မွေးကင်းစ မင်္ဂလာ (Tender-aged blessing)


(အရင်လ Faces မဂ္ဂဇင်း အဆက်ပါ။ ဒီဆောင်းပါးတွေရဲ့ ဆိုလိုရင်းအချုပ်က "မင်္ဂလာတရားတွေဟာ အရွယ်အလိုက် သတ်မှတ်ထားခြင်းဖြစ်တယ်" ဆိုတဲ့ အဆိုကို ထောက်ခံဆွေးနွေးတာမျိုးပဲဖြစ်ပါတယ်။)

ပထမဂါထာမှာ ပါတဲ့ လူမိုက်မပေါင်း၊ လူလိမ္မာပေါင်း၊ ပညာရှိသူတော်ကောင်း ကို ဆည်းကပ် ဆိုတာကို မွေးကင်းစ (tender ages) မင်္ဂလာလို့ ပညာရှင် အချို့ ယူဆကြပါတယ်။ ဘာကြောင့်လဲဆိုတာ ကို အဓိကအချက် နှစ်ချက်နဲ့ ရှင်းပြလို့ရပါတယ်။

၁။ သူတို့လေးတွေဟာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို အလွယ်တကူ ခံယူတတ် လို့
၂။ ဒီသတ်မှတ်ချက်ကို တစ်သွေမတိမ်းလိုက်ဖို့ အခက်အခဲ မရှိသေးလို့ -
ဆိုတဲ့ အချက်နှစ်ချက် ဖြစ်ပါတယ်။

မွေးဖွားပြီးအချိန်ကစလို့ ကလေးငယ်ဟာ သူ့ရဲ့ဝန်းကျင်က ဖြစ်ပျက်ပြုမူသမျှ အားလုံးကို လေ့လာ မှတ်သားနေတတ်ပါတယ်။ ဒီတော့ သူတို့ရဲ့ ပထမဆုံး ၀န်းကျင်ဟာ အလွန်ကျဉ်းတဲ့ မိသားစု ဘ၀လေး ထဲမှာပဲ ဖြစ်နေတတ်ပါတယ်။ ဒီတော့ ကလေးငယ်ရဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ဟာ လူအများစု သတ်မှတ် ထားတဲ့ မကောင်းတဲ့ သူငယ်ချင်း၊ ကောင်းတဲ့သူငယ်ချင်း ဆိုတာတွေထက် မိသားစုရဲ့ အပြော အဆိုနဲ့အပြုအမူအပေါ်မှာ အများကြီးမှီခိုနေပါတယ်။ ကျောင်းမသွားရသေးတဲ့ ကလေးငယ်ရဲ့ ကောင်း မကောင်း အပေါင်းအသင်းဆိုတာဟာ မိသားစုရဲ့ ကောင်းမကောင်း အမူ အကျင့်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်ကို လျှော့တွက်လို့ မရပါဘူး။ သူတို့ဟာ ငါးနှစ်မတိုင်မီ ကလေးတစ်ယောက်ရဲ့ မိတ်ဆွေတွေ ဖြစ်ပါတယ်။ (မူကြိုဟာ ယေဘုယျ မဟုတ်၊ ချွင်းချက်ပါ။)

ငါးနှစ်ပြည့်လို့ ကျောင်းသွားပြီဆိုတဲ့ ကလေးရဲ့ ၀န်းကျင်ဟာ ပိုကျယ်လာပါ တယ်။ လူလည်း ပိုစုံလာပါတယ်။ ဒါပေမယ့် သူ့အတွက် လူမိုက် မပေါင်း လူ လိမ္မာပေါင်း ဥပဒေသကို လိုက်နာဖို့ အခက်အခဲ မရှိလှသေးပါဘူး။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ စားဝတ်နေရေးတာဝန်ကို မိသားစုက ရာနှုန်းပြည့် ယူထားလို့ပဲ ဖြစ်ပါတယ်။

သူတို့လေးတွေအတွက် ဘယ်သူက လူမိုက် ၊ ဘယ်သူက လူလိမ္မာလဲ။
ကလေးတစ်ယောက်အတွက် လူလိမ္မာ၊ လူမိုက် ကန့်သတ်ချက်က အလွန် ရိုး ရှင်းပါတယ်။ ဘုရားရှင် ရဲ့ ရာဟုလောဝါဒသုတ်လာ ကိုယ့်အကျိုး၊ သူတစ်ပါး အကျိုး၊ နှစ်ဖက်အကျိုး ဆိုတာနဲ့ ပြည့်စုံပါတယ်။ တစ်နည်း ကာယကံ၊ ၀စီကံ၊ မနောကံ ယဉ်ကျေးကောင်းမွန်သူနဲ့ မယဉ်ကျေးကောက်ကျစ်သူ ဆိုတာ နဲ့ ပြည့်စုံပါတယ်။ နှုတ်ကြမ်းတဲ့ ကလေး၊ အသတ်အပုတ် ကြိုက်တဲ့ကလေး၊ စိတ်ပုတ်တဲ့ကလေးနဲ့ မပေါင်းနဲ့ ဆိုရင် ရပါပြီ။

ဟုတ်ပြီ။ ဒါဆိုရင် ဒီမင်္ဂလာတွေက ဘာဖြစ်လို့ မွေးကင်းစ (tender age) မင်္ဂလာလို့ ခေါ်ရတာလဲ၊ လူကြီးတွေနဲ့ မဆိုင်တော့ဘူးလား။ ဒီလိုတော့ မဟုတ်ပါဘူး။ ဆိုင်ပါတယ်။ ဒါပေမဲ့ လူကြီးတစ်ယောက် အတွက် ဒီ မင်္ဂလာတွေ ရှိနေနိုင်ရင်ကောင်းပါတယ်။ ပြဿနာက အမြဲတမ်းရှိနေနိုင်မလား။ မရှိနိုင်ပါဘူး။ မရှိလို့လည်း ကလေးဘ၀ကလောက် ထိခိုက်ပျက်စီးဖို့တော့ ရာခိုင်နှုန်း နည်းသွားပါတယ်။ ဘာကြောင့်ဖြစ် မလဲ။ အရင်အဖြေနှစ်ခုပါပဲ။


၁။ ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှု ကလေးငယ်တွေလောက် သူတို့မခံရတော့ ဘူး။
၂။ ဘ၀လိုအပ်ချက်တွေကြောင့် ဒီဥပဒေသတွေကို တစ်သွေမတိမ်း လိုက်နာဖို့ ခက်သွားပြီ။
ဒီမှာတော့ နှစ်ကနေစပြီး ကြည့်တာက ပိုရှင်းပါတယ်။ ကလေးက လူမိုက် မပေါင်းနဲ့ဆိုရင် မပေါင်း ဘဲနေလို့ ပြဿနာမရှိပေမဲ့ လူကြီးတစ်ယောက် ဖြစ် လာတဲ့ အခါမှာတော့ အကြောင်းကြောင်း အခြေ အနေ အရပ်ရပ်ကို ထောက် ဆပြီး မကောင်းပေမဲ့ မကင်းရာ မကင်းကြောင်း ပေါင်းသင်းနေရတတ်ပါတယ်။

ဒီလိုပေါင်းလို့ တစ်ဖက်လူရဲ့ လွှမ်းမိုးမှု ခံရရာမှာလည်း လူကြီးဟာ သူ့ရဲ့ ကိုယ် ပိုင်ဟန်၊ ကိုယ်ပိုင် ယုံကြည်မှု စသည်တည်ဆောက်ထားပြီး ဖြစ်တဲ့အတွက် အလွယ်တကူ မကူးစက်နိုင်တော့ပါဘူး ။ အနည်းနဲ့ အများ အဖျားခတ်တာ မျိုး တော့ရှိသွားတတ်ပါတယ်။ ဒါပေမဲ့ သူဟာ ကလေးငယ်လို မြင်မြင်သမျှ ပုံတူ ကူးချတဲ့ အဆင့်တော့မဟုတ်တော့ပါဘူး။

မကောင်းလှတဲ့လူတွေကို ပေါင်းရတတ်တယ်ဆိုတဲ့ နောက်အကြောင်း တစ် ချက်ကတော့ လူကြီး တစ်ယောက်ရဲ့ ဆက်ဆံရေးနယ်ပယ် ကျယ်ဝန်း လာခြင်းကြောင့်လည်း ဖြစ်ပါတယ်။ မိမိရဲ့ အလုပ်ရှင်ဟာ သိပ်မစွံလှဘူး ဆိုတာ သိပေမယ့် အလုပ်သစ်ရှာမရခင် ပေါင်းကိုပေါင်းမှ ရပါလိမ့်မယ်။ မိမိနောက်မှာ ရှိနေတဲ့ မိသားစုရဲ့ စားဝတ်နေရေးဆိုတာတွေကို ထောက် ဆနေရပါတယ်။ မကောင်းမှန်းသိလျက်နဲ့ ထွက်သွားဖို့ လမ်းစ လုံးဝမရှာခြင်း က တော့ မှားပါတယ်။

လူကြီးတစ်ယောက်အတွက် လူဆိုးလူကောင်းကို ဘယ်လို သတ်မှတ်မလဲ။
အလွန်ကျယ်ပြန့်လှတဲ့ လူမှုရေးဆိုင်ရာ မေးခွန်းဖြစ်ပါတယ်။
ဒီမေးခွန်းကို စနစ်တကျ ဖြေဆိုဖို့ စာတစ်စောင် ကျမ်းတစ်ဖွဲ့တောင် မလုံလောက်နိုင်ပါဘူး။ ဘာေ ကြာင့်လဲဆိုရင် သတ်မှတ်ချက်တွေ မတူလို့ပါ။

လူမိုက်ဆိုတာ ကာယကံ၊ ၀စီကံ၊ မနောကံ မကောင်းသူလို့ အကျဉ်းဆုံး ပြော လို့တော့ ရပါတယ်။
ဒါပေမဲ့ “ဘယ်လို ကာယကံကကောင်းပြီး ဘယ်လို ကာယကံက မကောင်းတာလဲ” ဆိုတဲ့ မေးခွန်းလည်း တက်လာရော အဖြေတွေ အမျိုးမျိုး အဖုံဖုံ ဖြစ်သွားတော့မှာပါ။ နှုတ်ချို-စိတ်ပုတ်၊ နှုတ်ကြမ်း-စိတ်ကောက် စတာတွေရောထွေးလာပါတယ်။ သတ်မှတ်ချက်တွေကလည်း ယုံကြည် ကိုး ကွယ်မှု အခြေအနေစတာတွေကို အခြေခံပြီး ကွဲပြားလာပါတော့တယ်။ ဗုဒ္ဓဘာသာရဲ့ပေတံကို ခရစ်ယာန်၊ မွတ်စလင်တွေက လက်ခံမှာ မဟုတ်သလို မွတ်စလင်ရဲ့ပေတံကိုလည်း ခရစ်ယာန်၊ ဗုဒ္ဓဘာသာတွေက သဘောမတူ ကြ ပါဘူး။ ဒါကြောင့် အက်သစ်နဲ့ ဆိုင်တဲ့ "ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန် (What is right and what is wrong)" ပြဿနာက တူညီတဲ့အဖြေ ထွက် မလာပါဘူး။

ဒါပေမဲ့ “ဘုံ” လက်ခံမှုတော့ ရှိပါတယ်။ ညှင်းဆဲမှုဟာ မကောင်းဘူး (သတ်မှုဟာ ဘုံတူညီချက်ထဲ မပါဝင်ပါဘူး)၊ အနိုင်ကျင့်မှု၊ ကျွန်စနစ်ဟာ မကောင်းဘူး။ လိမ်ညာမှု၊ ခိုးယူမှုဟာ မကောင်းဘူး စတဲ့ အချက်တွေမှာ တူညီကြပါတယ်။ ဒါကြောင့် လူကြီးတစ်ယောက်အတွက် လူဆိုးလူကောင်း သတ်မှတ် ချက်ဟာ ကလေးငယ်ရဲ့ သတ်မှတ်ချက်ထက် အများကြီး ကျယ်ဝန်း ရှုပ်ထွေးလာပါတော့တယ်။ တကယ်လို့ သူဟာ ယဉ်ကျေးမှု ပေါင်းစုံ၊ ကိုးကွယ် မှုပေါင်းစုံ၊ လူ့အဖွဲ့အစည်းထဲမှာနေမယ်ဆိုရင် ဒီသတ်မှတ်ချက်က ပိုလို့တောင် ရှုပ်ထွေးပါတယ်။
လူကောင်းဆိုရာမှာလည်း သတ်မှတ်ချက်တွေ ဘယ်လိုပဲကွာခြားနေပါစေ၊ “ဘုံ” တူညီချက်တွေ ရှိနေပါတယ်။ ရိုးသားမှု၊ မာန်မာန နည်းပါးမှု၊ ကတိ တည်မှု၊ အကျိုးလိုလားမှု စတာတွေဟာ တစ်ကမ္ဘာလုံး ဆိုင်ရာ “စံ” တွေဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ လူကြီးတစ်ယောက်အတွက် “လူမိုက်မပေါင်း၊ လူလိမ္မာပေါင်း” ဥပဒေသဟာ လိုက်နာဖို့ အများကြီးပိုခက်ခဲလာတယ်။ ပေါင်း ရသည်ဆိုစေဦးတော့ စိတ်ပေါင်းကိုယ်ခွာ၊ စိတ်ခွာကိုယ်ပေါင်း ဥပဒေသတွေေ ကြာင့် ထိခိုက်မှု သိပ်မရှိလှတော့ပါဘူး။

“လူဆိုးမပေါင်း ၊ လူလိမ္မာပေါင်း” ဥပဒေသတွေဟာ မွေးကင်းစအတွက် အရေး ပိုကြီးပါတယ်။ ဒီထက်အနည်းငယ် ပိုကြီးလာတဲ့အခါမှာ တတိယ မင်္ဂလာဖြစ် တဲ့ “ပူဇော်ထိုက်သူကို ပူဇော်” ဥပဒေသ တက်လာပါတယ်။ အရွယ်အားဖြင့် တန်းတူ ပြောဖို့ခက်ပါတယ်။ ငါးနှစ်ကလေးငယ်ဟာ ပတ်ဝန်းကျင်က လေ့လာ စရာတွေကို လေ့လာနိုင်ပေမဲ့ “ပူဇာစ ပူဇနေယျာနံ” လုပ်ရမှန်းတော့ မသိသေး ပါဘူး။
ဒီမင်္ဂလာသုံးချက်ကို အကြောင်း အကျိုးဆက်ကြည့်မယ်ဆိုရင် အသေ၀နာစ, ပဏ္ဍိတာနဉ္စ ကနေ ပူဇာစ ဆီကို သွားပါတယ်။ လူမိုက်မပေါင်း လူလိမ္မာပေါင်းပြီးတဲ့ နောက်မှသာ သူဟာ ပူဇော်ထိုက်သူလို့ အသိအမှတ်ပြုမှု၊ လိုက်နာမှု ဖြစ်နိုင်ပါတယ်။ တနည်းပြောရရင် ရှေ့မင်္ဂလာ နှစ်ပါးက ပက်စစ် (Passive)သဘော၊ နောက်ဆုံး မင်္ဂလာက အက်တစ်(Active) သဘော လို့ဆိုရင် ရတန်ကောင်းပါတယ်။

ဘယ်သူက ပူဇော်ထိုက်တာလဲ။
ရှေ့မေးခွန်းလိုပါပဲ။ မေးခွန်းမထုတ်တတ်သေးတဲ့ ကလေးငယ်အတွက် ဒီအဖြေက ရိုးရိုးရှင်းရှင်း လေးပါ။ ဗုဒ္ဓဘာသာအတွက် ရတနာသုံးပါး၊ မိဘ၊ ဆရာ (နဲ့ အခြားရိုသေထိုက်သူ) ဆိုရင် လုံလောက်ပါ တယ်။ သူတို့ကို ဒီလမ်းစဉ် အတိုင်းလည်း ချမှတ်ပေးသင့်ပါတယ်။

လူကြီးတစ်ယောက်အတွက် “ပူဇော်ထိုက်သူကို ပူဇော်” ဆိုတာကို လိုက်နာဖို့ လွယ်ကူပေမဲ့ “ဘယ်သူတွေက အပူဇော်ခံထိုက်တာလဲ” ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ရှုပ်ထွေးလာပြန်ပါတယ်။ ဘာသာနဲ့ယဉ်ကျေးမှုကပြောတဲ့ အထက်ပါ ပူဇော်ထိုက်သူဆိုတာတွေကို သူက မေးခွန်းတွေ ထုတ်လာ တတ် ပါတယ်။ ထုတ်လည်း ထုတ်ရပါမယ်။ ဘုရားနဲ့တရားကလွဲရင် မေးခွန်းထုတ်စရာတွေ ရှိနေနိုင်ပါတယ်။ ဒါက ပြဿနာကြီးမဟုတ်သေးပါဘူး။ မပူဇော်သင့်မှန်း သိသူကို ပူဇော်ချဉ်းကပ်နေ ရတဲ့ ပြဿနာက ဒီထက်ပိုကြီးနေနိုင်ပါတယ်။

တချို့ကတော့ သဘောမတူလောက်ပါဘူး။ ဒါဟာ အာရှရဲ့ ရှေးရိုးစွဲ ယဉ်ကျေး မှုကြီးတစ်ခုလို ဖြစ်နေပါတယ်။ မမှန်မှန်းသိလျက်နဲ့ ဆရာတင်ထားရတာ၊ ဆရာမတင်ချင်ဘဲ မတော်လှန်ရဲလို့ “ဗျာ ၊ ဘုရား” ထူးနေရတာတွေ အာရှ ယဉ်ကျေးမှုထဲမှာ ပိုများနေပါတယ်။ ဒါကလည်း ကမ္ဘာ့ပညာရှင်တွေ လက်ခံ ထားတဲ့ အချက်ပါ။
ဒီအချက်ကြောင့် ဒီနေ့အထိ အာဏာရှင်တွေ နေရာရနေတာလည်း ဖြစ် ပါ တယ်။ မှန်တာ၊ မမှန်တာထက် ပြဿနာ မဖြစ်ရေးကို ဦးတည်တတ်ကြပါတယ်။ အနောက်ရဲ့ ယေဘုယျ “စံ” က မမှန်ဘူးထင်ရင် ပြဿနာကိုရင်ဆိုင်ရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးလောကမှာ “ပူဇာစ ပူဇနေယျာနံ” နေရာတွေလွဲနေပြီး လူ့အဖွဲ့အစည်းကြီးလည်း ကမောက်ကမ ဖြစ်နေတတ်ပါတယ်။

လူ့နဲ့ဝန်းကျင်ဆက်ဆံရေး မင်္ဂလာသုံးပါးဟာ ဘယ်အရွယ်အထိ အရေးပါနေပါ သလဲ(အရေးအပါ ဆုံးလဲ)ဆိုရင် မွေးကင်းစကနေ ဆယ်ကျော်သက်အထိလို့ သတ်မှတ်လိုက်ချင်ပါတယ်။

ဒါကြောင့် ဒီမင်္ဂလာသုံးပါးဟာ မွေးကင်းစမင်္ဂလာ(Tender-aged blessing) တွေဆိုတဲ့ ဗုဒ္ဓဘာသာ ပညာရှင်တချို့ရဲ့ အယူအဆကို ထောက် ခံပြီး ဆွေးနွေးလိုက်ပါတယ်။

၁။ သူတို့ဟာ ပတ်ဝန်းကျင်ဆီက လေ့လာယူချိန် ၊ သြဇာသက်ရောက်မှု အရှိဆုံးအချိန်
၂။ ပေါင်းဖို့ ရှောင်ဖို့လည်း လွယ်ကူတဲ့ အချိန်
၃။ သူတို့ ကျင်လည်ရတဲ့ ၀န်းကျင်ရဲ့ ကျဉ်းမြောင်းမှု -

ဒီ သုံးချက်ဟာ ဒီအယူအဆရဲ့ အဖြေတွေသာ ဖြစ်ပါတယ်။

ဇင်ဝေသော်

Post a Comment