ပညာရေးမင်္ဂလာများ (ပျိုမြစ်နုနယ်မင်္ဂလာ)


တတိယဂါထာမှာတော့ ကလေးတစ်ယောက်ဟာ အတော်အတန် အရွယ်ေ ရာက်လာပြီလို့ ယူဆရပါတယ်။ ဗာဟုဿစ္စဉ္စကို အကြားအမြင်ဗဟုသုတ များခြင်း၊ ဗဟုသုတရှာမှီးခြင်းလို့ ဘာသာပြန်ကြတာ များပါတယ်။ တကယ်လို့ ဒီမင်္ဂလာ တရားတွေဟာ ပညာရေးအတွက် ရည်စူးတယ်ဆိုရင် ဗာဟုဿစ္စဉ္စ ကို အထက် တန်း ပညာရေးလို့ယူဆချင်ပါတယ်။ ကလေးရဲ့ အသက်ကိုလည်း အလယ် တန်းနဲ့ အထက်တန်း ကျောင်းသား အရွယ်လို့သတ်မှတ်ကြည့်ချင်ပါတယ်။

ဘာဖြစ်လို့ အထက်တန်းပညာရေးလဲဆိုရင် အထက်တန်းပညာရေးမှာ ကလေးတစ်ယောက်ဟာ ဘာသာရပ် များစွာကို သင်ကြားနေရလို့ပါပဲ။
ဒါကိုပဲ မြေစမ်းခရမ်းပျိုးပညာရေးလို့ ဆိုရင်ရကောင်းရနိုင်ပါလိမ့်မယ်။ ကလေး တစ်ယောက်ဟာ (မြန်မာပြည် ပညာရေးအရဆိုရင်) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ် စတာတွေကို နည်းနည်းစီ အခြေခံ သင်ယူကြရပါတယ်။ ဒါကိုပဲ ဗဟုသုတ (သို့) ဗာဟုဿစ္စဉ္စ လို့ ခေါ်ချင်ပါတယ်။

ဘာကြောင့်လဲ။
၁။ ဘာသာရပ်တွေ များပြားနေခြင်း
၂။ တစ်ခုခုကို အားစိုက်လေ့လာမှု မရှိသေးခြင်း
၃။ သူဟာ ဘယ်ဘာသာရပ်မှာ ပိုပြီး ထက်မြတ်တယ်ဆိုတာကို ရွေးချယ်စီစစ် ကြည့်နေခြင်းတို့ကြောင့် ဖြစ်ပါတယ်။
နောက်ပြီး ဒီမင်္ဂလာဟာ သိပ္ပဉ္စ မင်္ဂလာဆီကို သွားဖို့ ခရီးစတင်နေခြင်းလည်း ဖြစ်ပါတယ်။

သိပ္ပဉ္စ

သိပ္ပဉ္စကိုတော့ အသက်မွေးဝမ်းကြောင်းပညာလို့ ခေါ်ကြပါတယ်။ လက်ရှိ ပညာရေး စနစ်တွေနဲ့ တိုင်းတာကြည့်ရင် သိပ္ပဉ္စကို တက္ကသိုလ်ပညာရေး လို့ ယေဘုယျကို ခြုံကြည့်ပြီး သတ်မှတ်ချင်ပါတယ်။ ကလေးရဲ့ အသက်ဟာ လည်း (၁၇) နှစ်သားကနေ (၂၃) (၂၄) ဝန်းကျင် ဖြစ်တန်ရာ ကောင်းပါတယ်။ တက္ကသိုလ်ပညာရပ်မှာ ကလေးဟာ ဘာသာရပ်အားလုံးကို သင်ကြားနေလို့ မရနိုင်တော့ပါဘူး။ အထက် တန်းမှာ သင်ကြားခဲ့ရတဲ့ ဘာသာရပ်တွေထဲ ကနေပြီး သူထူးချွန်တဲ့၊ သူစိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခုခုကို ရွေးချယ်ပြီး အထူးပြု လေ့လာရပါတော့တယ်။
ဒါကိုပဲ “မေဂျာ” ရွေးတယ်၊ “မေဂျာ” ချမှတ်ပေးတယ်လို့ ဆိုနိုင်ပါတယ်။



တစ်နည်းဆိုရင် သူရွေးခြယ်ခဲ့တဲ့ မေဂျာရပ်ဆိုင်ရာမှာ ဘယ်လောက် နားလည် မှုရှိသလဲ ဆိုတာအပေါ်မူတည်ပြီး သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှု အဆင်ပြေ၊ မပြေလည်း ကွဲပြားသွားပါတော့တယ်။ ဗာဟုဿစ္စဉ္စ အားကောင်းလို့ (အထက် တန်း ပညာရေး အမှတ်ကောင်းလို့) သိပ္ပဉ္စ (တက္ကသိုလ်က အဓိကဘာသာရပ်) ကို အဆင့်မြင့်မြင့် အောင်မြင်ခဲ့မယ်ဆိုရင် သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှု ကိစ္စက အလွန်းအမင်း မခက်ခဲတော့ဘူး ဆိုတာမျိုးပါ။
ဒီနေရာမှာ မြန်မာ့ပညာရေးနဲ့ ပတ်သက်ပြီး ရယ်စရာ ကောင်းနေတဲ့ အချက် က ရှေ့နေပညာရပ်၊ သမိုင်းပညာရပ်တွေမှာ ပေါ့တော့တော့ သဘောထားခြင်း ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် ကမ္ဘာ့ပညာရေးတွေမှာ ဒီပညာရပ်တွေကို တလေး တစား ရှိကြပါတယ်။
ဥပဒေပညာရပ်က ဥပဒေရေးဆွဲသူတွေကို မွေးဖွားပေးပြီး သမိုင်းပညာရှင်တွေ က ရှေ့ဖြစ်နောက်ဖြစ်တွေကို တွက်ချက်မှန်းဆပြီး နိုင်ငံရေးပေါ်လစီ၊ လူမှုရေး၊ ပညာရေး၊ လုံခြုံရေး ပေါ်လစီတွေကို ချမှတ်ပါတယ်။

ဒီပညာရပ်တွေကို တလေးတစားမထားတဲ့ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ ဘယ် ဆီများ ဦးတည် နေလေဦးမလဲ။
ဒီထက်ပိုပြီး ဝမ်းနည်းစရာ၊ ရယ်စရာ ကောင်းတာက စင်ကာပူကိုလာပြီး အိမ်ဖော်လုပ်နေတဲ့ မိန်းကလေးတွေထဲမှာ ဥပဒေနဲ့ ဘွဲ့ရသူ၊ သမိုင်းနဲ့ ဘွဲ့ရ သူတွေ ရှိပါတယ်။ တော်တော်ကြီး ကမောက်ကမ နိုင်တဲ့ ပညာရေးစနစ်ပါ။ စင်ကာပူကို ပုံစံပြောင်းပေးလိုက်တဲ့ ရှေ့နေဟောင်းကြီး လီကွမ်းယု (ဥပဒေ ပညာရှင်)၊ ကမ္ဘာ့နိုင်ငံရေး အစီအမံတွေကို ရေးဆွဲပေးတဲ့ ကစ်ဆင်းဂျားနဲ့ ဟန်တင်တန် (သမိုင်း၊ နိုင်ငံရေးသိပ္ပံ ပညာရှင်) တို့ကို အားနာစရာ ကောင်း လှပါတယ်။

ထားပါတော့၊ တတိယမင်္ဂလာကို ဆက်ကြည့်တော့ ဝိနယော စ သုသိက္ခိတော ကို တွေ့ရပါတယ်။ ဒါဆိုရင် ဝိနည်းဆိုတာ ဘာလဲ၊ ရှေးဟောင်းအမွေအနှစ် စာပေတွေအရ လူ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်၊ လူ့စည်းကမ်း၊ ရဟန်းစည်းကမ်း လို့ ဆိုပါတယ်။ ဒီမှာ လူ့ဝိနည်းရဲ့အဓိပ္ပါယ်ကို ပြောင်းလဲသတ်မှတ်တာမျိုး မဟုတ်ရင်တောင် ဖြည့်စွက်သတ် မှတ်ဖို့တော့ လိုလာပါတော့မယ်။ ဘာဖြစ်လို့ လဲဆိုရင် ကမ္ဘာဟာ ပိုပြီး ရောထွေးယှက်တင် ဖြစ်လာနေလို့ပါ။ အလွန်သေး ငယ်တဲ့ ကမ္ဘာကြီးထဲမှာ ယုံကြည်မှု၊ ကိုယ်ကျင့်တန်ဖိုး သတ်မှတ်မှု မတူညီတဲ့ များစွာသော လူသားတွေဟာ အတူတူ ညှပ်ပူးညှပ်ပိတ် နေနေကြရပါတယ်။ ဒါကြောင့် တစ်ယောက်အကြောင်း တစ်ယောက်မသိဘူး။ တစ်ယောက် ကိုယ် ကျင့်ကို တစ်ယောက်က နားလည်မပေးနိုင်ဘူး ဆိုရင် နေရထိုင်ရတာ အဆင် မပြေသလို ပြဿနာတွေလည်း အများကြီး တက်လာနိုင်ပါတယ်။
ဒါကြောင့် ဝိနယ ကို လူ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်အပြင် ယဉ်ကျေးမှုဓလေ့ ထုံးစံ၊ အကျဉ်းချုပ်ပြောရင် စီဗီလိုက်ဇေးရှင်း တန်ဖိုးကို သိနားလည်မှုလို့ ဘာသာပြန်ကြည့်ချင်ပါတယ်။

ဆက်ရန်
ဇင်ဝေသော်

မွေးကင်းစ မင်္ဂလာ (Tender-aged blessing)


(အရင်လ Faces မဂ္ဂဇင်း အဆက်ပါ။ ဒီဆောင်းပါးတွေရဲ့ ဆိုလိုရင်းအချုပ်က "မင်္ဂလာတရားတွေဟာ အရွယ်အလိုက် သတ်မှတ်ထားခြင်းဖြစ်တယ်" ဆိုတဲ့ အဆိုကို ထောက်ခံဆွေးနွေးတာမျိုးပဲဖြစ်ပါတယ်။)

ပထမဂါထာမှာ ပါတဲ့ လူမိုက်မပေါင်း၊ လူလိမ္မာပေါင်း၊ ပညာရှိသူတော်ကောင်း ကို ဆည်းကပ် ဆိုတာကို မွေးကင်းစ (tender ages) မင်္ဂလာလို့ ပညာရှင် အချို့ ယူဆကြပါတယ်။ ဘာကြောင့်လဲဆိုတာ ကို အဓိကအချက် နှစ်ချက်နဲ့ ရှင်းပြလို့ရပါတယ်။

၁။ သူတို့လေးတွေဟာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို အလွယ်တကူ ခံယူတတ် လို့
၂။ ဒီသတ်မှတ်ချက်ကို တစ်သွေမတိမ်းလိုက်ဖို့ အခက်အခဲ မရှိသေးလို့ -
ဆိုတဲ့ အချက်နှစ်ချက် ဖြစ်ပါတယ်။

မွေးဖွားပြီးအချိန်ကစလို့ ကလေးငယ်ဟာ သူ့ရဲ့ဝန်းကျင်က ဖြစ်ပျက်ပြုမူသမျှ အားလုံးကို လေ့လာ မှတ်သားနေတတ်ပါတယ်။ ဒီတော့ သူတို့ရဲ့ ပထမဆုံး ၀န်းကျင်ဟာ အလွန်ကျဉ်းတဲ့ မိသားစု ဘ၀လေး ထဲမှာပဲ ဖြစ်နေတတ်ပါတယ်။ ဒီတော့ ကလေးငယ်ရဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ဟာ လူအများစု သတ်မှတ် ထားတဲ့ မကောင်းတဲ့ သူငယ်ချင်း၊ ကောင်းတဲ့သူငယ်ချင်း ဆိုတာတွေထက် မိသားစုရဲ့ အပြော အဆိုနဲ့အပြုအမူအပေါ်မှာ အများကြီးမှီခိုနေပါတယ်။ ကျောင်းမသွားရသေးတဲ့ ကလေးငယ်ရဲ့ ကောင်း မကောင်း အပေါင်းအသင်းဆိုတာဟာ မိသားစုရဲ့ ကောင်းမကောင်း အမူ အကျင့်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်ကို လျှော့တွက်လို့ မရပါဘူး။ သူတို့ဟာ ငါးနှစ်မတိုင်မီ ကလေးတစ်ယောက်ရဲ့ မိတ်ဆွေတွေ ဖြစ်ပါတယ်။ (မူကြိုဟာ ယေဘုယျ မဟုတ်၊ ချွင်းချက်ပါ။)

ငါးနှစ်ပြည့်လို့ ကျောင်းသွားပြီဆိုတဲ့ ကလေးရဲ့ ၀န်းကျင်ဟာ ပိုကျယ်လာပါ တယ်။ လူလည်း ပိုစုံလာပါတယ်။ ဒါပေမယ့် သူ့အတွက် လူမိုက် မပေါင်း လူ လိမ္မာပေါင်း ဥပဒေသကို လိုက်နာဖို့ အခက်အခဲ မရှိလှသေးပါဘူး။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ စားဝတ်နေရေးတာဝန်ကို မိသားစုက ရာနှုန်းပြည့် ယူထားလို့ပဲ ဖြစ်ပါတယ်။

သူတို့လေးတွေအတွက် ဘယ်သူက လူမိုက် ၊ ဘယ်သူက လူလိမ္မာလဲ။
ကလေးတစ်ယောက်အတွက် လူလိမ္မာ၊ လူမိုက် ကန့်သတ်ချက်က အလွန် ရိုး ရှင်းပါတယ်။ ဘုရားရှင် ရဲ့ ရာဟုလောဝါဒသုတ်လာ ကိုယ့်အကျိုး၊ သူတစ်ပါး အကျိုး၊ နှစ်ဖက်အကျိုး ဆိုတာနဲ့ ပြည့်စုံပါတယ်။ တစ်နည်း ကာယကံ၊ ၀စီကံ၊ မနောကံ ယဉ်ကျေးကောင်းမွန်သူနဲ့ မယဉ်ကျေးကောက်ကျစ်သူ ဆိုတာ နဲ့ ပြည့်စုံပါတယ်။ နှုတ်ကြမ်းတဲ့ ကလေး၊ အသတ်အပုတ် ကြိုက်တဲ့ကလေး၊ စိတ်ပုတ်တဲ့ကလေးနဲ့ မပေါင်းနဲ့ ဆိုရင် ရပါပြီ။

ဟုတ်ပြီ။ ဒါဆိုရင် ဒီမင်္ဂလာတွေက ဘာဖြစ်လို့ မွေးကင်းစ (tender age) မင်္ဂလာလို့ ခေါ်ရတာလဲ၊ လူကြီးတွေနဲ့ မဆိုင်တော့ဘူးလား။ ဒီလိုတော့ မဟုတ်ပါဘူး။ ဆိုင်ပါတယ်။ ဒါပေမဲ့ လူကြီးတစ်ယောက် အတွက် ဒီ မင်္ဂလာတွေ ရှိနေနိုင်ရင်ကောင်းပါတယ်။ ပြဿနာက အမြဲတမ်းရှိနေနိုင်မလား။ မရှိနိုင်ပါဘူး။ မရှိလို့လည်း ကလေးဘ၀ကလောက် ထိခိုက်ပျက်စီးဖို့တော့ ရာခိုင်နှုန်း နည်းသွားပါတယ်။ ဘာကြောင့်ဖြစ် မလဲ။ အရင်အဖြေနှစ်ခုပါပဲ။


၁။ ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှု ကလေးငယ်တွေလောက် သူတို့မခံရတော့ ဘူး။
၂။ ဘ၀လိုအပ်ချက်တွေကြောင့် ဒီဥပဒေသတွေကို တစ်သွေမတိမ်း လိုက်နာဖို့ ခက်သွားပြီ။
ဒီမှာတော့ နှစ်ကနေစပြီး ကြည့်တာက ပိုရှင်းပါတယ်။ ကလေးက လူမိုက် မပေါင်းနဲ့ဆိုရင် မပေါင်း ဘဲနေလို့ ပြဿနာမရှိပေမဲ့ လူကြီးတစ်ယောက် ဖြစ် လာတဲ့ အခါမှာတော့ အကြောင်းကြောင်း အခြေ အနေ အရပ်ရပ်ကို ထောက် ဆပြီး မကောင်းပေမဲ့ မကင်းရာ မကင်းကြောင်း ပေါင်းသင်းနေရတတ်ပါတယ်။

ဒီလိုပေါင်းလို့ တစ်ဖက်လူရဲ့ လွှမ်းမိုးမှု ခံရရာမှာလည်း လူကြီးဟာ သူ့ရဲ့ ကိုယ် ပိုင်ဟန်၊ ကိုယ်ပိုင် ယုံကြည်မှု စသည်တည်ဆောက်ထားပြီး ဖြစ်တဲ့အတွက် အလွယ်တကူ မကူးစက်နိုင်တော့ပါဘူး ။ အနည်းနဲ့ အများ အဖျားခတ်တာ မျိုး တော့ရှိသွားတတ်ပါတယ်။ ဒါပေမဲ့ သူဟာ ကလေးငယ်လို မြင်မြင်သမျှ ပုံတူ ကူးချတဲ့ အဆင့်တော့မဟုတ်တော့ပါဘူး။

မကောင်းလှတဲ့လူတွေကို ပေါင်းရတတ်တယ်ဆိုတဲ့ နောက်အကြောင်း တစ် ချက်ကတော့ လူကြီး တစ်ယောက်ရဲ့ ဆက်ဆံရေးနယ်ပယ် ကျယ်ဝန်း လာခြင်းကြောင့်လည်း ဖြစ်ပါတယ်။ မိမိရဲ့ အလုပ်ရှင်ဟာ သိပ်မစွံလှဘူး ဆိုတာ သိပေမယ့် အလုပ်သစ်ရှာမရခင် ပေါင်းကိုပေါင်းမှ ရပါလိမ့်မယ်။ မိမိနောက်မှာ ရှိနေတဲ့ မိသားစုရဲ့ စားဝတ်နေရေးဆိုတာတွေကို ထောက် ဆနေရပါတယ်။ မကောင်းမှန်းသိလျက်နဲ့ ထွက်သွားဖို့ လမ်းစ လုံးဝမရှာခြင်း က တော့ မှားပါတယ်။

လူကြီးတစ်ယောက်အတွက် လူဆိုးလူကောင်းကို ဘယ်လို သတ်မှတ်မလဲ။
အလွန်ကျယ်ပြန့်လှတဲ့ လူမှုရေးဆိုင်ရာ မေးခွန်းဖြစ်ပါတယ်။
ဒီမေးခွန်းကို စနစ်တကျ ဖြေဆိုဖို့ စာတစ်စောင် ကျမ်းတစ်ဖွဲ့တောင် မလုံလောက်နိုင်ပါဘူး။ ဘာေ ကြာင့်လဲဆိုရင် သတ်မှတ်ချက်တွေ မတူလို့ပါ။

လူမိုက်ဆိုတာ ကာယကံ၊ ၀စီကံ၊ မနောကံ မကောင်းသူလို့ အကျဉ်းဆုံး ပြော လို့တော့ ရပါတယ်။
ဒါပေမဲ့ “ဘယ်လို ကာယကံကကောင်းပြီး ဘယ်လို ကာယကံက မကောင်းတာလဲ” ဆိုတဲ့ မေးခွန်းလည်း တက်လာရော အဖြေတွေ အမျိုးမျိုး အဖုံဖုံ ဖြစ်သွားတော့မှာပါ။ နှုတ်ချို-စိတ်ပုတ်၊ နှုတ်ကြမ်း-စိတ်ကောက် စတာတွေရောထွေးလာပါတယ်။ သတ်မှတ်ချက်တွေကလည်း ယုံကြည် ကိုး ကွယ်မှု အခြေအနေစတာတွေကို အခြေခံပြီး ကွဲပြားလာပါတော့တယ်။ ဗုဒ္ဓဘာသာရဲ့ပေတံကို ခရစ်ယာန်၊ မွတ်စလင်တွေက လက်ခံမှာ မဟုတ်သလို မွတ်စလင်ရဲ့ပေတံကိုလည်း ခရစ်ယာန်၊ ဗုဒ္ဓဘာသာတွေက သဘောမတူ ကြ ပါဘူး။ ဒါကြောင့် အက်သစ်နဲ့ ဆိုင်တဲ့ "ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန် (What is right and what is wrong)" ပြဿနာက တူညီတဲ့အဖြေ ထွက် မလာပါဘူး။

ဒါပေမဲ့ “ဘုံ” လက်ခံမှုတော့ ရှိပါတယ်။ ညှင်းဆဲမှုဟာ မကောင်းဘူး (သတ်မှုဟာ ဘုံတူညီချက်ထဲ မပါဝင်ပါဘူး)၊ အနိုင်ကျင့်မှု၊ ကျွန်စနစ်ဟာ မကောင်းဘူး။ လိမ်ညာမှု၊ ခိုးယူမှုဟာ မကောင်းဘူး စတဲ့ အချက်တွေမှာ တူညီကြပါတယ်။ ဒါကြောင့် လူကြီးတစ်ယောက်အတွက် လူဆိုးလူကောင်း သတ်မှတ် ချက်ဟာ ကလေးငယ်ရဲ့ သတ်မှတ်ချက်ထက် အများကြီး ကျယ်ဝန်း ရှုပ်ထွေးလာပါတော့တယ်။ တကယ်လို့ သူဟာ ယဉ်ကျေးမှု ပေါင်းစုံ၊ ကိုးကွယ် မှုပေါင်းစုံ၊ လူ့အဖွဲ့အစည်းထဲမှာနေမယ်ဆိုရင် ဒီသတ်မှတ်ချက်က ပိုလို့တောင် ရှုပ်ထွေးပါတယ်။
လူကောင်းဆိုရာမှာလည်း သတ်မှတ်ချက်တွေ ဘယ်လိုပဲကွာခြားနေပါစေ၊ “ဘုံ” တူညီချက်တွေ ရှိနေပါတယ်။ ရိုးသားမှု၊ မာန်မာန နည်းပါးမှု၊ ကတိ တည်မှု၊ အကျိုးလိုလားမှု စတာတွေဟာ တစ်ကမ္ဘာလုံး ဆိုင်ရာ “စံ” တွေဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ လူကြီးတစ်ယောက်အတွက် “လူမိုက်မပေါင်း၊ လူလိမ္မာပေါင်း” ဥပဒေသဟာ လိုက်နာဖို့ အများကြီးပိုခက်ခဲလာတယ်။ ပေါင်း ရသည်ဆိုစေဦးတော့ စိတ်ပေါင်းကိုယ်ခွာ၊ စိတ်ခွာကိုယ်ပေါင်း ဥပဒေသတွေေ ကြာင့် ထိခိုက်မှု သိပ်မရှိလှတော့ပါဘူး။

“လူဆိုးမပေါင်း ၊ လူလိမ္မာပေါင်း” ဥပဒေသတွေဟာ မွေးကင်းစအတွက် အရေး ပိုကြီးပါတယ်။ ဒီထက်အနည်းငယ် ပိုကြီးလာတဲ့အခါမှာ တတိယ မင်္ဂလာဖြစ် တဲ့ “ပူဇော်ထိုက်သူကို ပူဇော်” ဥပဒေသ တက်လာပါတယ်။ အရွယ်အားဖြင့် တန်းတူ ပြောဖို့ခက်ပါတယ်။ ငါးနှစ်ကလေးငယ်ဟာ ပတ်ဝန်းကျင်က လေ့လာ စရာတွေကို လေ့လာနိုင်ပေမဲ့ “ပူဇာစ ပူဇနေယျာနံ” လုပ်ရမှန်းတော့ မသိသေး ပါဘူး။
ဒီမင်္ဂလာသုံးချက်ကို အကြောင်း အကျိုးဆက်ကြည့်မယ်ဆိုရင် အသေ၀နာစ, ပဏ္ဍိတာနဉ္စ ကနေ ပူဇာစ ဆီကို သွားပါတယ်။ လူမိုက်မပေါင်း လူလိမ္မာပေါင်းပြီးတဲ့ နောက်မှသာ သူဟာ ပူဇော်ထိုက်သူလို့ အသိအမှတ်ပြုမှု၊ လိုက်နာမှု ဖြစ်နိုင်ပါတယ်။ တနည်းပြောရရင် ရှေ့မင်္ဂလာ နှစ်ပါးက ပက်စစ် (Passive)သဘော၊ နောက်ဆုံး မင်္ဂလာက အက်တစ်(Active) သဘော လို့ဆိုရင် ရတန်ကောင်းပါတယ်။

ဘယ်သူက ပူဇော်ထိုက်တာလဲ။
ရှေ့မေးခွန်းလိုပါပဲ။ မေးခွန်းမထုတ်တတ်သေးတဲ့ ကလေးငယ်အတွက် ဒီအဖြေက ရိုးရိုးရှင်းရှင်း လေးပါ။ ဗုဒ္ဓဘာသာအတွက် ရတနာသုံးပါး၊ မိဘ၊ ဆရာ (နဲ့ အခြားရိုသေထိုက်သူ) ဆိုရင် လုံလောက်ပါ တယ်။ သူတို့ကို ဒီလမ်းစဉ် အတိုင်းလည်း ချမှတ်ပေးသင့်ပါတယ်။

လူကြီးတစ်ယောက်အတွက် “ပူဇော်ထိုက်သူကို ပူဇော်” ဆိုတာကို လိုက်နာဖို့ လွယ်ကူပေမဲ့ “ဘယ်သူတွေက အပူဇော်ခံထိုက်တာလဲ” ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ရှုပ်ထွေးလာပြန်ပါတယ်။ ဘာသာနဲ့ယဉ်ကျေးမှုကပြောတဲ့ အထက်ပါ ပူဇော်ထိုက်သူဆိုတာတွေကို သူက မေးခွန်းတွေ ထုတ်လာ တတ် ပါတယ်။ ထုတ်လည်း ထုတ်ရပါမယ်။ ဘုရားနဲ့တရားကလွဲရင် မေးခွန်းထုတ်စရာတွေ ရှိနေနိုင်ပါတယ်။ ဒါက ပြဿနာကြီးမဟုတ်သေးပါဘူး။ မပူဇော်သင့်မှန်း သိသူကို ပူဇော်ချဉ်းကပ်နေ ရတဲ့ ပြဿနာက ဒီထက်ပိုကြီးနေနိုင်ပါတယ်။

တချို့ကတော့ သဘောမတူလောက်ပါဘူး။ ဒါဟာ အာရှရဲ့ ရှေးရိုးစွဲ ယဉ်ကျေး မှုကြီးတစ်ခုလို ဖြစ်နေပါတယ်။ မမှန်မှန်းသိလျက်နဲ့ ဆရာတင်ထားရတာ၊ ဆရာမတင်ချင်ဘဲ မတော်လှန်ရဲလို့ “ဗျာ ၊ ဘုရား” ထူးနေရတာတွေ အာရှ ယဉ်ကျေးမှုထဲမှာ ပိုများနေပါတယ်။ ဒါကလည်း ကမ္ဘာ့ပညာရှင်တွေ လက်ခံ ထားတဲ့ အချက်ပါ။
ဒီအချက်ကြောင့် ဒီနေ့အထိ အာဏာရှင်တွေ နေရာရနေတာလည်း ဖြစ် ပါ တယ်။ မှန်တာ၊ မမှန်တာထက် ပြဿနာ မဖြစ်ရေးကို ဦးတည်တတ်ကြပါတယ်။ အနောက်ရဲ့ ယေဘုယျ “စံ” က မမှန်ဘူးထင်ရင် ပြဿနာကိုရင်ဆိုင်ရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးလောကမှာ “ပူဇာစ ပူဇနေယျာနံ” နေရာတွေလွဲနေပြီး လူ့အဖွဲ့အစည်းကြီးလည်း ကမောက်ကမ ဖြစ်နေတတ်ပါတယ်။

လူ့နဲ့ဝန်းကျင်ဆက်ဆံရေး မင်္ဂလာသုံးပါးဟာ ဘယ်အရွယ်အထိ အရေးပါနေပါ သလဲ(အရေးအပါ ဆုံးလဲ)ဆိုရင် မွေးကင်းစကနေ ဆယ်ကျော်သက်အထိလို့ သတ်မှတ်လိုက်ချင်ပါတယ်။

ဒါကြောင့် ဒီမင်္ဂလာသုံးပါးဟာ မွေးကင်းစမင်္ဂလာ(Tender-aged blessing) တွေဆိုတဲ့ ဗုဒ္ဓဘာသာ ပညာရှင်တချို့ရဲ့ အယူအဆကို ထောက် ခံပြီး ဆွေးနွေးလိုက်ပါတယ်။

၁။ သူတို့ဟာ ပတ်ဝန်းကျင်ဆီက လေ့လာယူချိန် ၊ သြဇာသက်ရောက်မှု အရှိဆုံးအချိန်
၂။ ပေါင်းဖို့ ရှောင်ဖို့လည်း လွယ်ကူတဲ့ အချိန်
၃။ သူတို့ ကျင်လည်ရတဲ့ ၀န်းကျင်ရဲ့ ကျဉ်းမြောင်းမှု -

ဒီ သုံးချက်ဟာ ဒီအယူအဆရဲ့ အဖြေတွေသာ ဖြစ်ပါတယ်။

ဇင်ဝေသော်

အောင်မြင်တဲ့ဘ၀ရဲ့ ဥပဒေသလေးချက်


(Four blueprints of a successful life)

ဒုတိယဂါထာမှာလာတဲ့ မင်္ဂလာ(၃) ပါးကတော့ ပထမဂါထာနဲ့ တွဲပြီးကြည့် မှ နှစ်ခြိုက်လက်ခံစရာ ပိုကောင်းသလို ဒေသနာတော်နဲ့လည်း ညီညွတ် ပါ တယ်။ စတုတ္ထစက္ကသမ္ပတ္တိသုတ်တို့ကို ထောက်ကြည့်ခြင်း အားဖြင့် ဒီမင်္ဂလာ သုံးပါးရဲ့ သာမညအမည်ကလည်း မွေးကင်းစမင်္ဂလာ (Tender-aged) ပဲဖြစ်ပါတယ်။

သင့်တင့်လျောက်ပတ်ရာမှာနေ၊ ရှေးအတိတ်ကံကောင်းရှိ၊ မိမိကိုယ်ကို ထိန်း သိမ်းစောင့်ရှောက် ဆိုတဲ့ အထဲက "ပဋိရူပကို=သင့်တင့်လျောက်ပတ် ရာမှာေ န" ကြည့်ရင် မွေးကင်းစတွေ လူငယ်လေးတွေ အတွက် ပိုအရေးပါတယ် ဆို တာကို တွေ့နိုင်ပါလိမ့်မယ်။ ပဋိရူပကို အကျဉ်းချုပ် ပြောထားတာက ကုသိုလ်၊ ပညာ၊ ဥစ္စာရှာဖွေလို့ ကောင်းတဲ့နေရာ ဆိုတာဖြစ်ပါတယ်။ ဒါဆိုရင် ပညာရှာတော့မယ်၊ ပညာရေး လောကထဲဝင်တော့မယ့် ကလေးငယ်အတွက် ပညာရေးကောင်းမွန်တဲ့နေရာမှာ ရှိနေဖို့ အလွန်အရေးကြီး နေပါတယ်။ ဒီအချက်ဟာ သူ့ရဲ့ ပွဲဦးထွက်အားသာချက်ဖြစ်ပါတယ်။





ဝန်းကျင်နဲ့ ဗီဇ (Nature and Narture)

ပဋိရူပဟာ ကလေးရဲ့ပညာရေးအတွက် ဘယ်လောက်အရေးပါသလဲ ဆိုတာ နဲ့ ပတ်သက်လို့ ကမ္ဘာနဲ့ချီပြီးကြည့်ရင် ပိုသိသာပါတယ်။ စင်္ကာပူနဲ့ ကိုရီးယား မှာရှိတဲ့ ကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေး ဟာ မြန်မာပြည်က ကလေးေ တွရဲ့ ဉာဏ်ရည်ဉာဏ်သွေးထက် အများကြီးပိုသာနေပါသလား။

အနောက်က ကလေးတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးက အာရှတိုက်က ကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေးထက် ဘာတွေပိုသာနေပါသလဲ။ အဖြေက မကွာလှဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ယေဘုယျကို ခြုံကြည့်ရင် သာ တယ်ဆိုတာ လုံးဝမရှိပါဘူး။ ဒါပေမယ့် သူတို့နေထိုင်ရတဲ့ နေရာ၊ ၀န်းကျင်ကို အမှီပြုပြီး ကလေးရဲ့ဖွံ့ဖြိုးတိုးတက်ပုံတော့ ကွာသွားခဲ့ပါတယ်။ ဒါဟာ “Nature and nurture” သီအိုရီပဲ ဖြစ်ပါတယ်။

တိုက်ဆိုင်လို့ သာဓကလေးတစ်ခု ဆွဲပြချင်ပါတယ်။ မြန်မာပြည်ကပါလာတဲ့ သပြေခက် ကလေးတစ်ခက်ကို စင်္ကာပူမှာစိုက်ကြည့်လိုက်ပါတယ်။ မြန် မာပြည်ကပါလာတဲ့ “ဗီဇ-Nature” မကုန်ခင် အထိ အဲဒီသပြေပင်က သပြေ ရွက်လေးဟာ မြန်မာပြည်ကအတိုင်း ရှိနေပေမယ့် နောက်ထွက်လာတဲ့ သပြေရွက်တွေကတော့ သပြေရွက်မှန်းမသိရတော့လောက်အောင် ကြီးမား လာခဲ့လို့ သပြေပင်ဟာ သပြေ ပင်နဲ့တူတာထက် သရက်ပင်နဲ့ ပိုတူလာခဲ့ပါ တယ်။ ဒါဟာ သူရဲ့ဗီဇကို ၀န်းကျင်ကတဖန်ပုံဖော်ပေး လိုက်ခြင်း သာဓက ပဲ ဖြစ်ပါတယ်။

နောက်ပြီး (၁၆) နှစ် (၁၉) နှစ်အောက် လူငယ် ကမ္ဘာ့ဖလားဘောလုံးပြိုင် ပွဲတွေကိုလည်း ကြည့်နိုင်ပါတယ်။ ဘရာဇီးဟာ အိုလံပစ် ချန်ပီယံ ဘယ်နှကြိမ် ဖြစ်ဖူးပါသလဲ။ တစ်ကြိမ်ပဲ ရဖူးပါသေးတယ်။ ဒီကောက်ချက်က ပြောပြနေတာက လူငယ်ဘ၀မှာ ကလေးတွေရဲ့ အရည် အသွေးဟာ သိသာလှတဲ့ ကွာဟ မှု မရှိလှဘူးဆိုတာပဲဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ နေးချား(ဗီဇ)ကို နားချား(၀န်းကျင်)က ပုံဖော် ပေးလိုက် မှုကြောင့် နောင်နှစ်ပေါင်းအတန်ကြာတဲ့ အခါမှာ သူဟာ အစွမ်းကုန် ဖူးပွင့် လာပါတယ်။ ဒါကြောင့် လူကြီးကမ္ဘာ့ဖလားမှာတော့ ဘရာဇီးကို ဘယ်သူမှ ယှဉ်လို့မရသေးဘူး ဖြစ်သွားပါတော့တယ်။ ကျေးညီ နောင် ပုံပြင်ကမှ (မွေးကင်းစကလေးရဲ့ နေရာနဲ့ ဆက်ဆံရတဲ့ ၀န်းကျင်ကိစ္စကို ကြည့်မယ် ဆိုရင်) ဒဏ္ဍာရီ ဆန်နေပါသေးတယ်။ လက်ရှိကမ္ဘာမှာ ကြည့်စရာ သာဓကေ တွ ပြဲပြဲစင်အောင် ရှိနေပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးက ကလေးတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေဟာ မကွာပါ ဘူး။ သူ့ကို ဘယ်မြေ မှာ ပြုစုပျိုးထောင်ပေးမလဲ၊ ဘယ်နေရာမှာ ပညာသင်စေ မလဲ၊ ဘယ်လိုဝန်းကျင်မှာ သူ့ကို နေစေမလဲ ဆိုတာဟာ ဒီကလေးရဲ့ အနာ ဂတ်လားရာပဲ ဖြစ်ပါတယ်။

နံပါတ်နှစ်က “ပုဗ္ဗေစ ကတပုညတာ” ပါ။ ဒါကို ဗုဒ္ဓဘာသာက “ကံ” လို့ပြောပါ တယ်။ “ကံ” ကိုမယုံကြည်တဲ့ ဘာသာဝင်တွေနဲ့ ဘာသာမရှိသူ၊ သိပ္ပံဖက် ယိုင်သူတွေက “ဗီဇ” လို့ ပြောပါတယ်။ ထာဝရ ဖန်ဆင်းရှင်ကို ယုံကြည်တဲ့ သူတွေက “ထာဝရဖန်ဆင်းရှင်ရဲ့ အလိုတော်ကျ” လို့ ပြောကြပါတယ်။ ဘယ် လိုပဲ ခေါ်ခေါ် ဒီအချက်ဟာလည်း အရေးကြီးလှတဲ့ အချက် ဖြစ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဒေသနာတော်ရဲ့ ထူးခြားမှုက ၀န်းကျင် (ပဋိရူပ) က ရှေ့မှ လာပြီး ဗီဇ (ပုဗ္ဗေစကတပုညတာ) က နောက်က လိုက်လာခြင်း ဖြစ်ပါတယ်။

"ဗီဇ"ဆိုတာ အတိတ်ရဲ့အကျိုးဆက်ဖြစ်ပြီး "၀န်းကျင်"က ပစ္စုပ္ပန်ရဲ့လုပ်ရပ်ဖြစ် ပါတယ်။ ဒါကို ထောက်ကြည့်ရင် သိပ္ပံက ပြောတဲ့ “Nature and Nurture” ကို ဘုရားစကားတော်က “Nurture and Nature” လို့ ရှေ့နောက်ပြောင်းလိုက် သလို ဖြစ်နေပါတယ်။ ဒီထက်ရဲရဲကြည့်မယ် ဆိုရင် Nature ထက် Nurture က ပိုအရေးကြီးတယ်လို့တောင် ယူဆလိုက်နိုင်စရာ ရှိပါတယ်။ အကောင်းဆုံးကတော့ ၀န်းကျင်နဲ့ ဗီဇဟာ အတူတူပဲ အရေးကြီးတယ် ဆိုတဲ့ အယူအဆလို့ ယုံကြည်ပါတယ်။

ဗီဇရဲ့အရေးပါမှုကို မညှာမတာ အမုန်းခံပြီး ထောက်ခံပြောဆိုသူတွေထဲမှာ လီကွမ်းယုက ရှေ့ဆုံး ထဲမှာ ပါဝင်ပါတယ်။ ဆရာဝန်မိဘနှစ်ယောက် ရှေ့နေမိဘနှစ်ယောက်က မွေးတဲ့ကလေးတွေဟာ လူတော် လေးတွေ ဖြစ်ဖို့များတယ်။ ဆရာဝန်နဲ့ သူနာပြု မိဘနှစ်ပါးက မွေးတဲ့ ကလေးတွေထဲမှာ တချို့ကတော်ပြီး တချို့က ခပ်ညံ့ညံ့လေးတွေ ဖြစ်မယ်။ မွဲခြောက်ခြောက်အရောင် မြင်းနှစ်ကောင်က ဖွေးဆွတ်နေတဲ့ မြင်းလေးမွေးဖို့ ခက်ခဲကြောင်း မကြာမကြာ ပြောဆိုနေတတ်ပါတယ်။
ဗီဇဟာ အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုရင် ကိုယ်မတတ်နိုင်တဲ့ ကိစ္စမို့၊ ပြီးခဲ့ တဲ့ ကိစ္စမို့၊ ဗုဒ္ဓ ဘာသာစကားနဲ့ဆိုရင် အတိတ်ကံက ကိုယ့်အတွက် ဝေစု ချ လိုက်ပြီမို့ ဖြစ်ပါတယ်။

ဝန်းကျင်နဲ့ဆက်ဆံရေးကလည်း အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုရင် ကိုယ့် ကြမ္မာကို ကိုယ်ဖန်တီး ခွင့် ရနေလို့ပါ။ ဗီဇရဲ့အားနည်းချက်၊ အတိတ်ကံရဲ့ အားနည်းချက်ကို ပစ္စုပ္ပန်အလုပ်နဲ့ အားဖြည့် အနိုင် ယူနိုင်ခွင့် ရှိနေလို့ပါ။

ရန်ကုန်မှာနေစဉ် ရန်ကုန်က ကျောင်းသားလေးတွေကို မကြာမကြာ ပြောမိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ “မင်းတို့က “ကံ” သိပ်ကောင်းတော့ မွေးကတည်းက ရန်ကုန်မှာ မွေးတယ်။ ငါတို့က “ကံ” မကောင်းတော့ ကျေးလက်မှာ မွေးတယ်။ ရန်ကုန်ကို ရောက်ဖို့ အချိန်တွေ အများကြီးရင်းနှီးခဲ့ရတယ်။ ဒါပေမယ့် အခု ငါတို့ကိုယ်တိုင် ရန်ကုန်ရောက်နေပြီ။ အတိတ်ကံရဲ့ အားနည်းချက်ကို ဖြည့် ဆည်း ပေးလိုက်နိုင်ပြီ။ အခုချိန်ကစလို့ ငါတို့တာထွက်တဲ့နေရာတူနေပြီ။ ပစ္စုပ္ပန်ကံသာတဲ့သူက ရှေ့ရောက် တော့မယ်။ ယေဘုယျကို ခြုံပြောရရင် ငါတို့ကတောင် သာဖို့ရှိနေတယ်။ အကြောင်းက သက်လုံပဲ။ အဝေးကြီးက လာခဲ့ရတော့ ငါတို့သက်လုံက မင်းတို့ထက် ကောင်းနေနိုင်တယ်။ ငါတို့ကိုစိန်ခေါ်ပြီး ပြိုင်ကြပါ။” ဆိုတဲ့ စကားမျိုးပါ။ တကယ်လည်း ဒီအတိုင်းပဲ ယုံကြည်ပါတယ်။ ဒါဟာ ပုဗ္ဗေစကတပုညတာ ကို သပ္ပုရိသူပနိဿယ (မိတ်ဆွေကောင်းရှိမှု၊ အမှီကောင်းမှု)၊ ပဋိရူပ (နေရာရ၊ နေရာယူမှန်မှု)နဲ့ လှမ်းပြီး စိန်ခေါ်လိုက်မှုမျိုးပါ။ တစ်နည်းပြောရရင် ဗီဇကို ၀န်းကျင်မှီပြီး အမီ လိုက်ခြင်းပါပဲ။ သူတို့ဟာ ခေတ်စကားနဲ့ ၅၀/၅၀ စီပါပဲ။

ဒါပေမယ့် ဗီဇပါကောင်းပြီး ၀န်းကျင်လည်း ပထမတန်းစားမှာ ရှိနေတဲ့ ကလေး မျိုး ကို ဗီဇညံ့ ၀န်းကျင်ကောင်းတဲ့ ကလေးက အမီလိုက်ဖို့ မလွယ်ကူလှပါဘူး။ ဒီအချက်ကိုလည်း လက်ခံထားရပါမယ်။

ဒါကို ဘယ်နေရာတွေမှာ ထင်ထင်ရှားရှားတွေ့ရသလဲ ဆိုရင် လစာ၊ အလုပ် အကိုင်၊ ရာထူး စတာ တွေမှာ တွေ့ရပါတယ်။ လူနှစ်ယောက်ဟာ ကြိုးစားမှု တူ၊ အချိန်ပေးမှုတူ(ပစ္စုပ္ပန်ကံ)လို့ ဘွဲ့အတူတူ ရသွား နိုင်ပါတယ်။ ဒါပေမယ့် သူတို့လစာတွေ၊ သူတို့ရာထူးတွေ၊ သူတို့ လုပ်ရတဲ့ အလုပ်တွေတော့ သွား မတူနိုင် တော့ပါဘူး။ ဒါဟာပစ္စုပ္ပန်ကံကြောင့်လို့ ဆိုမယ်ဆိုရင်တောင် အတိတ် ကံ ရဲ့ အရေးပါမှုကို လုံးဝ မေ့ထားလို့ မရပါဘူး။ ဒီလိုနေရာမှာ အတိတ်ကံက ပိုအရေးပါနေပါတယ်။ ဒါကိုတော့ ဗုဒ္ဓဘာသာက “ကံ” လို့ခေါ်ပြီး ကံကို မယုံ ကြည်သူတွေက “Luck” လို့ခေါ်ကြပါတယ်။
ကံလို့ပဲ ခေါ်ခေါ် “Luck” လို့ပဲခေါ်ခေါ် ဘ၀မှာ ဒါလည်း အရေးကြီးတယ် ဆိုတာကိုတော့ တညီတညွတ်တည်း လက်ခံထားကြရပါတယ်။

ဆက်ရန်
ဇင်ဝေသော်

ထင်သလောက်လည်း မရိုးစင်းတဲ့ တိုင်းရင်းသားအရေး


အရင်ပို့စ် (မြန်မာပြည်က ၁၆ စိတ်ပဲ ကွဲရတော့မှာလား) က နံပတ်တစ် အရေး အကြီးဆုံးဖြစ်တဲ့ ဘာသာရေးအခြေခံ စီဗီလိုက်ဇေးရှင်းကို အထိုက် အလျောက် ဆွေးနွေးခဲ့တာပါ။



ဒုတိက အရေးကြီးတာက ဘာသာစကားဖြစ်ပါတယ်။ နောက်ပြီး လီကွမ်ယု ဟာ မြန်မာ့ခေါင်းဆောင်ဆိုရင် ဘယ်လိုနေမလဲ၊ အမြင်ကို ရေးကြည့်ပေးပါ ဆိုတဲ့ ကွန်မင့်တချို့လည်း ရှိခဲ့ပါတယ်။ ဒီအတွက် လီရဲ့ အင်ဒိုနီးရှားအပေါ် အမြင်နဲ့ ကပ်ကြည့်နိုင်ပါတယ်။ လီရဲ့အမြင်ဆိုပေမဲ့ မူရင်းကတော့ ဟန်တင်တန်ပါ။
ဟန်တင်တန်အလိုအရ စီဗီလိုက်ဇေးရှင်းသတ်မှတ်ချက်ရဲ့ ပင်မကြောရိုး သုံးခု က ကိုးကွယ်မှု၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုတို့ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံဟာ အဲဒီသုံးမျိုးကွဲနေရင် စီဗီလိုက်ဇေးရှင်းစပ်ကြားဖြစ်နေပြီး အားမကောင်းတတ်ပါဘူး။

အင်ဒိုနီးရှားရော စင်္ကာပူပါဟာ ဘာသာစကားနဲ့ပတ်သက်လို့ ရုံးသုံး၊ စီးပွားရေး သုံး ဘာသာစကားကို ရက်ရက်စက်စက်ရွေးချယ်ယူခဲ့ရပါတယ်။ သဘောတူ သူ၊ ခါးခါးသီးသီး သဘောမတူသူတွေ ရှိကြပါတယ်။ အစိုးရဟာ သူချမှတ်တဲ့ မူကို တစ်သွေမတိမ်း၊ တင်းတင်းကြပ်ကြပ် လိုက်နာရပါတယ်။
ပညာရေးနဲ့ပါ ဆက်စပ်နေတော့ ဘာသာစကားကိစ္စဟာ မြန်မာအစိုးရနဲ့ တိုင်း ရင်းသားတွေကြားမှာ တော်တော်ဆွေးနွေးယူရမယ် ကိစ္စပါ။ ရုံးသုံး၊ စီးပွားေ ရးသုံး ဘာသာစကား အမျိုးမျိုးကွဲပြာနေခြင်းကို ဘယ်အစိုးရကမှ သဘောမကျ သလို ဘယ်တိုင်းရင်းသားကမှလည်း သူတို့ဘာသာစကားကို မကွယ်ပျောက်ေ စလိုပါဘူး။
ဒါဟာ သမ္မတကြီးပြောတတ်တဲ့ စိန်ခေါ်မှုအစစ်ပါပဲ။
အဓိကကတော့ သမိုင်းရှည်၊ လူဦးရေလည်းများ၊ နယ်ပယ်လည်း ကျယ်လှတဲ့ ရှမ်းတိုင်းရင်းသားတွေပါပဲ။ (ကျန်တိုင်းရင်းသားတွေက လူဦးရေ သူတို့လောက်မများဘူးလို့ ဆိုလိုပါတယ်၊ ဆွေးနွေးရာမှာတော့ အားလုံးပါဝင်ပါတယ်)။

ကလေးတွေ သုံးဘာသာ သင်ရတော့မှာလား

ဆိုပါစို့။ စီဗီလိုက်ဇေးရှင်းစပ်ကြား မဖြစ်စေဖို့ ဘာသာစကားတစ်ခုကို ရွေး ရတော့မယ်။ လူဦးရေနဲ့ သုံးစွဲမှုပမာဏကိုကြည့်ရင် မြန်မာစာက ရုံးသုံး၊ စီးပွားရေးသုံး၊ ပညာရေးသုံး ဘာသာစကားဖြစ်နေသင့်ပါတယ်။ ဒါဆို တိုင်းရင်းသားတွေရဲ့ ဘာသာစကားကို ဘယ်လိုလုပ်ကြမလဲ။ မိခင်ဘာသာအနေနဲ့ စင်္ကာပူမှာတော့ သင်နေကြရပါတယ်၊ ဒါပေမဲ့ သူတို့ ရုံးသုံး၊ စီးပွားရေးသုံး၊ ပညာရေးသုံး ဘာသာစကားက အင်္ဂလိပ်ဖြစ်နေ တယ်။ ခေတ်နဲ့ အမှီလိုက်ဖို့ အင်္ဂလိပ်ကိုလည်း သင်ကြရဦးမယ်ဆိုရင် တိုင်း ရင်းသား ကလေးတစ်ယောက်က ဘာသာ့စကား သုံးမျိုးသင်ရမယ့် အနေအ ထားဖြစ်သွားတယ်၊ ဖြစ်နိုင်မလား။
အချိန်နဲ့ စနစ်တကျ သုတေသနကသာ မှန်ကန်တဲ့အဖြေ ပေးနိုင်ပါလိမ့်မယ်။

အင်္ဂလိပ်စာက စီးပွားရေးအတွက် မဖြစ်မနေတတ်ရမှာလား။

ဂျပန်၊ ကိုရီးယားတို့က ပြောပြနေတာကတော့ အင်္ဂလိပ်စာက အရေးကြီးပေမဲ့ မရှိမဖြစ်တော့ မဟုတ်ပါဘူး။ သာမန်ဂျပန်၊ ကိုရီးယားတွေရဲ့ အင်္ဂလိပ်က မွှတ်နေအောင် ကောင်းတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ အမျိုးသား စီးပွားရေးက အားကောင်းတယ်။ အင်္ဂလိပ်စာ မတတ်ဘဲ တူတူတန်တန် စီးပွားရေး လုပ်လို့ရတယ်။
တိုင်းရင်းသားတွေက မြန်မာစာတော့ တတ်မှရမှာဆိုတဲ့ အသိနဲ့ ယုံကြည်မှု ရှိလာအောင် အစိုးရက တူတူတန်တန် စီးပွားရေးစနစ် ဖန်တီးပေးနိုင် မလား။ ပေးနိုင်ရင် ဒီပြသနာက ရေရှည်မှာ အလိုလိုအဆင်ပြေသွားမယ်၊ မပေးနိုင်ရင် ကြာတာနဲ့အမျှ ပြသနာ ကြီးထွားလာမယ်။ စီဗီလိုက်ဇေးရှင်း သီအိုရီအရ အမာပါဝါ (စစ်ရေး၊ စီးပွားရေး) ရှိလာမှ အပျော့ပါဝါ (ကိုးကွယ်မှု၊ ဘာသာစကားနဲ့ ယဉ်ကျေးမှု) ရဲ့ တန်ဖိုးတက်လာတယ်လို့ဆိုပါတယ်။

တိုင်းရင်းသားတွေက မြန်မာစာနဲ့ပညာသင်ဖို့ လိုလိုချင်ချင် ရှိကြပါ့မလား

စင်္ကာပူမှာတော့ အင်္ဂလိပ်စာမတတ်ရင် အလုပ်ကောင်းကောင်း မရနိုင် လို့ သွေးမတော် သားမစပ် ကိုလိုနီအင်္ဂလိပ်စာတောင် သင်နေရတာ ကိုထောက်ရင် ရေရှည်မှာပြသနာမရှိလောက်ပါဘူး။
ဂျပန်သွား အလုပ်လုပ်ဖို့ (သို့) အခြားအကြောင်း တစ်ခုခုအတွက် ဂျပန်စာတောင် သင်ကြရတယ်မဟုတ်လား။ ဒီတော့ ဒီအဖြေက အထက်က အဖြေနဲ့ အတူတူဖြစ်သွားပါတယ်။
ပြသနာကို အဖြေရှာရာမှာ ပထမတန်းစား ခေါင်းတွေ စားပွဲမှာထိုင်ဆွေးနွေးမှ ရတာမို့ စတေးတပ်ကို ဒီမှာ ခဏ နားပါအုံးမယ်။

ဇင်ဝေသော်

မြန်မာပြည်က ၁၆ စိတ်ပဲ ကွဲရတော့မှာလား


တိုင်းရင်းသားအရေးကို ဖေ့စ်ဘုတ်စတေးတပ် အတိုတင်တော့ စဉ်းစားစရာ တချို့ ချန်ထားနိုင်တယ်ဆိုပေမဲ့ ဘယ်နည်းနဲ့မှတော့ မပြည့်စုံနိုင်ပါဘူး။
ဒိနေ့ ဒီကိစ္စကို နည်းနည်းထပ်ဆက်ပါမယ်။

နောက်ကွယ်က အကြောင်းများ......
မြန်မာပြည်ဟာ ကိုဆိုဗိုမဟုတ်၊ ခရိုင်မီးယား မဟုတ်ပါ။ ကိုဆိုဗိုဟာ စီဗီ လိုက်ဇေးရှင်းကြီး သုံးခုရဲ့မြားဦး (သို့) စစ်မြေပြင်ဖြစ်ပါတယ်။ အရေးကြုံတာနဲ့ အနောက်တိုင်း ခရစ်ယန်တွေနောက်မှာ ဂျာမဏီစတဲ့အုပ်စုကြီးက ထောက်ခံ ထားတယ်။ အော်သိုဒေါက်စ် နောက်မှာ ရုရှား၊ မွတ်စလင်တွေနောက်မှာ အီရန်စတဲ့ အစ္စလာမ်ကမ္ဘာက ထောက်ခံထားတယ်။

ခရိုင်မီးယားကလည်း အနောက်တိုင်း ခရစ်ယန်နဲ့ အော်သိုဒေါက်စ်တို့ရဲ့မြား ဦး ဖြစ်နေပြန်ပါတယ်။

ဒီတော့ စီဗီလိုက်ဇေးရှင်းလိုင်းအရကြည့်ရင် မြန်မာပြည်အတွက် အန္တရာယ် နှစ်ခု (သို့) သုံးခု ရှိနေနိုင်ပါတယ်။ ပညာရှင်တွေပြောတဲ့ အရှေ့အနောက်တံခါးပါပဲ။
၁။ ရိုဟိန်ဂျာ
၂။ ကိုးကန့်
၃။ နာဂလွတ်မြောက်ရေး ( စီဗီလိုက်ဇေးရှင်းကွဲ၊ အင်အားသိပ်မကောင်း။ အန္တရာယ် မကြီးလှ)

ရိုဟိန်ဂျာက ဘာလို့အန္တရာယ်ရှိနေတာလဲဆိုရင် သူ့ဘေးမှာ မွတ်စလင်နိုင် ငံကြီး ရှိနေလို့။ အကူအညီပေးချင်ရင် သူကနေတဆင့် အခြားနိုင်ငံတွေက အကူအညီတွေပါ ရောက်လာနိုင်လို့ပါ။ ဒါဆိုရင် အဲဒီဒေသဟာ ဗုဒ္ဓဘာသာ၊ မွတ်စလင် စီဗီလိုက်ဇေးရှင်းမြားဦးဖြစ်နေမယ်။

ကိုးကန့်ကတော့ သူ့နောက်မှာ တရုတ် (ဟန်တင်တန်စကားနဲ့ ကွန်ဖျူးရှပ် စီဗီ လိုက်ဇေးရှင်း) ရှိနေလို့ပါ။ လူရဲ့သဘောအတိုင်း အားကိုးရှိရင် မိုက်တတ် ပါတယ်။
နာဂလွတ်မြောက်ရေးအဖွဲ့ကတော့ စီဗီလိုက်ဇေးရှင်းကွဲတယ်လို့ပြောရင် ရ သလို တူတယ်လို့ပြောရင်လည်း ရပါတယ်။ သူတို့ကလည်း နာဂပြည်နယ် ထူထောင်ချင်နေပါတယ်။ အိန္ဒိယ၊ ကိုဟီးမားတဝိုက်မှာလည်း နာဂတွေရှိနေေ တာ့ အိန္ဒိယ အကူအညီမပါဘဲ ဒါက မလွယ်ပါဘူး။

ဟုတ်ပြီ။ ဒါဆိုရင် အခြားတိုင်းရင်းသားတွေကရော ဘယ်လိုလဲ။
အခြားတိုင်းရင်းသားတွေက ခရစ်ယန်များမယ်။ သူတို့ ခွဲထွက်ရေးကို အားပေး လို့ရတယ်ဆိုစေဦး စစ်ရေးစတဲ့ အကူအညီပေးဖို့ကျတော့ ခရစ်ယန်နိုင်ငံတွေ နဲ့ သူတို့က အလှမ်းဝေးတယ်။ သူတို့ဘေးမှာ ခရစ်ယန်နိုင်ငံကြီး မရှိဘူး။
ပြောမယ် သာပြောတာ လက်နက်တကယ်လျှော့ချနေတာက ခရစ်ယန်စူပါ ပါဝါကြီးတွေ။
စီဗီလိုက်ဇေးရှင်း တူနေတာရယ်၊ သူ့မှာလည်း မလေးနယ်စပ်ပြသနာတွေ ရှိနေတာရယ်ကြောင့် ထိုင်းနိုင်ငံနဲ့စပ်နေတဲ့ တိုင်းရင်းသားတွေကို ထိုင်းက စစ်ရေးအရ အကူအညီမပေးနိုင်ဘူး။



လူဦးရေးအများဆုံးက ရှမ်း။ ရှမ်းအများစုက မြန်မာနဲ့စီဗီလိုက်ဇေးရှင်း တူတယ်၊ နောက်ပြီး အပြန်အလှန်လက်ထပ်မှုတွေရှိတယ်၊ အပြန်အလှန် လက်ထပ်မှုဟာ ခွဲထွက်ရေးကို ဟန့်တားနိုင်တဲ့ အဓိက လူမှုရေးအကြောင်း ရင်းဖြစ်ပါတယ်။
ရခိုင်ကတော လတ်တလောမှာ ခွဲထွက်ပါဆိုရင်တောင် "စဉ်းစားပျဇေအုံး" ပြောရမယ့် အနေအထားပါ။ မွန်၊ ရခိုင်တွေက ဘာသာတူ တယ်။ အစိုးရက မျှမျှတတရှိရင် ဘာကိစ္စခွဲထွက်နေမှာလဲ။ လီကွမ်ယုတောင် ဒုတိယ စင်္ကာပူမလုပ်နိုင်တော့ဘူးလို့ ပြောသွားတယ်။ နိုင်ငံပေါက်စ အလုပ်ဖြစ်သွားတာက ကံလည်းပါတယ်။ ဒါက သူကိုယ်တိုင် ဝန်ခံထားတာ။

မနေ့က ဝီကီအရ မြန်မာပြည်က ၁၆ စိတ်ပဲ ကွဲရတော့မယ့်သဘော။

တရုတ်က တဖြည်းဖြည်း လူကြီးလူကောင်းဆန်ချင်လာတာရယ်၊ ကမ္ဘာအရပ် ရပ်က တရုတ်တွေကို စစ်ရေးအကူအညီပေးမယ်ဆိုရင် ကမ္ဘာနဲ့စစ်ဖြစ်ဖို့ပဲ ရှိတာရယ်ကြောင့် ကိုင်တွယ်ပုံ ညင်သာရင် ကိုးကန့်ပြသနာလည်း အဆင်ပြေနိုင်ပါတယ်။

နောက်ပြီး ပြည်တွင်းထဲက လက်ရှိတရုတ်တွေဟာ ဒုတိယ၊ တတိယမျိုးဆက် လည်းရောက်ရော မြန်မာ့ယဉ်ကျေးမှုကို အပီအပြင်မွေးစားသွားကြတယ်။ တစ်ခါတစ်ခါ "More Catholic than Pope" တောင် ဖြစ်နေတတ်တယ်။

အဲ ရိုဟိန်ဂျာကတော့ မွေးစားမှာ မဟုတ်ဘူး။
ဒါက စီဗီလိုက်ဇေးရှင်းအမြင်တချို့ပါ။ စိတ်ကူးပေါက်ရင် လူမှုကွန်ယက်ကို ဆက်ပါဦးမယ်။

ဇင်ဝေသော်

ပန်းသီးစီအီးအို


ဒါကတော့ ဘယ်နှကြိမ်မြောက် ဖော်ပြကြလည်း မသိဘူး။ ပန်းသီးစီအီးအိုလေ။ ရေးသူက ဇင်ဝေသော် တဲ့။

အစိုးရလည်းပါတယ်၊ အစိုးရချည်းလည်း မဟုတ်


(လူငယ်နဲ့ စာဖတ်ခြင်းပါ၊ ကျောင်းသားသပိတ်အကြောင်း မဟုတ်)
ဆရာတစ်ယောက်ရဲ့ စာပေဟောပြောပွဲ ယူကျုမှာပါ။ လူငယ်တွေ စာဖတ်နည်းခြင်းနဲ့ပတ်သက်လို့ အစိုးရအဆက်ဆက်ကို တရားခံချပြီး အင်တာ နက်၊ ဂိမ်း စသည်ရဲ့ အရေးပါမှုကို ဆရာက အလေးအနက်မထားခဲ့ပါဘူး။
အင်တာနက်၊ ဂိမ်း စတာတွေနဲ့ပတ်သက်တဲ့ ဆရာ့ကောက်ချက်က ခေတ်သစ် မီဒီယာ ဒီထက် ဖွံ့ဖြိုးပေမဲ့ လူငယ်တွေ စာဖတ်ကြတယ်လို့ အမေရိကန်၊ အင်္ဂ လန်က လူငယ်တွေကို ထောက်ပြဆွေးနွေးပါတယ်။

ဒါပေမဲ့ "အသစ်အဆန်းအပေါ် စိတ်ဝင်စားခြင်း" သီအိုရီကို ဆရာက မဆွေးနွေးခဲ့ပါဘူး။ ဆိုလိုတာက အင်တာနက်ရဲ့ ရိုက်ခတ်မှုကို ဖွံ့ဖြိုးပြီးနိုင်ငံေ တွထက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အခု ပိုခံနေကြရပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဒါက အသစ်အဆန်းဖြစ် ဆဲမို့ပါ။



ဥပမာ အင်တာနက်လိုင်းမကောင်းတဲ့နေရာကလာသူဟာ အင်တာနက် လိုင်း ကောင်းတဲ့နေရာလည်း ရောက်ရော အင်တာနက်ပိုပြီး သုံးနေတတ်ပါ တယ်။ အင်တာနက်လိုင်း ကောင်းတဲ့နေရာမှာ သူ အနေကြာသွားရင် အသား ကျသွားပြီး ပုံမှန်ပဲ သုံးပါတော့မယ်။ ဒီသဘောပါ။

နောက်ပြီး လူငယ်တွေ စာဖတ်နည်းခြင်းဟာ
အစိုးရကြောင့်
အသုံးမကျတဲ့ ပညာရေးစနစ်ကြောင့်ဆိုတဲ့ ကောက်ချက်ကလည်း မှန်ပေမဲ့ ရာနှုန်းပြည့် မမှန်ပါဘူး(ရာနှုန်းပြည့် အမှန်တရားကို ဘယ်သူမှလည်း ရှာမတွေ့ ကြပါဘူး)။ ဘာကြောင့်လဲဆိုရင် စင်္ကာပူလူငယ်တွေ စာဖတ်အားနည်းလာတဲ့ အချက်ကို ဒါ ( အစိုးရ၊ အသုံးမကျတဲ့ ပညာရေးစနစ်) နဲ့ ရှင်းပြ မရလို့ပါ။ စင်္ကာပူလူငယ်တွေ စာဖတ်အားနည်းကြပါတယ်။ အစိုးရ၊ မိဘ၊ ဆရာ သမားတွေက ဒါကို သိကြသလို အဖြေလည်း ရှာနေကြပါတယ်။

ဒီမှာ အစိုးရကို အပြစ်တင်ချင်ရင် အဖြေ မရှာခြင်းကြောင့်သာ အပြစ်တင်လို့ ရပါမယ်။ တကယ်က အင်တာနက်ရိုက်ခတ်မှုဟာ အကြောင်းလေးမဟုတ်၊ အကြောင်းကြီးလို့ ထင်ပါတယ် ဆရာ။

လေးစားလျက်
ဇင်ဝေသော်

ရန်သူငါးယောက်ကို လေ့လာကြည့်ခြင်း


ဒါကတော့ ဆော့ဖ်ကော်ပီရှိနေတယ်။ ဖတ်ကြပေတော့။
စာပေကလာတဲ့ ရန်သူငါးမျိုး “ငါးပါး” ဆိုတဲ့ စကားမှာ “ငါးပါး” ဆိုတာကတော့ လူတိုင်း သိပြီးသားပါ။ ဒါကိုပဲ ပျင်းပျင်းရှိတာနဲ့ အဓိပ္ပါယ်ဖွင့်ကြည့်လိုက်တာ ပါ။ နောက်ပြီး ဘယ်ရန်သူက လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိခိုက်ပြီး ဘယ်ရန် သူက လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းလေးကိုပဲ ထိခိုက်စေတာလဲ ဆိုတာကို ပါ သုံးသပ် ကြည့်ချင်ပါတယ်။ ဒီသုံးသပ်မှုကို အခြေခံပြီး ဘယ်ရန်သူက ဘယ် ရန်သူလောက် မဆိုးဘူးဆိုတဲ့ အဖြေကိုလည်း ထုတ်ကြည့်ခြင်း ဖြစ်ပါတယ်။

၁။ ရေ

ဟိုတုန်းကတော့ “ရေ” ရန်သူဆိုတာ မြစ်ရေ၊ ချောင်းရေ၊ မိုးရေကြီးမှု၊ ဒီရေကြီး မှုကြောင့် အသက်တွေ ပေးဆပ်ရ၊ ကောက်ပဲသီးနှံတွေ မျောပါရ စတဲ့ အကျိုး ဆက်တွေ ခံစားကြရ ဆိုတာတွေ ပဲဖြစ်ပါတယ်။
နောက် ရေအန္တရာယ်က ရေပြတ်လပ်မှုပါ။ ဒါနဲ့ ပတ်သက်လို့ အရင်က ရင်ဆိုင် ခဲ့ရတာက မိုးခေါင်မှု၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု စတဲ့ ဘေးဒုက္ခတွေ ကို ပေးပါတယ်။
ဒီနေ့ခေတ် သတ်မှတ်ချက်ထဲမှာတော့ ပင်လယ်ရေ မြင့်တက်လာမှုတွေ၊ နာ ဂစ်၊ ကတ်ထရီနာ၊ စူနာမီတွေပါ ထည့်သွင်းမှ ပြည့်စုံပါတော့မယ်။ ကုလသမဂ္ဂ ရဲ့ ခန့်မှန်းခြေနဲ့ဆိုရင် မြေအောက်ရေ ရှားပါးလာမှု၊ ပြတ်လပ်မှုတွေတောင် ရင်ဆိုင်နေရ၊ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဒီနေ့ “ရေဘေး” ဆိုတဲ့ကိစ္စဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က ရေဘေးဆိုတာ ထက် အများကြီး ကျယ်ပြန့်လာနေပါတယ်။
ဒါဖြင့် ဒီရေဘေးက ဘယ်သူတွေကို ထိခိုက်နိုင်သလဲ။

ပင်လယ်ပြင် မြင့်တက်လာမှု၊ ရာသီဥတု ဖောက်ပြန်လာမှုတွေကို ထည့်သွင်း စဉ်းစားရင် ဒီဘေးဟာ ကမ္ဘာနဲ့ဆိုင်တဲ့ ဘေးကြီးပါပဲ။ ဒါပေမဲ့ ရှေးဟောင်း သတ်မှတ်ချက်အရ မြစ်ရေ၊ ချောင်းရေ ကြီးမှု၊ မိုးခေါင်၊ ကန်ရေ တွင်းရေတွေ ပြတ်လပ်၊ ခန်းခြောက်မှုကိုပဲ ကြည့်ရင်တော့ တစ်ကမ္ဘာလုံး မဆိုထားနဲ့ တစ်နိုင်ငံလုံးကိုတောင် တိုက်ရိုက် မထိခိုက်ပါဘူး။ ဥပမာ နာဂစ်ဆိုရင်တောင် ပင်လယ်ရေ ဒုက္ခပေးသွားတာက ဧရာဝတီတိုင်းနဲ့ အခြား နီးစပ်ရာ ဒေသတွေကိုပါ။ တစ်နိုင်ငံလုံး အနေအထား မဟုတ်ပါဘူး။ ဒီတော့ ရေဘေးရဲ့ ဒုက္ခပေးရာ အကျယ်အဝန်းက နှစ်မျိုး ဖြစ်သွားပါတယ်။ (တစ်) ရေဘေးဟာ ဂလိုဘယ်ရန်သူ၊ (နှစ်) ရေဘေးဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုရဲ့ ရန်သူဆိုတာကို မူတည်ပြီး ရေဘေးရဲ့ နယ်ပယ်လည်း ကွဲပြားသွားပါတော့တယ်။

ဒါက ဘယ်သူတွေမှာ တာဝန်ရှိသလဲ?
အလွန်ရှည်လျားတဲ့ အဖြေဖြစ်သွားပါတော့တယ်။ ခေတ်သစ် သတ်မှတ်ချက် အရတော့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ လေထု၊ ရေထု ညစ်ညမ်းမှု၊ အိုဇုန်းလွှာ ပေါက်ပြဲမှု စတာတွေ ဖြစ်ပြီး အကူအညီပေးနိုင်တဲ့နည်းကတော့ ကမ္ဘာမြေကို တက်နိုင်သမျှ ကာကွယ် စောင့်ရှောက် ကြဖို့ပါပဲ။
ရေကြီး ရေလျှံမှု၊ မိုးခေါင်၊ ကန်ရေတွင်း ရေပြတ်လပ်မှုကတော့ ကမ္ဘာလုံး အဆင့် မဟုတ်ပါဘူး။ နာဂစ်လို ဘေးရန်ကို သဘာဝဘေးဒဏ်လို့ သတ်မှတ် ရင် ရနိုင်ပေမဲ့ ရေကြီး၊ ရေလျှံ၊ ရေပြတ်လပ် ကိစ္စတွေကတော့ အစိုးရ၊ လူထုနဲ့ ပါ ဆိုင်ပါတယ်။ မိုးရွာတာက သဘာဝကြောင့် ဖြစ်ပေမဲ့ ရွာထားတဲ့ရေတွေ ဘယ်မှမစီးဘဲ ဗွတ်ထနေတာကတော့ သဘာဝနဲ့ မဆိုင်ပါဘူး။ လူထုကိုပါ ဆွဲထည့်ထားရပေမဲ့ အဓိက တာဝန်ပျက်ကွက်ခဲ့တာကတော့ ရာစုဝက်ကျော်ေ ကျာ်က အဆက် ဆက်သော အစိုးရတွေ (သူတို့ကလည်း ရန်သူစာရင်ထဲ ပါနေတယ်) ပဲ ဖြစ်ပါတယ်။

၂။ မီး

မီးရန်သူကတော့ ရှင်းပါတယ်။ ရှေးခေတ်က သတ်မှတ်မှုအရ တောမီး၊ မြို့မီးလောင်မှုတွေပါပဲ။ ဒီမီးကြောင့် ထိခိုက်တဲ့ နယ်ပယ်က ပိုကျဉ်းပါတယ်။ မြို့တစ်မြို့ကို မီးလောင်ရင် အဲဒီမြို့ကိုပဲ ထိခိုက်ပါတယ်။ ဒါပေမဲ့ ခေတ်သစ် သတ်မှတ်ချက်နဲ့ ပြောင်းပြီး သတ်မှတ်ကြည့်ချင်ပါတယ်။ ဒီအထဲကို

၁။ လျပ်စစ်မီး
၂။ ကမ္ဘာမြေပူနွေလာမှု နှစ်ခု ထပ်တိုးကြည့်ချင်ပါတယ်။

လျပ်စစ်မီးနဲ့ ပက်သတ်လို့တော့ ပြဿနာက တစ်ခုတည်းပါ။ မြန်မာပြည်မှာ လျပ်စစ်မီး မရခြင်း၊ မီးအား မမီခြင်း၊ မီးမမှန်ခြင်းတွေ ဖြစ်ပါတယ်။ လူကို ချက်ချင်းသေစေနိုင်တာ မဟုတ်လို့ ဒါကို အန္တရာယ် (သို့မဟုတ်) ဘေးလို့ မထင်သူတွေ အများကြီး ရှိပါလိမ့်မယ်။ ဒါပေမဲ့ လျပ်စစ်မီး မရှိခြင်း၊ အားကိုးလို့ မရခြင်းဟာ နိုင်ငံရေး၊ စီးပွားရေးကို နလန်မထူအောင် ဖိသတ်ထားတဲ့ ဧရာမအန္တရာယ်ကြီး ဖြစ်ပါတယ်။ လျပ်စစ်ဓာတ်အားကို ဘာဖြစ်လို့ “မီး” ရန်သူထဲ ထည့်ထားရတာလဲဆိုရင်တော့ အသုံးပြုပုံခြင်း တူလို့ပါ။
သဘာဝ ထင်းမီး၊ ဖရောင်းတိုင်မီးစသည်ကို အလင်းရဖို့၊ အပူရဖို့၊ အစားအစာ ချက်ပြုတ်ဖို့ အတွက် အသုံးချကြသလို ဒီနေ့ လျပ်စစ်ကိုလည်း ဒီအတိုင်းပဲ အသုံးပြုကြပါတယ်။ လျပ်စစ်က နယ်ပယ် ပိုပြီးတောင်ကျယ်ဝန်းပါတယ်။ “ရေ” ပြတ်လပ်မှုကိုရေးဘေးလို့ ခေါ်ရင် “လျပ်စစ်မီး” မရှိမှုကိုလည်း “မီးဘေး” ထဲကို ထည့်ကို ထည့်မှ သဘာဝကျ ပါလိမ့်မယ်။(ကမ္ဘာမြေ ပူနွေးမှုကတော့ ကျယ်ပြန့်လွန်းလှတဲ့အတွက် လက်ရှောင်ထားခဲ့ပါတယ်။) ဒါကြောင့် မြန်မာပြည်က လူတွေဟာ စက္ကန့်နဲ့အမျှ မီးဘေး (လျပ်စစ်မရ၊ စိတ်မချရ) အန္တရာယ် ကြုံတွေ့နေရတယ်လို့ ဆိုချင်ပါတယ်။
ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်လို ကာကွယ်မလဲ။
အရာရာကို လက်လွှတ်စပယ် လုပ်ခဲ့တဲ့ ရာစုဝက်ကျော်ကျော် အစိုးရတွေရဲ့ အမှားအယွင်းကို လက်ရှိ အစိုးရက ပြင်ဆင်ယူရမယ့် အချိန် ဖြစ်နေပါတယ်။ ဒီမှာလည်း ကျွန်တော့်အနေနဲ့ အသေးစိတ် မဆွေးနွေးနိုင်သလို ကျွန်တော်သိတဲ့ကိစ္စလည်း မဟုတ်ပါဘူး။

၃။ ခိုးသူ

“မင်း” ဆိုတဲ့ အစိုးရကို နောက်ဆုံးမှာ ဆွေးနွေးမှာမို့ ခိုးသူကို ကျော်လိုက်ပါ တယ်။ ရှေးခေတ် သတ်မှတ်ချက်အရ ခိုးသူ၊ ဓားပြ စတဲ့ အမျိုးမျိုးသော လူရမ်း ကားတွေကို “ခိုးသူ” လို့ ခေါ်ပါတယ်။
ဒီခေတ်မှာတော့ ခရက်ဒစ်ကတ်ခိုးမှု၊ ကော်ပီရိုက် ခိုးမှု၊ ပညာရပ်ဆိုင်ရာ ပိုင် ဆိုင်ခြင်း (Intellectual property) ကို ခိုးမှုတွေအပြင် ဓားပြနဲ့ ဆက်စပ်ပြီး အစ္စလာမ်မစ် အစွန်းရောက် (ISIS) လို အဖွဲ့တွေကိုပါ ထည့်သွင်း စဉ်းစားလို့ ရပါတယ်။ (တချိုက အစိုးရကိုတောင် ဓားပြအကြီးစားထဲ ထည့်ရမယ်လို့ ဆိုကြ ပါတယ်။ ဒါက မသင့်လှပါဘူး။ အစိုးရ ဆိုးပြီဆိုရင် လူ့အဖွဲ့အစည်း ပျက်စီးအောင် ဘယ်ဓားပြမှ သူတို့လောက် မလုပ်နိုင်လို့ပါ။)

ဒီဘေးရန်က ဘယ်သူတွေကို ထိခိုက်သလဲ။
သူခိုး၊ ဓားပြရန်ကလည်း သူတို့နဲ့ ဆက်စပ်တဲ့ ဝန်ကျင်းကိုပဲ ထိခိုက်စေနိုင်လို့ အကျယ်အဝန်း ပမာဏအားဖြင့် အလွန်သေးမွှားပါတယ်။ (တချို့ကလည်း အကျင့်ပျက် လာဘ်စားတဲ့ အစိုးရ ဝန်ထမ်း တွေကို သူခိုးထဲထည့်လိုကြ ပါတယ်။ ကျွန်တော်ကတော့ သဘောမတူပါဘူး။ သူခိုး၊ ဓားပြဆိုတာ နေ့ခင်းကြောင်တောင် (မနက်ကိုးနာရီကနေ ညနေ ငါးနာရီအထိ၊ ရုံးဖွင့်ချိန်ပေါ် မူတည်ပြီး နာရီကွဲလွဲ သွားနိုင်)ကြီးမှာ တွေ့သမျှလူကို စားပွဲ ကုလားထိုင်နဲ့ ထိုင်ပြီး ထိုင်လု၊ ထိုင်ခိုး မလုပ်နိုင်လို့ပါ။ သူတို့ဟာ အစိုးရထဲမှာပဲ ပါဝင်ပါတယ်။
ဒီတော့ တတိယရန်သူဟာ ဆိုးတယ်၊ ဒါပေမဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံး၊ တစ်နိုင်ငံလုံးကို အန္တရာယ် မပေးနိုင်ဘူး။ မိုင်နာရန်သူပေါ့။ မေဂျာရန်သူ မဟုတ်ပါဘူး။

၎။ သားသမီးဆိုး

ဒီရန်သူကတော့ ရှေးခေတ်၊ ယခုခေတ် သတ်မှတ်ချက်အရ သိသိသာသာကြီး မကွဲပြားလှပါဘူး။ အများကြီးလည်း ဆွေးနွေးနေစရာ မရှိပါဘူး။ သားသမီး ဆိုးဟာ သူ့မိဘ၊ သူ့မိသားစု၊ နောက်ဆုံး သူ့ဆွေးမျိုးတွေကိုပဲ ဒုက္ခပေးနိုင်လို့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ် အကြီး စားကြီး မဟုတ်လှပါဘူး။ ဒါပေမဲ့ သူတို့ပေါင်းမိပြီး ခိုးမှု၊ ရိုက်မှု၊ လုယက်မှု၊ ပုန်ကန်မှုတွေဆီကိုတော့ ရောက် သွားနိုင်ပါတယ်။ ဒါက တိုက်ရိုက် အကျိုးဆက်မဟုတ်လို့ ဒီမှာ ထည့်သွင်း စဉ်းစားဖို့ မသင့်တော်လှပါဘူး။

၅။ မင်းဆိုး

နောက်ဆုံးရန်သူက “မင်း” “ဘုရင်” “အစိုးရ” ပဲ ဖြစ်ပါတယ်။
မစွံတဲ့ အစိုးရဟာ ဂလိုဘယ်ကိစ္စ မဟုတ်ပါဘူး။ (မီးနဲ့ ရေလို) သူဟာ သူ့နိုင်ငံ တွင်း၊ သူ့လူ့အဖွဲ့အစည်းအတွင်းမှာ အကြီးမားဆုံး အကျိုးသက်ရောက်မှု ရှိစေတဲ့ ရန်သူကြီး ဖြစ်ပါတယ်။ မင်းဆိုးပြီးဆိုရင် မီးလောင်သလို ရွာလုံးကျွတ် သွားတာမျိုး၊ ရေကြီးသလို မြစ်ဘေးတင် ဒုက္ခ ရောက်ရတာမျိုး၊ သူခိုးဓားပြ ထူလို့ တစ်နယ်တစ်ရပ်ပဲ စိတ်ပူရတာမျိုး၊ သားသမီး မကောင်းလို့ တစ်မိသား စုတင် စိတ်ဆင်းရဲရတာမျိုး မဟုတ်တော့ပါဘူး။ တစ်နိုင်ငံလုံး၊ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ဒုက္ခရောက်သွားစေတာမျိုးပါ။ ဒါကြောင့် မင်းဆိုးဟာ နိုင်ငံတွင်း လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးရဲ့ ရန်သူ၊ အားလုံးနဲ့ ဆိုင်တဲ့ ရန်သူ ဖြစ် သွားပါတော့ တယ်။
ဗုဒ္ဓဘာသာ အဆုံးအမအရ ရန်သူငါးယောက်ကို သက်ရှိ၊ သက်မဲ့လို့ ခွဲကြည့်နိုင်ပါတယ်။ (ယေဘုယျပေါ့)

ရေနဲ့ မီးက သက်မဲ့ ရန်သူတွေဖြစ်ပြီး ခိုးသူ၊ သားသမီးဆိုးနဲ့ မင်းဆိုးတို့က သက်ရှိတွေ ဖြစ်သွားပါတယ်။ ဒီနည်းအရ ကြည့်တော့လည်း သူခိုးဓားပြနဲ့ သားသမီးဆိုးတွေက မင်းဆိုးလောက် လူ့အဖွဲ့အစည်းကို ဒုက္ခ မပေးနိုင်ဘူး ဆိုတာ ထပ်တွေ့ရပါတယ်။
အချုပ်ဆိုရရင် ရန်သူငါးယောက်ရှိပေမဲ့ “မင်း” ဆိုတဲ့ ရန်သူလောက် ဘယ်သူ မှ ကြောက်စရာ မကောင်းဘူး။ သူ့ရဲ့ နယ်ပယ်ဟာ အကျယ်ဆုံး၊ သူဒုက္ခပေးနိုင်တဲ့ လူဦးရေက အများဆုံး ဖြစ်ပါတယ်။
ဒါကြောင့် မင်းကောင်းရဖို့ ကိစ္စဟာ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် အရေးကြီးဆုံး ဖြစ်သွားပါတော့တယ်။
မြန်မာပြည်မှာ မင်းကောင်းပေါ်ပါစေလို့သာ ဆုတောင်းမိပါတယ်။

ဇင်ဝေသော်
၁၀၊ ၁၂၊ ၂၀၁၄

ပန်းသီးစီအီးအိုနဲ့ အင်ဒီဗီကျူယယ်လစ်ဇင် နှစ်


"စင်္ကာပူလိုနေရာမှာ လူပျိုကြီး၊ အပျိုကြီး၊ အိမ်ထောင်ရေးသမိုင်း မကောင်းသူတွေ ဆိုရင် ဝန်ကြီးမဖြစ်နိုင်ဘူး (လီကွမ်းယုခေတ်)၊ ဖြစ်ဖို့ခက် တယ်။ ဒါပေမဲ့ ပလေး ဘွိုင်းတွေဖြစ်ကြတဲ့ ပြင်သစ်က ဆာကိုဇီ၊ အမေရိကန်က ကလင်တန်တို့ ဘာမှ မဖြစ်ပါဘူး၊ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် သမ္မတရာထူး မပြုတ်ဘူး။ သမ္မတအလုပ် မလုပ်မှ ပြုတ်မှာဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာနဲ့တာဝန် သီးသန့်ကွဲနေတယ်"

"ပန်းသီးစီအီးအိုနဲ့ အင်ဒီဗီကျူယယ်လစ်ဇင်" နဲ့ပတ်သက်လို့ ရေးရမယ့် အကြောင်း ရာက ကျယ်ပြန့်လွန်းတာရယ်၊ အတန်ငယ်လေးလံတဲ့ အကြောင်းအရာဖြစ်လို့ လူငယ်တွေဆီရောက်အောင် (တချို့က သိပ်မနားမလည်ဘူးလို့ တရားဝင် ဝန်ခံ တယ်) ဘယ်လိုဆွေးနွေးရရင်ကောင်းမလဲဆိုတာ စဉ်းစားနေမိတာရယ်ကြောင့် ချက်ချင်းမဆက်နိုင်ခဲ့ပါဘူး။ အခုတော့ ကြိုးစားကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ဒီ စတေးတပ်တိုဟာ ဒီအကြောင်းအရာကို ဘယ်နည်းနဲ့မှ မခြုံငုံမိနိုင်ပါဘူး။ မိတ် ဆက်မျှသာပါပဲ။

အင်ဒီဗီကျူယယ်လစ်ဇင်ဟာ တစ်ဦးချင်းလွတ်လပ်ခွင့်ကို ပိုအားပေးပါတယ်။ ပိုနားလည်ပေးပါတယ်။ ဆိုလိုတာကတော့ လူတစ်ယောက်ကို ငယ်စဉ်ကစလို့ "Time and space" ပိုပေးကြပါတယ်။ ဒါ့ကြောင့် သူတို့ကလေးတွေဟာ ပိုပြီး လွတ်လပ်တယ်၊ Why, how? မေးခွန်းတွေ ပိုထုတ်ရဲတယ်၊ ကိုယ်ဒူးကိုယ်ချွန် စိတ် ပိုရှိတယ်။ လွတ်လပ်မှုကိုလည်း ပိုမြတ်နိုးတယ်။

ဒီယဉ်ကျေးမှုမှာလည်း အဆိုးအကောင်း ဒွန်တွဲလိုတော့ ရှိနေပါတယ်။ ဒါကတော့ အကောင်းဖက်မှာ တည်ထွင်ဆန်းသစ်ရဲသူတွေများလာခြင်းနဲ့အဆိုးဖက်မှာ တစ်ဇောက်ကမ်း၊ အစွန်းရောက်တွေ များလာနိုင်ခြင်းဖြစ်ပါတယ်။ အစွန်းရောက် မရောက်ကို တိုင်းတာရာမှာလည်း အရှေ့အနောက်ရဲ့ ပေတန်အတိုအရှည်က တူမနေပါဘူး။ အနောက်က လွတ်လပ်ခွင့်လို့ယူဆတာတွေကို အရှေ့က စည်းမဲ့ ကမ်းမဲ့လို့ သတ်မှတ်ကြတတ်ပါတယ်။
(အနောက်တိုင်းသားမဟုတ်ပေမဲ့ ကျနော်ကိုယ်ကတော့ မဖြစ်မနေတက်ရတဲ့ သင်တန်းတွေမှာ သင်ခန်းစာနဲ့မဆိုင်တဲ့စာအုပ် လက်ထဲရှိနေတတ်လို့ တပည့်ဆိုး စာရင်းမှာပါဝင်သူ၊ ဦးစားပေး (သို့) မဟာတက်ဖို့ စသည် အရွေးမခံရသူဖြစ် ပါတယ်)။
ဒီကွာဟချက်ကို ဖွင့်ပြချလိုက်တာက အမေရိကန် တရုတ်မိခင်တစ်ယောက် အာရှမိခင်တွေကို ညွှန်းဆိုလိုက်တဲ့ "Tiger Moms" ဆိုတဲ့ဝေါဟာရပဲဖြစ်ပါတယ်။ (အာရှတန်ဖိုးကို ကာကွယ်တဲ့ ဆောင်းပါးထက်ရှည်တဲ့ ကွန်မင့်များ ရောက် လာနိုင်)

အင်ဒီဗီကျူယယ်လစ်ဇင်ကိုပဲ တစ်ဦးကောင်းတစ်ယောက်ကောင်းဝါဒလို့ ဘာသာပြန်မယ် ဆိုရင်တော့ တော်တော်ချိနဲ့တဲ့ဘာသာပြန်မှုလို့ ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ အင်ဒီဗီကျူယယ်လစ်တွေရဲ့ (အဖွဲ့အစည်း) သမဂ္ဂတွေကြောင့်ပါ။ သူတို့သမဂ္ဂတွေဟာ(ဥပမာ နေတိုး၊ အီးယူ) အခြားသမဂ္ဂ ဝါဒကြွေးကြော်နေတဲ့ လူ့အဖွဲ့အစည်းသမဂ္ဂတွေထက် အများကြီးပိုခိုင်မာနေပါ တယ်။ ဒီတော့ အင်ဒီဗီကျူယယ်လစ်ဇင်ဟာ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် မဟုတ်ပါဘူး။

ဒါကိုအခြေခံပြီးအဓိက ကွဲလွဲသွားတာက တန်ဖိုးသတ်မှတ်ချက်တွေပဲဖြစ်ပါတယ်။ ဥပမာ လူသိများတဲ့ ငါးပါးသီလကို ထုတ်ကြည့်ချင်ပါတယ်။
ငါးပါးသီလ နံပါတ် ၂၊ ခိုးမှု။ ခိုးမှုဟာ ဘယ်နည်းနဲ့မှခွင့်လွှတ်ချင်စရာမကောင်းတဲ့ ယူနီဗာဆယ်အက်သစ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘယ်အဆင့်မှာမဆို သူတစ်ပါးဆိုတဲ့ (ဆိုဆိုက်တယ် အစိတ်အပိုင်းပါနေလို့ပါ။ သူတစ်ပါး ပစ္စည်း)။
နံပါတ် ၅ ဖြစ်တဲ့ သောက်မှုကတော့ အဆင့်နှစ်ဆင့်ဖြစ်သွားပါတယ်။ သောက်ပြီး မမှာသေးရင် အင်ဒီဗီကျူယယ်ဖြစ်ပြီး သောက်ပြီးမှားသွားမယ်ဆိုရင် ဆိုဆိုက် တယ် ဖြစ်သွားပါတယ်။ ဒါ့ကြောင့် အင်ဒီဗီကျူယယ်ကို တန်ဖိုးထားတဲ့ လူ့အဖွဲ့ အစည်းတွေမှာ သောက်မှုကိစ္စဟာ သူများကိုမထိပါးသေးသရွေ့ ဘယ်သူမှ ရေး ကြီးခွင်ကျယ်လုပ်မနေကြပါဘူး။
ဒီတော့ သူတို့တန်ဖိုးသတ်မှတ်ချက်အရ ဒုတိယက အဆများစွာ အရေးပိုကြီး သွားပါတယ်။ အာရှက အထူးသဖြင့်ဗုဒ္ဓဘာသာက နံပါတ် ၅ ကို ရှေ့တန်း ပိုတင် ထားပါတယ်။

နောက်ပြီး ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ အင်ဒီဗီကျူယယ်လစ်ဇင်နဲ့ ကော် လက်တစ်ဗစ်ဇင်ကို ဒီလိုလည်း ကြည့်နိုင်ပါတယ်။
ဥပမာ သမဂ္ဂဝါဒကိုအားပြုတဲ့ စင်္ကာပူလိုနေရာမှာ လူပျိုကြီး၊ အပျိုကြီး၊ အိမ်ထောင်ရေးသမိုင်းမကောင်းသူတွေဆိုရင် ဝန်ကြီးမဖြစ်နိုင် ဘူး(လီကွမ်း ယုခေတ်)၊ ဖြစ်ဖို့ခက်တယ်။ ဒါပေမဲ့ ပုဂ္ဂလိကဝါဒကိုအားပြုတဲ့ ပြင်သစ်က ဆာကိုဇီ၊ အမေရိကန်က ကလင်တန်တို့ ဘာမှ မဖြစ်ပါဘူး၊ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် သမ္မတရာထူး မပြုတ်ဘူး။ သမ္မတအလုပ် မလုပ်မှ ပြုတ်မှာဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာနဲ့တာဝန် သီးသန့်ကွဲနေတယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေကို နားလည်ပေးကြတယ်။



ဒီတော့ ဘယ်စနစ်က သာသလဲ?
အရှေ့က သမဂ္ဂဝါဒကသာတယ်ပြောပြီး အနောက်က ပုဂ္ဂလိကဝါဒက သာ တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လူအဖွဲ့အစည်းအနေနဲ့ကြည့်ရင် အရှေ့က ဆုံးရှူံးမှု ပိုများသွားနိုင်ပါတယ်။
ဥပမာ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ကလင်တန်နှုတ်ထွက်ရမယ်ဆိုရင် အမေရိကဟာ သမ္မတတစ်ယောက်ဆုံးရှူံးသွားပါလိမ့်မယ်။ ဒါမျိုး သူတို့က အဖြစ် မခံပါဘူး။ ဒီကိစ္စကို ကလင်တန်၊ ဟယ်လာရီနဲ မိုနီကာတို့ရှင်းကြပါစေဆိုပြီး လွှဲထားကြပါတယ်။ ဒါဟာ အင်ဒီဗီကျူယယ်လစ်ဇင်ပါပဲ။

သူတို့ဟာ တစ်ခုစီသီးသန့်ရှိနေတာလား? မဟုတ်ပါဘူး၊ ရောထွေးယှက်တင်ရှိနေတာလို့ ဖြေရပါလိမ့်မယ့်။ တစ်ဦးချင်းလွတ်လပ်ခွင့်ကို ပိုအားပေးတာ။ ပိုနားလည်ပေးတာကလွဲရင် သူတို့ အင်ဒီဗီကျူယယ်လစ်တွေလည်း သမဂ္ဂဝါဒရှိတာပါပဲ။ သမဂ္ဂဝါဒီတွေလည်း အင်ဒီဗီကျူယယ်လစ်ဇင်ရှိတာပါပဲ။
ဘယ်နေရာက အောင်မြင်တဲ့ပုဂ္ဂိုလ်မဆို တစ်ဦးချင်း ရည်ရွယ်ချက်ဆီကို အရင်သွားတတ်ကြပါတယ်။ ပြီးမှ သမဂ္ဂဖက်ဆီကို ခြေဦးလှည့်တတ်ပါတယ်။

မြန်မာလူမျိုးတွေအတွက် အထင်ရှားဆုံး ဥပမာကတော့ ဘုရားပါပဲ။ ဘုရားလောင်းဟာ တောထွက်၊ တရားကျင့်နေချိန်မှာ အင်ဒီဗီကျူယယ်လစ်ဇင် ထဲမှာရှိနေပြီး ဘုရားဖြစ်ပြီးတဲ့နောက်မှာ ကော်လက်တစ်ဗစ်ဇင်ဆီကို ဦးပြန် လှည့်သွားခဲ့ပါတယ်။

မပြည့်မစုံပေမဲ့ ကျနော့်ဆောင်းပါးကိုတော့ ဆက်ရန် ပေးမထားတော့ပါဘူး။ စိတ်ကူးရရင် ဆက် ရေးတာပေါ့။

(ဒီဆောင်းပါးဟာ အင်ဒီဗီကျူယယ်လစ်ဇင်ကို ရှေ့နေလိုက်နေတာမဟုတ်လို့ အာရုံနောက်စရာ ကွန်မင့်တွေ လာမရေးဖို့တော့ မေတ္တာရပ်ချင်ပါတယ်။)

ပန်းသီးစီအီးအိုနဲ့ အင်ဒီဗီကျူယယ်လစ်ဇင်


ကြာပါပြီ၊ ဖတ်ဖူးတဲ့ဆောင်းပါးပါ။ ဂျပန်ဆရာဝန်တစ်ယောက်က ဆေးပညာနဲ့ပတ်သက်တဲ့ နိုဘယ်ဆုရတော့ ငါတို့ လည်း ပညာရပ်ဆိုင်ရာ နိုဘယ်ဆု ဆွတ်ခူးနိုင်ပြီဆိုပြီး ဂျပန်တစ်နိုင်ငံလုံး ဂုဏ်ယူ ဝင့်ကြွားလို့မဆုံး ဖြစ်နေချိန်မှာ ဆရာဝန်ပြောလိုက်တဲ့စကားကြောင့် ငိုရမလို ရယ် ရမလို ဖြစ်သွားခဲ့ရတယ်။ သူပြောတာက
"အမေရိကတက္ကသိုလ်မှာ ပညာ သင်ခွင့်၊ သုတေသနပြုခွင့်မရရှိခဲ့ရင် ဒီဆုကို ရနိုင်မှာမဟုတ်ပါဘူး" တဲ့။

သူအမွှမ်းတင်သွားတာက အမေရိကလူ့အဖွှဲ့အစည်းရဲ့ အင်ဒီဗီကျူယယ်လစ် ဇင်ဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ အိမ်မက်နောက်လိုက်မှုကို လေးစားခြင်း၊ နား လည်ခြင်း၊ စိတ်ရှည်ခြင်းစတာတွေပါ။ အာရှက အခြားတစ်ယောက်ရဲ့ ကိုယ်ရေး ကိုယ်တာကို တန်ဖိုးထား လေးစားမှုနည်းသလို တစ်ခုခု ကြိုးစားလုပ်နေ ရင်း တော်တော်နဲ့ဖြစ်မလာရင် စိတ်မရှည်၊ အပြစ်တင်၊ ဝေဖန်ကဲ့ရဲ့မှုတွေတောင် ရှိတတ်တယ်။ အမေရိကမှာ ဒါမျိုးတွေ မရှိဘူးလို့ ဆိုလိုတာပါ။



အခု ပန်းသီးစီအီးအိုက သူဟာ ဂေးတစ်ယောက်ဖြစ်ရတဲ့အတွက် ဂုဏ်ယူတယ် လို့ ပြောသွားခဲ့ပါတယ်။ အာရှမှာဆို အကြီးအကျယ်ဂယက်ရိုက်သွားနိုင်ပေမဲ့ အမေရိကမှာတော့ သတင်းထူးတစ်ပုဒ်ဖြစ်သွားတာကလွဲလို့ ဘာမှ ထူးခြားမယ့် သဘောမရှိပါဘူး။ သူ့ရဲ့ လုပ်ဆောင်ရည်ကျမသွားရင် ကုမ္ပဏီနဲ့သူ့ရဲ့အနေ အထားကလည်း အရင်လိုပဲနေမှာပါ။ ဒါက အနောက်ရဲ့ အင်ဒီဗီကျူယယ်လစ်ဇင် အကျိုးဆက်ပါ။ သူ့ရဲ့ ပုဂ္ဂလိကရွေးချယ်မှုနဲ့ ပရော်ဖက်ရှင်နယ်ဘဝကို သီးသန့် ထား၊ လေးစားပေးနိုင်မှုပါ။

လက်ခံချင်ရင်ခံ မခံချင်ရင်နေ သူတို့က ဒီအတိုင်းပဲရှိနေမှာဖြစ်သလို အိုင်းစတိုင်း က အစ ဘီးလ်ဂိတ်တို့ မာ့က်တိုအဆုံး တကယ့်လူတွေကို မွေးထုတ်လိုက်တာ ကလည်း ဒီ အင်ဒီဗီကျူယယ်လစ်ဇင်ကပါပဲ။

အာရှမှာ လီကွမ်းယုကအစ ကော်လက်တစ်ဗစ်ဇင် (သမဂ္ဂဝါဒ) ကို ကြွေးကြော်တယ်။ ဒီတော့ အုပ်စုအားပြုကြတယ်။ အုပ်စုဖွဲ့ ယှဉ်ပြိုင်ကြတယ်။ ဒါပေမဲ့ ဟို တစ်ယောက်ကလုပ်လိုက်တာနဲ့ တစ်ဖွဲ့လုံး ဒုက္ခရောက်သွားတာတွေရှိသလို ဟို တစ်ယောက်ရဲ့ တီထွင်မှုကို အုပ်စုလိုက် အသေအလဲ လိုက်ယူနေရတာတွေ လည်း ရှိနေပြန်တယ်။ သေချာတာကတော့ ဒီနေ့အထိ အင်ဒီဗီကျူယယ်လစ်ဇင် က ရှေ့ကပြေးနေဆဲဆိုတာပါပဲ။ အင်ဒီဗီကျူယယ်လစ်ဇင်ဟာ လူ့အဖွဲ့အစည်းရဲ့ အန္တရာယ်လို့ ပြောနေကြတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် အင်ဒီဗီကျူယယ်လစ်ဇင်ရဲ့ အသီးအပွင့်ကို စားသုံးနေကြရဆဲသာဖြစ်ပါတယ်။

ဒါဆို အနောက်ခံယူထားတဲ့ အင်ဒီဗီကျူယယ်လစ်ဇင်ရဲ့ အဓိပ္ပါယ်က ဘာဖြစ်နေ မလဲ။
အရှေ့ရဲ့ ကော်လက်တစ်ဗစ်ဇင် (သမဂ္ဂဝါဒ) အဓိပ္ပါယ်က ဘာဖြစ်နေမလဲ။
ရောထွေးယှက်တင်ကော ရှိမနေနိုင်ဘူးလား။
မေးခွန်းတွေအများကြီး ထွက်လာပါတယ်။

ဆက်ရန်