အတွေးအမြင်နဲ့ပတ်သက်လို့ပေါ့၊
ဘယ်သူမဆို ကိုယ်မြင်သလောက်ပဲ ကိုယ်တွေးတတ်ကြတာက
ဘာမှ အထွေအထူးပြောစရာမရှိလောက်ပါဘူး။
အဲ-
ကိုယ်တွေးတတ်သလောက်သာ ကိုယ်မြင်တတ်ပြီး
ကိုယ့်ထက် ပိုလဲမြင်,ပိုလဲတွေးနိုင်၊
ပိုတွေးနိုင်လို့လဲ ပိုမြင်တတ်သူတွေ ကိုတွေ့လာတဲ့အခါမှာ-
ကိုယ့်ထက် ကိုမြင်,ပိုတွေး၊ပိုတွေ ပိုမြင်တာတွေမှန်သမျှကို
အမှားလို့ ဆုံးဖြတ်တယ်ဆိုတာကတော့-
ရေထဲကငါးနဲ့ ကုန်းပေါ်ကလိပ်တို့ တွေ့သလိုပေါ့-
ကုန်းလိပ်က ကုန်းပေါ်မှာ ကိုယ့်ခြေထောက်နဲ့ကိုယ်
လွတ်လပ်စွာသွားလာနိုင်တယ်ဆိုလဲ-
ငါးက"ရေကူးစရာမရှိတဲ့နေရာ ဘာလွတ်လပ်မှာလဲ"ဆိုပြီး
ငြင်းတော့တာပဲ။
ကုန်းပေါ်မှာ“အမြစ်,အဥ,အသီး,အရွက်တွေ စားစရာအစုံ
ပြည့်စုံတယ်"ဆိုလဲ-
“ရေညှိနဲ့တီကောင်မရှိတဲ့နေရာ ဘယ်ကလာ စားစရာစုံရမှာလဲ"
ဆိုပြီး ငြင်းပြန်နဲ့-
ကိုယ်မြင်နိုင်သလောက် ကိုယ်တွေးပြီး ကိုယ်တွေးမိတာကလွဲလို့
ဘာကိုမှအကောင်းမထင်တတ်တဲ့ ဒီငါးကို ဘာမှ လေကကြီးအကြောင်း ပြောလို့မရသလိုဖြစ်နေမှာပါပဲ။
ကိုယ်မြင်သမျှ ကိုယ်တွေးပြီ ကိုယ်တွေးနိုင်သမျှထက်
ဘာမှပိုမမြင်နိုင်ကြဘဲ ကိုယ့်အမြင်အတိုင်းကိုသာ
အမြင့်ဆုံးပန်းတိုင်ကြီးအဖြစ် ရည်မှန်းသတ်မှတ်
လုပ်ဆောင်နေကြသူတို့အကြောင်းစဉ်းစားရင်း
လယ်တီဆရာတော်ကြီးရဲ့ ဥတ္တမပုရိသဒီပနီ မှာ-
သာဓကပြထားတဲ့-
“မေဏ္ဍကသေဌေးရဲ့ကျွန် ငပုဏ္ဏ"အကြောင်းလေး
ပြေးပြီးသတိရမိလိုက်တယ်။
မေဏ္ဍကသေဌေးက -အိမ်ပေါက်ကျွန် ငပုဏ္ဏကို
သားရင်းသဖွယ်ချစ်ခင်တဲ့အတွက် အစစအရာရာ
ကျွန်နဲ့မတူအောင် အခွင့်ထူးတွေ ပေးထားတယ်။
ဒါကို ငပုဏ္ဏက သိပ်ဂုဏ်ယူတယ်။
“လောကမှာ ငါလောက်ကံကောင်းသူ ဘယ်သူ
ရှိဦးမလဲ"ဆိုပြီးတော့လဲအမြဲတွေးပီးကျေနပ်တယ်။
ဘဝတူကျွန်တွေကလဲ သူတို့ထက်အစစသာလွန်နေတဲ့
ငပုဏ္ဏကိုပဲ အထင်ကြီး အားကျပြီး ဆုံမိတဲ့အခါ
အချင်းချင်းပြောမဆုံးဘူး။
ဒါကိုပဲ ငပုဏ္ဏကလဲ ဂုဏ်ယူဝင့်ကြွားတယ်။
“ဒီလိုအဆင့်အတန်းမျိုးရောက်ဖို့ဆိုတာ-
တော်တော့ကုသိုလ်နဲ့ လွယ်မှတ်လို့"ဆိုပြီးတော့ပေါ့။
တနေ့မှာ-ပစ္စေကဗုဒ္ဓါအရှင်မြတ်ကြီး ကြွလာတော်မူလို့
အလှူလုပ်တဲ့အခါ-သေဌေးက ပုဏ္ဏကိုလဲ လှူဖွယ်ဝတ္ထု
ပေးပြီး လှူခိုင်းတယ်။
"လိုတဲ့ဆုကိုတောင်း၊တောင်းတဲ့ဆု ပြည့်လိမ့်မယ်"
ဆိုတော့-ပုဏ္ဏက-
“ဘဝဆက်တိုင်းမှာ ဤသေဌေးလို သခင်မျိုးနဲ့သာ
တွေ့ကြုံရပါလို၏"လို့ ဆုတောင်းသတဲ့။
(ဖတ်ရင်း မရယ်ကြနဲ့၊သူ့အမြင် သူ့အတွေးမှာ
ဒီထက်သာလွန်တာ ဘာမမှမသိဘဲ၊ဒီအဆင့်ပဲ
မျှော်မှန်းတာပေါ့။)
ပစ္စေဗုဒ္ဓအရှင်မြတ်က-ထုံးစံအတိုင်း
"ဣစ္ဆိတံ ပတ္ထိတံ တုယှံ ခိပ္ပမေဝ သမိဇ္ဇတု"နဲ့
အတည်ပြုပေးလိုက်တာပေါ့။
မောင်ပုဏ္ဏ ဆုတောင်းပြည့်သွားပါတယ်။
ဘဝဆက်တိုင်း ကျွန်ဖြစ်ခွင့် ရသွားပါသတဲ့။
(ခုလောက်ဆိုရင်တော့ လွတ်တန်ကောင်းပါရဲ့)
အပ္ပမာဒေန သမ္ပာဒေထ..!
၀၉.၆.၁၅၊လောကချမ်းသာဘုရားကျောင်း၊
ဘာဂင်၊ဘရုတ်ကလင်၊နယူးယောက်။
~<~<~<~<~<~<~<~<~<~<~<~<~<
<~<~<~<~<~<~<~<~<~<~<~<~<~