Self-reflection
Self-reflection
When a man gets older,
Small things become big and
big things become small.
Self-responsibility plays
an even more bigger role.
Positive thinking and constructive attitude
are vital for a man's survival and growth.
(Zin Wai Thaw)
*************************************************
အတ္တာနုပသနာ
လူတစ်ယောက် အရွယ်ရလာတော့
သေးမွှားတဲ့ကိစ္စတွေက ကြီးလာပြီး ကြ်ီးတာတွေ သေးသွားတယ်။
အတ္တတ္ထစရိယက ပိုလို့ အရေးပါလာခဲ့။
အကောင်းမြင်ဝါဒနဲ့ အပြုသဘောဆောင်တဲ့ သဘောတရားတွေက
သူ့ ရှင်သန်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်။ ။
ဇင်ဝေသော်
ပွင့်လင်းရာသီမှာ
အဖိနှိပ်ခံဘဝ၊ စနစ်ဆိုးဘဝအောက်မှာ အနုပညာတွေ တစ်သီတစ်တန်းကြီး ဖန်တီးနိုင်ခဲ့တဲ့ ရုရှား အနုပညာရှင်တွေထက်
ပွင့်လင်းရာသီမှာ အနုပညာပါပါ တေးဂီတတွေ ဖန်တီးနိုင်တဲ့ အိုင်ရစ်တွေကို ကျနော်ပိုချစ်မိတယ်၊ ပိုလည်း လေးစားမိတယ်။
တော်လှန်ရေးကိုဖွဲ့သီမှ အနုပညာမြောက်တဲ့ ကဗျာ၊ ဂီတဖြစ်မယ်ဆိုရင်တော့ တစ်ခုခု မှားနေပါပြီ။
ဦးသိန်းစိန် မဆိုးဘူး (အဆဲခံချင် လို့ ရေးတဲ့စာ)
သမ္မတအိမ်တော်ကနေ အိမ်ပြန်သွားပြီဆိုတဲ့ ဦးသိန်းစိန်ကို ၂၀၁၂ ခုက ရေးခဲ့တဲ့ စာလေးနဲ့ ညွတ်ညွတ်နူးနူး နှုတ်ဆက်ပါတယ်။
~~~~~~~~~~~
လူ့ သမိုင်းဟာ တစ်မနက်နဲ့ ရေးလို့ မရဘူး။ သံသယ စိတ်နဲ့ ခြေရာကောက်တာတောင် ရက်စက်တယ် ဆိုတာထက် ပျော့ညံ့ တယ် လို့ပဲ သုံးသပ်လို့ရတယ်။ ဒီ ကြားထဲ သဟဇာတ ရှိကောင်းပါ ရဲ့။ ကျနော် ဒီနေ့ အထိ ယုံတယ်။ မယုံလို့လည်း ရတယ်။
သမိုင်းကို အော်ရင်း ဟစ်ရင်း ရေးတာထက် အနာဂတ် သုံး နှစ်ရဲ့ လက်ထဲ ဝ ကွက်အပ်လိုက်မယ် (ဒီထက် လင်းတဲ့ အရောင် မမြင်ဖူးဘူး)။ သူ မခေါ်ရင် ဒေါ်စု လည်း ဝင်ကဖို့ အခက်ပဲ။ သူတို့ လွတ်လပ်စွာ ကွဲလွဲ နေဟန်တော့ တူရဲ့။ နားလည်ကြပါစေ၊ မတူပါစေနဲ့။
လောင်းရိပ်။ ရှိတယ်၊ ရှိမယ်၊ မရူးသူ ယုံတယ်။ လယ်သမားသား နဲ့ နိုင်ငံတော် သမ္မတ ဆိုတာ လက်တွေ့ ဘဝမှာ ခပ်ဝေးဝေး။ သမ္မတ ရဲ့ ဘဝမှာ ဦးသန်းရွှေ ရဲ့ စနက်မကင်းနိုင်ဘူး။ မငြင်းနဲ့၊ ငြင်းသူ မှားတယ်။ မှားမယ်။ လူတိုင်းသိတဲ့ကိစ္စ ကိုပြောသူ အာချောင်တာပဲ။ လုပ်စရာမရှိရင် တစ်ခြားဟာ လုပ်။
လူ့ အခွင့် အရေး?။ မွေးကတည်းက ဒီမိုကရေစီနဲ့ ယဉ်ပါးလာတဲ့ နိုင်ငံတွေနဲ့ တို့ နိုင်ငံကို လာ မနှိုင်းနဲ့။ တို့ နိုင်ငံက ဆယ်ကျော်သက်၊ လူပျိုပေါက်၊ သူများတွေရဲ့ ပေါ်လစီတွေ လိုက်စရာ မလိုသေးဘူး။ အမေရိကန်တွေ အလိုရှိ ဆိုတဲ့ ဘိန်း အိမ်ရှေ့မင်းသား လောစစ်ဟန် ကို ဘိန်း မပါသရွေ့ ဝင်စေ ထွက်စေ စင်ကာပူက ခွင့်ပေးထားခဲ့တယ်။ ဘယ်သူ ဘာ ပြောပြော။ ရှင်းသလား?၊ လူနဲ့ ငွေသာ လာပါ၊ ဘိန်း မပါ ပါစေနဲ့။ အဲဒါ နိုင်ငံရေး၊ စီးပွားရေး၊ တရားလာမချနဲ့။ ရိပ်သာ မဟုတ်ဘူး။ သူသိ၊ ကျနော်သိ၊ ခင်ဗျားသိ။ ဘိန်း ဆိုတာ အကုသိုလ် အလုပ်။ ပြောမနေနဲ့ အားနေရင် တစ်ခြား ဟာ လုပ်။
ဦးသိန်းစိန် မဆိုးဘူး။
အရေးအကြီးဆုးံက ပြည်သူရဲ့ စား၊ ဝတ်၊ နေ။ နေထဲမှာ ကျန်းမာရေး ပါတယ်။ လျှပ်စစ်မီး ပါတယ်။ ကားဈေး၊ အိမ်ဈေး ပါတယ်။ ပြီးမှ ဖရီးဒမ်း ပေါင်းစုံ။ အဆင့် မကျော် နဲ့။
ရိုဟိန်ဂျာကိစ္စ လက်သည် မပေါ်ဘဲ ဆယ်ယောက် ပျောက် သတဲ့ လား၊ ခင်ဗျားတို့ စိတ်ဝင်စားရင် အရှေ့ အလယ်ပိုင်းမှာ လက်သည် မပေါ်ဘဲ ဘယ်နှယောက် ပြောက်သွားလဲ၊ အဲဒါ အမေရိကန် ခေါင်းဆောင် တဲ့ နိုင်ငံရေး။ ဘင်လာဒင် သေတာသိရုံတော့ မရဘူး ပေါ့။
သတိထား၊ ကျနော်တို့ နိုင်ငံက လူ ပျိုပေါက်။ ပေါက်တတ်ကရ ပေတံ တွေနဲ့ လာတိုင်း ရင် ကွာ နေမှာပဲ။ တိုင်း သူ မမှားဘူး။ အနက် ခရောနစ်ဇင် တော့ မလွတ် ဘူး။ အားနေရင် တစ်ခြား ဟာ လုပ်ရအောင်။
မလိုအပ်တဲ့ ကိစ္စတွေကြောင့် ထိုင်းနိုင်ငံ ရဲ့ စီးပွားရေး ဘယ်လောက်နှေးသွား သလဲ၊ အိန္ဒိယ ရဲ့ တိုးတက်နှုန်း ဘယ်လောက်နှေးသွား သလဲ။ စင်ကာပူ ဘယ်လောက်ရှေ့ ရောက်နေပြီလဲ။ ဘယ်သူမှ မလုပ်ဘူး၊ အနက် ခရောနစ်ဇစ်တ် တွေ လုပ်တာ။
ရဖျူးဂျီ ခိုလူံခွင့်ရဖို့ ဓာတ်ပုံအရိုက်ခံသူနဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ တန်ဖိုးကို ကျနော်တို့ ခွဲခြားတတ်တယ်။ လူ့ သမိုင်းဟာ တစ်မနက်နဲ့ ရေးလို့ မရဘူး။ ဒါလည်း ပြောရင် လေကုန်တယ်။ တို့နိုင်ငံထဲ ကမ္ဘာ့ပေတံ တွေ ယူ ယူပြီး တိုင်းနေတာတွေ မကြာ ခဏ တွေ့ ရတယ်။ နေကြပါဦး။ ဘီဘီစီ ယူလာပါစေ၊ ဗွီအိုအေ ယူလာ ပါစေ။ တို့ ရူးချင်ယောင် ဆောင်ထားရအောင်။ ငါး နှစ်လောက်။
ဒါတွေကို အတိအကျ လိုက်မှ ရမယ် ဆိုရင်တော့ လက်ရှိ တို့ နိုင်ငံကို ဘယ်သူ အုပ်ချုပ်နိုင်မလဲ။ ကျေးဇူးပြု ပြီး ပြောကြည့်။ သူတို့ ကို မီဒီယာ က ဘာမှ မဝေဖန်ပါဘူး လို့ ဘယ်သူအာမ ခံ မလဲ။ ကျနော်က ဟဲ ဟဲ ပဲ။ သန်း ၆၀ ဆီက သန်း ၆၀ အသံ၊ ကျနော်တို့ ဘာသံကို နားထောင် မလဲ။
ကျနော်တို့ နိုင်ငံကို တကယ်ချစ်သလား။ အပြစ်ထက် ဆိုလူးရှင်း ရှာသင့်တယ်။
ဒေါ်စု+ဦးသိန်းစိန် အတွဲထက် ဂိုးပိုရနိုင်မယ့် တိုက်စစ်ရှိရင် ပြောကြည့်ရအောင်။
သေချာတာကတော့ ခင်ဗျားနဲ့ ကျနော် မဟုတ်ဘူး။ သူ နဲ့ ခင်ဗျား တော့ ဖြစ်ကောင်းဖြစ်မယ်။ ခင်ဗျား သေချာသလား။
ပြောရတာ ခက်တယ်၊ လိုက်လုပ်ရတာက လွယ်တယ် ဆိုတဲ့ ဆရာကြီးကို ကြည့်မရတဲ့ ရွာသားက ကျုပ်ပြောမယ်၊ ခင် ဗျား လိုက်လုပ်ဆိုပြီး
"မြေကြီးကို ကျင်း တူး"
"အေး တူးပြီးပြီ "
"ဒါဆို ရေ လောင်းထည့် "
"အေး ထည့်ပြီးပြီ "
"ပြီးရင် မှောက်သွန်၊ ခပ် မပစ်နဲ့ " တဲ့။
အခု အထိ အရင်ထက်တော့ သာတုန်းပဲ၊ ပြောရေးဆိုခွင့်မှာ အမေရိကန်တွေလောက် မရတောင် စင်ကာပူ ထက်တော့ သာ သလိုလို။ မယုံရင် ဒီ လာပြီး ဂျာနယ်ထုတ်။ အင်္ဂလိပ်လို ဘလော့ဂ်တင်၊ ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူး ပေါ့ ဗျာ။
ဒီမိုကရေစီ အောက်မှာ ခေါင်းစဉ်တွေ အများကြီးဆိုတာ........
ဘယ်နိုင်ငံရဲ့ ဒီမိုကရေစီမှ ပါဖက် မဖြစ်သေးဘူး ဆိုတာ.....
ဦးသိန်းစိန် နဲ့ ဒေါ်စု ဆိုတာ.....
မြန်မာ နဲ့ အမေရိက၊ ဥရောပဆိုတာ......
ဇင်ဝေသော်
(16-Jul-2012)
Copyright © 2012 ကမ်းလက်. All rights reserved.
ကမ်းလွန်ပင်လယ်များ (၂)
(တစ်)
ဖြောင့်မတ်ခြင်းအကြောင်းကို ဂုဏ်ပြုပြောဆိုကြတိုင်း တံစဉ်တစ်ချောင်း၏ အသုံးကျမှုကို မော်မကြည့်ရဲလောက်အောင် အားနာလှပါသည်။
အမှန်တရားကို အ်ေကြီးဟစ်ကျယ် ရှာနေသူတွေနဲ့ တွေ့ရတိုင်း ဓမ္မစက္က ပဝတ္တနသုတ် (ဓမ္မကြာ) ကို အကြိမ်ကြိမ် တောင်းပန်စကား ဆိုမိပါသည်။
(နှစ်)
တချို့အခြေအနေများမှာ လူတိုင်း ကင်မရာဖက်မျက်နှာပေးပြီး ပြုံးပြခွင့် မရကြပါ။
(ဥပမာ စားပွဲမှာဝိုင်းပြီး ဘုန်းကြီးဆွမ်းကပ်ကြရသောအခါ)
တချို့က ကျော၊ တချိ့က လက်မောင်းသာ ဓာတ်ပုံထဲမှာ တွေ့ရပါသည်။
ထိုသူတို့၏ ကျော၊ လက်မောင်းများလည်း ပြုံးနေကြသည်ဟု ထင်ပါသည်။
(သုံး)
နှစ်ရှည်လများ နေထိုင်ခဲ့သော ရွာကလေးမှ ကျနော် နှုတ်ဆက်ထွက်ခွာခဲ့ သည်။
ရင်မှာ အမှတ်တရတို့များစွာရှိသည်၊ သို့သော် သူများကို ပြစရာတော့ မရှိပါ။
ထို့ကြောင့် ကမ်းမှ မခွာမီ လှေပေါ်မှနေပြီး ရွာကလေးကို အမှတ်တရ ဓာတ်ပုံ လှမ်းရိုက်လိုက်သည်။
တကယ်တော့ ကျနော်ဓာတ်ပုံ ရိုက်ချိန်မှာ နေဝင်စပြုနေပြီ ဖြစ်သလို ရွာ ကလေးသည်လည်း တောင်တန်းကြ်ီးနောက်ကွယ်မှာ ရောက်နေပြီဖြစ်ပါ
သည်။
(လေး)
မိတ်ဆွေများက ကျနော်နေခဲ့သော ရွာကလေးကို ပြပါဆိုတိုင်း ထို ဓာတ် ပုံလေးကို ထုတ်ပြမိပါသည်၊ (ပြစရာဆိုလို့လည်း ဒါပဲ ရှိပါသည်)
"ဟင် မင်း ရွာက ဘယ်မှာလဲ၊ ဒါက တောင်တန်းကြ်ီးပဲ ဥစ္စာ" ဟု ပြောကြပါသည်။
"ငါ နေထိုင်ခဲ့တဲ့ ရွာကလေးက အဲဒီတောင်ကြီးရဲ့ ဟို ဖက်မှာ"
"ဟာကွာ မင်းဟာကလဲ" လို့ ပြောတတ်ကြပါသည်။
ကျနော့်အတွက်တော့ တောင်တန်းကြ်ီးနောက်ကွယ်မှာ ကျနော် တကယ်နေထိုင်ခဲ့သည့် ထို ရွာကလေးရှိနေကြောင်း သေချာလှပါသည်။
သို့သော် ဓာတ်ပုံထဲမှာတော့ တောင်တန်းကြ်ီးပဲရှိနေကြောင်း ဝန်ခံပါသည်၊
ထို့အတူ ထိုဓာတ်ပုံလေးသည် ရွာကလေးကို ပြပါဟု ပြောလာလျင် ပြဖို့ အတွက် ရိုက်ယူခဲ့သော ဓာတ်ပုံဖြစ်ကြောင်းလည်း ကျမ်းသစ္စာဆိုရဲပါသည်။
အမှာ။ ။ ကမ်းလွန်ပင်လယ်များ (၂) ဆိုသဖြင့် ကမ်းလွန်ပင်လယ်များ (၁) ရှိသည်ဟု မထင်မှတ်စေလိုပါ။
(08/01/2014) 
လူလားမမြောက်သေးတဲ့ အတွေးများ ၂၃ (အဆက်)
(စောနေလတ်)...
(၂)
ဟုတ်တယ်။ ကလေးတစ်ယောက်ဟာ သဲသောင်ခုံကို သူ့လက်ကလေးနဲ့ ယက်လိုက် ခဏနေငိုလိုက်၊ ငိုလို့ မောလို့ယက်လိုက်၊ ယက်လို့ ခဏနေတော့ နားပြီးငိုလိုက် ဖြစ်နေသတဲ့…။
ကလေးရဲ့ လက်ဖျားလေးတွေက သွေးစို့နေပြီး သူ့နှုတ်ခမ်းလေးတွေက လည်း ပြာနှမ်းနေသတဲ့။ ပြီးတော့ ငိုသာငိုနေတာ မျက်ရည်က မထွက်တော့ ဘူ။ သူ့ကို စောင့်ကြည့်နေသူ နောက်တစ်ယောက်ရှိသေးတယ်။ သူက မိုး နတ်မင်းကြီး။
ကြာတော့ မိုးနတ်မင်းကြီး မနေနိုင်တော့ဘူး။ မျက်စိတွေပြာဝေသွားလောက် တဲ့ အလင်းတန်းကြီးနဲ့အတူ ကလေးရဲ့ ရှေ့မှောက်ကို “၀ုန်း” ကနဲ သူ ထိုး ဆင်းလိုက်တယ်။
ချက်ချင်း ကလေးလေးက လန့်သွားတယ်။ ပြီးတော့ အားကိုးတကြီးနဲ့ မော့ ကြည့်ရှာတယ်။ မပီမသ တိုးတိုးလေး လည်း ရွတ်လိုက်သတဲ့။
“ Water, Water”
“ဟဲ့ ကလေး၊ မင်းဘာလုပ်နေတာလဲ”
“လက်ယက်တွင်းတူးပြီး ရေရှာနေတာပါ”
“မင်း--ရေတွေ့ပြီလား”
“ကျနော့်နှုတ်ခမ်းတွေသာ ကြည့်ပါဗျာ”
မိုးနတ်မင်းကြီးက သူ့အိတ်ကပ်ထဲမှာပါလာတဲ့ နတ်သုဒ္ဓါတွေ ကလေးကိုပေး သတဲ့။ ကလေးကယူတော့ ယူတယ်။ ဒါပေမယ့် သူလိုချင်တာ ဒါမဟုတ် ဘူး။ ခြောက်သွေ့သွေ့ သူ့လျှာလေးနဲ့ အက်ကွဲနေတဲ့ သူ့နှုတ်ခမ်းကိုယက်ပြီး နတ်မင်းကြီးကို မော့ကြည့်လို့သာ နေလိုက်သတဲ့။
“ကဲ….မင်းရဲ့ ရေမထွက်တဲ့ လက်ယက်တွင်းကိုလည်း ဆက်မတူးနဲ့တော့။ ငိုလည်းငိုမနေနဲ့တော့။ မင်းလိုနေတဲ့ ရေရအောင် ငါလုပ်ပေးမယ်” လို့ ပြောပြီး အလင်းတန်းကြီးနဲ့အတူ ပျောက်ကွယ်သွားတယ်။
အဲ…. ပြောဖို့မေ့နေခဲ့တယ်။ သူမပြန်ခင်မှာ ခြောက်သွေ့နေတဲ့ ကိုင်းပင်တွေ ရယ်၊ ပတ်ကြားအက်တွေနဲ့ ကမ္ဘာမြေရယ်ကို ကြည့်ပြီး ရွာမယ့်သာရွာရမှာ ကလေးရမှာက ပတ်ကြားအက်တစ်ခုထဲ ၀င်မယ့်ရေလောက်တောင် ရှိမှာ မဟုတ်ဘူးလို့လည်း တွေးရင်း သက်ပြင်းချသတဲ့။ မတတ်နိုင်ပါဘူးလေ။ ရွာတော့ရွာရမှာပဲလို့လည်း ထပ်တွေးပြန် သတဲ့။
(၃)
ဟုတ်တယ်။ စက္ကန့်အတွင်းလေးမှာကိုပဲ မိုးသားတွေ အလိပ်လိပ် တက်လာ တဲ့ပြီး မိုးတွေရွာချလိုက်တာ ပက်ကြားအက်တွေက မဆန့်တော့လို့ ပတ်ဝန်း ကျင် တစ်ခုလုံး ရေတွေ ဖွေးသွားတော့တာပဲ။
ကလေးလေးလည်း ပျော်ရွှင်လို့ပေါ့။ အခုမှပဲ သူရေ၀အောင် သောက်ရတော့ တယ်။ ရေသောက်ရုံတင် ဘယ်ဟုတ်ပါ့မလဲ။ ဘောင်းဘီတိုအစုတ်ကလေးနဲ့ မိုးရေတွေထဲမှာ ပြေးလွှားဆော့ကစားနေလိုက်တာ ဒီအပျော်တွေဟာ မိုးနတ် မင်းကြီးဆီကိုတောင်မှကူးစက်သွားပြီး အဲဒီကလေးနဲ့ မိုးရေချိုးရင်း ကစားချင် စိတ်တွေပေါက်ပေါက်လာလို့ မကောင်းပါဘူးလေ ဆိုပြီး သူ့ကိုယ်သူ ထိမ်းထားရသတဲ့။
ဒါပေမဲ့ မကြာပါဘူး။
ကိုင်းပင်တွေက စိမ်းစို၊ ပက်ကြားအက်တွေလည်း လျော့လျော့သွားပေမယ့်လို့ ရက်အနည်းငယ်ကြာတဲ့အခါမှာ ကလေးကတော့ ရေငတ်မြဲ ငတ်နေတော့ တာပဲတဲ့။
ဒီတော့ မိုးနတ်မင်းကြီးက စဉ်းစားတယ်။
ငါကလည်း မိုးနတ်မင်းဆိုတော့ မိုးရွာဖို့ပဲ လုပ်တတ်တယ်။ ငါရွာချလိုက်တဲ့ မိုးရေတွေကလည်း ကလေးလေး သောက်ရတာကလည်း နည်းနည်း၊ ကိုင်းပင်တွေနဲ့ ပါးစပ်ဟောင်းလောင်းပွင့်နေတဲ့ ကမ္ဘာမြေက သောက်သွား တာက များများ။ သူတို့သောက်လို့ ၀ပြီဆိုပြန်တော့လည်း အဲဒီရေတွေကို စည်းမရှိ၊ ကမ်းမရှိ မြစ်ထဲသွန်ချပစ်လိုက်ကြပြန်ရော။
တကယ်တမ်းရှိသင့်နေတာက ကလေးလေးသောက်ရေရဖို့ ရေကန်လေး တစ်ခု ကမ္ဘာမြေက ဆယ်တားပေးဖို့ ကောင်းတယ်။
ငါကိုယ်တိုင်ကလည်း မိုးနတ်မင်းဆိုတဲ့အတိုင်း မိုးသာရွာပေးတတ်တာ။ ရေ ကန်တူးတဲ့ နတ်မင်းမဟုတ်တော့ ရေကန်တူးမပေးနိုင်ဘူးဆိုပြီး ကလေးလေး ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေရှာသတဲ့။ စိတ်မကောင်းတာပဲ ရှိတယ်။ သူလည်း ဘာမှ လုပ်မပေးနိုင်တော့ဘူး။
ဒါနဲ့ပဲ…. စိတ်လေးလေးနဲ့ ဖြစ်ချင်ရာဖြစ်ပါစေတော့ ဆိုပြီး ဥပေက္ခာပြုလို့ပဲ နေ လိုက်တော့သတဲ့။
(၄)
အဲဒီအချိန်ကစပြီး ကမ္ဘာမြေဟာ တစစပူလောင်လာလိုက်တာ ရေခဲတောင်ေ တွတောင် အရည်ပျော်ကျလာတဲ့ အထိပါပဲ။ နှောင်းပိုင်းသိပ္ပံပညာရှင်တွေ က တောတောင်ပြုန်းတီးမှု၊ အိုဇုန်းလွှာပေါက်ကွဲမှု စတဲ့ အကြောင်းတရားေ တွနဲ့ ဆွေးနွေးလို့နေကြသတဲ့။
(၅)
ဥပေက္ခာပြုတယ်ဆိုပေမယ့် စိတ်ကောင်းရှိတဲ့ မိုးနတ်မင်းကြီးကတော့ ကလေးလေးက ရေဆာလိုက်၊ မိုးတွေရွာချပေးလိုက်ပါပဲ။ ရွာချလိုက်တဲ့ရေတွေကိုလည်း ကလေးလေး သောက်ရတာနည်းနည်း ကိုင်း ပင်တွေနဲ့ ပါးစပ်ဟောင်းလောင်း ကမ္ဘာမြေက သောက်သွားတာများများပဲတဲ့။
ဒီလို ဒီလိုနဲ့ မိုးရွာချပေးလိုက်တာ အကြိမ်ရေ ဘယ်နည်းတော့မလဲ။ လူသားရယ်လို့ ပေါ်ပေါက်လာကတည်းက မဟုတ်လား။
ဒီတစ်ကြိမ်မှာလည်း ကလေးအတွက် မိုးရွာပေးဖို့လုပ်တယ်။ ခက်တာက မိုးနတ်မင်းကြီးဆီမှာ မိုးရေတွေ မရှိတော့ဘူးဆိုတော့ မိုးရွာချပေးရတာ ကလည်း အရင်လို့ မလွယ်ကူလှတော့ဘူး။
မိုးနတ်မင်းကြီးဖြစ်ပြီး မိုးရွာမပေးနိုင်ဘူးဆိုတာကိုလည်း တွေးရင်း ရှက်ချင် ရှက်နေမှာပေါ့လေ။ ဒါနဲ့ ဖြစ်ညှစ်ပြီး မိုးရွာချဖို့လုပ်တယ်။
“ဖလပ်. . ဖလပ်၊ ရွှမ်း. .ရွှမ်း”
“၀ုန်း. .ဒိုင်း. .ဒင်း ဒင်း”
ကံမကောင်း အကြောင်းမလှစွာပဲ။ ကြိုးစားပြီး မိုးရွာချပေမယ့် မိုးရေတွေ လက် ကျန်မရှိတော့တဲ့အတွက် မိုးရေတွေတော့ ကျမလာပါဘူး။ မိုးရေတွေ အစား စူးရှတဲ့ လျှပ်စီးကြောင်းကြီးတွေနဲ့ မိုးကြိုးသွားတွေသာ ကောင်းကင်ပေါ် က ကျလာတော့သတဲ့။
(နိဂုံး)
ဒါဟာ ကမ္ဘာမြေပေါ် သဘာဝဘေးအန္တရာယ်တွေ ဘယ်လိုစတင်ကျရောက် လာခဲ့ရသလဲ ဆိုတဲ့ အကြောင်းပါလို့ ကျနော်ကပြောရင် ခင်ဗျားတို့အနေနဲ့ ရီ(ရယ်)စရာပဲ သဘောထားစေချင်ပါတယ်။
လူလားမမြောက်သေးတဲ့ အတွေးများ ၂၃
စောနေလတ်ကလောင်နဲ့ ရွှေမြန်မာမဂ္ဂဇင်းမှာ အခန်းဆက်ရေးခဲ့တဲ့ ဆောင်း ပါးတွေထဲက တစ်ပုဒ်ပါ။ အယ်ဒီတာနဲ့ဆရာတွေကတော့ ဒါကို ဝတ္ထုအနေနဲ့ ရှုမြင်ကြပါတယ်။ ဒီ ဝတ္ထုကို နာဂစ်အပြီးမှာရေးခဲ့တာပါလို့ စကားပုလ္လင် ခံထား ရင် ခံစားလို့ ပိုကောင်းမယ်ထင်ပါတယ်။ ဖေ့စ်ဘုတ်အတွက် ရှည်လွန်းလို့ ခွဲတင်ပါမယ်။
လူလားမမြောက်သေးတဲ့ အတွေးများ ၂၃
(စောနေလတ်)
(၁)
အနီရောင်လှိုင်းထပြီး မတ်တပ်သေနေတဲ့ ကိုင်းပင်ခြောက်တွေက မကျေ မနပ် နဲ့ ကမ္ဘာမြေကို ကျိန်စာတိုက် နေကြတယ်။ သူတို့ရဲ့ စိမ်းစိုလှပတဲ့ ဘ၀တွေကို အတိတ်မှာ နေရစ်ခဲ့တာ ကြာလှပြီကော။
သူတို့အောက်က ကမ္ဘာမြေကတော့ ပါးစပ်ကြီးတွေဟောင်းလောင်းပွင့်လို့။ ပါးစပ်ထဲကလည်း တံလျှပ်ရောင်ထနေ တဲ့ မီးခိုးငွေ့တွေတောင် အူနေလိုက်ေ သး။ ပေါက်ကွဲခွင့်မရတဲ့ ဗုံးတစ်လုံးလို အတွင်းလှိုက် လောင်ကျွမ်းနေပုံရပါရဲ့။
သူတို့ဘေးမှာ သေနေတဲ့ မြစ်တစ်စင်းရှိတယ်။ ပြီး ရေဆာလို့ ငိုနေတဲ့ ကလေးတစ်ယောက်ရှိတယ်။
ကိုင်းပင်တွေနဲ့ ကမ္ဘာမြေဟာ အပေးအယူ မတည့်ကြဘူး ဖြစ်နေဟန်တူရဲ့။
“ ဟေ့ကောင်တွေ၊ ဘာကို မကျေနပ်လို့ မင်းတို့က ပူညံပူညံ လုပ်နေကြတာလဲ ’’
“ ခင်များကြီး မသိချင်ယောင်ဆောင်ပြီး မေးမနေနဲ့၊ ကျနော်တို့ကို မွေးထားပြီး အစာဝအောင်မကျွေးဘူး။ အခုဆို ကျနော်တို့ ကိုင်းပင်တွေအားလုံး အစာ ငတ်ပြတ် မှုနဲ့ ဒုက္ခရောက်ကြရတော့မယ်။ တစ်ချို့ဆို သေတောင်သေဆုံးနေ ကြပြီ။ ဒါတွေအားလုံး တရားခံဟာ ခင်များကြီးပဲ”
“ မင်းတို့ဘာသာမင်းတို့ ရှာမစားနိုင်လို့ ငတ်ပြီးသေတာ ငါနဲ့ ဘာဆိုင်လို့တုန်း၊ ကိုယ်ရှင်သန်ဖို့ ကိုယ်တိုင် ကြိုးစားကြပေါ့”
“ ခင်ဗျားကြီး အဲသလို တာဝန်မဲ့စကားမပြောနဲ့၊ ကျနော်တို့ ဒီမှာ ရှင်သန်နေကြ တာဟာ ခင်ဗျားကြောင့်၊ ကျနော်တို့ ဒုက္ခရောက်နေတဲ့အခါမှာ ခင်ဗျားကြီးမှာ လုံးဝ တာဝန်ရှိတယ်”
“ မဆိုင်လိုက်တာကွာ”
“ အခုတော့ ခင်ဗျားကြီးက ပြောအားရှိပြီပေါ့လေ။ တစ်ချိန်က ခင်ဗျားကြီး ပြော ဖူးတဲ့စကားကို မေ့နေပြီ မဟုတ်လား”
“ ဘာလဲ၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ စကားကို ပြောတာလား”
“ ဟုတ်တယ်လေ။ မြစ်ရေတွေ လှိုင်လှိုင်ကြီးစီးဆင်းနေတုန်းကတော့ လေ သံက တစ်မျိုး၊ အခု…မြစ်ရေတွေ ခမ်းခြောက်တော့ လေသံကတစ်မျိုး။ ဟို တုန်းကတော့ မင်းတို့နဲ့ငါနဲ့ ညီညီညွတ်ညွတ် လက်တွဲထားကြမှ ငါတို့ ရပ်တည်လို့ ရမယ်။ ဒါမှ ဒီမြစ်ရေရဲ့ နယ်ချဲ့မှုဒဏ်ကို ငါတို့ခံနိုင်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ မင်းတို့ရောငါရော ကမ္ဘာမြေကနေ ပျောက်ကွယ်သွားလိမ့် မယ်… ဘာညာတွေနဲ့ စည်းလုံးရေးတရားတွေ ခင်ဗျားဟောခဲ့တာလေ။ ဒါတင် မပြီးသေးဘူး။ ကျနော်တို့ နားမလည်၊ လူတွေကလည်း နားမလည်၊ ခင်ဗျား ကိုယ်တိုင်ကလည်း နားလည်ဟန်မတူတဲ့ သဟဇာတတွေ၊ အညမညတွေ၊ အနုပဋိတွေ၊ မဇ္ဈိမပဋိပဒါ ဆိုတဲ့ စကားလုံးကြီးတွေနဲ့ ကျနော်တို့ကို ပစ်ပေါက်ပြီး ခေါင်းငြိမ့်ခိုင်းခဲ့တာလေ။ ခင်ဗျားကြီး မေ့နေပြီလား။ ကဲ…. ပြော၊ ဘယ်မလဲ အညမည၊ သဟဇာတ၊ မဇ္ဈိမပဋိပဒါ။ ခင်ဗျားဟာ အပြောနဲ့အလုပ် မညီတဲ့လူကြီးပဲ။”
သူတို့ပြောတဲ့ စကားတွေကိုကြားရပြီး ခေါင်းရှုပ်သွားဟန်တူတဲ့ ကမ္ဘာမြေဟာ သူ့ပါးစပ်ဟောင်းလောင်းကြီးတွေက တဆင့် သက်ပြင်းတွေ ခိုးခိုးပြီးချနေ တယ်။ သူ့မှာ ပြောစရာစကားတွေလည်း အများကြီးရှိနေဟန်တူတယ်။ ဘယ်က စပြောရမှန်းလည်း သူစဉ်းစားလို့ရပုံ မရဘူး။
ဒါနဲ့ပဲ အနီးအနားမှာရှိတဲ့ ကိုင်းပင်ခြောက်ရဲ့ နားရင်းကို ထအုပ်ပစ်လိုက်တယ်။ အစာငတ်နေတဲ့ကိုင်းပင်တွေ ငြိမ်ကျသွားတယ်။ ဒီတော့မှ သူက စကားစတယ်။
“ ဟိုတုန်းက…. ဟိုတုန်းက အခြေအနေ အရ ‘ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ’ လို့ ပြောခဲ့ရတာကွ။ အဲဒီတုန်းက မြစ်ရေကလည်း အားကောင်းမောင်းသန်နဲ့ တိုက်စားနေတာကိုး၊ မင်းတို့လည်း ကျေကျေနပ်နပ်နဲ့ လက်ခံခဲ့ကြတာပဲ မဟုတ်လား။ အလုပ်ဖြစ်တာမဖြစ်တာကတော့ ကမ္မ၀ါဒ သဘောတရားအရပေါ့ကွာ။”
“ ဘာကမ္မ၀ါဒလဲ လာပြန်ပြီ။ နားမလည်တဲ့ စကားလုံး”
“ ဟေ့ကောင်တွေ ငြိမ်ငြိမ်နေ။ နားရင်းအုပ်ခံချင်လို့လား။ ငါ့စကား မဆုံးသေး ဘူး။ ဟိုတုန်းကတော့ မင်းတို့က လည်း ကိုင်း၊ ငါကလည်း ကျွန်းကိုးကွ။ ကိုင်း ကျွန်းမှီ၊ ကျွန်းကိုင်းမှီလို့ ပြောရမှာပေါ့။ ဒီမှာ ဟေ့ကောင်တွေ၊ ငါ့ကိုလည်း သေသေချာချာ ကြည့်ကြပါဦးကွာ၊ ပတ်ကြားအပ်တွေ အထပ်ထပ် နဲ့။ ငါကိုယ်တိုင်ကရော “ကျွန်း” ဟုတ်သေးရဲ့လားလို့”
ဒီတော့မှ အစာရေငတ်ပြတ်နေတဲ့ ကိုင်းပင်တွေက သူတို့ရဲ့အားကိုးရာ ကမ္ဘာမြေကို ငုံ့ကြည့်မိကြတယ်။ ဟုတ်ပါရဲ့။ သူ့ခမျာမှာလည်း ဟိုတုန်းက လို နု၊ အိ၊ စွတ်စိုတဲ့ ကျွန်းမြေမှ မဟုတ်တော့ဘဲ။ အထီးကျန် ခြောက်သွေ့နေတဲ့ ပတ်ကြားအပ်ကုန်းမြေတစ်ခု ဖြစ်နေရှာပါလား ဆိုတာ သူတို့ တွေ့ကြတယ်။
ဒီတော့ အယုံလွယ်တဲ့ ကိုင်းပင်တစ်ချို့ဟာ ဒေါသဖြစ်ရမယ့်အစား ကမ္ဘာမြေကိုတောင် သနားသလိုလို ဖြစ်သွားကြပြန် သတဲ့။
တချို့ကတော့ ( တချို့ဆိုတာ နည်းနည်းလေးပါ ) ဒါကို မကျေနပ်ကြသေးဘူး။
“ ခင်များကြီး သနားအောင် လာငိုပြမနေနဲ့။ ဟုတ်တယ်၊ ကျနော်တို့ ဘ၀ က လည်း ကိုင်းပင်လို့သာပြောရတယ် ကိုင်းပင်နဲ့ မတူတော့ဘူး။ ခင်ဗျားကလည်း ကျွန်းလို့သာ ပြောရတယ် ကျွန်းနဲ့တူတဲ့ ဂုဏ်ရည်ဆိုလို့ ဘာမှ မရှိတော့ဘူး။ ဒါပေမဲ့ ဒါတွေအားလုံးဟာ ခင်ဗျားအသုံးမကျလို့ ဖြစ်ရတာချည်းပဲ။”
“ ဒီလို တစ်ဖက်သက်စွပ်စွဲလို့တော့ ဘယ်ရမလဲ ကွ”
“ ရတာပေါ့ဗျ။ ကျနော်တို့ အိမ်နီးချင်း ကျွန်းတွေဆိုရင် ကျွန်းကလည်း ကျွန်း ပီပီ ရေနဲ့ သဟဇာတဖြစ်အောင်၊ မိုးနဲ့ သဟဇာတဖြစ်အောင် လုပ်။ ဒီတော့ ကိုင်းပင်တွေဟာ စိမ်းစိုညို့မှိုင်းနေကြတာပဲ။ ဘယ်လောက် အားကျစရာေ ကာင်း သလဲ”
ကမ္ဘာမြေက ဘာမှပြောမနေတော့ဘူး။ လျှာရှည်တဲ့ကိုင်းပင်ကို ခါးကနေ ရိုက် ချိုးချလိုက်တယ်။ ကျန်တဲ့ကိုင်းပင်တွေက စိတ်မကောင်းကြဘူး။ ဒါပေမယ့် ဘာမှလည်းဝင်မပြော၊ ၀င်မလုပ်ကြတော့ဘူး။ သူတို့စိတ်ထဲမှာ တော့ တွေးနေကြသတဲ့။ ဒီတစ်ခါ မြစ်ရေ ကြီးလာရင်ေ တာ့ မြစ်ရေနဲ့အတူ စီးမျောသွားပြီး တစ်ခြားကျွန်းမှာ အမြစ်တွယ် နေ လိုက်တော့မယ်လို့ တဲ့။
တွေးမယ်သာတွေးနေရတာပါ။ တစ်ကျွန်းလုံးက ကိုင်းပင်တွေကို ဘယ် ကျွန်းတွေက လက်ခံမှာလဲ ဆိုတဲ့ သံသယ ကလည်း သူတို့အတွေးအိမ် မှာ ပေကပ်နေလို့တဲ့လေ။
အားလုံးကြောက်ကြောက်နဲ့ ငြိမ်သွားတော့မှ ကမ္ဘာမြေက-
“ ဒီမယ် ဟေ့ကောင်တွေ ဒီတစ်ခါမိုးရွာရင် မင်းတို့လည်း မင်းတို့အစွမ်းအစနဲ့ မိုးရေကို ရသလောက်စုပ်ယူကြ၊ ကိုယ်ရှင်သန်ဖို့ ကိုယ်တိုင်ကြိုးစား။ ငါ့ကို လည်း သိပ်အားကိုးမနေနဲ့၊ ငါ့ပတ်ကြားအက်ကြီးတွေ စေ့အောင်ကို မနည်း လုပ်ယူရဦးမှာ။ ကြားတယ်မဟုတ်လား။”
“ ဟုတ်ကဲ့၊ ကြားပါတယ် ကမ္ဘာမြေကြီး”
“ ဘယ်ကောင် ဘာပြောချင်သေးလဲ”
“ ဘာမှ မပြောချင်တော့ပါဘူး။ ကမ္ဘာမြေကြီး သက်တော်ရာကျော်ရှည်ပါစေ” လို့ ခေါင်းငိုက်စိုက်နဲ့ ပြောကြသတဲ့။
“ ဟေ့ကောင်တွေ ကလေးတစ်ယောက်ငိုနေတာ တွေ့တယ်မဟုတ်လား။ ငါပြောမယ် မကြာခင် မိုးရွာတော့မယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေများများရအောင်စုပ်ယူ။ ငါ့ကိုလာပြီး ဝေဖန်မယ်တော့မကြံနဲ့၊ တွေ့တယ်မဟုတ်လား။”
“ တွေ့ပါတယ် ကမ္ဘာမြေကြီး”
ပြောရင်းဆိုရင်းနဲ့ ငိုနေတဲ့ကလေးဖက်ကို ကိုင်းပင်တွေအားလုံး မျက်နှာမူလိုက်ကြတယ်။ ပြီးတော့ ညီတူအပြုံးကိုယ်စီနဲ့ ခေါင်းငြိမ့်လိုက်ကြတယ်။ မပြီးသေးဘူး။
“ အမျှော်အမြင်ကြီးမားတဲ့ ကမ္ဘာမြေ၊ သက်တော်ရာကျော် ရှည်ပါစေ” လို့ ဆုတောင်းလိုက်ကြသေးသတဲ့။
ဆက်ရန်
လှပတဲ့ အကျည်းတန်မှုများ
- ခေါင်းကြီးကြီး အရုပ်ဆိုးဆိုး ကလေးမွေးလို့ စိတ်ပျက်စရာ မလိုပါဘူး။
- အသက် ၂ နှစ်ခွဲရှိတာတောင် စကားမပြောနိုင်သေးတဲ့ ကလေးမွေးလို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- စကာပြောပြန်တော့ ဝူဝါး ထစ်အ နေလို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- အခြားကလေးတွေနဲ့ ရောရော နှောနှော မနေတတ်လို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- စာသင်ခန်းထဲမှာ ဆရာ ဆရာမတွေနဲ့ ငြင်းခုန်၊ တိုင်စာတွေ ခဏခဏ အပို့ခံရလို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- အရွယ်ရောက်လို့ သူချစ်တဲ့ ကောင်မလေးကို " clever creature " လို့ ခေါ်လို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- မိဘ သဘောမတူသူနဲ့ ယူ၊ ကလေး တစ်ယောက်ရ၊ ရတဲ့ကလေးကို မွေးစားဖို့ သူများပေးပစ်လို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- အလုပ်မရှိ၊ ရှိပြန်တော့လည်း အလုပ်စားပွဲမှာ သူစိတ်ဝင်စားတာတွေကိုပဲ ထိုင်လုပ်နေတတ်လို့ စိတ်ပျက်စရာ မလိုပါဘူး။
- အယူအဆတွေ ဆွေးနွေးတိုင်း အများနဲ့မတူ အမြဲတန်း ဆန့်ကျင်ဖက် ဖြစ်နေတတ်လို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- ဒါတွေအားလုံးဟာ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကိုယ်တိုင် ပိုင်ဆိုင်ခဲ့တဲ့ ဝိသေသနတွေပါပဲ။
" ဒီလောက် ပမာဏရှိတဲ့ ဒီလိုဗုံးလေး တစ်လုံးက ဒီလို ဆိပ်ကမ်းကြီးသာမက ဒီ ဆိပ်ကမ်းဝန်းကျင်ကြီး တစ်ခုလုံး ဖွတ်ဖွတ် ညက်ညက် ကျေသွားနိုင်တယ် " လို့ ရုစဗဲ့ကို ပြောခဲ့တဲ့စကားကသာ အရာထင်ပြီး
နာဇီကို ရည်ရွယ်တဲ့ အနုမြူဗုံးကြီးနှစ်လုံး ပုလဲဆိပ်ကမ်းကို သွားပြီး ခြေဆော့ လက်ဆော့ လုပ်တဲ့ ဂျပန်တွေ ခေါင်းပေါ်ကျသွားရတဲ့နောက်
ဝမ်နည်းတကြီး ဖြစ်ရလွန်းလို့
" ကမ္ဘာ့အစိုးရ ရှိသင့်ပြီ " လို့ ကုလသမဂ္ဂကို ပြောခဲ့တဲ့ စကားကတော့ အရာ မရောက်ခဲ့ပါဘူး။
" လူတွေနဲ့ မပေါင်းတာရယ်လို့လည်း မဟုတ်ပါဘူး၊ စကားပြောမိတိုင်း အယူအဆတွေက မတူညီကြတော့ သူ့အလိုလို ခပ်ကင်းကင်း ဖြစ်သွားတာပါ " ဆိုတဲ့ သူ့စကား
" ကိုယ်ရေးကိုယ်တာ အနှေင်အဖွဲ့တွေ မရှိတော့ သူ့မှာရှိသမျှတွေအားလုံး လောကကြီးအတွက် ပေးဆပ်ဖို့ လွတ်လွတ်လပ်လပ် ဖြစ်သွားတာပေါ့ " ဆိုတဲ့ စိတ်ပညာရှင် ဟောင်းဝါး ဂါနာ ရဲ့ သုံးသပ်ချက်ကတော့ တစ်ဗွေတည်း လှုပ်ရှားတတ်တဲ့ သိပ္ပံဖခင်ကြီးရဲ့ ပုံရိပ်တချို့ကို ထင်ဟပ်စေနိုင်ကောင်းပါရဲ့။
စကားပြောကောင်း ဆက်ဆံရေးကောင်းလှတဲ့ နိုင်ငံရေး သမားကြီးတွေ၊ ဘီလျံနာတွေကို အလွယ် မေ့ပစ်နိုင်ကြပေမယ့် ဒီ ဘုကလန့်ကြီးကိုတော့ ကမ္ဘာက ထောင်စုနှစ်တွေအတွင်း မေ့နိုင်ကြမယ် မဟုတ်ပေဘူး။
Ref : ( A Truly Beautiful Mind By Jutith Rauch )
ဇင်ဝေသော်
05/11/2012
တတိယနိုင်ငံတွေဟာ ဒီမိုကရေစီနဲ့ မတန်သေးဘူး၊ လူငယ်နဲ့ လွတ်လပ်ခွင့်ဟာ မတန်သေးဘူး ဆိုတဲ့စကားကို အပြီးအပိုင် ငြင်းဆိုဖို့ရောက်ပါပြီ။
၁။ အကြမ်းဖက် ဖြေရှင်း(သေကုန် အေးတာပဲ)
၂။ အပေးအယူညှိနှိုင်းပြီး ဖြေရှင်း(ခေါင်းချင်း၊ ဦးနှောက်ချင်း အဖြေရှာ)
တာဝန်ယူရတော့မယ်။
ဆက်ရန်
ဇင်ဝေသော်
ဦးသိန်းစိန် ဖြေရတော့မယ့် စာမေးပွဲကြီးနှစ်ခု
၁။ လတ်တလော ကျောင်းသားလှုပ်ရှားမှု
၂။ ရှေ့လမှာ ရောက်လာမယ့် ဗိုလ်ချုပ် နှစ် ၁၀၀
"အမှောင်ထုလွှမ်းလာရင် လူစွမ်းကောင်း ပေါ်စမြဲ(When darkness comes, the hero arises)" တဲ့။ မြန်မာ့သမိုင်းမှာ လူစွမ်းကောင်း မဆိတ်သုန်းခဲ့ဖူးဘူး။ ကျည်မကြောက်တဲ့ ရင်ဘတ်တွေ မိုးမခေါင်ဖူးဘူး။
တတိယနိုင်ငံတွေဟာ ဒီမိုကရေစီနဲ့ မတန်သေးဘူး၊ လူငယ်နဲ့ လွတ်လတ်ခွင့်ဟာ မတန်သေးဘူး ဆိုတဲ့စကားကို အပြီးအပိုင် ငြင်းဆိုဖို့ရောက်ပါပြီ။
တချို့က ဆိုကြမယ်၊ ထစ်ကနဲရှိ ဆန္ဒပြနေကြတာလို့။ ဒါပေမဲ့ ဒါကသည်ပင် ဒီမို ကရေစီရဲ့ သရုပ်သကန်တစ်ခု မဟုတ်ပါလား။ ဒီမိုကရေစီရဲ့ တန်ဖိုးက ဆန္ဒပြခြင်း၊ မပြခြင်းမဟုတ်ဘူး၊ အဲဒီ ဆန္ဒပြခြင်းကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာသာဖြစ်ပါတယ်။ မယုံရင် မဝေးလှတဲ့ အချိန်က ဟောင်ကောင် ကျောင်း သား လှုပ်ရှားမှုကို ကြည့်ပါ။
ဒီနေ့ ကျောင်းသားလေးတွေရဲ့ ခြေလှမ်းတွေ တောင်သာဆီ ဦးတည်လိမ့်မယ်။ သူတို့ဟာ ကချင်သူပုန် မဟုတ်ဘူး၊ လူသေစေတဲ့ လက်နက်တွေ မပါဘူး။ အဲ ဥဒေါင်းဆီတွေတော့ ပါလာတယ်။ ဦးသိန်းစိန် ဘာလုပ်မလဲ။ ဒီမှာ ကမ္ဘာဦး ကတည်းက ရှိနေခဲ့တဲ့ ဖြေရှင်းနည်း နှစ်မျိုး။
၁။ အကြမ််းဖက် ဖြေရှင်း(သေကုန် အေးတာပဲ)
၂။ အပေးအယူညှိနှိုင်းပြီး ဖြေရှင်း(ခေါင်းချင်း၊ ဦးနှောက်ခြင်း အဖြေရှာ)
ပထမနည်းက လူ့တိရစ္ဆာန်အစိုးရတွေ ကျင့်သုံးတာ၊ ဒုတိယနည်းက မိဘဆန်တဲ့ အစိုးရတွေ ကျင့်သုံးတာ။
တာဝန်ယူရတော့မယ်။
ဒီပညာရေး ဥပဒေကို ဘယ်သူအတည်ပြုပေးတာလဲ။ ပြင်သင့်ရင် ပြင်ရဲရမယ်။ လူကိုသတ်လို့ လူပဲသေတယ်၊ ပြသနာ မသေဘူး။
ပြသနာကိုသတ်မှ ပြသနာ သေတယ်။
DVD ကို နားထောင်ကြည့်တော့ လူငယ်တွေ တောင်းဆိုတာ မများဘူး။ "သူတို့အသံကိုလည်း နားထောင်ပါ" ဒါပဲ။ အဓိက မတိုက်ဆိုင်မှုက
၁။ ကူးပြောင်းဆဲကာလ (ဒေါ်ရင်ရင်နွယ်ကတော့ ထရန်ဇစ်ရှင်းလို့ပဲ ထပ်တလဲလဲ သုံးသွားတယ်) လိုတယ်။ (လူကြီးအသံ)
၂။ မှန်တယ်၊ ကူးပြောင်းဆဲကာလမှာလည်း ကျောင်းသား၊ ဆရာတွေရဲ့ သဘောထားတွေ ပါဝင်နေရမယ်။ (လူငယ်အသံ)
ဒီမှာ အဖြေတစ်ခု ရှိနေတယ်။
အင်္ဂလိပ်စာ လေ့လာနေတဲ့ နိုင်ငံခြားသားတွေအတွက် အင်္ဂလိပ်စကားတောင် ဒီလူတွေချည်းပဲပြောရင် ဝေါဟာရအသစ် မထွက်ဘူး၊ ပြောဟန်၊ ပြောသံ တိုး တက်မလာဘူး။ လူပေါင်းစုံမှ စကားလုံး စုံလာတယ်။ ပညာရေး ဥပဒေကလည်း ဒီလူတွေနဲ့ပဲဆွေးနွေးနေရင် (၉၉ ကြိမ်ဆိုလား) ဒီအဖြေပဲ ထွက်မယ်။ သူတို့ဘာသာ သူတို့တော့ အသင့်တော်ဆုံးပေါ့လေ။
ဒီအထဲမှာ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းစကားကို နားထောင်တော့ ဒါက ပိုသေချာသွားရော။ သူက ကြောက်တတ်တယ်၊ ဘာမှ မပြောရဲဘူး တဲ့။ ရှင်းကရော။ ကျောင်းသားတွေ သေသာသေကြတော့။ ဘာ့ကြောင့် ဒီပညာရေး ညံ့ပါလိမ့်၊ ပညာတတ်ရင် မကြောက်ဘူးဆို၊ ဒါဆို သူသင်ထားတဲ့ပညာက ဘာပညာပါလိမ့်။
ဒီမှာ အဖြေတစ်ခု ရှိနေပြန်တယ်။
ကံကောင်းတယ်၊ သူ့တက္ကသိုလ် မတက်ခဲ့ရဘူး။
ဆက်ရန်
ဇင်ဝေသော်
ဗိုလ်ချုပ်အောင်ဆန်းသာ ဖြေရမယ်ဆိုရင်
စင်္ကာပူဝန်ကြီးချုပ်ကတော့ ဖေ့စ်ဘုတ်အမေးအဖြေကဏ္ဍနဲ့ သူဟာ လူထုနဲ့ တစ် သားထဲရှိတယ်ဆိုတာသာမက သူ့နိုင်ငံအကြောင်း ဘယ်လောက် သိထားတယ် ဆိုတာကိုပါ ပြသွားတယ်။ မြန့်မာ့ခေါင်းဆောင်တွေထဲမှာ အဲသလိုလုပ်နိုင်သူ လိုက်ရှာတော့ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ တွေ့ရတယ်။ ဒါနဲ့ သူ့ကိုပဲ အဖြေခိုင်း လိုက်ရတယ်၊ သူတို့ မေးခွန်းတွေကို ပြောင်းမထားပါဘူး။ (ညနေမှပဲ ဦးရဲထွဋ်ကို အဖြေခိုင်းတော့မယ်၊ ဟုတ်ဟုတ် မဟုတ်ဟုတ်။ သမ္မတက ခေါင်းပဲ ကုတ်နေမှာ ဆိုတော့လေ။)
မေး။ ။ ဗိုလ်ချုပ်က ဘာဖြစ်လို့ ပန်းရောင်ကိုပဲ ဝတ်တာလဲ။
ဖြေ။ ။ ပန်းရောင်ကိုပဲ ဝတ်တာမဟုတ်ပါဘူး၊ ကျနော့်မှာ ပန်းရောင်တစ်ထည် ပဲ ကောင်းကောင်းကန်းကန်းရှိလို့ပါ။
မေး။ ။ အနှစ်သက်ဆုံး အစားအစာက ဘာပါလဲ။
မေး။ ။ ပဲနံပြားပါ။
မေး။ ။ ပြည်တွင်းဖြစ်ကော်ဖီနဲ့နိုင်ငံခြားဖြစ်ကော်ဖီ ဘယ်ဟာကို ပို သဘောကျ သလဲ။
ဖြေ။ ။ ကျနော့်စားပွဲပေါ် အရင်ရောက်လာတဲ့ကော်ဖီကို ပိုသဘောကျပါတယ်။
မေး။ ။ သမီးတို့အိမ်မှာ ခွေးမွေးလို့ ရပါသလား။
ဖြေ။ ။ ရပါတယ်သမီး။ မိကျောင်းတောင် မွေးလို့ရတယ်။ အချောင်သမား၊ အကျင့် ပျက်လူတွေကိုသာ မွေးမထားပါနဲ့။ သူတို့ကို တွေ့ရင် ခဲနဲ့ထု သမီး၊ ကြားလား။
မေး။ ။ နိုင်ငံ့ခေါင်းဆောင်၊ လူထုခေါင်းဆောင်ဖြစ်မလာရင် ဘာဖြစ်ချင်ပါသလဲ။
ဖြေ။ ။ စာရေးဆရာဖြစ်ချင်ပါတယ်။
မေး။ ။ မကြိုက်ဆုံး အားကစားနဲ့ အကြိုက်ဆုံး အားကစားက ဘာပါလဲ။
ဖြေ။ ။ မကြိုက်ဆုံးက ခြင်းလုံးကန်တာ၊ အကြိုက်ဆုံးက ဘောလုံးကန်တာ၊ ကျည်း သားရိုက်တာပါ။ နုနုရွရွလုပ်ရတာတွေဆိုရင် ဘာမှ မကြိုက်ပါဘူး။
ချစ်ခြင်းတရားနဲ့ဆွဲငင်အား
ဆိုတဲ့ ရုပ်ရှင်ကားအကြောင်းပါ။ အညှီအဟောက်ကင်းတဲ့ မေတ္တာဘွဲ့၊ မေတ္တာဘွဲ့ ဆိုပေမဲ့ ဟောလီးဝုဒ်ဆန်ဆန် သိပ္ပံနဲ့တွဲစပ်ထားတဲ့ မိဘမေတ္တာဘွဲ့မျိုးပေါ့။ ကမ္ဘာမြေပေါ်မှာ ဆက်လက်ရှင်သန် ရပ်တည်ဖို့အခက်အခဲကြောင့် သူတို့ အဖေ က လူသားမျိုးဆက်ဆက်လက်ရှင်သန်ရေးအတွက် သင့်တော်မယ့် ဂြိုဟ်ကမ္ဘာ တစ်ခု အရှာထွက်ခြင်းပါ။ ဒီမှာလေးစားစရာ၊ စိတ်ဝင်စားစရာကောင်းတဲ့အချက်က
၁။ ရှေးရှေးမျိုးဆက်ကို လေးစားမှုနဲ့ မွေးပင်မမွေးဖွားသေးတဲ့ အနာဂတ်ဆက်ကို ချစ်မြတ်နိုးမှုလို့ မိဘမေတ္တာ၊ သားသမီးမေတ္တာကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ညွှန်း ထားခြင်းပါ။ တော်တော်လှပါတယ်။
၂။ အခြားဂြိုဟ်ကမ္ဘာမှာ အချိန်ရဲ့ စီးဆင်းမှု နှေးကွေးခြင်းကြောင့် လူရဲ့ သက် တန်းက ပိုရှည်သွားတယ်။ သူတို့ သားအဖ ပြန်တွေ့ချိန်မှာ သမီးနဲ့အဖေ အရွယ် တူလိုဖြစ်နေပါသတဲ့။(ဒါက သိပ္ပံနည်းကျဖြစ်ပြီး စိတ်ဝင်စားစရာ ပိုကောင်းသွား တာက ဗုဒ္ဓဘာသာကဆိုတဲ့ နတ်တွေ၊ ဗြဟ္မာတွေရဲ့ ရှည်လျားတဲ့ သက်တန်းနဲ့ သွားပြီး တိုက်ဆိုင်နေခြင်းပါ)
၃။ တန်ပြန်အကျိုးသက်ရောက်မှု၊ ဆင်တူအကျိုးသက်ရောက်မှုလည်းရှိတယ်။ ဆိုလိုတာက အခြားဂြိုဟ်ကမ္ဘာကလူနဲ့လူပြည်ကလူနှစ်ယောက်ရဲ့ လှုပ်ရှားပြု မူပုံတွေ ထပ်တူကျနေနိုင်တယ်။(ဒါကလည်း နိမ္မိတရုပ်ပွားတွေကို အမှတ်ရစရာပါ)
၎။ ဘယ်လောက် ကမ္ဘာတွေခြားခြား၊ နောက်ဆုံးသေခြင်းတရားကတောင် ချစ်ခြင်းမေတ္တာကို မဟန့်တားနိုင်ဘူး။
ဒီလေးချက်ကို အသားပေးဖော်ညွှန်းတယ်လို့ ယူဆရကြောင်းရေးထားတဲ့ (နယူးယောက် တိုင်းမ်ပါ) ရုပ်ရှင်၊ သိပ္ပံဆောင်းပါးကို အကျဉ်းချုပ်ပေးလိုက် ပါတယ်။ အနည်းဆုံး နယူတန်ရဲ့ နိယာမဟာ ရည်းစားစကားပြောရာမှာတင်မက မိဘမေတ္တာကိုလည်းဖော်ညွှန်းနိုင်တယ်လို့ ပြသရာရောက်သွားပါတယ်။
မောင်သိန်းဇော်ကတော့ ...
"ဇနီးအချစ်ကိုရဖို့ တစ်ကြိမ်ပဲ ရည်းစားစကားပြောလိုက်ရတယ်၊ သားသမီးအချစ် ကိုရဖို့ ကြိမ်ဖန်များစွာ ပြောယူနေရတယ်" လို့ ဆိုသွားလေရဲ့။ ။
ထို့ကြောင့် အမေဟု ခေါ်သည်
ပုံစံအပျက်ဆုံးရက်စက်မှုတွေထဲမှာ အလှပဆုံး မေတ္တာတရား ရှိနေတတ်တယ်။
ကျနော်ပြောနေတာက မိခင်လောင်းမဒမ် Frances Sgn အကြောင်းပါ။
ပထမဆုံးကလေးရဲ့ကိုယ်ဝန်နဲ့ အဆင့်လေးရောက်နေတဲ့ကင်ဆာ တစ်ချိန်တည်း မညှာမတာ သူမဆီရောက်လာခဲ့တယ်။
အဆင့်လေးရောက်နေတဲ့ကင်ဆာအတွက် ကုထုံးက လေဆာရောင်ခြည်၊ ဒါဆို ကလေးကို ထိခိုက်တော့မယ်။
သူမ ကလေးကိုရွေးလိုက်ပါသတဲ့။ လူသားတိုင်းရဲ့ ဂုဏ်ပြုလက်ခုပ်သံကို သူမ ခံယူထိုက်တယ်။
ဝမ်းတွင်းက ကလေးရဲ့ နှလုံးခုန်သံဟာ အချိုမြဆုံး ဂီတသံစဉ် တဲ့။
လူတွေကလည်း လူတွေဆိုတဲ့အတိုင်း ထင်မြင်ချက်တွေ အမျိုးမျိုးပေးကြလေမပေါ့။
ဒါပေမဲ့ အချိဆုံးဂီတကို နားဆင်ရင်း
ရက်စက်တဲ့ ကင်ဆာပိုးကို အံတုရင်း
ဖြစ်ကတတ်ဆန်းပြောတတ်တဲ့ လူတွေရဲ့ အမြင်ကို နားပိတ်ရင်း
လောကကြီးထဲ ကလေးတစ်ယောက် သူမ မွေးပေးလိမ့်မယ်။
***************************************************************************
တလောလေးက ဘုရားရှင်ရဲ့ "မိခင်ကျေးဇူး နို့တစ်လုံးဖိုးတောင် မကြေ" ဆိုတဲ့ စကားဟာမှားတယ် ဆိုပြီး လူတတ်လုပ်ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် တက်လာ ပါတယ်။ အတော် စိတ်ပျက်ဖို့ကောင်ပါတယ်။
ဒီ ကြေမကြေကို ဘာတွေနဲ့ တိုင်းတာမှာလဲ။ စကားလုံးစကားလုံး ချင်းလား။ ဒီ စကားက မဂ္ဂင်ရှစ်ပါးလို အချက်အလက် "Facts" ကို အခြေခံထားတာလား၊ ခံစားမှု "Feeling" ကို အခြေခံထားတာလား။ ခံစားမှု Feeling ကိုအခြေခံရင် အချက်အလက် Facts နဲ့ ညှိမရတတ်ဘူး။
ကျနော်တို့လက်ခံထားတဲ့ အမှန်တရားက စကားတစ်ခွန်းဟာ ပြောသူအပေါ် မူတည်ပြီး အဓိပ္ပါယ် ကွဲလွဲသွားတယ်ဆိုတာပါ။
"ဂေါတမဗုဒ္ဓ ဘာတွေပဲလုပ်ပေးလုပ်ပေး(သူ ဘာကြီးပဲဖြစ်ဖြစ်) သူ့ မိခင်ရဲ့ နို့ တစ်လုံးဖိုးတောင် မကြေဘူး" ဆိုတာမျိုး ဒေဝဒတ်ဆီက ထွက်လာရင် အဲဒါ ဣသာ၊ မစ္ဆရယကြောင့်။
"ငါ ဘုရားရှင်ကိုယ်တိုင်ပင် (မိခင်ရဲ့ကျေးဇူးတွေကိုထောက်ဆရင်) မိခင်ရဲ့ နို့ တစ်လုံးဖိုး ကြေအောင်မဆပ်နိုင်ဘူး ချစ်သားတို့" ဘုရားရှင်က တကယ်မိန့်ခဲ့ ရင် ကျေးဇူးနဲ့ ဂါရဝကြောင့်။
ကြားလူက(အဋ္ဌကထာဆရာ) ဝင်ပြောတာဆိုရင် ဒါက အနုပညာကိစ္စ၊ သီဖွဲ့မှု ကိစ္စ။
မိခင်ရဲ့ကျေးဇူးတွေကိုထောက်ဆရင် ဘုရားရှင်ဆိုတဲ့ ဂုဏ်ပုဒ်တောင်ငယ်တယ်။ ဘယ်လောက်လှ၊ ဘယ်လောက် နှိမ်ချ၊ ဘယ်လောက် ဂါရဝကြီးတဲ့ စကားလဲ။ (ပါဠိတော်မလာဘူး၊ ဟုတ်ပါတယ်။ မလာရုံနဲ့ ဘာကြောင့် ဒီလောက်လှတဲ့ ကွန်းဆက်ကို သတ်ပစ်ချင်ရတာလဲ)
**************************************************************************
ဘယ်လိုပဲ ဆိုဆို ဒီလိုမိခင်တွေရှိနေသရွေ့ ဘယ်လိုမိခင်ဘွဲ့တွေမှလည်း အပိုမဆိုနိုင်ပါဘူး။
ကျနော်တို့ဘဝ ပရိုဂရမ်တွေထဲမှာ အမေတွေဟာ ဆော့ဖ်ဝဲ တာဝန်ကို ယူထားကြရပါတယ်။
"အိမ်"
၁။ ငါပွင့်လိုက်တဲ့မနက်ခင်းမှာ မုန်တိုင်းရှည်ကြီးများ ကျလာလေမလားဆိုတဲ့ သံသယစိတ်နဲ့ ပန်းလေးတစ်ပွင့်ဟာ ပွင့်ဖို့ကြောက်အားပို ခြေလှမ်း ရွံ့နေ ခဲ့ပါသလား။
၂။ ဒါဆို ငါဆောက်လိုက်တဲ့အိမ်ကလေးအပြီးမှာ ငါ့အိမ်ကလေးရဲ့အမိုးတွေကို ခိုးယူသွားမယ့် မုန်တိုင်းရှည်ကြီးများ ကျလာလေမလားဆိုတဲ့ သံသယစိတ် နဲ့ကော အိမ်ဆောက်ဖို့ စို့ရွံ့နေသင့်ပါသလား။
၃။ ရောက်တဲ့ကမ်းတိုင်းကို စွန့်ခွာရမှာပဲဆိုတဲ့အသိနဲ့ မြစ်တစ်စင်းဟာ ကမ်း အသစ်ဆီဆိုက်ရမှာကို စိုးရွံ့နေတတ်ပါသလား။
၎။ ဒါဆို" ကွေကွင်းနောက်ဆုံးရှိခြေပြီ" ဆိုပြီး ဘာကိုမှ မချစ်ဘဲနေသွားသင့်ပါ သလား။
လောကဓမ္မကိုသင်ကြားခြင်းသည် အရှိတရားကို လက်ခံ၊ ခွင့်လွှတ်၊ နားလည်ခြင်းသာဖြစ်ပြီး ကြောက်ရွံ့နေဖို့မဟုတ်ဟုထင်ပါသည်။
အနားမှာ ဘာမှ၊ ဘယ်သူမှ မရှိဘူးဆိုစေ(သို့) အရာခပ်သိမ်းမှ ထွက်ပြေးသည် ဆိုစေ ကျွန်တော်တို့ကိုယ်တိုင်ဆောက်ခဲ့တဲ့ ခန္ဓာအိမ်တော့ရှိနေပါလိမ့်မည်။
ထိုအိမ်ကလေး အမိုးမကွာဖို့ တတ်နိုင်သရွေ့ စောင့်ရှောက်ထားရပါဦးမည်။
စောင့်ရှောက်နေသည့်ကြားမှလည်း အမိုးကွာကောင်း ကွာသွားနိုင်ပါသေးသည်။
ထိုကာလအတွင်း ချစ်စရာ လူ၊ အရာဝတ္ထုတို့ကိုလည်း ရိုးရိုးသားသား ချစ်သွား ကြရပါလိမ့်ဦးမည်။
မရေးဖြစ်တာကြာပြီဖြစ်တဲ့ ရသကဲဆောင်းပါးလေးတစ်ပုဒ်ကို "အိမ်" နဲ့ ပတ်သက် တဲ့ ဂျာနယ်တစ်ဆောင်အတွက် ရေးဖြစ်ပါသည်။ အပြည့်အစုံကိုတော့ သူတိုဖော်ပြပေးပြီးမှပဲ တင်သင့်သည်ဟု ယူဆပါသည်။
သမုဒယ ဟိုက်ကူ
"Even in Kyoto
hearing the coukoo's cry
I long for Kyoto"
ဒီ ဟိုက်ကူကဗျာက ဇင်ဘုန်းကြီး၊ ဟိုက်ကူမာစတာကြီး ဘရှိုးရဲ့ (Basho. 1644-1694) လက်ရာပါ။ ခံစားလေ့လာသူတွေ၊ ကမ္ဘာ့ ကဗျာဗေဒပညာ ရှင်တွေကတော့ ဒီကဗျာမှာ သစ္စာလေးပါးရဲ့ အငွေ့အသက်တွေ၊ လက္ခဏာေ ရး သုံးပါးရဲ့ အငွေ့အသက်တွေ စီးဝင်နေတယ်လို့ ဆိုကြပါတယ်၊ ကျနော်ကတော့ သမုဒယသစ္စာ၊ ခပ်ပါးပါး ဒုက္ခသစ္စာနဲ့ လက္ခဏာရေး သုံးပါး ရှုမျှော်ကွင်းလောက်ပဲ ခံစားလို့ ရပါတယ်။
"ကျိုတိုမှာဆိုရင်တောင်
ဥဩတွန်သံကို ကြားနေရရင်း
ကျိုတိုကို ကျနော် လွမ်းမိဆဲ"
ဒီကဗျာတစ်ပုဒ်းလုံးကတော့ ဘရှိုးဟာ ကျိုတိုမြို့ကို ဘယ်လောက်ချစ်တယ် ဆိုတာကို ဖွဲ့နွဲ့ပြထားတာပဲ ဖြစ်ပါတယ်။
ဒီကဗျာရဲ့ မိတ်ဆက်က "Even in Kyoto" ပါ။ ဒီလိုပြောလိုက်တော့ ဒီ ကဗျာ ကို သီကုံးခိုက် ဘရှိုးဟာ ကျိုတိုမြို့မှာ ရှိမနေဘူးလို့ ခံစားလို့ သလို ဘရှိုး ဟာ ကျိုတိုမြို့ကနေ တစ်ခါတစ်ခါ အဝေးရောက်နေရတတ်တယ် လို့ ခံစား ရင်လည်း ရပါတယ်။
သူ ကျိုတိုကို လွမ်းတယ် ဆိုရာမှာ သူ့အလွမ်းစိတ်ကို မြားခေါ်သွားတာက ကျိုတိုတင်မကတော့ဘဲ ဥဩတွန်သံနဲ့ပါတွဲပြီး အားဖြည့်ပေးထားတာ တွေ့ ရပါတယ်။
"ဥဩတွန်သံကို ကြားနေရရင်း (နဲ့တောင်)
ကျိုတိုကို ကျနော် လွမ်းမိဆဲ"
ဒီ နှစ်ကြောင်းက အနှောင်အဖွဲ့လို့ အမည်ရတဲ့ "သမုဒယသစ္စာ" ကို ကဗျာ ဆရာက ပြန် " နှောင်ဖွဲ့" လိုက်တာပါပဲ။
ကျိုတိုမှာ မဟုတ်လို့၊ ဥဩတွန်သံကို မကြားရလို့ သူ လွမ်းနေတာ မဟုတ်တော့ဘူး။ ၊ ဥဩတွန်သံကိုကြားနေစဉ်မှာကိုပဲ ဥဩတွန်သံကို ထပ်လွမ်းပြလိုက်ချင်းပါ။
ဒါ ဘာလဲ?
ပိုင်ဆိုင်နေရပြီပဲ၊ လွမ်းနေ၊ တမ်းတနေစရာ မလိုတော့ဘူး။
တကယ်တော့လည်း သမုဒယမှာ ရပ်နားစရာ ဂိတ်မရှိ၊ ရပ်နားစရာအရိပ် လည်း မရှိပါဘူး။ ဒါကြောင့်လည်း သမုဒယက နာမည်တစ်လုံးနဲ့ နေနိုင်တာ မဟုတ် လား။
သမုဒယက ရပ်နားစရာ ဂိတ်မရှိ၊ ရပ်နားစရာအရိပ် မရှိသလို ဘရှိုးကလည်း ရပ်မနေခဲ့ပါဘူး။ ကျနော်တို့ကိုလည်း ရပ်နားခွင့် သူ မပေးခဲ့ဘူး။
အခု ဥဩတွန်သံကို ကြားနေရပေမဲ့.....
ကျိုတိုမြို့ကနေ အဝေးကို ခရီးသွားရတဲ့ အခါ.....
ဥဩတွန်သံကို မကြားလိုက်ရတဲ့ အခါ.......
ဘုရား ဘုရား!!!!!
အနိစ္စတရားကို ဘယ်သွားထားကြမလဲ?
သူလာခေါ်လို့ အပြီးလိုက်သွားရတဲ့ အခါ.......
အဲဒီ အခါတွေမှာ
ကျိုတိုကို.............
ဥဩတွန်သံကို.................
သူ့အလွမ်းကို စိုးရိမ်မှု (ဒုက္ခသစ္စာ) အမြှေးပါးလေးနဲ့ပါ ထုပ်ပိုးပြသွားတယ်။
ဒုက္ခကို ခပ်ပါးပါး ပြသွားခဲ့ပေမဲ့ ဘရှိုးရော ကျနော်တို့အားလုံးဟာ အမြှေး ပါးလေးကို ခွာပြီး (ငှက်ပြောသီး အခွံကို ခွာလိုက်သလိုမျိုးပဲ) သမုဒယ ဆီ ခြေကုန် သုတ်ကြပြန်တယ်။
ဒီကဗျာမှာတော့ သမုဒယသစ္စာ ကိုယ်တိုင် ဘရှိုးရဲ့ ချည်နှေင်ခြင်းကိုခံလိုက် ရတယ်။
ဒီလိုနဲ့ သမုဒယက ဘရှိုးကို ချည်လိုက်၊ ဘရှိုးက သမုဒယကို ချည်လိုက်။
သမုဒယက ကျနော်တို့ကို ချည်လိုက်၊ ကျနော်တို့က သမုဒယကို ချည်လိုက် ပါပဲ။
21/11/2013
The Four
The Four ဆိုတဲ့ တရုတ်သမိုင်း ဇာတ်လမ်းတွဲကြီးရှိတယ်။ မြန်မာပုဂံ သမိုင်း နဲ့ တော်တော်ဆင်ပါတယ်။ အဓိက ဇာတ်ဆောင်ကောင် လေးယောက်က ပုဂံ လူစွမ်းကောင်း လေးယောက်နဲ့ ၇၅ ရာခိုင်နှုန်းလောက် တူမယ်။
မတူတာက ကျန်စစ်သားနေရာ ခေါင်းဆာင်က ခြေထောက်မကောင်းလို့ ဘီးတပ် ကုလားထိုင်နဲ့ ဖြစ်နေခြင်းသာ ဖြစ်ပါတယ်။
ဘယ်ဟာက မူရင်းလည်း မသိပါ။ တိုက်ဆိုင်မှု ဖြစ်နိုင်သလို ဇာတ်ကွက် ဖန်တီး မှုလည်း ဖြစ်နိုင်ပါတယ်။
ဝမ်းနည်းစရာ အကောင်းဆုံးအခန်းက ဘုရင်ကို ထွက်ပြေးခိုင်းပြီး သူတို့လေးယောက်က သိန်းချီတဲ့ ရန်သူတွေကို ရင်ဆိုင်နေရစ်ခဲ့တဲ့ နောက်ဆုံး ဇာတ်သိမ်းခန်းပါ။
ဘီးတပ်ကုလားထိုင်နဲ့ ခေါင်ဆောင်မင်းသား ပြောလိုက်တဲ့ စကားက
"See you next life." တဲ့။
ဇာတ်လမ်းတွဲက ဒါနဲ့ သိမ်းထားတယ်။
တချိန်ချိန်မှာ စီးပွားရေးတွေကောင်းလာ၊ အနုပညာ(အထူးသဖြင့် ငွေကုန်ကြေး ကျများတဲ့ ရုပ်ရှင်လို)အဆင့်တွေ မြင့်မားလာပြီး ပုဂံခေတ်အကြောင်း ဒီလို ဇာတ်လမ်းတွဲကြီးတွေ ရိုက်နိုင်ရင် ကောင်းမယ်။
ညစာ ပြန်မစားသောအိပ်မက်များ (New Version)
အလည်လွန်သော အိပ်မက်များ ညစာပြန်မစားခြင်းနှင့်ပတ်သက်၍ ကြေကွဲ မည်ဆိုက ကြေကွဲနိုင်၏။
သို့သော်…….
ကျေးလက်ညနေချမ်းလေးတစ်ခု၌ သူ့မိတ်ဆွေ ကဗျာဆရာက ကဗျာလေး တစ်ပုဒ် သူ့အတွက် ရေးစပ်ရွတ်ဆိုပေးခဲ့ ဖူးတယ်။ ခေါင်းပေါင်းစနှင့် ကျေး လက်သားကြီးများက မိတ်ဆွေရဲ့ စပ်ရှရှစကားလုံး (တချို့က မော်ဒန်၊ တချို့ က ပို့စ်မော်ဒန် စသဖြင့် သုံးကြပါတယ်။ ဟုတ် မဟုတ်တော့ မသိပါ) တွေကို နားလည်ကြသလားတော့ မသိပါဘူး။ လူငယ်တွေကတော့ ခံစားလို့ရတယ် လို့ ဆိုပါတယ်။ ဘာကို၊ ဘယ်လိုခံစားလို့ရတာလဲ ဆိုတာဟာ မမေးအပ် တဲ့ မေးခွန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာတော့ လုပ်ဖြစ်လိုက်ကြပါ တယ်။
“မိုးပေါ်ပျံတက်သွားတဲ့ မိုးပျံပူပေါင်းတစ်လုံးကို မြင်ဖူးကြပါသလား။ ကျွန်တော့် မိတ်ဆွေဟာ အဲဒီ မိုးပျံပူပေါင်းတစ်လုံးပါ” လို့ သူစတင်ရွတ်ဆိုလိုက်တယ်။
ဟုတ်ပါတယ်။ အလည်လွန်တဲ့ အိပ်မက်တစ်ချို့ ညစာပြန်မစားဖြစ်ကြတာဟာ အဲဒီမိုးပျံပူပေါင်းဆီကို ရောက်နေကြလို့ပါ။
သူ့ဆီကို ရောက်ရောက်လာတဲ့ အိမ်ခြံမြေရောင်းဝယ်ရေး ကြော်ငြာတွေဟာ မိုးပျံပူပေါင်းလေးနဲ့ ဘာမှမဆိုင်ပါဘူး။ သူနဲ့ဆိုင်တာက သူ့ရဲ့ အရေခွံပါးပါးေ လးတစ်ခုထဲသာပါ။ အဲဒီ အရေခွံဟာ အိမ်တစ်လုံး ဆိုရင်တော့ သူ့မှာလည်း အိမ်ရှိပါတယ်။ ဒါပေမယ့် ဒီအိမ်မှာ ဈေးကွက်သဘောတရားတွေ ဘာတွေေ တာ့ မရှိပါဘူး။ အဲ- မိုးပျံပူပေါင်းတစ်လုံးမှာ အကြောင်းညီညွတ်ရင် ကြိုး တစ်ချောင်းလည်း ရှိနေနိုင် တာပေါ့။ ဒီကြိုးကရော အိမ်၊ခြံ၊မြေလား။ မဟုတ်နိုင်ပါဘူး။
ရှုမှတ်ပွါးများတတ်တဲ့ ယောဂီတစ်ယောက်အတွက်ဆိုရင်တော့ အဲဒီ မိုးပျံ ပူပေါင်း လေးကိုကြည့်ပြီး အနိစ္စတရားတွေ ထပ်တလဲလဲ စီးဖြန်းလို့ရနိုင်မယ်။ သူ့ဘဝနဲ့ လေဟာပြင်ကို စည်းခြားထားတာ ဆိုလို့ အဲဒီ အရေခွံပါးပါးလေးပဲ ရှိတာမဟုတ်လား။ ဒီထက် အနတ္တဆန်တဲ့ သဘောတရား ဘယ်မှာ ရှာကြဦး မှာလဲ။
ဘာမှမရှိခြင်းတွေနဲ့ ဖောင်းကားနေတဲ့ သူ့ရင်ဘတ်ကရော ဘာတွေသိမ်း ဆည်းလို့ ထားနိုင်မလဲ။ ဒါတွေကို သူမသိနိုင်ဘူး။ ဒါတွေကိုမသိရင် ဘာတွေ ကို သိရမှာလဲ။ မသိဘူး။ သိရမှာတွေကရော တကယ်သိရမှာတွေဟုတ်သ လား၊ သူမသိနိုင်ဘူး။ ဒီလိုပါပဲ။ ဘာမှမသိခြင်းတွေဖောင်းကားလာတာနှင့် အမျှ သူဟာ ပိုလို့ပေါ့ပါး လာပါတယ်။ ပေါ့ပါးခြင်း ဆိုတာ အမြင့်ကိုရောက်ြ ခင်းရဲ့ အကြောင်းတရားလား။ ဟုတ်ကောင်း ဟုတ်နိုင်ပါတယ်။ ဒါပေမဲ့ ဖောင်းကားလာတာနဲ့အမျှ လွင့်စင်ပေါက်ကွဲဖို့လည်း နီးစပ်လာပါ တယ်။
တစ်နေ့ မိတ်ဆွေတွေနဲ့ ပြန်တွေ့တော့-
“အခု “ ” နဲ့ အတူနေတာလား” လို့ မေးကြတယ်။
“ဘယ်သူမှ မရှိတော့လည်း သူ့ကိုပဲလူလုပ်ပြီး ပေါင်းနေရတာပေါ့” လို့ပြောတော့ ကဗျာဆရာက တဟားဟားရယ်တယ်။ သူငယ်ချင်းတွေက လက်ဆောင်တွေ ထုတ်ပေးတော့-
“ကိုယ့်ထက်နွမ်းပါးတဲ့ သူ့ကိုပဲ ပေးထားခဲ့ပါ” လို့ ပြောမိတော့ သူစိတ်မ ထိန်းနိုင်တော့ပဲ လက်သီးနဲ့ ထိုးပြန်တယ်။ ဒါပေမယ့် မိုးပျံပူပေါင်းပေါက်မှာ စိုးလို့နေမှာပေါ့ ကဗျာဆရာရဲ့လက်သီးက သိပ်မပြင်းပါဘူး။ ကဗျာဆရာဆို တာ ကောက်နေတာကိုသာ ဖြောင့်ပေးတတ်ပြီး လက်သီး ပြင်းပြင်းေ တွ မွေးမြူမထားတတ်ပါဘူး။
“ကိုယ့်လူ ကျူရှင်ထဲက ဟိုကောင်မလေးကို ကြိုက်တယ်” တဲ့။ “ ချစ်” ဆိုတဲ့စကား ပြောရမှာရှက်တဲ့ ကဗျာဆရာကိုကြည့်ရင်း ရယ်မိပြန်ရော။ ခပ်လှလှစကားလုံးတွေ တမင်ရှာသုံးတတ်တဲ့ ကဗျာဆရာက “ချစ်” ကိုတော့လျှာမရဲဘူးတဲ့။ သဘာဝတရားတစ်ခုခုကိုမဟုတ်ဘဲ မိန်းကလေး တစ်ယောက်ကို ရည်ညွှန်းနေလို့တဲ့။
မှတ်မှတ်ရရ သူရွေးပေးတဲ့ ကလောင်နဲ့ စာတော်တော် ရေးဖြစ်ခဲ့ သေးတယ်။ သူ ဒီတစ်ခါ ပေးတဲ့နာမည်က မိုးပျံပူပေါင်းတော့ မဟုတ်တော့ဘူး။ ဒါပေမယ့် စိတ်ထဲမှာစွဲနေတာကတော့ အဲဒီ မိုးပျံ ပူပေါင်းလေးပါပဲ။ အမြင့်တက်ခြင်းတွေ ဘာတွေနဲ့ မဆိုင်ပါဘူး။ ထိရှပေါက်ကွဲလွယ်တဲ့အဓိပ္ပါယ် ဆောင်နေ တာ လေးကိုသတိရတာပါ။
ဒါ့ကြောင့် အိပ်မက်တွေဟာ အိမ်ပြန်နောက်ကျခဲ့ရတာပါ။ အထီးကျန် လွင့်မျောနေတဲ့ ပေါ့ပေါ့ပါးပါးဝမ်းဗိုက်တစ်ခုဟာ တစ်ခါတစ်ခါတော့ တစ်ခုခု၊ တစ်စုံတစ်ရာ၊ တစ်ယောက်ယောက်၊ တစ်နေရာရာကို သတိရတာမျိုးတော့ ရှိနေနိုင်တာပေါ့။ ဒါကလည်း လေးလေးလံလံ တော့ မဟုတ်နိုင်ပါဘူး။
ဒီထက်ကြီးလေးတဲ့ ကိစ္စက အနတ္တလွင်ပြင်မှာ ပေါက်ကွဲလွင့်စင်လာဦးမယ့် သူ့အရေခွံ ပါးပါးလေး အကြောင်းပါ။ ဒါက သေခြင်းတရားလား၊ ရှင်ခြင်း အဆုံးလား၊ ရှင်ခြင်းအစလား။ ဒါတွေကို သူမသိနိုင်ဘူး။ ဒါတွေကိုမသိပေမဲ့ လွင့်စင်ပေါက်ကွဲခြင်းကို ရှောင်လို့မရဘူးဆိုတာ သိနေတယ်။ လွင့်စင်သွားေ တာ့လည်း မိုးပျံပူပေါင်းလေးက လေဟာပြင်နဲ့တသား တည်း ဖြစ်သွားပြီး သူ့အရေခွံဟောင်းလေးဟာ လေးကန်တဲ့ ခြေလှမ်းတွေနဲ့ မြေပြင်ကိုပြန်ဆင်း သွားလိမ့်မယ်။ အဲဒီအချိန်မှာ အရေခွံဟောင်းနဲ့ ဗလာဟောင်းလောင်း ရင် ဘတ်လည်း မရှိနိုင်တော့ဘူး။ ဒါကိုပဲ သံသရာလို့ ခေါ်ကြတာလား။ သူ ဉာဏ်မမီဘူး။
သေချာတာကတော့ အဲဒီအခါမှာ မိုးပျံပူပေါင်းဆိုတာ ဘယ်ဟာလဲလို့ ပြော လို့မရတော့ဘူး။ ဘယ်မှာလဲလို့ လည်းရှာမရ တော့ဘူး။
အဲဒီကဗျာဆရာကိုယ်တိုင် တွေဝေသွားမယ့် အိမ်မက်ရှည်ဆီ ခြေဆန့်နေ မိတယ်။
ဒါနဲ့ပဲ အလည်လွန်တဲ့ အိပ်မက်တွေ ညနေစာနဲ့ လွဲခဲ့ရပြန်ပေါ့။
ဇင်ဝေသော်
အမေနေ့အလွန် တစ်ဘူတာ
၁၉၉၆ လောက်က ဟင်္သာတထွန်းရင်ရဲ့
"အမေနဲ့ရွာကိုလွမ်းတယ်" သီချင်းကို ကျနော်က နားထောင်နေခိုက် သူငယ်ချင်း ကဗျာဆရာက
"ဒါတွေ နားထောင်မနေပါနဲ့ကွာ၊ ခေတ်အောက်နေပါပြီ။ ဒါကို နားထောင်" ဆိုပြီး ထူးအိမ်သင်ရဲ့
"အိမ်ပြန်ချင်တယ်" ကို ပေးပါတယ်။
"ထူးအိမ်သင်ကို နားထောင်ပြီးပါပြီကွာ" လို့ ဖွင့်မပြောခဲ့ပေမဲ့ ခေတ်တစ်ခုကို ပျက်ရယ်ပြုတဲ့အထဲမှာ ကျနော် မပါဘူးဆိုတာ လေးဖြူရဲ့ "နောက်ဆုံးရထား" သံ ကျနော့်ဆီက ကြားရပြီးတဲ့နောက် သူလည်း သိခဲ့ပါတယ်။
အမေ့ကိုလွမ်းရာမှာ ဂန္ထဝင်တွေ၊ မော်ဒန်တွေ ရှိသလား
ကျနော်မသိခဲ့ပါဘူး။
ဆွတ်ဆွတ်ဖြူ နှလုံးသားတစ်စ်စုံကို လွမ်းဖို့
ကာရန်တွေ၊ ကာရန် မဲ့တွေ၊
ရစ်သန်တွေ၊ စီးမျောမှုတွေ
ဒါတွေလိုသလား ကျနော် မသိခဲ့ရိုးအမှန်ပါ။
ခေတ်တိုင်းမှာ မိခင် မေတ္တာတွေက ပွေလီမှုမရှိခဲ့သလို ကျနော်တို့ ရင်ခွင်ထဲက မိခင်အကြောင်း ကကြီးခခွေးတွေကလည်း အနေအထား မလွဲခဲ့ကြပါဘူး။
အမေနေ့လွန် အမေ့အကြောင်းကို ဘာမှမဟုတ်ပေမဲ့ အမေနားထောင်မယ်
ဆိုတာသေချာလို့ အမေ့အကြောင်းကိုဆိုရင် အချိန်မရွေး ပြောနေလို့ ရတာပဲလို့ပဲ ယုံကြည်မိတယ်။
အဲ...ယုံကြည်မှုက ယုတ္တိဗေဒကို လက်မခံဘူး။ ဒါကိုလည်း သူငယ်ချင်း ကဗျာဆရာက လက်ခံပါတယ်။
ကျနော်တို့ နှစ်ယောက်စလုံး အဲဒီအချိန်မှာ သဘောတူခဲ့ကြတာက "အမေဟာ ထာဝရ" တဲ့။
ဒီ ယုံကြည်မှုကလည်း ထာဝရ ပါ ကဗျာဆရာရယ်။ ။
ဘယ်သီချင်းကို အကြိုက်ဆုံးလဲ
သူဆိုခဲ့တဲ့ သီချင်းတွေထဲမှာ ဘယ်သီချင်းကို အကြိုက်ဆုံးလဲလို့ ဟယ်ရီလင်း ကို မေးတော့ သူဆိုခဲ့တဲ့ သီချင်းအားလုံးဟာ သား၊ သမီးတွေလို ဖြစ်နေလို့ အဲသလို ခွဲပြောလို့ မရပါဘူးတဲ့။ သွားခေါတဲ့ကလေးကို သွားခေါလေးမို့ ချစ်ရ၊ မျက်လုံးစွေနေတဲ့ ကလေးကို မျက်လုံးစွေလေးမို့ ချစ်ရ တဲ့။
အမေရိကန် ဒု သမ္မတဟောင်း ချင်းညေကလည်း ကျားဆိုကျား၊ မဆိုမ မှ ။ နို့မို့ ကြည့်မရဘူး။ တိုက်တိုက်ဆိုင်ဆိုင် သူ့သမီးနှစ်ယောက်က ယောက်ျား လျှာလေးတွေ လာဖြစ်နေတယ်။ ဘာတတ်နိုင်မှာလဲ။ ယောက်ျားလျှာလေးတွေမို့ ပို ချစ်ရပေါ့။
ပို့စ်ကတော့ အသစ်အဟောင်း အက်ဒမင် တင်သလို တက်ပါလိမ့်မယ်။
♛အာဏာရှင်တွေ ကန်တဲ့ ဘောလုံး♛
ဘောလုံးရှုံးတိုင်း မဆိုင်တဲ့ နည်းပြတွေ ပြောင်းနေလို့။ အစောကြီးကတည်း က အစိုးရ ပြောင်းရမှာ။
အစိုးရ ပြောင်းတာနဲ့ ကလေးတွေရဲ့ ကစားပုံလည်း ပြောင်းသွားတယ်။ ထိုင်းကို သူတင်ကိုယ်တင်ကစားတာက ဦးလှဝင်းတို့ပြောတာပဲ ကြားဖူးတာ။ အခု တကယ်ပဲ။ သရေပွဲနဲ့ ဆုံးပေမယ့် ကျော်ကိုကို တိုးအားနဲ့ အဆင်ပြေနိုင် ပါတယ်။ အားပေးတယ်။ သရေကစားဟန်ရှိပေမယ့် ဖောက်လုံးတွေ မိုက် တယ်။ ကျော်ကိုကိုက ရော်နယ်ဒိုစတိုင်တွေ သိပ် မဖမ်းသင့်ဘူး။  December 14 at 10:20pm
ဂဒါဖီ ရဲ့ ဘောလုံး ဥပဒေ သုံး ချက်
၁။ ငါ့သား ဂဒါဖီ ဆီက ဘောလုံးကို မည်သူမှ အတင်းဝင် မလုရ။
၂။ ဘယ်အချိန် ငါ့ သား သွင်းတဲ့ဂိုးကို လွှတ်ပေးရမယ်၊ ပွဲ အဖြေဟာ ဘယ်လိုဖြစ်နေရမယ် ဆိုတာ တစ်ဖက်အသင်း ဂိုးသမားကို ကြိုတင် အသိပေးထားပါ။
၃။ ငါ စိတ်ရင်းကောင်းကောင်းနဲ့ ခွင့်ပြုထားလို့ လစ်ဗျား တစ်နိုင်ငံလုံး ဘောလုံးကစားခွင့် ရနေတာ ဆိုတာကို အမြဲ အမှတ်ရနေကြပါ။
ကျနော်က လစ်ဗျားနိုင်ငံ ရေဒီယို ကနေ ဘောလုံး ကြေငြာ၊ ဝေဖန်သုံးသပ်တဲ့ အဘီဒယ် ပါ။
ရေဒီယိုကနေ မိနစ်တိုင်းမှာ Colonel Gaddafi ရဲ့ အကြောင်း ကြေငြာပေးရတယ်။
"သောတရှင် မိဘ ပြည်သူများ ခင်ဗျာ၊ အခုလို ဘောလုံးပွဲကြီးတွေ ကြည့်နေရတာဟာ ကျနော်တို့ နိုင်ငံ ခေါင်းဆောင်ကြီး Colonel Gaddafi ရဲ့ ကျေးဇူးကြောင့်ပါ၊ သူ့ကို ကျေးဇူးတင်ဖို့ မမေ့ကြပါနဲ့ ခင်ဗျာ"
ဆိုတာမျိုးတွေပေါ့ဗျာ။
ဗျာ၊ မရဘူး၊ စစ်တပ် တစ်တပ်လုံး နားထောင်နေတာ။
အဲဒီ အသံ မလာတာကြာရင် သတိပေးတတ်တယ်။ ရီစရာ၊ကြောက်စရာ ကြီး ဗျ။
ပိုဆိုးတာက ဘောလုံးသမားတွေရဲ့ နာမည်ကို ခေါ်ခွင့် မပြုဘူး၊
သူ့သား Saasdi Gaddafi ကလွဲရင် ပေါ့ဗျာ။
ဒီတော့ ကျောနံပါတ် ဘယ်လောက် ဆိုတာဘဲ ပြောလို့ရတယ်။
သွား မလုပ်နဲ့၊ ဒုက္ခ အကြီးအကျယ် တွေ့သွားမယ်။
တစ်ယောက်ယောက်က များ လှလှ ပပ လေး ကစားပြသွားရင် ကျနော် ပြောရမယ့် စကားက
"ကြည့်ပါဗျာ၊ လှလိုက်တဲ့ ကစားကွက်၊ ဒါမျိုးတွေ မြင်ရတော့ ကျနော်တို့ နိုင်ငံကျော် ဘောလုံးသမားကြီး Saasdi Gaddafi ကို သတိရ လိုက်တာ ဗျာ" တဲ့။
မရီ ရဘူးလား၊ ဟား ဟား ။
ဆိုပါတော့ နံပါတ် ၇ က ဂိုး သွင်းလိုက်တယ်။ ဒါဆို
"လှလိုက်တဲ့ ဂိုး ဗျာ။ ဒီလို ဂိုး မျိုးကို သွင်းယူဖို့ ဆိုတာကတော့ မာရာဒိုနာ တို့၊ လိုင်နီကာ တို့ ၊ ဂက်စ်ကွိုင်းနီ တို့ Saasdi Gaddafi တို့ ပဲ စွမ်း နိုင်ပါလိမ့်မယ် ခင် ဗျား" တဲ့ ဗျ။
တော်တော် နောက်တဲ့ ဂဒါဖီ သား အဖ ပါ ဗျာ။
Saasdi Gaddafi ဆိုတဲ့ ကောင်က ဘာမှ သုံးစားလို့ ရတဲ့ကောင် မဟုတ်ဘူး။ အီတလီကိုသွားတယ်။
လေးနှစ်ကြာနေတယ်။ စီးရီးအေ မှာ ကစားဖို့ ထွက်သွားတာ လေဗျာ။ ကလပ် လေးခု ပြောင်းတယ်။
ဘောလုံးကွင်းထဲ မိနစ် ၂၀ လောက် ရောက်ဖူးတယ်။ ဘောလုံးနဲ့ ခြေထောက် ငါးခါ ထိခွင့်ရခဲ့တယ်။
ဒါပဲ။
အဘီဒယ်။
ဂဒါဖီ သား အဖ နဲ့ ဘောလုံး ကြေငြာရသူ၊
လစ်ဗျား။
ညီပုလေး ရေးတဲ့ "မီးသွေးခဲမို့ မည်းသကို" က ဘာဟုတ်သေးလို့တုန်း။ အဘ ကို သတိရ တယ်။
(Posted on 27/07/2012)
ဇင်ဝေသော်
Copyright © 2012 ကမ်းလက်. All rights reserved.
အချစ်များစွာနဲ့.......ကျည်ဆန်သုံးတောင့်
တည်းခိုခန်းကို ပြန်ရောက်တော့ ခဏနားနေပြီး တီဗွီ ရီမုတ်ကွန်ထရိုး ကို နှိပ် ရင်း ကိုယ်နားလည်နိုင်မယ့် ဘာသာစကားပြောတဲ့ ဇာတ်ကားကို ရှာနေမိ တယ်။ နှိပ်ရင်း နှိပ်ရင်းနဲ့ အမေရိကန် စစ်ကား တစ်ကားစီ လက်ရောက်သွား မိတယ်။ အဲ့ဒီအချိန်မှာ ဇာတ်ကားက ကောင်းခန်းရောက်နေပါပြီ။ ကွဲပြီးကျန် ရစ်နေခဲ့တဲ့ အမေရိကန် တပ်စိပ်တစ်စိပ်ကို ရန်သူ ရှရှားစစ်သားတွေက ဝိုင်း ထားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကလည်း နှင်းခဲတွေဖုံးပြီး ဆွတ်ဆွတ်ဖွေး လျက် ရှိနေတယ်။ အမေရိကန်စစ်သားတွေ ရှိနေသေးတယ်ဆိုတာ သိပေ မယ့် ဘယ်မှာ ရှိနေကြတယ်ဆိုတာ တိတိကျကျမသိတော့ ရှရှားစစ်သားေ တွကလည်း အရမ်းမတက်ရဲကြဘူး။
ခဏနေတော့ အဲဒီ တပ်စိပ်ကို ကယ်တင်ဖို့ အမေရိကန် ဟယ်လီကော်ပတာ တစ်စီးထိုးဆင်းလာတယ်။ ဒါပေမဲ့ မြေပြင်အထိမဆင်းဘဲ တွယ်ပြီးတက်ဖို့ ကြိးချပေးလိုက်တယ်။ အဲဒီ ဟယ်လီကော်ပတာရှိရာ အမေရိကန် စစ်သားေ တွလည်း ပြေးသွားကြတယ်။ ဒီတော့မှ ရှရှားစစ်သားတွေက အမေရိကန်တွေ ကို တွေ့ပြီး နောက်ကနေ လိုက် ဝိုင်းပြီး ပစ်ခတ်ကြတော့တာပါပဲ။ ပြေးရင်း၊ ကာကွယ်ရင်း...... ပြေးနေကြစဉ်မှာ နောက်ဆုံးက ပြေးလိုက်လာတဲ့ အမေရိကန် စစ်သားလေးရဲ့ပေါင်ကို ကျည်ဆံထိမှန်သွား ရှာပါတော့ တယ် ။ ထော့နင်းထော့နင်းနဲ့ သူလည်းနောက်က ကြိုးစားလိုက်တယ် ဒါပေမဲ့ ခရီးကမတွင်တော့ပါဘူး။
ကျည်ဆံမထိတဲ့စစ်သား ငါးယောက် ဟယ်လီကော်ပတာပေါ် ရောက်သွား တယ်။ ဟယ်လီကော်ပတာ ဆင်းလာတာ တွေ့လိုက်တာနဲ့ တပြိုင်နက် ရန်သူ့ စစ်တပ် ကလည်း တင့်ကားတွေအပါအဝင် အလုံးအရင်းနဲ့ ပြေးတက် လာကြတော့တယ်။
ကျည်ဆံထိမှန် ထားတဲ့ စစ်သားကလည်း မျှော်လင်ချက်ကြီးကြီးနဲ့ ကြိုးစားပြီလိုက်ရှာတာပါပဲ။ ခန့်မှန်းခြေ ဟယ်လီကော်ပတာနဲ့ ကိုက် တစ် ရာလောက်ပဲ ဝေးမယ်ထင်ပါတယ်။ အဲသလိုပဲ ရုရှားတင့်ကားတွေနဲ့ကလည်း ကိုက် ငါးရာလောက်ပဲ ဝေးတော့မယ်။ စက္ကန့်ဝက်အတွင်း အားလုံး ပြာဖြစ် သွားနိုင် တဲ့ အနေအထားပေါ့။
ကဲ.......
ရဲဘော်ကိုပဲ ရအောင်ကယ်မလား။
ကျန်တဲ့စစ်သားတွေအတွက် ဘေးလွတ်ရာကို သွားမလား။
ကပ္ပတိန်ဆုံးဖြတ်ရတော့မယ်။
အဲဒီအချိန်မှာ ဝေခွဲမရဖြစ်နေတဲ့ ကပ္ပတိန်ရဲ့ မေးရိုးတွေတင်းမာသွားပြီး ဘယ်သူမှ ထင်မှတ်မထားတဲ့ အလုပ်ကို သူ ကောက်လုပ်လိုက်တယ်။
ကပ္ပတိန်က သူ့လက်ထဲမှာရှိတဲ့ သေနတ်နဲ့ ဒဏ်ရာရနေတဲ့ စစ်သားလေးရဲ့ ရင်ဝကို တည့်တည့်ကြီး ပစ်ထည့်လိုက်တယ်။
သုံးချက်တိတိ။
မယုံကြည်နိုင်တဲ့ မျက်လုံးအစုံနဲ့စစ်သားလေး ခွေကျသေဆုံးသွားပါတော့ တယ်။
ပြီးတော့မှ ကပ္ပတိန်က "Take off !" အမိန့်ပေးလိုက်တယ်။
အမိန့်ပေးအပြီး ကပ္ပတိန်က ငိုချလိုက်တယ်။ ဟယ်လီကော်ပတာကတော့ ရန်သူနှင့်ဝေးရာကို ပြန်သန်းထွက်ခွာသွားပြီဖြစ်ပါတော့တယ်။
ဟယ်လီကော်ပတာ စတင်ပျံနေတော့ စစ်သားတစ်ယောက်က ကပ္ပတိန်ကို ခုံအုပ်လိုက်ပြီး လက်သီးနဲ့ ကျကျနနထိုးတယ်။ ကပ္ပတိန်ကတော့ ဘာမှ လည်း ပြန်မပြော။ ခုလည်း မခုခံ။ အဲ့ဒီ စစ်သား ထိုးသမျှကို ငုံ့ခံနေရှာတယ်။
“ ခင်ဗျား ရဲဘော်စိတ်မရှိဘူး “ စစ်သားက ကပ္ပတိန်ကို စွပ်စွဲတယ်။
“ ငါ့မှာ ခေါင်းဆောင်စိတ်ရှိတယ်။ သူ့ကို ကယ်ဖို့ကြိုးစားရင် တို့ခြောက်ေ ယာက်လုံးသေမယ်။ သူ့ ကို မကယ်တော့ စစ်သား ခြောက်ယောက် ရဲ့ အသက် ငါတို့ပြန်ရတယ်။ တစ်ယောက်ပဲဆုံးတယ်။ ဒီလိုမလုပ်ရင် ငါတို့ ဟယ်လီကော်ပတာပါ ပစ်ချတာ ခံရတော့မယ်“
ကပ္ပတိန်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဖြေတယ်။
“ ဒါဖြင့် ကိုယ့်ရဲဘော်ကို ဘာလို့ ပစ်သတ်ရတာလည်း၊ ခင်ဗျား လူယုတ် မာကြီး “ စွပ်စွဲပြန်တယ်။
“ ဒါက ပရင်စီပယ်အရ ဖြစ်တယ်။ ဒီကောင်တွေလက်ထဲ ရောက်ပြီး ငါတို့ လျှို့ဝှက်ချက်တွေကို ဖွင့်မပြောဘူးဆိုရင် ဘယ်သူမှ အသက်မရှင်နိုင် ဘူး။ သေရတာချင်းအတူတူ အနှိပ်စက်မခံရဘဲ သေရတာက ပိုကောင်းတယ် “ ဖြေတယ်။
စကားဆုံးတော့ ကပ္ပတိန်ကို လက်သီးနှင့်ထိုးတဲ့ စစ်သားလည်းငိုပြန်တယ်။
ငိုသင့်တယ်။ စစ်သားလည်း ငိုသင့်တယ်။ ကပ္ပတိန်လည်းငိုသင့်ပါတယ်။ ဘာမှ မဟုတ်တဲ့ အကြောင်းပြချက်ဖြစ်တဲ့ ယောက်ျားများ မငိုသင့်ဆိုတဲ့ စကားဟာ အဓိပ္ပါယ်မရှိလှပါဘူး။ သူတို့ မျက်ရည်တွေမှာ အဓိပ္ပါယ်တွေ ပြည့် နှက်လို့နေတယ်။
အဲဒီ မြင်ကွင်းကို ကြည့်ရင်းတုန်လှုပ်သွားမိတယ်။
ကပ္ပတိန်ဟာ ပြတ်သားတယ်။ လူသားဆန်တယ်။ ခေါင်းဆောင်ဆန်တယ်။
သူ မှန်သလား၊ မှားသလား ပြောချင်ရာပြောခွင့်ရှိနေတယ်။ နှစ်ခုစလုံး မှန်ပြီး နှစ်ခုစလုံးလည်းမှားနိုင်တာပါပဲ။
အဲဒီနောက် တီဗွီ ဖန်သားပြင်က ခွာပြီး မျက်လုံးကို စုံမှိတ်လိုက်မိ ပါတော့ တယ်။
ရဲဘော် ခြောက်ယောက်ရဲ့ အသက်..
ပေါင်မှာ ဒဏ်ရာနဲ့ အချိန်မီ ရောက်မလာနိုင်တဲ့ သနားစရာ စစ်သား..
အဆုံးအဖြတ်ပေးရမယ့် ကျည်ဆန်သုံးတောင့်....
အင်ဒီဗီကျူရယ်နဲ့ ဆိုဆိုက်တီး။
တခါ တခါ ကျနော်တို့ ဘဝတွေမှာ ရွေးစရာ များများ မရှိတတ်ဘူး။
ခင်ဗျား အဲဒီ ကပ္ပတိန်နေရာမှာဆို ဘာလုပ်မလဲ???
ကျနော်ကတော့ အချစ်များစွာနဲ့ ကျည်ဆန်သုံးတောင့်လို့ ဆိုချင်ပါတယ်။
အဲဒီ ကျည်ဆံသုံးတောင့်မှာ ရက်စက်မှုတွေ၊ ကောက်ကျစ်မှုတွေ၊ လူမဆန် မှုတွေ ပေကျံနေတယ်လို့ မခံစားရဘူး။
လူ့ဘဝဆိုတာ
သို့....
မေမေ...........
သမီး မေမေတို့ကို မျက်နှာမပြရဲလို့ အိမ်က ထွက်သွာခဲ့ပါတယ်။ သမီးချစ်သူ နဲ့ သမီးကို ဘယ်နည်းနဲ့မှ မေမေတို့ သဘောတူနိုင်မယ် မထင်လို့ပါ။ သူ့ကို သမီး သိပ်ချစ်ပါတယ်။ သူက သမီးနဲ့အရွယ်တူ၊ ဆေးစွဲနေသူတစ်ယောက်ပါ။ သူ့ကို ချစ်လွန်းလို့ ခွင့်လွှတ်ထားရာကနေ သမီးတောင် အခု ဆေးနည်းနည်း ကြိုက်စပြုလာပါပြီ။ ဆေး ဆိုတာ လူတွေပြောသလောက် ဆိုးရွားတဲ့ အရာ ကြီး မဟုတ်ပါဘူး မေမေ။
သမီးအတွက် မစိုးရိမ်ပါနဲ့၊ အခု သမီးအသက် ၁၆ နှစ်ရှိပါပြီ။ သမီးဘဝကို သမီး ထိမ်းကြောင်းနိုင်ပါပြီ။ သမီးချစ်သူအတွက်လည်း မစိုးရိမ်ပါနဲ့။ သူဘာမှ မဖြစ်ခင် သိပ္ပံပညာရှင်တွေက AIDS ရောဂါကို ကုသနိုင်တဲ့ ဆေး ရှာဖွေနိုင် မယ်လို့ သမီးတို့ နှစ်ယောက်စလုံး ယုံကြည်ကြပါတယ်။
အခု သမီးမှာ ကိုယ်ဝန်ပါရှိနေတော့ သူက ဆေးလျှော့သုံးမယ်လို့ သမီးကို ကတိပေးထားပါတယ်။
ဖေဖေနဲ့ မေမေ့ကို သမီး ကန်တော့ခဲ့ပါတယ်။
စာကြွင်း။ လူ့ဘဝဆိုတာ ကြုံတွေ့နေရတဲ့ ဒုက္ခတွေထက် ဆိုးမယ်ဆိုရင် အများကြီး ဆိုးနိုင်တယ်ဆိုတာ မေမေ့ကို အသိပေးရုံပါ။ အခု သမီး သန္တာနဲ့အတူရှိနေပါတယ်။ အထက်မှာ သမီးရေးထားတာတွေ မမှန်ပါဘူး၊ တကယ်က သမီး ၁၀ တန်း စာမေးပွဲ ကျရုံတင်ပါ။ ဒါဆို မေမေ စိတ်ချမ်း သာနိုင်ပြီလို့ ယုံကြည်မိပါတယ်။
မေမေတို့ရဲ့
သမီး