ဖွင့်မပြောကြတဲ့ အချက်


မလေးရှားနဲ့ စင်္ကာပူ။ 
စင်္ကာပူရဲ့ အောင်မြင်မှုကို ပြောရာမှာ အခြားအချက်တွေကိုပဲ ထပ်တလဲလဲ ပြောနေကြပေမဲ့ မှန်ပြီး ပြောရခက်တာရှိတယ်။ 
ဒါက မလေးရှားမှာ မလေးလူမျိုးအများစု၊ စင်္ကာပူမှာ တရုတ်လူမျိုးအများစု ရှိနေတယ် ဆိုတဲ့အချက်ပဲ။ ဒါကို တရုတ်တွေက ဖွင့်ပြောရင် လူမျိုးချင်း ရန်သတ်ဖို့ပဲ ရှိတော့တယ်။
မလေးရှားမှာ ကန့်သတ်၊ ဟန့်တားမှုမရှိဘဲ အများစု မလေးတွေက လူနည်းစု တရုတ်၊ ကုလားတွေထက်သာအောင် မလုပ်နိုင်ဘူး။ လူမျိုးကြီးရဲ့ ဦးဆောင်မှုစွမ်းရည် နိမ့်ပါးတယ်။ ကျေးလက်တွေမှာ ဆာရုန်းလို့ခေါ်တဲ့ ပုဆိုးကြီးတွေနဲ့ မနက်စာရှိရင် အေးအေးဆေးဆေး အိပ်ယာဝင်သူတွေအများကြီး။ ရောင့်ရဲတာလား၊ စိတ်ကူးစိတ်သမ်း မရှိတာလားပဲ။ မချမ်းသာချင်တာတော့ မဟုတ်ဘူး။
စင်္ကာပူမှာရှိတဲ့ တရုတ်လူမျိုးတွေက နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးတွေမှာ ကန့်သတ်ဟန့်တားမှုမရှိဘဲ လူနည်းစုတွေကို ဦးဆောင်မှု ပေးနိုင်တယ်။ 

မလေးရှားမှာဆို လီကွမ်းယုလည်း ဒီလို ဇာတ်လမ်းမျိုး မရေးနိုင်ဘူး။ ဒါက သေချာတယ်။
တရုတ်တွေကြားမှာလည်း သဘောတူ၊ မတူကိစ္စတွေရှိတယ်။ လေ့လာ မိသလောက်ကတော့ တရုတ်အများစုက ဘယ်တော့မှ အလုပ်ပျက်ခံပြီး ငြင်းခုံမနေကြဘူး။
နိုင်ငံတစ်နိုင်ငံမှာ အများစုရှိတဲ့လူမျိုးက ဦးဆောင်နေရာကို ရယူနိုင်ရင်၊ ဦးဆောင်စွမ်းရည်ရှိရင် တိုးတက်ဖို့ မြန်တာပါပဲ။ 
သူက အဓိက မောင်းနှင်အား၊ နေးရှင်းတစ်ခုရဲ့ ပင်မ ကာရိုက်တာ။
ဥပမာ။ အမေရိက၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ကိုရီးယား။
မလေးရှားကတော့ "ဘူမိပုတြ" ဝါဒနဲ့ မအောင်မြင်လှဘူး။
ဇင်ဝေသော်
(Aug 30, 2016)

ပါးပါနပ်နပ် ကိုင်တွယ်နိုင်ရင် တရုတ်က အဆိုးကြီး မဟုတ်ပါဘူး


မစ္စတာချိုင်းနားကို ဘာသာပြန်ပြီးတဲ့နောက် တရုတ်ကို ထောက်ခံ/လက်ခံလာမိတယ်။ ပါးပါနပ်နပ် ကိုင်တွယ်နိုင်ရင် (တကယ်က မြန်မာကိုယ်တိုင်ကလည်း အားနည်းချက်တွေ အများကြီးပါ) တရုတ်က အဆိုးကြီး မဟုတ်ပါဘူး။ 
နောက်ပြီး သူက အာရှတန်ဖိုးကို ကြွေးကြော်မယ့် စူပါပါဝါလည်း ဖြစ်လာနေတယ်။ ဂျပန်ရှိပေမဲ့ ဂျပန်က တရုတ်နဲ့စာရင် ဝိတ်သေးတယ်။ ဖြစ်ချင်သလိုဖြစ် စာချုပ်မချုပ်မိဖို့ပဲ။ ဒေါ်စုကိုယ်တိုင် စာချုပ်ချုပ်တယ်ဆိုတော့ (သူ့ထက်ယုံရမယ့်လူလည်း မြန်မာပြည်မှာမရှိဘူး) လက်ခုပ်တီးပါတယ်။
(August 19, 2016)


အဖြေမရှိသေးတဲ့ မေးခွန်း


နိုင်ငံခြားရေးဝန်ကြီးကတော့ ဟုတ်ပြီ။ ဒါဆို သမ္မတအထက်ကဆိုတဲ့ စကားကိုလည်း မေ့ထားလို့ မရပြန်ဘူး။ ဒီတော့....
လူတစ်ယောက်က သမ္မတတာဝန်နဲ့ ကြီးလေးလှတဲ့ နိုင်ငံခြားရေးတာဝန် နှစ်ခုကို ပူးတွဲ တာဝန်ယူထားနိုင်ပါ့မလား။
အခိုက်အတန့်အားဖြင့် ရတယ်ဆိုနိုင်ပေမဲ့ သက်တန်းစေ့ တာဝန်ဆိုရင် ဘယ်လိုလဲ။
ဒေါ်စုကမယ့် ကကြိုးကိုပဲ စောင့်ကြည့်ကြရမယ့်သဘောပါပဲ။
သမားရိုးကျ မဆန်လှတဲ့ နိုင်ငံရေး။ လူနဲ့ ရာထူး စတာတွေကတော့ မြန်မာ့နိုင်ငံရေးမှာ နေရာယူနေတော့မယ်။

၃၉ (စ) ပြီ


၃၉ (စ) ပြီ။၅၉ မ (စ) သင့်တော့၊ ဆုံးသင့်ပြီ။



ဦးသိန်းစိန် မဆိုးဘူး (အဆဲခံချင် လို့ ရေးတဲ့စာ)

သမ္မတအိမ်တော်ကနေ အိမ်ပြန်သွားပြီဆိုတဲ့ ဦးသိန်းစိန်ကို ၂၀၁၂ ခုက ရေးခဲ့တဲ့ စာလေးနဲ့ ညွတ်ညွတ်နူးနူး နှုတ်ဆက်ပါတယ်။

~~~~~~~~~~~

လူ့ သမိုင်းဟာ တစ်မနက်နဲ့ ရေးလို့ မရဘူး။ သံသယ စိတ်နဲ့ ခြေရာကောက်တာတောင် ရက်စက်တယ် ဆိုတာထက် ပျော့ညံ့ တယ် လို့ပဲ သုံးသပ်လို့ရတယ်။ ဒီ ကြားထဲ သဟဇာတ ရှိကောင်းပါ ရဲ့။ ကျနော် ဒီနေ့ အထိ ယုံတယ်။ မယုံလို့လည်း ရတယ်။

သမိုင်းကို အော်ရင်း ဟစ်ရင်း ရေးတာထက် အနာဂတ် သုံး နှစ်ရဲ့ လက်ထဲ ဝ ကွက်အပ်လိုက်မယ် (ဒီထက် လင်းတဲ့ အရောင် မမြင်ဖူးဘူး)။ သူ မခေါ်ရင် ဒေါ်စု လည်း ဝင်ကဖို့ အခက်ပဲ။ သူတို့ လွတ်လပ်စွာ ကွဲလွဲ နေဟန်တော့ တူရဲ့။ နားလည်ကြပါစေ၊ မတူပါစေနဲ့။

လောင်းရိပ်။ ရှိတယ်၊ ရှိမယ်၊ မရူးသူ ယုံတယ်။ လယ်သမားသား နဲ့ နိုင်ငံတော် သမ္မတ ဆိုတာ လက်တွေ့ ဘဝမှာ ခပ်ဝေးဝေး။ သမ္မတ ရဲ့ ဘဝမှာ ဦးသန်းရွှေ ရဲ့ စနက်မကင်းနိုင်ဘူး။ မငြင်းနဲ့၊ ငြင်းသူ မှားတယ်။ မှားမယ်။ လူတိုင်းသိတဲ့ကိစ္စ ကိုပြောသူ အာချောင်တာပဲ။ လုပ်စရာမရှိရင် တစ်ခြားဟာ လုပ်။

လူ့ အခွင့် အရေး?။ မွေးကတည်းက ဒီမိုကရေစီနဲ့ ယဉ်ပါးလာတဲ့ နိုင်ငံတွေနဲ့ တို့ နိုင်ငံကို လာ မနှိုင်းနဲ့။ တို့ နိုင်ငံက ဆယ်ကျော်သက်၊ လူပျိုပေါက်၊ သူများတွေရဲ့ ပေါ်လစီတွေ လိုက်စရာ မလိုသေးဘူး။ အမေရိကန်တွေ အလိုရှိ ဆိုတဲ့ ဘိန်း အိမ်ရှေ့မင်းသား လောစစ်ဟန် ကို ဘိန်း မပါသရွေ့ ဝင်စေ ထွက်စေ စင်ကာပူက ခွင့်ပေးထားခဲ့တယ်။ ဘယ်သူ ဘာ ပြောပြော။ ရှင်းသလား?၊ လူနဲ့ ငွေသာ လာပါ၊ ဘိန်း မပါ ပါစေနဲ့။ အဲဒါ နိုင်ငံရေး၊ စီးပွားရေး၊ တရားလာမချနဲ့။ ရိပ်သာ မဟုတ်ဘူး။ သူသိ၊ ကျနော်သိ၊ ခင်ဗျားသိ။ ဘိန်း ဆိုတာ အကုသိုလ် အလုပ်။ ပြောမနေနဲ့ အားနေရင် တစ်ခြား ဟာ လုပ်။

ဦးသိန်းစိန် မဆိုးဘူး။
အရေးအကြီးဆုးံက ပြည်သူရဲ့ စား၊ ဝတ်၊ နေ။ နေထဲမှာ ကျန်းမာရေး ပါတယ်။ လျှပ်စစ်မီး ပါတယ်။ ကားဈေး၊ အိမ်ဈေး ပါတယ်။ ပြီးမှ ဖရီးဒမ်း ပေါင်းစုံ။ အဆင့် မကျော် နဲ့။

 

ရိုဟိန်ဂျာကိစ္စ လက်သည် မပေါ်ဘဲ ဆယ်ယောက် ပျောက် သတဲ့ လား၊ ခင်ဗျားတို့ စိတ်ဝင်စားရင် အရှေ့ အလယ်ပိုင်းမှာ လက်သည် မပေါ်ဘဲ ဘယ်နှယောက် ပြောက်သွားလဲ၊ အဲဒါ အမေရိကန် ခေါင်းဆောင် တဲ့ နိုင်ငံရေး။ ဘင်လာဒင် သေတာသိရုံတော့ မရဘူး ပေါ့။

သတိထား၊ ကျနော်တို့ နိုင်ငံက လူ ပျိုပေါက်။ ပေါက်တတ်ကရ ပေတံ တွေနဲ့ လာတိုင်း ရင် ကွာ နေမှာပဲ။ တိုင်း သူ မမှားဘူး။ အနက် ခရောနစ်ဇင် တော့ မလွတ် ဘူး။ အားနေရင် တစ်ခြား ဟာ လုပ်ရအောင်။

မလိုအပ်တဲ့ ကိစ္စတွေကြောင့် ထိုင်းနိုင်ငံ ရဲ့ စီးပွားရေး ဘယ်လောက်နှေးသွား သလဲ၊ အိန္ဒိယ ရဲ့ တိုးတက်နှုန်း ဘယ်လောက်နှေးသွား သလဲ။ စင်ကာပူ ဘယ်လောက်ရှေ့ ရောက်နေပြီလဲ။ ဘယ်သူမှ မလုပ်ဘူး၊ အနက် ခရောနစ်ဇစ်တ် တွေ လုပ်တာ။

ရဖျူးဂျီ ခိုလူံခွင့်ရဖို့ ဓာတ်ပုံအရိုက်ခံသူနဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ တန်ဖိုးကို ကျနော်တို့ ခွဲခြားတတ်တယ်။ လူ့ သမိုင်းဟာ တစ်မနက်နဲ့ ရေးလို့ မရဘူး။ ဒါလည်း ပြောရင် လေကုန်တယ်။ တို့နိုင်ငံထဲ ကမ္ဘာ့ပေတံ တွေ ယူ ယူပြီး တိုင်းနေတာတွေ မကြာ ခဏ တွေ့ ရတယ်။ နေကြပါဦး။ ဘီဘီစီ ယူလာပါစေ၊ ဗွီအိုအေ ယူလာ ပါစေ။ တို့ ရူးချင်ယောင် ဆောင်ထားရအောင်။ ငါး နှစ်လောက်။

ဒါတွေကို အတိအကျ လိုက်မှ ရမယ် ဆိုရင်တော့ လက်ရှိ တို့ နိုင်ငံကို ဘယ်သူ အုပ်ချုပ်နိုင်မလဲ။ ကျေးဇူးပြု ပြီး ပြောကြည့်။ သူတို့ ကို မီဒီယာ က ဘာမှ မဝေဖန်ပါဘူး လို့ ဘယ်သူအာမ ခံ မလဲ။ ကျနော်က ဟဲ ဟဲ ပဲ။ သန်း ၆၀ ဆီက သန်း ၆၀ အသံ၊ ကျနော်တို့ ဘာသံကို နားထောင် မလဲ။

ကျနော်တို့ နိုင်ငံကို တကယ်ချစ်သလား။ အပြစ်ထက် ဆိုလူးရှင်း ရှာသင့်တယ်။
ဒေါ်စု+ဦးသိန်းစိန် အတွဲထက် ဂိုးပိုရနိုင်မယ့် တိုက်စစ်ရှိရင် ပြောကြည့်ရအောင်။

သေချာတာကတော့ ခင်ဗျားနဲ့ ကျနော် မဟုတ်ဘူး။ သူ နဲ့ ခင်ဗျား တော့ ဖြစ်ကောင်းဖြစ်မယ်။ ခင်ဗျား သေချာသလား။

ပြောရတာ ခက်တယ်၊ လိုက်လုပ်ရတာက လွယ်တယ် ဆိုတဲ့ ဆရာကြီးကို ကြည့်မရတဲ့ ရွာသားက ကျုပ်ပြောမယ်၊ ခင် ဗျား လိုက်လုပ်ဆိုပြီး

"မြေကြီးကို ကျင်း တူး"
"အေး တူးပြီးပြီ "
"ဒါဆို ရေ လောင်းထည့် "
"အေး ထည့်ပြီးပြီ "
"ပြီးရင် မှောက်သွန်၊ ခပ် မပစ်နဲ့ " တဲ့။

အခု အထိ အရင်ထက်တော့ သာတုန်းပဲ၊ ပြောရေးဆိုခွင့်မှာ အမေရိကန်တွေလောက် မရတောင် စင်ကာပူ ထက်တော့ သာ သလိုလို။ မယုံရင် ဒီ လာပြီး ဂျာနယ်ထုတ်။ အင်္ဂလိပ်လို ဘလော့ဂ်တင်၊ ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူး ပေါ့ ဗျာ။

ဒီမိုကရေစီ အောက်မှာ ခေါင်းစဉ်တွေ အများကြီးဆိုတာ........
ဘယ်နိုင်ငံရဲ့ ဒီမိုကရေစီမှ ပါဖက် မဖြစ်သေးဘူး ဆိုတာ.....
ဦးသိန်းစိန် နဲ့ ဒေါ်စု ဆိုတာ.....
မြန်မာ နဲ့ အမေရိက၊ ဥရောပဆိုတာ......



ဇင်ဝေသော်
(16-Jul-2012)








Copyright © 2012 ကမ်းလက်. All rights reserved.

ဆိုက်ကော်လော်ဂျီနဲ့ ရိုးသားမှုကို လုံးဝမယှဉ်နိုင်လို့


ကထိန်အသွား ကားပေါ်မှာ ပြောမိတဲ့စကား
"ပြည်ခိုင်ဖြိုးက စထရက်ဒဂျီနဲ့ ပြင်ဆင်အားထုတ်မှုမှာ ယှဉ်နိုင်တယ်ဗျ၊ ဒေါ်စုရဲ့ ဆိုက်ကော်လော်ဂျီနဲ့ ရိုးသားမှုကို လုံးဝမယှဉ်နိုင်လို့ မရှုမလှ ရှုံးသွားရတာ"

"စစ်ပွဲတွေ ရပ်"


"စစ်ပွဲတွေ ရပ်" ဆိုတာနဲ့
"ချစ်သူတိုင်း ညားကြပါစေ" ဆိုတဲ့ ဆုတောင်းဟာ သဘာဝလွန်ဆုတွေပဲ။
ပြည့်ဖို့မလွယ်။
(Nov 19 ,9:21am)

 စစ်ပွဲဆိုတာကတော့ ဘယ်တုန်းကမှ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပြသနာတွေတက်နေလို့ဆိုပြီး ဘဏ်ကောက်သွားမယ့် စီးပွားရေးသမားက လှည့်ပြန်မသွားတတ်ပါဘူး။
(Nov 18 10:36am)

"ဒဲ့" ကစ်တာတောင် ချော်သေးတယ်


ပြောင်းလဲရေးကာလမို့ ပြောရဦးမယ်၊ အရင်က ဒီကျောင်းမှာ မြန်မာ ဆရာတော်တွေရဲ့ တရားပွဲတွေကို လက်ခံတယ်။
မြန်မာဆိုတော့ တရားပွဲပြီးရင် ကျောင်းအတွက် နဝကမ္မလှူပေါ့၊ အဲဒီ နဝကမ္မက တခြားနေရာတွေမှာ ပေးရတဲ့ အခန်းငှားခထက် ပိုများနေ တတ်တယ်။
ဒါနဲ့ ပြောရတယ်။ ဒီမှာလုပ်တော့ လူမှုရေးပါလာတယ်၊ ဟို မျက်နှာကြည့်ရ ဒီ မျက်နှာကြည့်ရတွေ ရှိလာတယ်။ (အလကား မဟုတ်ဘဲ အားနာနေရ)
ကိုယ့်ဘာသာကို အခြားနေရာမှာ အခန်းငှားပြီး ခပ်ရှင်းရှင်းလုပ်ကြပါလား၊ မျက်နှာမပူရဘူး ပေါ့လို။ မရပါဘူး။
ဒါနဲ့ အားလုံးကို ပိတ်ထည့်လိုက်တယ်၊ တခါတခါ ရက်စက်လိုက်မှ။ အခု နေရာရှာပြီး လုပ်နေကြတယ်။

စောစောက စာအုပ်တွေ လက်ဆောင်ခေါ်ပေးတော့ "မေတ္တာလက်ဆောင် အလကားပေးတာပါ၊ အလကား မယူချင်ဘူးဆိုမှ ၅ ဒေါ်လာကနေ ၁၅ ဒေါ်လာအထိ လှူပါ" ပြောထားလျက်နဲ့ သင်္ကန်း ဝယ်လာသူ၊ သစ်သီး ဝယ်လာသူတွေက ပါသေးတယ်။ မခက်ပေဘူးလား။

သစ်သီးနဲ့ ကောင်လေး တစ်ယောက်ကိုတော့ ပြောထည့်လိုက်တယ်။ ၅ ဒေါ်လာဆိုရင် ရေဘေးထဲ ထည့်လို့ရတယ်၊ သစ်သီးကတော့ ဒီမှာလည်း ပိုနေလို့ မျက်နှာချင်းဆိုင်က ဆွံ့အ နားမကြားကျောင်းကို ပြန်လှူကြရတာ။ အဲဒီ ကလေးတွေ စားရတော့ ကုသိုလ်ရတာပေါ့ကွာ လို့။
သူ မျက်နှာ ပျက်သွားတယ်။ ပျက်လည်း မတတ်နိုင်ဘူး။ ကစ်ရင်တော ဒဲ့ ပဲ။ နိုင်ငံက မွဲလှပြီ၊ လက်တွေ့ ကျပါမှပေါ့။

ဗိုလ်ချုပ်တို့၊ လီကွမ်းယုတို့ ဒေါ်စုတို့ကို သဘောကျတာ အဲဒါပဲ။ သူတို့က ကစ်ရင်တော့ "ဒဲ့" ပဲ။ တောင်တောင်အီအီ မပါဘူး၊ ကြိုက်ရင် ကြိုက် မကြိုက်ရင် နေ။ ဒေါ်စု ပြောချလိုက်ရင် တချို့ ခါခါထွက်သွားတာ၊ သူပြောတာ က ရိုးရိုးလေး၊ ဒါပေမဲ့ ဒဲ့။
ဒီလောက် "ဒဲ့" ကစ်နေတဲ့ကြားက ချော်ထွက်သွားတာလည်း ရှိနေတတ်သေးရဲ့။

ဘုန်းဇင်

နိုင်ငံရေးဆိုတာကလည်း သိပ္ပံပဲမို့ သံသယဆန်တဲ့ နားနဲ့ နားထောင်ရပါတယ်


ညီငယ် ညီမငယ်တို့ရဲ့၊ ဦးရွှေမန်းကြီး ပြောတာက နိုင်ငံရေး စကားပါကွဲ့။ နိုင်ငံရေးဆိုတာကလည်း သိပ္ပံပဲမို့ သံသယဆန်တဲ့ နားနဲ့ နားထောင်ရပါတယ်။ ပျော်စရာပေမဲ့ စိတ်ရှိလက်ရှိ ပျော်မပစ်လိုက်ကြပါနဲ့။
(8:44)

နားဝင်မချိုတုန်းကတော့ ဆရာတော် ဦးဆေကိန္ဒက သမ္မတကြီးဆီ၊ သူရ ဦးရွှေမန်းဆီ၊ ကာချုပ်ကြီးဆီနဲ့ ဒေါ်စုဆီအထိရောက်အောင် ငါကိုယ်တိုင် ပေးပေးမယ်။
ခွေးမသားလေး ငါ့ကို လေးအုပ်ထပ်ပေးလို့ မေတ္တာဆဲလေးနဲ့ စာအုပ်တောင်း၊ ၀န်ခံတော်မူခဲ့တယ်။
လူတစ်ယောက်ကိုလည်း ပို့ပေးတော်မူကောင်းပါရဲ့။ ဟိုနေ့က အုပ်ရေ ၁၅၀ ဆိုတော့လေ။
(9:36am)

လောကကြီးမှာ ပါတီ နှစ်မျိုးပဲရှိတယ်


၁။ ကတိ မတည်တဲ့ ပါတီနဲ့
၂။ ကတိ မပေးတဲ့ ပါတီ။

လိုကောလိုအပ်ရဲ့လား ကာချုပ်ကြီးရယ်


စစ်မှု မထမ်းမနေရ ဥပဒေမျိုး ပေါ်ပေါက်လာနိုင်တယ် ဆိုတဲ့ စကားနဲ့စပ်ပြီး အဲသလို မေးချင်တာပါ။ (ဒီသတင်း မမှန်ဘူးဆိုရင် ကာချုပ်ကြီးကိုရော စာဖတ်ပရိသတ်ကြီးကိုပါ တောင်းပန်ပါတယ်)။ စစ်မှု မထမ်းမနေရ ဆိုလိုက်တာနဲ့ မျက်စေ့ထဲ တန်းရောက်လာတာက အစ္စရေး၊ စင်္ကာပူ။ သူတို့မှာ တူညီတဲ့ ကံကြမ္မာတွေလည်း ရှိကြရဲ့။

၁။ နှစ်နိုင်ငံစလုံးက လူဦးရေအရရော နယ်မြေအားဖြင့်ပါ ပိစိကွေးလေးတွေ။
၂။ နှစ်နိုင်ငံစလုံးရဲ့ဘေးမှာ လူဦးရေ များလွန်းလှတဲ့ မွတ်စလင် နိုင်ငံကြီးတွေ ရှိနေတယ်။
၃။ အစ္စရေးက အနောက်ဆရာကြီးတွေကောင်းမှုနဲ့ အိမ်နီးချင်းတွေ လုံးဝ သဘောမတူတဲ့ကြားကနေ နိုင်ငံအသစ် ပေါ်လာတာ (နိုင်ငံအသစ် တဖန် ပေါ်လာ) တာဖြစ်ပြီး စင်္ကာပူရဲ့အရေးမှာလည်း ဗြိတိသျှအကူအညီ မကင်းခဲ့ဘူး။

ကျနော်တို့နိုင်ငံက ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်း ဖြစ်နေတာကလွဲရင် အထက်ပါအချက်တွေနဲ့ လုံးဝ မကိုက်ညီဘူး။ တရုတ်၊ အိန္ဒိယနဲ့ ကျနော်တို့က အခန့်မသင့်တာလေးတွေ ရှိခဲ့ဖူးတယ် ဆိုတာကလွဲရင် သူသေကိုယ်သေ ဆော်ရမယ့် သမိုင်းဝင်ရန်ညှိုးတွေ (ဟို နှစ်နိုင်ငံလို) မကြီးလှ၊ မရှိလှပါဘူး။ တရုတ်ကလည်း နှပ်ချေးဗရဗွလေးမို့ ခေါင်းခေါက်နေတာကလွဲရင် မြန်မာနဲ့ ၂၁ ရာစု စစ်ပွဲ ဆင်ဖို့လောက်အထိ စိတ်မင်စားပါဘူး။ မျက်နှာ အကျအန သစ်၊ ဝတ်ကောင်းစားလှလေးနဲ့ဆို သူလည်း ခေါင်းမခေါက်ရဲလောက်ပါဘူး။

ဘာပဲဖြစ်ဖြစ် "တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်" ဆိုတာကို ကျနော်တို့ အပြည့်အဝ လက်ခံပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်သင့်တဲ့ အဖြေက စစ်မှု မထမ်းမနေရ ဥပဒေမျိုး ပေါ်ပေါက်လာရေးမဟုတ်ဘဲ လက်ရှိ စစ်သားတွေကို စွမ်းရည်မြှင့်တင်ပေးရေးလို့ ထင်ပါတယ်။ အရေအတွက်အရ သိပ်မနည်းလှပါဘူး။



အဲဒီ ဥပဒေမျိုးသာ တကယ်ကြီး ပေါ်ပေါက်လာရင် နောက်ကျသွားမယ့် လူငယ်လေးတွေရဲ့ ပညာရေး၊ စီးပွားရေးကိုလည်း ထည့်စဉ်းစားရပါမယ်။ စင်္ကာပူမှာ စစ်မှု မထမ်းရဘူးဆိုတော့ မိန်းကလေးတွေက ကောင်းကလေးတွေထက် နှစ်နှစ် အချိန်စောရကြတယ်။ သူတို့ ပညာရေး၊ စီးပွားရေးက အခြေကျနေပြီဆိုတော့ ဒါက ပြသနာကြီး မဟုတ်လှဘူး။

အစစ နောက်ကောက်ကျခဲ့ရပြီ၊ တံခါးဖွင့်လာတဲ့ အစိုးရအသစ်လက်ထက်မှာ ကမ္ဘာ့ရေစီးထဲ သူများထက်မြန်အောင် ပြေးဝင်ချလိုက်မဟဲ့ ဆိုတဲ့ ကျနော်တို့ ကျောင်းသား၊ လူငယ်လေးတွေရဲ့ ပညာရေး၊ စီးပွားရေး အိပ်မက်ကို (အဲဒီ ဥပဒေကြီးက) ဇက်ကြိုးကနေ ဆောင့်ဆွဲလိုက်သလို ဖြစ်မသွားလောက်ဘူးလား။

ကျနော် မှားကောင်း မှားမယ်၊ ကျနော် ထင်တာကတော့ ဒီ ဥပဒေဟာ ဖြစ်လာမယ် မဟုတ်ဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲအတွက် အပြင်းအထန် စည်းရုံးနေကြတဲ့ ကာလမှာ ကာချုပ်ကြီးကလည်း မသိမသာ စည်းရုံးရေး ဆင်းလိုက်တာလို့ပဲ ယုံကြည်ပါတယ် (ခေတ်လူငယ်တွေ စကားနဲ့ဆိုရင် ဆေးဝင်ထိုးတယ်ပေါ့ဗျာ)။ "တပ်မတော်" "နိုင်ငံတော် ကာကွယ်ရေး" စသည် စသည်ဟာ အလွန်အရေးကြီးတယ် ဆိုတဲ့စကားနဲ့ လူကြီးပီပီ သိမ်သိမ်မွေ့မွေ့လေး ပြည်ခိုင်ဖြိုးအတွက် လုပ်ပေးတဲ့ စည်းရုံးရေးလို့ ယူဆရပါတယ်။ ဘာလို့လဲဆိုတော့ စကားနည်းတဲ့ ကာချုပ်ကြီး ရုတ်တရက် ဒီစကား ကောက်ပြောချလိုက်လို့ပါ။ ဒါမျိုးစကားက လောက်ကိုင်နဲ့ ဖြစ်နေတုန်းက (သို့) အစိုးရသစ် ပေါ်လာမှ ပြောသင့်တဲ့ စကားမျိုး ဖြစ်နေလို့လေ။

"နိုင်ငံတော် ကာကွယ်ရေး" ဟာ သိပ်အရေကြီးပါတယ်၊ ဒါပေမဲ့ စီးပွားရေး လိုကဏ္ဍကလည်း အလားတူပဲ အရေးကြီးပါတယ်။ ဒါကြောင့် ကာကွယ်ရေးဟာ အရေးကြီးတယ်၊ ဒါပေမဲ့ လိုတာထက် ပိုပြီးတော့ အရေးမကြီးပါဘူး။ ဝန်ကြီးဌာနတွေ အများကြီး ထားရှိနေရတာကိုထောက်ရင် "ကာကွယ်ရေးဝန်ကြီးဌာန" ဆိုတာကလည်း အခြား အရေကြီးတဲ့ ဝန်ကြီးဌာနတွေထဲက တစ်ခုပါပဲ၊ လုံးဝ မပိုပါဘူး။

ဇင်ဝေသော်

ကျနော်နဲ့ ငါးနှစ်တာ မြန်မာ့သမိုင်း


"အမျိုးစောင့် ဥပဒေကို အတည်ပြုပေးတာလောက်နဲ့ ရွေးကောက်ပွဲ ဝင်လိုက်တော့ ကျနော့်မှာ မရှိတဲ့ မဲကတောင် ဒေါ်စု၊ အန်တီစု၊ အမေစုအတွက် ဖြစ်သွားရော"
(ဇင်ဝေသော်)


ပစ္စုပ္ပန် အနေအထား

စစ်တပ်အသိုင်းအဝိုင်း "ငါတို့က စိတ်ရင်း စေတနာမှန်နဲ့ ပြောင်းလဲလာတာ၊ သူတို့က နားမလည်၊ မပူးပေါင်းဘဲ အတိုက်အခံ လုပ်နေတာ။ လူညံ့တွေ"
လူထုအမြင် "သမိုင်းတစ်လျှောက်လုံး ကောင်းတာဆိုလို့ ဘာတွေ လုပ်ခဲ့လို့ ယုံကြည်နေရမှာလဲ၊ စစ်အာဏာရှင်အစိုးရ အလိုမရှိ၊ အစိတ်သား အလိုမရှိ"

ခပ်လှမ်းလှမ်းက အတိတ်

၂၀၁၁ ရာသီဦး၊ ဦးသိန်းစိန်ရဲ့ ပွဲဦးထွက်ဟာ ကျေနပ်စရာ အတော်ကြီးကောင်းခဲ့တော့ မြန်မာသာမက ကမ္ဘာကပါ လက်ခုပ်တွေ တဖြောင်းဖြောင်း တီးခဲ့ကြတယ်။ အဲဒီအထဲ ကျနော်လည်း ပါခဲ့ပါတယ်။

အဲဒီတုန်းကဆိုရင် ငြိမ်းချမ်းရေး နိုဘယ်ဆုတောင် ပေးသင့်တယ်လို့ ဆိုလာသူ ပြည်ပ မီဒီယာတွေတောင် ရှိခဲ့တယ်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှစ်ယောက်နဲ့ ကမ္ဘာ့ရေစီးထဲ ဒိုးဒိုးဒေါက်ဒေါက် ဝင်းခွင့်ရမယ့် အရေးကို တွေးပြီး ကျနော်ဆို သတင်းစာတွေဖတ်ရင်း ပျော်လိုက်ရတာလေ၊ မပြောပါနဲ့တော့။ ငါးနှစ်သက်တန်း ကုန်ခါနီးမှာ ဇာတ်လမ်းက ဂငယ်ကွေ့ ချိုးကွေ့သွားတော့ ငြိမ်းချမ်းရေး နိုဘယ်ဆု အသာထား အာဏာရှင် စာရင်းထဲတောင် ဝင်သွားခဲ့ပြန်တယ်။

မဝေးလှတဲ့ အတိတ်

၂၀၁၄ လောက်ဆီက "ဦးသိန်းစိန်သာ ရွေးကောက်ပွဲမဝင်ခင် ကပ်ပြီး
(က) အကျင့်ပျက် လာဘ်စားမှုနဲ့
(ခ) မြေယာပိုင်ဆိုင်မှု အရှုပ်ကို ၅၀ ရာခိုင်နှုန်းလောက်အထိ ကိုင်ပြလိုက်ရင် ဒေါ်စု အတော် ကြိတ်ယူရလိမ့်မယ်" လို့ နိမိတ်ဖတ်ခဲ့၊ နီးစပ်ရာကိုလည်း ပြောဖြစ်ခဲ့တယ်။

ဒါပေမဲ့ အမျိုးစောင့် ဥပဒေကို အတည်ပြုပေးတာလောက်နဲ့ ရွေးကောက်ပွဲ ဝင်လိုက်တော့ ကျနော် တော်တော်ကြီး စိတ်ပျက်သွားတယ်။ ဒါလောက်နဲ့တော့ ကမ္ဘာ့ရေစီးအထိ လှမ်းကြည့်စဉ်းစားနိုင်တဲ့ ပညာတတ်အများစု ရင်ဘတ်ကို လုံးဝ မထိနိုင်ပါ။

မဝေးလှတဲ့ အနာဂတ်

စောင့်ကြည့်နေရဆဲပါပဲ။
ကမ္ဘာသိ ကမောက်ကမ ရွေးကော်၊ ပြိုအိကျလာတဲ့ အနီရောင် လှိုင်း (ကျနော် အပါအဝင်)။ မျက်စေ့ ဒေါက်ထောက်ကြည့်နေမယ့် ကမ္ဘာ့မီဒီယာ။ ပွဲကြီးပွဲကောင်းပါပဲ။
အမျိုးစောင့် ဥပဒေကို အတည်ပြုပေးတာလောက်နဲ့ ရွေးကောက်ပွဲ ဝင်လိုက်တော့ ကျနော့်မှာ မရှိတဲ့ မဲကတောင် ဒေါ်စု၊ အန်တီစု၊ အမေစုအတွက် ဖြစ်သွားရော။
သမ္မတကြီး ဘာလဲ၊ ဘယ်လဲ။

ဇင်ဝေသော်

လူ့အဖွဲ့အစည်းရဲ့ အင်ဂျင်


အဲ့ဒါ ပညာတတ် လူလတ်တန်းစားပါပဲ။
ဘီစီ ၆ ရာစုကို လှမ်းကြည့်၊ ရဟန်း၊ ရဟန်းမတွေဝတ်၊ မဂ်ဖိုလ်တွေ အများဆုံး ဆိုက်သွားတဲ့ လူတန်းစားက အဲဒီ ပညာတတ် လူလတ်တန်းစား။
ဒီ သီအိုရီ မှားသွားပြီလား???
ကမ္ဘာ့သမိုင်း တော်လှန်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်ကြည့်ပါ။ ဒီ သီအိုရီကနေ ခွာမသွားဘူး။



လက်ရှိ မြန်မာ့ ပြုပြင်ပြောင်းလဲရေးရဲ့ နောက်ကမောင်းနှင်အားကြီးကလည်း ဒီ ပညာတတ် လူလတ်တန်းစားပါပဲ။
နိုင်ငံတော်ဟာ ဖက်စုံ အောက်ဆုံးအဆင့်ကို ရောက်နေတယ်။ အစိုးရကို ထောက်ခံရင် အစိုးရဘက်ကနေ၊ အတိုက်အခံကို ထောက်ခံရင် အတိုက်အခံဘက်ကနေ။
လူလတ်တန်းစားဟာ သူ့တာဝန်ကို သိနေရတယ်။ အဲသလို မဟုတ်တဲ့ လူ့အဖွဲ့အစည်းဟာ အသေပဲ။

ဘာကြောင့်လဲ???
၁။ သူဌေးက ဆုံးရှုံးစရာတွေများလွန်းတော့ ခွထိုင်တတ်တယ်။
၂။ အောက်ခြေ လူတန်းစားက ပညာ၊ အတွေ့အကြုံ၊ ပတ်ဝန်းကျင် စသည် နိမ့်ကျနေတော့ ယုံကြည်ချက် မရှိလှတတ်ဘူး။

ဒါ့ကြောင့် ဒီ လူလတ်တန်းစား နှစ်ရပ်ကို လှမ်းယူ၊ လက်တွဲခေါ်သူက ပညာတတ် လူလတ်တန်းစား ဖြစ်သွားတယ်။
မထုံတတ်တေး ပညာတတ် လူလတ်တန်းစား အရေအတွက်များရင် အဲဒီ လူ့အဖွဲ့အစည်းကတော့ နာပေတော့ပဲ။

ဇင်ဝေသော်

ရုတ်တရက်ပေါ်ပေါက်လာသော အမျိုးသားရေးက


ဇရာ၊ ဗျာဓိ၊ မရဏတို့သည် အရှိတရား အစစ်။ ပျိုမြစ်နုနယ်၊ လှပကြွယ်ဝ စသည်တို့က အခိုက်အတန့်မျှသာ ဖြစ်သည့်အတွက် အရှိတရား အတု။ (ဗုဒ္ဓ)

ဘယ်နေရာရောက်ရောက် စောင့်ရှောက်ခဲ့၊ စောင့်ရှောက်နေသော အမျိုးသားရေးက အစစ်၊ အရေးပေါ်မှ တစ်ခုခုအတွက် ရုတ်တရက်ပေါ်ပေါက်လာသော အမျိုးသားရေးက အခိုက်အတန့်မျှသာ ဖြစ်သည့်အတွက် အတု။ (ဇင်ဝေသော်)

ကျနော် လေ့လာမိတဲ့ ဈေးရောင်း ဈေးဝယ် နိုင်ငံရေး သီအိုရီ


နိုင်ငံရေးမှာ အစိုးရနဲ့ အတိုက်အခံဆိုတာ ဈေးရောင်း ဈေးဝယ်ပါ။
အစိုးရက ဈေးရောင်းသူ၊ အတိုက်အခံက ဈေးဝယ်သူ။

(က) ဈေးရောင်းသူက ပစ္စည်းမှန်ဖို့ အလေးထားရမယ်။
ဈေးဝယ်သူကလည်း ကိုယ်ဝယ်မယ့် ပစ္စည်း မှန်၊ မမှန် စစ်ဆေးရမယ်။
ဒါပေမဲ့ ပစ္စည်းက အတု ဖြစ်နေမယ်ဆိုရင် ကိုယ်ကျင့်တရားရေးအရ ဈေးဝယ်သူထက် ဈေးရောင်းသူမှာ တာဝန်ပိုရှိပါတယ်။

(ခ) နောက်ပြီး ဈေးရောင်းသူက ပစ္စည်းကို ကြိုက်တဲ့ဈေး သတ်မှတ်ထားနိုင်တယ်။
ဈေးဝယ်သူက ဈေးနည်းသထက်နည်းအောင် ဈေးဆစ်ခွင့် ရှိပါတယ်။
ဈေးကတော့ မှန်နေပြီဆိုတာ သိလျက်တောင် ဈေးဝယ်သူက ရလိုရငြား ထပ်ဆစ်နေတတ်ပါတယ်။

(ဂ) ဒီသီအိုရဲ့ အဖြေအရ
ဈေးပိုပေးပြီး ဝယ်လာမိတယ်ဆိုရင် ဈေးဝယ်သူရဲ့ အားနည်းချက်ဖြစ်ပြီး (ကိုယ်ကျင့်တရားရေးအရ ရှက်စရာ လုံးဝ မဟုတ်ပါဘူး၊ မသိမှား မှားခြင်းမျှသာပါ)
ပစ္စည်း မမှန်ဘူးဆိုရင်တော့ ဈေးရောင်းသူရဲ့ မှားယွင်းမူပါ။ (သိသိကြီးနဲ့ လိမ်ညာတာမို့ ကိုယ်ကျင့်တရားရေးအရ လုံးဝ အောက်တန်းကျ၊ ရှက်စရာလည်း ကောင်းပါတယ်)
ကျနော် မျက်နှာကြီးရာ ဟင်းဖတ် ပါမိပါသလား။

ဇင်ဝေသော်

ဘဝချင်းတူလို့ ပိုယုံတယ် (၃)


အခုတလော အဖွဲချုပ်အတွင်းရေး ဆိုတာတွေ တွေ့တွေ့နေရလို့ "ဘဝချင်းတူလို့ ပိုယုံတယ် (၃)" ကို ဆက်ရေးမိပါတယ်။ ယုတ္တိ ရှိ မရှိ သုံးသပ်ကြည့်ကြပါ ပညာရှင်အပေါင်းတို့။

လက်ထောက် ဘုန်းကြီးပေါက်စလေးဘဝမှာ ဒီကျောင်းရှိ တရုတ် ဒကာ၊ ဒကာမတိုင်းလိုလိုက ဘုန်းဇင်ကို သဘောကျကြ၊ ရင်းနှီးလေးစားကြ ပါတယ်။ ဒါက ဘာကြောင့်လည်းဆိုရင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရမယ့်နေရာ (Decision maker) မဟုတ်လို့ပါပဲ။
သေသေချာချာ တွက်ကြည့်တော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ့်လူတွေကတောင် ရာနှုန်းပြည့် သဘောမတူတတ်ပါဘူး၊ အများသဘောတူရင်၊ ကိုယ်လည်း မှန်တယ်လို့ထင်ရင် ဒူးသာဒူး ဆုံးဖြတ် ကြရတာပါ။ ဒေါ်စုနဲ့ အဖွဲချုပ်အတွင်းရေးဆိုတာ ဒီ သီအိုရီအတိုင်းပဲ ရှိနေပါလိမ့်မယ်။

ဥပမာလေးတစ်ခု ပြပါမယ်။ ဒီကျောင်းရဲ့ ညနေခင်း ဘုရားဝတ်တက်တွေမှာ တစ်ရက်ကို ခေါင်းဆောင် (တိုင်ပေးသူ) တစ်ယောက် ရှိပါတယ်။ သူတို့ကို "Evening Service leader" လို့ ခေါ်ပါတယ်။ ရက် ၃၀ လ ဆိုရင် ခေါင်းဆောင် ၃၀။ ၃၁ ရက် လဆိုရင် ခေါင်းဆောင် ၃၁ ပေါ့။ လူတိုင်းလိုလိုကလည်း ဒီတာဝန်ကို အမြတ်တနိုးရှိကြတော့ နေရာဖယ် မပေးချင်တတ်ကြဘူး။ ခေါင်းဆောင် ၃၁ ဆိုပေမယ့် ထိမရ၊ တို့မရတဲ့ လူဟောင်းကြီးတွေ ရှိနေတဲ့အတွက် လူသစ်တွေ ဝင်လာဖို့ အခွင့်အလမ်းက တော်တော်ကျဉ်းမြောင်းနေတယ်။



ဘုန်းဇင် ကျောင်းထိုင်ဖြစ်တဲ့နောက် ပြောင်းလာပစ်လိုက်တာတွေထဲမှာ ဒါလည်းပါပါတယ်။ ဒီပြောင်းလဲမှုမျိုးက လူထုအမြင် (Public image) ကို ပြောင်းလဲသွားစေတတ်ပြီး လူသစ်တွေ ဝင်လာဖို့ လမ်းဖွင့်ပေးလိုက် သလို ဖြစ်သွားတတ်ပါတယ်။ ဒါက သီအိုရီပါ။


လူဟောင်းကြီးတွေကို ဖြုတ်မယ်ဆိုတော့ ချဲယာမန်းပါ ဒီအထဲမှာ ပါနေရော။ ဒါနဲ့ သူနဲ့ နှစ်ယောက်ချင်း ဆွေးနွေးလိုက်တယ်။ သူ သဘောပေါက် လက်ခံတယ်။ ဒါဟာ ကျောင်းရဲ့ အနာဂတ်အတွက်။ သူကပြောတယ် "Alright Bhante. Please take my name off first" တပည့်တော်နာမည်ကို အရင်းဖြုတ်ပစ်လိုက် တဲ့။

ဒါနဲ့ ထိမရ၊ တို့မရ လူဟောင်းကြီး ဆယ်ယောက်လောက်ကို ဖြုတ်ပြီး လူသစ်တွေနဲ့ အစားထိုးလိုက်တယ်။ ဘာပြောကောင်းမလဲ၊ ဝေဖန်သံတွေ ပွက်လောကို ညံထွက်သွားတာပဲ။ ဥက္ကဋ္ဌကအစ ကိုင်လိုက်တော့ မျက်နှာချင်း ဆိုင်လည်း လာမပြောရဲကြဘူး၊ ကွယ်ရာကပဲ ပြောနေကြတာ။ ဘုန်းဇင်ကလည်း မျက်နှာချင်းဆိုင် လာမပြောလို့ကတော့ ဂရုကို မစိုက်တာ။

ဒါပေမဲ့ လူထုအမြင် (Public image) က ချက်ချင်းပြောင်းသွားတယ်။ "လက်ရှိ ဘုန်းကြီးပေါက်စက ဆော်စရာရှိရင်တော့ ဆော်သဟ၊ သူဆော် ရင်လည်း သူ့ ချဲယားမန်းကအစ ဆော်တာ" ဆိုတာမျိုးဖြစ်သွားတော့ ကျောင်းက လူဟောင်းတွေ၊ လူသစ်တွေနဲ့ ပို စည်ကားလာတယ်။
သူတို့ဆရာ၊ ကျောင်းထောင်ပေးသွားတဲ ဆရာတော်ကြီးကတောင် သူတို့ကို ဒီလိုမဆက်ဆံခဲ့ဘူးဆိုပြီး အမြင်မကြည်၊ ကျောင်းကနေ ခပ်ခွာခွာလုပ်သွား ကြတဲ့ လူကြီးတွေကိုယ်တိုင် အမြင်မှန်တွေရပြီး အခု ပြန်ရောက်လကြပါပြီ။
********************************************************************
ဒေါ်စုရဲ့ မဟာဗျူဟာ အရွှေ့မှာ လူဟောင်း ဘယ်နှယောက် ထိသွားမလဲ၊ သူတို့အတွက် လေးလေးနက်နက်ကြီး ကိုယ်ချင်းလည်း စာပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်မျိုးဟာ လူဟောင်းတွေရဲ့ အနစ်နာခံခဲ့မှုတွေကို မသိလို့၊ ကျေးဇူး မတင်လို့ မျက်နှာလွှဲ ခဲပစ် လုပ်တာမျိုး မဟုတ်နိုင်ပါဘူး။ အလွန် ခက်ခက်ခဲခဲ ချယူရတဲ့ ဆုံးဖြတ်ချက်မျိုး၊ မျက်စေ့မှိတ်ပြီး "ကဲ လုပ်တယ်ကွာ" ဆိုပြီး ဆုံးဖြတ်ရတာမျိုးပါ။ ဒါတွေဟာ နိုင်ငံရဲ့ အနာဂတ်အတွက် ဖြစ်နေနိုင်ပါတယ်။

ဘဝချင်းတူနေတော့ ဘုန်းဇင်တို့ကတော့ ဒေါ်စုဆို "ဒုန်း ဒုန်း" ပဲ။ အရေးကြီးတဲ့ ဆုံးဖြတ်တွေရဲ့ အမှန်၊ အမှား၊ အရှုံးအမြတ်ဟာ ကာလ အတော်ကြာမှ အဖြေသိရတတ်ပါတယ်။

ကဲ ဆွေဇင်ရေ၊ ဒီမြားက ကိုယ့်ရင်ဘတ်ကို ပြန် ချိန်ထားတဲ့ မြားပါပဲ။ ရဲရင် ဆက်လွှတ်ပေါ့။ ဒီကတော့ လွှတ်လိုက်ပြီ။

ဘုန်းဇင်
(ဇင်ဝေသော်)

ဆူးကြားထဲက ဘူးသီးကြီးများ


သူတို့က လက်ရှိသံအရာရှိတွေပါပဲ။ ဝါရှင်တန် မြန်မာသံရုံးက ထုတ်ပြန်တဲ့ စာဟာ အမှန်ဖြစ်နိုင်တယ်။ ကပေါက်တိကပေါက်ချာ ရွေးကော်၊ ရှင်းလင်းပြတ်သားမှု မရှိလှတဲ့ လမ်းညွှန်ချက်၊ အကန့်အသတ်နဲ့ပေးထားတဲ့ လုပ်ပိုင်ခွင့်က တစ်ဖက်။
စောင့်ကြည့်နေတဲ့ ကမ္ဘာ၊ နိုးထနေတဲ့ ပြည်ပရောက် မြန်မာလူထု၊ တံတွေး ခိုးထွေးရင်တောင် မလွတ်တဲ့ ၂၁ ရာစု မီဒီယာက တစ်ဖက်။
သူတို့ ဒုက္ခ အကြီးအကျယ် ရောက်နေကြတယ်လို့ ယူဆရတယ်။
ကမ္ဘာ့လစ်ဘရယ် ဒီမိုကရေစီမြို့တော်၊ ဝါရှင်က သံအမတ်အနေနဲ့ ရေငုံနှုတ် ပိတ် လုပ်နေလို့ လုံးဝ မရတော့ဘူး။




တချို့ကထင်မယ်၊ သူက သံအမတ်ပဲ၊ သူလုပ်ပေးရင်ရတာပဲ လို့။ တကယ်က အဲသလို မဟုတ်နိုင်ဘူး။ သူတို့လည်း သနားစရာ၊ ရေဗူးပေါက် နဲ့ ရေခတ်နေကြရရှာတာ။ ဒါက လူသားဆန်ဆန် နားလည်ပေးမှု။
ဒါပေမဲ့ အလျှော့တော့ လုံးဝမပေးသင့်ဘူး။ သူတို့ကို ရသလောက် မူလီကြပ်ရမယ်။ ပြီးပြီးရော လုပ်လိုက်ရင် သူတို့ သက်သာသွားမယ်၊ သမိုင်းနာပြီး ကျန်ရစ်မယ်။ အဃာတ မထားရ၊ ပြတ်ပြတ်တော့လုပ်ရမယ်။

လူသားဆန်ဆန် နားလည်ပေးမှုက ဟျူမင်းနတီ၊
ကိုယ်လုပ်ရမယ့်အလုပ်ကို လုပ်တာက ဂျူတီ။
ဒီနေရာမှာ ဂျူတီကို ရှေ့တန်းတင်သင့်တယ်။

(ဒီမှာ လူကိုယ်တိုင် သက်သေအထိ လိုက်မယ်ဆိုတဲ့ ကိုယ်တွေ့ကြုံလိုက်ရတဲ့ ငမှုံတွေ၊ ဒေါ်မှုံတွေရှိလို့ ဒီစာမျိုး ရေးရခြင်းပါ။)


ဇင်ဝေသော်

ဇင်ဝေသော်ရယ်၊ မ,အ ဘူးများ ထင်နေသလား


အစိုးရတစ်ဖွဲ့ရဲ့ သက်တန်းကုန်ခါနီး ၆ လအတွင်း အတည်ပြုတဲ့ ဥပဒေတွေဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ရှေးရှုတယ်။
အစိုးရသစ် တစ်ဖွဲ့ရဲ့သက်တန်းအစ ၆ လအတွင်း အတည်ပြုတဲ့ ဥပဒေတွေဟာ နိုင်ငံနဲ့ လူထုရဲ့အနာဂတ်ကို ရှေးရှုတယ်။
ဇင်ဝေသော်ရယ်၊ မ,အ ဘူးများ ထင်နေသလား။

ဝန်ခံတာ၊ မခံတာကလွဲရင်


မဘသကို ရာနှုန်းပြည့်လည်း မထောက်ခံခဲ့ဘူး၊ ရာနှုန်းပြည့်လည်း မကန့်ကွက်ခဲ့ဘူး။ သမိုင်းကို သမိုင်းအနေနဲ့ပဲ ကြည့်တယ်။
တရုတ်ပြည်၊ မော်စီတုံးနဲ့ တိန်ရှောက်ဖိန်ကြားက သမိုင်းအကူးအပြောင်းကို မဘသထဲက ညီတော်တွေ (နောင်တော်တွေ မပါ) ဖတ်စေချင်တယ် (အကြံပြုတာပါ)။
မြန်မာ့နိုင်ငံရေး ကူးပြောင်းနေပုံဟာ ဒီမိုကရေစီ ဝန်ခံတာ၊ မခံတာကလွဲရင် တရုတ်နဲ့ ၈၀ ရာခိုင်နှုန်းကျော်တူတယ်။

ဘဝချင်းတူလို့ ပိုယုံတယ် (၂)


(ယဉ်ကျေးစွာ ကွဲလွဲနိုင်ကြပါတယ်)

သီရိလင်္ကာကျောင်းမှာ မြန်မာရဟန်း ကျောင်းထိုင်ဖြစ်လာတော့......
သီဟိုဠ်ဖက်ကလည်း ဒီကျောင်းမှာ သီရိလင်္ကာရဟန်း ရှိမှာမဟုတ်တော့ဘူး။
စလုံးဒကာ၊ ဒကာမတွေကလည်း မြန်မာနိုက်ဇ် (မြန်မာ့ယဉ်ကျေးမှုအသွင် လုံးလုံးလျားလျား) ဖြစ်သွားပြီး မြန်မာတွေနဲ့ ပြည့်သွားလေမလား။
မြန်မာတွေဖက်ကလည်း မြန်မာအက်တီဗီတီတွေ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လို့ရတော့မယ်၊ (မြန်မာကိုယ်တော်တွေ ခေါ်ထားကွာ) စတဲ့ သံသယ ဆန်တဲ့ အတွေးတွေ၊ စကားတွေ ရှိနေခဲ့တယ်။

ဒေါ်စု အာဏာရသွားရင် သူမလက်ခံ ယုံကြည်တဲ့ လစ်ဘရယ်ဒီမိုကရေစီ စတာတွေကြောင့် မြန်မာရဲ့ ရှိရင်းစွဲ လက်ခံယဉ်ကျေးမှု စတာတွေ ပေးဆပ် ရလိမ့်မယ်၊ နိုင်ငံ ကမောက်ကမဖြစ်သွားလိမ့်မယ်ဆိုတဲ့ သံသယတွေနဲ့ ဆင်တူမနေဘူးလာ။
******************************************************************
ဒါနဲ့ သီဟိုဠ်ရဟန်းတစ်ပါး ဒီကျောင်းမှာ ရှိကို ရှိနေရမယ်၊ ဒါပေမဲ့ အဲဒီ ရဟန်းဟာ မိမိထက် ဝါ ငယ်နေရမယ် လို့ ကော်မတီကိုပြောပြီး သီဟိုဠ် ရဟန်းငယ်ရှာကြတော့ လက်ရှိ ဘန္တေ သီလာနန္ဒကို ရခဲ့ကြပါတယ်။ ကံကောင်းတော့ သီလာနန္ဒက ရာမညဂိုင်းကဖြစ်နေပြီး သူ့ဆရာဆိုရင် မြန် မာပြည်မှာ အကြာကြီးနေပြီး ပဌာန်း သင်ယူခဲ့သူမို့ မြန်မာစကားတောင်ေ တ်ာတော်ပြောနိုင်ပါတယ်။ သီဟိုဠ်သားပေမဲ့ သူက မြန်မာသွေးနဲ့ စပ်နေတော့ ပွဲဦးထွက် ကံကောင်းခဲ့ပါတယ်။ ဘာပဲဖြစ်စေ သီဟိုဠ်ဖက်က သံသယတွေကိုတော့ ချေဖျက်နိုင်ခဲ့တယ်။

သိပ်မကြာခင်မှာဘဲ မြန်မာပြည်မှာ ရဟန်းဖြစ်လာတဲ့ စင်္ကာပူရီးယန်းရဟန်း ဘန္တေရာဇ က သူ ဒီကျောင်းကို ပြန်လာချင်တယ်လို့ ဆိုလာပြန်ပါတယ်။ သီဟိုဠ်ဆရာတော်တွေလက်ထက်မှာ ပြန်လာဖို့ သူ့အတွက် အခက်အခဲ ရှိပေမဲ့ မိမိကတော့ သူ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပါတယ်။ သူ့လုပ်ပိုင်ခွင့် နယ်ပယ်ကိုလည်း လွတ်လွတ်လပ်လပ် ဖွင့်ပေးလိုက်တယ်။ Express yourself ပါပဲ။ ဒီတော့ စလုံးတွေကလည်း ဒီမြန်မာရဟန်းက အမြင် မကျဉ်းဘူးဆိုတာကို လက်ခံလာကြတယ်။

"မင်းကျောင်းထိုင်ဖြစ်နေပြီပဲ မြန်မာကိုယ်တော်တွေ အများကြီး လက်ခံ ကွာ၊ မြန်မာပွဲတွေလုပ်ကွာ" စတဲ့ အားပေးစကားတွေကတော့ ကျေးဇူးတင်ဖို့ကလွဲပြီး လက်တွေ့ လုံးဝ အကောင်အထည်ဖော်လို့ မရတဲ့ စကားတွေပါပဲ။ ဒါကြောင့် ကျောင်းရဲ့ လက်ရှိတန်ဖိုးတွေနဲ့ သဟဇာတဖြစ်ပြီး လူဦးရေ ရာဂဏန်းသာရှိ၊ သာသနာ အတွက်လည်း ရေရှည် ပိုခိုင်စေတဲ့ အဘိဓမ္မာသင်တန်း၊ အဘိဓမ္မာစာမေးပွဲ၊ ကလေးယဉ်ကျေးမှု သင်တန်းတွေကိုသာ လက်ခံထားလိုက်ပြီး လူဦးရေ ထောင်ဂဏန်းအထိရှိတဲ့ နိုင်ငံကျော်၊ မကျော် ဓမ္မကထိကတွေရဲ့ တရားပွဲတွေကို (ပြောချင်ရာပြော ကြ၊ မျက်စေ့မှိတ်ပြီး) လုံးဝ ရပ်ဆိုင်း လိုက်ပါတယ်။ ယဉ်ကျေးမှု ဟန်ချက်၊ လူဦးရေဟန်ချက်ကို မျက်စေ့မှိတ်ပြီး ညှိယူလိုက်ပါတယ်။

ဒေါ်စုမှာကော နိုင်ငံတော်ရဲ့ မူလယဉ်ကျေးမှု အဓိက အမွေအနှစ်တွေကို မထိခိုက်စေဘဲပြောင်း လဲယူနိုင်တဲ့ မဟာဗျူဟာတွေ ရှိမနေနိုင်ဘူးတဲ့ လား။
ပြောင်းလဲမှုဆိုတာ့ ပညာပါတဲ့ အပေးအယူ၊ အလျော့အတင်း လုပ်ယူခြင်း ပါ။
အဓိက တန်ဖိုးကြီးတွေ ဖြစ်မနေရင် ပြီးတာပါပဲ၊ ပေးတော့ပေးရပါတယ်။

သံသယလောက်နဲ့လည်း ဒေါ်စုကို မစွပ်စွဲချင်ပါ။
တီးတေတူးလိုလည်း ခြေထောက်ထောင် မအိပ်ချင်ပါ။

ဆက်ရန်
ဇင်ဝေသော်