ခု ဖြစ်သွားခဲ့တယ်။ တော်တော်များများက အမေရိကန်တွေကလာပြီး ထိုင်းကို အကူအညီပေး (ကယ်တင်) လိမ့်မယ်လို့ ထင်ထားခဲ့တာ။ တကယ်တော့ အမေရိကန်က ရောက်မလာခဲ့ဘူး။ အဲဒီနောက် ထိုင်းက တရုတ်ကို ပိုပြီး အားကိုးရမယ့် အနေအထားမျိုး ရှိလာလိမ့်မယ်လို့ သုံးသပ်ခဲ့ကြတယ်။

ဖြေ။ ။ ဒါက ဒီလိုလေ၊ ဗီယက်နမ် စစ်ပွဲပြီးသွားတော့ အမေရိကန်တွေ အတွက် ထိုင်းရဲ့တန်ဖိုး (အသုံးဝင်မှု) ကလည်း လျော့ကျသွားပြီ။

မေး။ ။ ဒီ ဒေသတွင်းမှာ သြဇာလွှမ်းမိုးမှု ကြီးကြီးလာတဲ့ တရုတ်ကို ထိုင်းက ဘယ်လို တုန့်ပြန်မယ်လို့ ထင်မိပါသလဲ။

ဖြေ။ ။ ဒါက ထိုင်းလူမျိုးတွေရဲ့ သမိုင်းကို သိထားမှရမယ်။ ဂျပန်တွေအားကောင်းစဉ် အရှေ့တောင်အာရှကို ၀င်တိုက်မယ် လုပ်တော့ ဂျပန်စစ်သားတွေကို သူတို့နိုင်ငံထဲ ၀င်ခွင့်ပြုခဲ့တယ်။ ဒါ့ကြောင့် ဂျပန်စစ်သားတွေအတွက် မလေးရှားနဲ့ စင်္ကာပူထဲဝင်ဖို့ ပိုလွယ်ကူသွားတယ်။ ဒီတော့ ဘယ်သူနိုင်င်ခြေရှိသလဲ၊ ဘယ်သူက ပိုပြီး အားကောင်းသလဲ၊ ထိုင်းကတော့ အဲဒီလူနဲ့ ပေါင်းမှာပဲ။

လက်တွေ့ကျတယ်


မေး ။ ။ စီးပွားရေးနဲ့ ပတ်သက်လို့ အတွေးအမြင်တွေ ပိုကြွယ်ဝ လာကြပြီဆိုတော့ အမှန်တကယ် ဆန်းသစ်တီထွင် မှုတွေဖြစ်တဲ့ တွစ်တာလို ဖေ့(စ်)ဘုတ်လို ပွဲစဉ်တစ်ခုလုံး ပြောင်းလဲနိုင်မယ့် တီထွင် မှုမျိုး တွေ စင်္ကာပူက လုပ်လာနိုင်မလား။

ဖြေ ။ ။ မဖြစ်နိုင်ဘူး။ ကမ္ဘာမှာ ဘီးလ်ဂိတ် ဘယ်နှယောက်များ ရှိနေလို့လဲ။ စင်္ကပူမှာ လူဦးရေသုံးသန်းပဲရှိတယ်။ တရုတ်ပြည်က ၁ .၄ ဘီလီယံရှိတယ်။ ဒါတောင် အမေရိကန် တွေလောက် မတီထွင်နိုင်ဘူး။ ဘာကြောင့် အမေရိကန်တွေ စွမ်းတာလို့ထင်သလဲ။ အမေရိကဆိုတာ ပထမဆုံး အခြေချ နေထိုင်ခဲ့ကြသူတွေကစလို့ ဒီနေ့အထိ ထိပ်ဆုံးကလူတွေ သွားရောက် နေထိုင်တဲ့နေရာ ဖြစ်နေလို့ပဲ။

စီမံခန့်ခွဲမှုက မတိမ်းမယိမ်းဆိုတော့ မီတော့မှာပါ (စင်္ကာပူကို)


(ကမ္ဘာ့ စီးပွားရေး။ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်၊ လီကွမ်းယု)

မေး ။ ။ အိမ်ဈေးက လစာတိုးမြင့် ပေးမှုထက် အများကြီး ပိုမြင့်မနေသင့်ဘူး၊ အများကြီး မြင့်နေရင် သာမန်အလုပ် သမားတစ်ယောက်အနေနဲ့ အိမ်ဝယ်နိုင် မှာ မဟုတ်တော့ဘူးဆိုတဲ့ အမြင်လည်းရှိကြတယ်။ ပြည်တွင်း ၀ယ်ယူမှု ဈေးကွက် အရဆိုရင် ဒီအဆိုဟာ လုံးဝမှန်ပါတယ်။ အိမ်ဈေးကွက်ကို နိုင်ငံခြားသားတွေ ၀ယ်ယူနိုင်ဖို့ပါ တံခါး ဖွင့်ပေးလိုက်တော့ အိမ်ဈေးနဲ့ လူထုဝင်ငွေက အလှမ်းဝေးသွားတယ်။ နောက်ပိုင်းမှာဆိုရင် ဒီထက် အလှမ်းပို ဝေး သွားစရာရှိတယ်။ ဒီလိုဖြစ်လာမယ့် အန္တရာယ်တွေ ရှိမလာနိုင်ဘူးလား။

ဖြေ ။ ။ ရှိတယ်။ ဒါပေမယ့် စင်္ကာပူရီးယန်း တွေလဲ သူတို့အိမ်တွေကနေ အမြတ်အစွန်းတွေ အများကြီး ရကြတယ်။ သူတို့တတွေက အိမ်ဈေးက ကြီးလွန်းတယ်၊ အိမ်ဈေးက တဖြည်းဖြည်းနဲ့ကျသွားမှာဘဲလို့ ထင်ရင် အိမ်ကနေ ငွေဖြစ်အောင်လုပ်ဖို့ အခွင့်လမ်းလည်း သူတို့မှာ ရှိနေမှာပဲ။ အိမ်ကို ချက်ချင်း ရောင်းလို့ရတယ်။ ဒီကြားထဲမှာ အိမ်ကို ငှားထားလို့ရတယ်၊ အိမ်ဈေးက တရိပ်ရိပ် တက်လာမှာဘဲလို့ ထင်ရင် အိမ်ကို မရောင်းနဲ့ ပေါ့။ ဒါက နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်မှု ယန္တယားအပေါ် ဘယ်လောက် ယုံကြည်မှုရှိသလဲ ဆိုတဲ့ အချက်အပေါ် မူတည်တယ်။



မေး ။ ။ ကိုယ့်မှာ အိမ်ရှိနေပြီးသားဖြစ်မှသာ အိမ်ကိုရောင်းလို့ရမှာပေါ့။ အိမ် မရှိ သေးဘဲ အခုမှ ၀ယ်ယူဖို့ ကြိုးစားနေရတဲ့ စင်္ကာပူရီးယန်း တွေမှာ ဒီလို အခွင့်အရေး မျိုး မရှိကြဘူး။

ဖြေ ။ ။ အိမ်မရှိသေးတဲ့ စင်္ကာပူရီးယန်းတွေ အနေနဲ့ ဘုတ်အဖွဲ့ရဲ့ စံချိန် စံညွန်းနဲ့ ကိုက်ညီရင် အစိုးရချေးငွေယူပြီး (HDB) အိမ်ခန်းတွေ ၀ယ်လို့ရနေတာပဲ။

ကျွန်တော့်ကိုယ် ကျွန်တော် ဘာသာမဲ့ (ဖန်ဆင်းရှင် မယုံကြည်)လို့ မသတ်မှတ် ပါဘူး


ကျွန်တော့်ကိုယ် ကျွန်တော် ဘာသာမဲ့ (ဖန်ဆင်းရှင် မယုံကြည်)လို့ မသတ်မှတ် ပါဘူး။ ထာဝရဘုရားသခင်နဲ့ ပတ်သက်လို့ လက်ခံတာမဟုတ် ငြင်းဆန်တာ မဟုတ်ပါ။ လူပြောသူပြောအရ ကမ္ဘာဆိုတာ မဟာပေါက်ကွဲမှုကြီး ကနေ စတင်ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ လူသားဟာ နှစ်ပေါင်းနှစ်သောင်းကျော် အတွင်းမှာ တွေးခေါ် စဉ်းစားတတ်တဲ့ သတ္တ၀ါ၊ မိမိကိုယ်ကို သုံးသပ် ဆင်ခြင်နိုင်တဲ့ သတ္တ၀ါ အနေနဲ့ ဖွံ့ဖြိုးတိုးတက်လာ ခဲ့ပါတယ်။

ဒါဟာအဆင့်ဆင့်ပြောင်းလဲမှု ဒါဝင်ဝါဒရဲ့ အကျိုးဆက်ပဲလား၊ ဒါမှမဟုတ် ဒါဟာ ထာဝရ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒီတော့ ထာဝရဘုရားသခင်ကို ယုံကြည်သူတွေနဲ့ တွေ့လာရင်လည်း ပျက်ရယ်မပြုပါဘူး။ ထာဝရဘုရားသခင် ရှိတယ်ဆိုတာကို ယုံကြည်ဖို့ မလိုအပ် သလို မရှိပါဘူးလို့ငြင်းဆန်နေစရာလည်း မလိုအပ်ပါဘူး။


သူတို့ဘာသာထဲဝင်ဖို့ စည်းရုံးနေကြတဲ့ ကျွန်တော့်ဘေးက လူတွေလည်း မျှော်လင့်ချက် မရှိဘူး ဆိုပြီး ကျွန်တော့်ကို စည်းရုံးဖို့ လက်လျော့သွားကြပါပြီ။ ကလေးဘ၀ကတည်းက ရင်းနှီးလာခဲ့တဲ့ အမျိုးသမီး မိတ်ဆွေတစ်ယောက် ကျွန်တော့်ဇနီးမှာလည်းရှိပါတယ်။ သူကလည်း ကျွန်တော်ဇနီးကို သူတို့ဘာသာထဲဝင်ဖို့ အမြဲနားချနေတတ်တယ်။ နောက် ဆုံးတော့ ကျွန်တော့်ဇနီးက အဲဒီ အမျိုးသမီးကို အတွေ့မခံတော့ပါဘူး။ "အတော်စိတ်ပျက်စရာကောင်းတာပဲ၊ တွေ့လိုက်တိုင်း ခရစ္စယန် ဘာသာထဲ ၀င်ဖို့ပဲပြောနေတယ်" လို့ ကျွန်တော့််ဇနီးက ပြောပါတယ်။ ကျွန်တော့်ဇနီးကလည်း ဒုတိယ ဘ၀ရှိတယ်ဆိုတာကိုမယုံကြည်ပါဘူး။ (ဒုတိယဘ၀) မရှိဘူးဆိုစေဦးတော့ ရှိတယ်လို့ ယုံကြည်ခြင်းက စိတ် သက်သာရာ ရစေတယ်ဆိုတာကိုတော့ သူမက၀န်ခံပါတယ်။

(One Man's View of the World)

နွေရောက်မလာတဲ့ နွေဦး


(လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်၊ လီကွမ်းယု)

"တရုတ်တွေက အဲဒီကို သွားပြီး ရင်းနှီးမြှုပ်နှံမယ်၊ ရသမျှ သယံဇာတကို တူးယူမယ်"

မေး။ ။ အာရပ်ကမ္ဘာထဲမှာ ဘယ်လိုနိုင်ငံရေးကစားကွက်တွေ ရှိလာနိုင်မယ် လို့ ထင်ပါသလဲ။ အာရှတိုက်လိုပဲ အရှေ့ အလယ်ပိုင်းမှာ အမေရိကန်နဲ့တရုတ် အားပြိုင်မှုတွေ ရှိလာ နိုင်မလား။

ဖြေ။ ။ ဘယ်အင်အားကြီးနိုင်ငံမှ ပါဝင်ပတ်သက်လို့ မရဘူး။ အဲဒီဒေသ တွင်းမှာ စိုးမိုးထားနိုင်တဲ့ အင်အား က အီရန်မှာပဲ ရှိတယ်။ တရုတ်လည်း အရှေ့အလယ်ပိုင်းကိုမသွားနိုင်ဘူး။ သိပ်ဝေးလွန်းတယ်။ အမေရိကန်တွေ သွားရင်လည်း သူတို့ အလံတွေ မီးရှို့တာခံရမယ်။ သူတို့သံအမတ်တွေ အသတ်ခံရမယ်။ လစ်ဗျားမှာလည်း ဒီအတိုင်း ဖြစ်ခဲ့တာပဲ။

မေး။ ။ အဲဒီ ဒေသထဲမှာ အမေရိကန်လွှမ်းမိုးမှုနဲ့ အမေရိကန်တွေရဲ့ စိတ်ဝင် စားမှု ကုန်ခမ်း လာနေပြီလား။

ဖြေ။ ။ သူတို့ သယံဇာတတွေကြောင့် အမေရိကန်တွေရဲ့ စိတ်ဝင်စားမှု ကတော့ လျော့ကျသွားမှာ မဟုတ်ဘူး။ သူတို့ နိုင်ငံထဲမှာ ရှဲ(လဲ) ဂက်(စ်)(Shale gas) တစ်မျိုး တွေ့ထားပြီ လို့ အမေရိကန် တွေကပြောတယ်။ ဒါဆိုရင် စွမ်းအင်အတွက် ဘယ်သူ့ကိုမှ အားကိုးစရာ မလိုတော့ဘူး။ ဒါပေမဲ့ နိုင်ငံ အများစုမှာ ရှဲ(လ်)ဂက်(စ်)ကမရှိဘူး။ ဒီတော့ ရေနံဟာ အရေးကြီးနေဦး မှာပဲ။ လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ တခြားကူးသန်းသွားလာရေး ယာဉ်တွေ အတွက် ရေနံက လိုနေဦးမှာပဲ။



မေး။ ။ တရုတ်ပြည်ကလည်း ဒီအထဲကို ၀င်ပါလာချင်နေမှာပဲ။

ဖြေ။ ။ အမှန်ပဲပေါ့။ ဒါပေမဲ့ သူတို့အတွက် ခရီးအကွာအဝေးက မနည်းလှဘူး ဆိုတော့ အင်အား ဖြည့်တင်းပေးနိုင်ဖို့မလွယ်ကူလှဘူး။ တရုတ်တွေက အဲဒီကို သွားပြီး ရင်းနှီးမြှုပ်နှံမယ်၊ ရသမျှ သယံဇာတကို တူးယူမယ်။ အာဖရိကမှာလည်း ဒီအတိုင်းပဲ သူတို့လုပ်နေကြတာပဲ။ ရေနံနဲ့ အခြားအခြေခံ လိုအပ်ချက်ပစ္စည်းတွေရဖို့ ကွန်ဖရင့်ခန်းမ ကြီးတွေ ဆောက်ပေး၊ ပြည်သူ့ခန်းမတွေ ဆောက် ပေး လုပ်နေကြတာ။

ဇင်ဝေသော်

ကဲ သဘောတူကြသလား


မေး ။ ။ မြောက်ကိုရီးယားခေါင်းဆောင်တွေအနေနဲ့ လစ်ဗျားဆီကနေ
သင်္ခန်းစာယူနိုင်သလို မြန်မာဆီကလည်း သင်္ခန်းစာယူနိုင်မယ် မဟုတ်ဘူး လား။ သူတို့စစ်အာဏာရှင်တွေလည်း နောက်ဆုံး စိတ် ပြောင်းခဲ့ကြတာပဲ။

ဖြေ ။ ။ ဗမာစစ်ခေါင်းဆောင်တွေက ဒီပုံအတိုင်းဆိုရင် ဘယ်မှရောက်မှာ မဟုတ်တော့ဘူးဆိုတာ သဘောပေါက်လို့ပြောင်းသွားကြတာ။ ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်နေတာကို သူတို့ တွေ့ရတယ်။ ဒီပုံစံနဲ့ ဆက်ပြီးခရီးဆက်လို့ မရနိုင်တော့ဘူး၊ နောက်ဆုံး ပြိုလဲကျသွားမှာဆိုတာကို သူတို့ သိသွားကြ တယ်။ ဒါပေမဲ့ မြောက်ကိုရီးယားတွေက ယဉ်ကျေးမှုအရရော ပုံသဏ္ဍာန်အရပါ မတူ ကွဲပြားနေကြတယ်။ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေ လုံခြည်နဲ့ခေါင်းပေါင်း ဝတ် ထားတာကို ကြည့်၊ ကိုရီးယားတွေလောက် ရက်စက် ခေါင်းမာပုံ မပေါက်ဘူး။ လူတွေချင်း မတူကြဘူး။

မြောက်ကိုရီးယား (သို့မဟုတ်) ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတဲ့နိုင်ငံ


(လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်၊ လီကွမ်းယု)

မြောက်ကိုရီးယားကို ကျွန်တော် မရောက်ဖူးသလို သွားချင်စိတ်လည်း တစ်ခါ မှ မပေါက်ခဲ့ဖူးပါဘူး။ အလွန်ထူးဆန်းလှတဲ့နိုင်ငံဖြစ်ပါတယ်။ တရုတ်ပြည်က လူတွေတောင် အခွင့်အရေးတချို့ကို ရရှိကြတယ်။ မြောက်ကိုရီးယားနိုင်ငံ လူထုတစ်ရပ်လုံးဟာ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်၊ လုံးဝဖိနှိပ်ခြင်းကို ခံနေကြ ရပါတယ်။ တိတိကျကျပြောရရင် ကင်(မ်)မိသားစုဟာ တစ်နိုင်ငံလုံးကို သုဿာန်တစပြင်မှာ ကျိန်စာတိုက်ပြီး အုပ်ချုပ်သလိုကို အုပ်ချုပ်ခဲ့ကြတာပါ။........

ဒီလို ပွင့်လင်းလွတ်လပ်လာတဲ့ ခေတ်ကြီးထဲမှာ သူတို့ရဲ့ ဆင်သေကို ဆိတ် သားရေနဲ့ဖုံးအချိုးနဲ့ ဒီလောက်ကြီး အချိန်ကြာအောင် အုပ်ချုပ်ထားနိုင်တာ ကိုပဲ အတော်ကြီး ထူးဆန်းနေပါတယ်။ သူတို့မှာ အိုင်ဖုန်းမရှိ၊ ဂြိုဟ်တုစလောင်းတီဗွီ မရှိ။ သူတို့မှာ ဒါတွေရှိရင်လည်း အလိမ်အညာဇာတ်လမ်းကြီး ဆက်ကလို့ ရမှာမဟုတ်တော့ပါဘူး။.................................


မြောက်ကိုရီးယားလူထုတစ်ရပ်လုံးဟာ ဆယ်စုနှစ်များစွာ သူတို့ အလိမ်ခံလိုက် ရပြီဆိုတဲ့ အသိနဲ့ အိပ်ယာကလန့်နိုးလာကြချိန်မှာတော့ ကင်(မ်)မိသားစုကို အဟုတ်ကြီးမှတ်ပြီး ကိုးကွယ်ခဲ့တဲ့ သူတို့တတွေဟာ ဘယ်လောက် ဦးနှောက်မဲ့ခဲ့ကြတယ်၊ ကမ် (မ်) မိသားစုပြောတဲ့ ကမ္ဘာ့စံပြနိုင်ငံတော်ကြီးကို ယုံကြည်ခဲ့ကြ ခြင်းဟာ ဘယ်လောက် ဆင်ခြင်တုံးတရား ကင်းမဲ့ခဲ့ကြတယ် ဆိုတာ နားလည်သဘောပေါက်လာကြပါလိမ့်မယ်။..................................

စစ်တပ်အင်အားရှိဖို့ အဓိက ဆိုတဲ့ပေါ်လစီနဲ့ သူတို့က စစ်တပ်ကို အင်အားဖြည့်ခဲ့ပေမဲ့ တောင်ကိုရီးယားရဲ့စီးပွားရေးအားအစွမ်းက သူတို့ထက် အများကြီးသာလွန်နေပါတယ်။....................................

ကိုယ့်မှာ လက်နက်ပဲရှိပြီး စီးပွားရေးနောက်ခံမတောင့်တင်းဘဲ စစ်ပွဲထဲ ဝင်သွားမယ်ဆိုရင် ဒီစစ်ပွဲကို ကြာရှည်ထိန်းမထားနိုင်ပါဘူး။ မြောက်ကိုရီး ယားက လူတွေလည်း အရူးတွေမှ မဟုတ်တာ၊ ဒါလောက်တော့ သဘောက်ပေါက်ကြပါတယ်။.....................................

ဇင်ဝေသော်

ဂျပန်လူမျိုးတွေ


ဂျပန်လူမျိုးတွေဟာ အတော်အထင်ကြီးစရာကောင်းပါတယ်။ ၂၀၁၁ခုနှစ် မတ်လ(၁)ရက်မှာ တိုဟိုကူ (Tohoku) ငလျင်လှုပ်တော့ ဂျပန် လူမျိုးတွေ ဘယ်လိုများတုံ့ပြန်မလဲဆိုတာကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေ ကြပါ တယ်။ ပျာယာခတ်နေတာလည်းမရှိ၊ အချောင်ဝင်ခိုတာမျိုးလည်းမရှိ၊ ကြေကွဲ
ဝမ်းနည်းစရာအဖြစ်အပျက်ကို တည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်ပြီး တစ်ယောက်ကို တစ်ယောက် ကူညီသွားကြတယ်။ ဒီလောက်အင်အားကြီးကြီး လှုပ်သွားတဲ့ ငလျင်ဘေးဒဏ်ကြားမှာ အဲသလောက် တည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်သွားတဲ့ လူမျိုး ကမ္ဘာမှာများများ စားစားမရှိနိုင်ဘူး။



ပြီးတော့ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားတဲ့နေရာမှာ ဂျပန်လူမျိုး တွေဟာ ပြိုင်ဘက်မရှိပါပဲ။ အဝေးထိန်းခလုတ်နဲ့ တီဗီစက်တွေ၊ ကားတွေကအစ နောက်ဆုံး စူရှီ(Sushi)အထိ အကောင်ဆုံးလုပ်နိုင်ကြတယ်။ အဖွဲ့အစည်းစိတ်ဓာတ်မှာ ဂျပန်ဟာ တစ်ခြားနိုင်ငံတွေ အားလုံးထက် သာတယ်။ ကိုရီးယား၊ တရုတ်တွေဟာ တစ်ယောက်ချင်း ဂျပန်ကို ယှဉ်ကောင်း ယှဉ်နိုင်မယ်၊ အဖွဲ့လိုက်ဆိုရင်တော့ သူတို့လည်း ဂျပန်တွေကို မယှဉ်နိုင်ဘူး။ ဒါတွေကြောင့် ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ သူတို့ရင်ဆိုင်နေရတဲ့ လူဦးရေပြဿနာကို သူတို့ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည် ထားခဲ့မိတယ်။ ကိုယ့်အားနည်းချက်ကို ဘာမှမ ပြင်ဆင်ဘဲ အိမ်နီးချင်း တိုးတက်နေတာကို ထိုင်ကြည့်နေတော့ ဘယ်လို ဆက်ယုံကြည်နေလို့ ရပါတော့မလဲ။ ဒီပြဿနာကို ဂျပန်တွေဖြေရှင်းလာနိုင်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်တော့ပါဘူး။ နှစ်တွေသာကုန်ဆုံး သွားတယ်၊ သူတို့လှုပ်ရှားမှု တစ်ခု မှမတွေ့ရဘူး။

အီရန်သာ အနုမြူဗုံး ရသွားရင်


မေး။ ။ နျူးကလီးယား ကိစ္စနဲ့ ပတ်သက်ပြီး အီရန်က အင်တာနေရှင်နယ် အဖွဲ့ အစည်းတွေနဲ့ အတူတကွလက်တွဲ အလုပ်လုပ်ဖို့ ငြင်းဆန်ရင် အမေရိကန် က အီရန်ကိုလည်း စစ်ရေးနဲ့ဝင်ရောက်ဖက်စွက် လာနိုင်တယ်လို့ ပြောနေကြ ပါတယ်။ ဒါကရော ဖြစ်နိုင်ပါသလား။

ဖြေ။ ။အီရန်သာ အနုမြူဗုံး ရသွားရင်တော့ အရှေ့အလယ်ပိုင်းတစ်ပိုင်းလုံး အကြီးအကျယ်ပြဿနာတက်ပြီ။ ဆော်ဒီကလည်း ပါကစ္စတန်တွေဆီက ဗုံးဝယ် မယ်။ အီဂျစ်ကလည်း တစ်နည်းနည်းနဲ့ ရအောင်လုပ်မှာပဲ။ အဲဒီ ဗုံးတွေနဲ့ အပြန်အလှန် သေကြေပျက်စီး ကုန်ကြမယ်ဆိုတာလည်း မြေကြီးလက်ခတ် မလွဲဘဲ၊ ဒီဗုံး တွေက အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်တဲ့ လူတွေ ရဲ့လက်ထဲမှာရှိနေမှ အလုပ်ဖြစ်တာ။ အရှေ့ အလယ်ပိုင်းက လူတွေဟာ အဲသလောက် စဉ်းစားတတ်တယ်လို့ ငါတော့ မထင်ဘူး။ တစ်ခုခုကစပြီး မှားပြီဆိုရင် တစ်တိုက်လုံး အနုမြူနဲ့ ပျက်စီးသွားနိုင်တယ်။ ဒါပေမဲ့ အမေရိကန်က အီရန်ကို ၀င်တိုက် မယ်လို့တော့ မထင်ပါဘူး။ အီရန်ရဲ့ အနုမြူကိစ္စကို ပိုပြီး စိုးရိမ်တကြီး ဖြစ်နေတာက အစ္စရေး တွေပဲ။ အီရန်က အစ္စရေးကို ပညာလှလှပေးမယ်လို့ မကြာမကြာ ပြောနေတော့ ပထမဆုံး ခြိမ်းခြောက်မှု ခံရမှာကလည်း အစ္စရေးပါပဲ။ အမေရိကန်တွေက အီရန်ကို တကယ် တိုက်ချင်တယ်ဆိုရင်တောင် အစ္စရေးကို လက်နက်ထုတ်ပေးပြီး အတိုက်ခိုင်းမှာပါ၊ သူတို့ကိုယ်တိုင် မတိုက်လောက်ပါဘူး။