လီကွမ်းယုနဲ့ ဘာသာရေးအစွန်းရောက်ဝါဒီများ ( ၆း ၃ )

မေး ။     ။ စက်တင်ဘာ ၁၁- ရက် အရေးအခင်းကို အခြေခံပြီး မစ္စတာလီရဲ့ အစ္စလာမ်အပေါ်ထားတဲ့အမြင်တွေ ပြောင်းသွားတာလား။

(ရှေ့ပိုင်းအဖြေများကို "လီကွမ်းယုနဲ့ အစ္စလာမ်ဘာသာတရား" တွင်ဖတ်ရှုနိုင်ပါသည်။)

ဖြေ ။    ။ ၁၉၇၃ ခုနဲ့ ဒီထက်နည်းနည်းစောစောက ရေနံပြဿနာဖြစ်ပြီး ရေနံဈေးတွေ ထိုးတက်သွားတော့ လစ်ဗျားက ဖိလစ်ပိုင်တောင်ပိုင်းမှာ ပြဿနာတက်နေတဲ့ Moros နဲ့ ဖိလစ်ပီးနိုးတွေအကြား သူတို့လူတွေလွှတ်ပြီး ဝင်ရှုပ်ခဲ့ဖူးတယ်။ ရေနံကရတဲ့ ငွေတွေနဲ့ပေါ့။ ဒါဟာ သူများအိမ်တွင်းရေးကို စွက်ဖက်တာ။ သူတို့ အစ္စလာမ်ဝါဒဖြန့်တာပဲ။

ဆော်ဒီက ဝါဟာဘီတွေ ဒီထဲဝင်လာမယ်လုပ်တော့ ငါတို့က လက်မခံဘဲထားခဲ့တယ်။ ကံကောင်းတော့ တို့မှာဗလီတွေရှိတယ်။ သူတို့ငွေ၊ သူတို့တရားဟောဆရာတွေကို မလိုအပ်ခဲ့ဘူး။ ငါတို့ဆီမှာရှိတဲ့ အစ္စလာမ်ဘာသာပုံစံက မလေးရှားကလို ရှေးဟောင်းအစ္စလာမ်ဘာသာပုံစံ မဟုတ်ဘူး။

မေး ။     ။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာဖြစ်နေတာကိုမြင်ပြီး စိုးရိမ်စိတ် မဖြစ်မိဘူးလား။

ဖြေ ။    ။ ဖြစ်တာပေါ့။ ဒီပြဿနာက တို့ဆီလာရိုက်ခတ်နိုင်တာပဲ။ ဟိုကို သွားလိုက်လာလိုက် လူတွေကိုအသာထား၊ ဒီမှာရှိနေတဲ့လူတွေကတောင် တီဗွီမှာကြည့်လို့ရနေတာပဲ။ ဟိုမှာ ဆွေမျိုးတွေရှိနေတဲ့ လူတွေအပြင် ငါတို့ဆီက အနားယူထားတဲ့ လူတွေကလည်း ဂျိုဟိုးမှာအိမ်တွေဆောက်၊ အိမ်တွေဝယ်ပြီး ဟိုမှာနေကြတာ။ ကျန်းမာရေးကိစ္စအတွက်သာ ဒီဖက်ကိုပြန်ပြန်လာတတ်ကြတာ။ အဲဒီ အဆက်အစပ်က ဟန့်တားလို့မရဘူး။ မလေးတွေပိုများတဲ့နေရာမှာ မလေးတွေရဲ့ လွှမ်းမိုးမှုခံနေရမှာပဲ။ ဒါကို အရှိအတိုင်းပဲ လက်ခံထားကြရမှာ။ နောက်ဆုံးအချိန်က အပြောင်းအလဲတစ်ခုဆီ တွန်းပို့မပေးခင်အထိပေါ့။ ငါယုံကြည်တာကတော့ ခေတ်သစ်လူနေမှုစရိုက်ကို ငြင်းပယ်ရင်တော့ နောက်ကျကျန်ခဲ့တဲ့ လူ့အဖွဲ့အစည်းပဲ ဖြစ်နေခဲ့မှာပဲ။ ဒီသဘာဝက ငြင်းလို့ကိုမရဘူး။

အီရန်တွေကတော့ မွတ်ဆလင်နဲ့ မော်ဒန်လူနေမှုစနစ်နှစ်မျိုးလုံး ညီညွတ်အောင် ကြိုးစားနေကြတယ်။ သူတို့က သိပ္ပံနဲ့ နည်းပညာကို လိုချင်တာကိုး။ အခု သူတို့ပြဿနာတွေ တက်နေတယ်။ နိုင်ငံတော်မူဝါဒကို ချမှတ်ဖို့ လွတ်လပ်မှုတွေ၊ လစ်ဘရယ်တွေ၊ အမျိုးသမီး အခွင့်အရေးတွေ ပါဝင်နေတာကိုး။

အီရန်ကို ငါတော့ မရောက်ဖူးဘူး။ ဂိုချောက်တောင် ရောက်ဖူးတယ်။ သူက ပြောတယ်။ အီရန်က အမျိုးသမီးတွေ မျက်နှာဖုံးတယ်ဆိုတာ ဖက်ရှင်သဘောပိုဆန်တယ်။ အစ္စလာမ်စည်းကမ်း ဘာညာဆိုပြီး ပါးစပ်ကနေပဲ ပြောနေကြတာ။ အပြင်ထွက်ရင် သူတို့ chador ကိုဝတ်ကြတယ်။ အိမ်လည်းပြန်ရောက်ရော သူတို့ chador ကိုချွတ်ပြီး ပဲရစ်ကလာတဲ့ ဖက်ရှင်အတိုင်း ဝတ်ပြီးနေကြတာ။ သူတို့ လိုက်(ဖ်) စတိုင်က နှစ်မျိုးဖြစ်နေတယ်။ လူရှေ့မှာတစ်မျိုး၊ အိမ်ထဲမှာ တစ်မျိုးတဲ့။ အမျိုးသမီးတွေကို ပညာသင်ပေးလိုက်ရင် သူတို့နိုင်ငံသားတွေ ပိုပြီးမော်ဒန်ဆန်လာချင်မှာကို တားမြစ်ထားလို့ မရဘူးဆိုတာ ပြနေတာပဲ။

ပါးစပ်ကတော့ အစ္စလာမ်မစ်မော်ဒန်လို့ပြောရင် ရတာပေါ့။ ဒါပေမယ့် (၇) ရာစုက အုပ်ချုပ်တဲ့အစိုးရပုံစံနဲ့ ဘယ်လိုလုပ်မော်ဒန်ချင်လို့ ရမှာလဲ။ အယာတိုလာတို့တွေ ကြိုးစားပြီးထိန်းနေကြတာ အဲဒါပဲ။ ဘယ်လောက်ကြာကြာ ခံနိုင်မလဲကွာ။

မေး ။     ။ စင်ကာပူဖက်ကို ပြန်လှည့်ကြရအောင်။

ဖြေ ။    ။ ဒီအမြင်တွေ ငါဘယ်လိုရခဲ့တယ်ဆိုတာ မင်းတို့သိချင်တာ မဟုတ်လား။ ၉/၁၁ က ဘာမှမဆိုင်ဘူး။ ရေနံဈေးတွေထိုးတက်ပြီး အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်တွေမှာ အာရပ်ရေနံသူဌေးနိုင်ငံတွေက အကုန်အကျတွေခံကတည်းက စခဲ့တာ။ တို့ဆီက မွတ်ဆလင်ခေါင်းဆောင်တွေ ဆော်ဒီကိုရော၊ အီရန်ကိုပါ ရောက်ဖူးသူတွေချည်းပဲ။ သူတို့ ကွန်ဖရင့်တက်တဲ့ ကုန်ကျစရိတ်ကို ဟိုဘက်ကခံတာ။ သူတို့က သူတို့အစ္စလာမ်ကမှ အစ္စလာမ်အစစ်တဲ့။ မင်းတို့ အစ္စလာမ်က အရောရော အနှောနှောတွေနဲ့မို့ မစစ်ဘူးတဲ့။ အစ္စလာမ်တွေက အရှေ့အာရှနဲ့ ဒီဒေသကို သင်္ဘောတွေနဲ့ ရောက်လာကြတာ။ ရာသီဥတုအနေအထားအရ ခရီးက လပေါင်းများစွာ ကြာသွားနိုင်တယ်။ ဒီလိုနဲ့ အစ္စလာမ်ဟာ အရင်လိုမဟုတ်၊ မစစ်မှန်တော့တဲ့ အစ္စလာမ်အနေနဲ့ပဲ ရှိနေတော့တာတဲ့။

မေး ။     ။ စင်ကာပူးရီးယန်း မွတ်ဆလင်တွေက အခြားဘာသာခြားတွေနဲ့ အပြန်အလှန် လက်ထပ်တာမျိုးတော့ ရှိချင်ရှိမယ်ပေါ့။ မစ္စတာလီဆိုလိုတာက ဒါကြောင့် သူတို့ဟာ အခြားလူမျိုးတွေနဲ့ ညီညွတ်စွာ နေထိုင်လို့မရသူတွေ၊ အခြားဘာသာဝင်တွေလို စင်ကာပူးရီးယန်းတစ်ယောက်အဖြစ် ပီပီပြင်ပြင်မရှိသူတွေလို့ ဆိုလိုချင်တာလား။

ဖြေ ။    ။ ငါဆိုလိုတာက အဲဒါမဟုတ်ဘူး။ သူတို့ဟာ ငြိမ်းချမ်းရေးမရှိတဲ့လူတွေ၊ နိုင်ငံသားကောင်းတွေ မဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ သူတို့ဟာ ကျန်တဲ့လူမျိုး၊ ဘာသာရေးတွေကနေ တစ်သီးတစ်သန့်ဖြစ်နေလိမ့်မယ်လို့ပဲ ပြောတာ။ တို့လက်ရှိလူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းမကျသေးတဲ့ တရုတ်လူမျိုး၊ အိန္ဒိယလူမျိုးတွေရှိတယ်။ ဒါပေမယ့် သူတို့ကမွေးလာတဲ့ ကလေးတွေကျတော့ အားလုံးနဲ့ တစ်သားတည်းဖြစ်သွားမယ်။ စင်ကာပူက ရေကူးမယ် Tao Li ကို ဒီမှာမွေးတဲ့ စင်ကာပူးရီးယန်းတွေနဲ့ ဘယ်လိုခွဲခြားမလဲ။ သူ ဒီကို အသက်လေးငါးနှစ်လောက်မှာ ရောက်တယ်။ စင်ကာပူးရီးယန်းတွေပြောတဲ့ မန်ဒရင်းကို ပြောတယ်။ စင်ကာပူအင်္ဂလိပ်ပြောတယ်။ သူဆိုရင် စင်ကာပူရဲ့ အစိတ်အပိုင်းဖြစ်သွားပြီ။

ငါ့စိတ်ထဲမှာ စွဲနစ်နေတာတစ်ခုက ငါတို့ဆီက ပါကစ္စတန်နွယ် မွတ်ဆလင်တစ်ယောက်က ၉/၁၁ မှာ အမေရိကန်တွေကို တိုက်ခိုက်ဖို့ တာလီဘန်တွေနဲ့ ကရာချီမှာ သွားပေါင်းကြတယ်ဆိုတဲ့အချက်ပဲ။ သူ့ကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ဖမ်းမိသွားတယ်။ အမေရိကန်တွေက သူဟာ ငါတို့လူမျိုးလားလို့ လှမ်းမေးတယ်။ တစ်ချိန်တည်းမှာပဲ ဘာမင်ဂန်မှာမွေးပြီး ဘာမင်ဂန်မှာကြီးတဲ့ သူနဲ့ရွယ်တူ တစ်ယောက်ကလည်း တာလီဘန်တွေအတွက် တိုက်ပွဲဝင်ပေးတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်အကြမ်းဖက်သမားတွေကြား ငြိမ်းချမ်းရေးမရတာ အဲဒါပဲ။ သမ္မတ မူရှာရက်ဖ်က ကက်ရှမီးယားကိစ္စကို ကျေအေးချင်တယ်။ အစွန်းရောက် မွတ်ဆလင်တွေကြောင့် သူဘာမှလုပ်လို့မရဘူး။ သူတို့မှာ အသေခံတပ်သား ငါးသောင်းကျော်ရှိတယ်။ ကက်ရှမီးယားဒေသအတွက် အသေခံဖို့ သူတို့ကအဆင်သင့်ပဲ။ အိန္ဒိယန်းအထူးတပ်ဖွဲ့အတွက် အဲဒီအချက်က မညီမမျှ ဒုက္ခပေးနေတာ။ အိန္ဒိယ စစ်သားတွေက အိမ်မှာမိသားစုတွေနဲ့ အသက်ဆက်ရှင်ချင်တဲ့လူတွေ။

အိန္ဒိယက အထူးလေ့ကျင့်ပေးထားပြီး တကယ်လည်း အရည်အသွေးရှိတဲ့ စစ်တပ်ကိုလွှတ်တယ်။ ဒါပေမယ့် သူတို့အပေါ်မှီခိုနေရတဲ့ မိသားစုတွေက နောက်မှာ။ ကွန်မန်ဒါတစ်ယောက် ကျရှုံးသွားပြီဆိုရင် မိသားစုတစ်ခုလုံး ဒုက္ခရောက်ရော။ ပါကစ္စတန်တွေကတစ်မျိုး။ သူတို့က သေလည်းကောင်းကင်ဘုံမှာ အပျိုစင်နတ်သမီး (၇၂) ယောက်က ဟိုမှာစောင့်နေတာ။

မေး ။     ။ ဒါက လူနည်းစုလေးပဲ မဟုတ်လား။

ဖြေ ။    ။ MRT ထဲ ဗုံးတစ်လုံးပေါက်ကွဲတယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေ အများကြီးပါလာတယ်။ လူသေရုံတင် မပြီးဘူး။ မွတ်ဆလင်နဲ့ မွတ်ဆလင်မဟုတ် သူတွေကြားမှာ သံသယစိတ်တွေ ကြီးထွားလာမယ်။ လန်ဒန်မှာလည်း ဒီအတိုင်းပဲ။ ဘတ်(စ်) ကားပေါ်မှာတောင် မွတ်ဆလင် တစ်ယောက်ယောက်ကိုမြင်ရင် ကျန်တဲ့လူတွေက ဘေးရှောင်ထွက်သွားကြတာ။ သူဗုံးပါချင်ပါလာမှာဆိုတဲ့ သံသယက ရှိနေတာ။ ဗုံးပေါက်လို့ကတော့ သေပြီလို့တွေးတတ်ကြတယ်။ ဒါက လူ့သဘာဝပဲ။

မေး ။     ။ မွတ်ဆလင်နဲ့ မွတ်ဆလင်မဟုတ်သူတွေကြားက အတားအဆီးအကြောင်း မစ္စတာလီပြောခဲ့တယ်။ ကျွန်တော်သိတဲ့ မွတ်ဆလင်တွေကတော့ စင်ကာပူးရီးယန်း စစ်စစ်ဖြစ်အောင်၊ မွတ်ဆလင်စစ်စစ်တစ်ယောက် လည်းဖြစ်နေအောင် ကြိုးစားနေထိုင် တတ်ကြပါတယ်။ စင်ကာပူက သူ့နိုင်ငံသားတွေကို ဘယ်လိုပုံစံဖြစ်စေချင်တယ်ဆိုတာတောင် သူတို့စိတ်ကူးထဲမှာ လက်ခံထားကြပါတယ်။ ကျွန်တော်မေးချင်တဲ့ မေးခွန်းက ဒီလိုပြောလိုက်လို့ မွတ်ဆလင်တွေက သူတို့ကို နိုင်ငံတော်က လက်မှ ခံပါ့မလားဆိုတဲ့ အတွေးတွေနဲ့ ဝေဝါးဝါးဖြစ်မကုန်လောက်ဘူးလား။

ဖြေ ။    ။ မွတ်ဆလင်အချင်းချင်းပေမယ့် မတူကြဘူး။ မွတ်ဆလင် အတတ်ပညာရှင်များအဖွဲ့ စတင်ဖွဲ့စည်းကြတော့ သူတို့အဖွဲ့က Muis (စင်ကာပူ မွတ်ဆလင်အဖွဲ့ချုပ်) နဲ့ကို သဘောမတူခဲ့ကြဘူး။ ငါတို့ PAP ပါတီက မလေးခေါင်းဆောင်ကိုလည်း လက်မခံခဲ့ကြဘူး။ မလေးလူမျိုးတွေအတွက် သူတို့က ပိုကောင်းအောင်လုပ်ပေးနိုင်တယ်လို့ သူတို့က ထင်နေကြတာ။ ဒါနဲ့ ငါတို့က သူတို့ကို ငွေကြေးထောက်ပံ့ပေးတယ်။ ဒီတော့မှ သူတို့ သဘောပေါက်လာတာ။ သူတို့က Mendaki တို့ Muis တို့လောက် ကောင်းအောင်မလုပ်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း Mendaki နဲ့ Muis ဖက်ကို ခြေဦးလှည့်လာခဲ့ကြတာ။

လက်ရှိအခြေအနေဟာ မျှော်လင့်ချက်မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် အာရပ်က ဂျီးဟတ်တွေရဲ့ လောင်းရိပ်မိနေတဲ့ လူအနည်းငယ်တော့ရှိတယ်။ တစ်ယောက်၊ နှစ်ယောက်ပဲရှိတယ်ဆိုရင်တောင် ဆက်ဆံရေးတွေ အကုန်ကမောက်ကမ ဖြစ်သွားနိုင်တယ်။ ဗုံးတစ်လုံးသာပေါက်ကြည့်။ ဒီအနေအထားကို ငါတို့ တားဆီးလို့ကို ရမှာမဟုတ်ဘူး။ ဆိုလိုတာက ဥပမာ ဗုံးတစ်လုံးပေါက်မယ်။ Ang Mo Kio မှာ Tanjong Pagar မှာ ဆိုပါတော့။ အဲဒီမှာ မွတ်ဆလင်တွေ တော်တော်များတယ်။ ရပ်ဖဲလ်(စ်) လိုနေရာမှာတောင် မွတ်ဆလင်တွေရှိတယ်။ ဒါဆိုရင် မွတ်ဆလင်နဲ့ မွတ်ဆလင်မဟုတ်သူတွေရဲ့ ဆက်ဆံရေးဟာ ချက်ချင်းကြီး ပြောင်းသွားမှာပဲ။ ဗြိတိန်မှာလည်း အဲသလိုပဲလို့ ပြောကြတယ်။

ဗြိတိသျှတွေမှာ ယုံကြည်မှုတည်ဆောက်ရေးကောင်စီဆိုတာ ရှိတယ်။ ဒါပေသည့် ဗြိတိသျှထောက်လှမ်းရေးက ဗြိတိသျှမှာ ဂျီးဟတ်လို့ယုံကြည်ရသူပေါင်း နှစ်သောင်းလောက်ရှိပြီး သူတို့ကို စောင့်ကြည့်နေရတယ်လို့ ကြေငြာခဲ့တယ်။ ဒီလောက်များတဲ့ လုံခြုံရေးအရာရှိတွေ သူတို့ ဘယ်ကရသလဲ။ ကွန်ပြူတာ အင်တာနက်ကနေတဆင့် သူတို့ ထောက်လှမ်းတာ။

တို့ဆီမှာ ဒီအခြေအနေထိ မရောက်သေးဘူး။ ဒါပေမယ့် ဘာတန်ကနေ ဗုံးသယ်လာတဲ့ ဂျီးဟတ်တစ်ယောက် ဒီဖက်ကို ကူးလာမယ်ဆိုရင် ကူးလာလို့ရတယ်။ အများကြီး ဂရုစိုက်ရတယ်။ အသေခံ ဗုံးခွဲသမားတစ်ယောက်က မြေအောက်ရထား ဘူတာရုံထဲဝင်၊ အသေခံ ဗုံးဖောက်၊ ပိုဆိုးတာက လှိုဏ်ခေါင်းထဲဝင်ပြီး သူ့ကိုယ်သူ အသေခံ ဗုံးဖောက်ခွဲလိုက်မှာပဲ။ ဒါမျိုး မဖြစ်ရပါဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး။ လှိုဏ်ခေါင်းထဲမှာသာ ပေါက်လို့ကတော့ ကယ်ဆယ်ရေးကိစ္စက အတော်ကြီးကို ခက်ခက်ခဲခဲ လုပ်ယူရမှာ။ ဘူတာရုံထဲမှာဆို မီးသတ်ရေပိုက်တွေရှိလို့ တော်ဦးမယ်။

ဒါကြောင့် ငါတို့ ပြည်ထဲရေးအဖွဲ့က ဒါမျိုးတွေ ကြုံလာရင် ဘယ်လိုလုပ်ရမလဲဆိုတာ လေ့ကျင့်နေကြရတာ။ ဒါမျိုးက ဖြစ်နိုင်ခြေတော့ နည်းတာပေါ့။ ဒါပေမယ့် လူတစ်ထောင်ကျော် ပါလာတဲ့ ရထားပေါ်မှာ ဒါမျိုးဖြစ်လာခဲ့ရင် သူတို့အလောင်းတွေ ပြာဖြစ်တာ ထိုင်ကြည့်လို့မရဘူး။ ရနိုင်သ၍ရအောင် ကယ်ဆယ်ကြရမှာ။

ဒါက ရယ်စရာမဟုတ်ဘူး။ လူ့ယဉ်ကျေးမှုသမိုင်းမှာ တစ်ခါမှ ရင်မဆိုင်ဘူးတဲ့ အခြေအနေမျိုးကို ငါတို့ရင်ဆိုင်နေရတာ။ ကမ္ဘာပေါ်မှာ သူတစ်ပါးတွေ သေကြေပျက်စီးဖို့ ကိုယ့်ကိုယ်ကို မီးလောင်တိုက်သွင်းရဲတဲ့လူစုတွေ ရှိနေတယ်။ သူတို့မပေါ်ခင်တုန်းက တမီး(လ်) တိုက်ဂါးတွေ။ ဒါပေမယ့် သူတို့ တိုက်ခိုက်နေကြတာက သီရိလင်္ကာထဲက သူတို့နယ်မြေကို ရဖို့ဆိုပြီး တိုက်နေကြတာ။ အခု တိုက်နေကြတာက အစ္စလာမ်အတွက်၊ ဘာသာရေး ယုံကြည်မှုကနေပေါ်လာတဲ့ ပြဿနာ။

သူတို့အမြင်အရ အစ္စလာမ်အယူကို မယုံကြည်တဲ့အစိုးရနဲ့ ဆက်ဆံတဲ့မွတ်ဆလင်က မွတ်ဆလင်ကောင်းတစ်ယောက် မဟုတ်ဘူးတဲ့။ ဖူး(လ်) စတော့(ပ်)။ ဒီအတိုင်းသာဆိုရင်တော့ ငါတို့အစိုးရထဲ၊ ပြည်သူ့ဝန်ထမ်းတွေထဲမှာ မလေးလူမျိုး ရှိလို့ကိုမရတော့ဘူး။ ဒါတွေကို တိတိကျကျ သတ်မှတ်ထားမှရမယ်။ ငါတို့မှာက မတူညီတဲ့ လူမျိုးစုတွေရှိနေတာ။ လူရမ်းကား အုပ်စုလေးတစ်စုက လူမျိုးခြင်းဆက်ဆံရေး၊ ဘာသာယုံကြည်မှုခြင်း ညီညွတ်နားလည်မှုရှိရေးတွေ အားလုံးဖျက်ဆီးပစ်နိုင်တယ်။

လန်ဒန်မှာ ဘယ်လိုလုပ်နေကြသလဲဆိုတာ လေ့လာဖို့ တို့လူတွေ လွှတ်ပေးထားတယ်။ သူတို့မှာ စုစည်းလို့မရတဲ့ မွတ်ဆလင်တွေရှိတယ်။ အဲဒါ သူတို့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကိစ္စကြောင့် သူတို့က ဗြိတိန်က ဗလီတွေထဲမှာ အကြီးအကျယ် သွေးထိုးလှုံ့ဆော်တဲ့ မိန့်ခွန်းတွေ ပြောကြားခွင့်ပေးထားတယ်။ အခုမှ တစ်ချို့တရားဟောဆရာတွေကို တားမြစ်နေကြတာ။ သူတို့မှာ မွတ်ဆလင်ကောင်စီဆိုတာ ရှိတယ်။ လူ့အခွင့်အရေးတွေ၊ လွတ်လပ်စွာ ပြောရေးဆိုခွင့်တွေ၊ အဲဒီကိုသွားပြီး တောင်းဆိုကြတယ်။ နောက်ဆုံးမှ တရားသူကြီးတွေက သူတို့ကို နှိမ်နင်းဖို့ အစိုးရကို ခွင့်ပြုခဲ့ကြတာ။ ဆော်ဒီက ထောက်ပံ့တဲ့ငွေတွေကိုယူခဲ့ရင် ငါတို့လည်း ဆော်ဒီတရားဟောဆရာတွေကို လက်ခံထားရမှာပဲ။ ကံကောင်းလို့ ငါတို့က သူတို့အထောက်အပံ့ကို မလိုခဲ့၊ မယူခဲ့ကြတာ။


ဇင်ဝေသော်

မြန်မာ ဆမ်ဆောင်း

"ဇနီး နဲ့ ကလေးတွေက လွဲရင် အားလုံးကို ပြောင်းလဲပစ် "
( Lee Kun Hee,70, Samsung Electronic Chairman )

တောင်ကိုရီးယား နိုင်ငံ၊ ဆမ်ဆောင်း အီလက်ထရောနစ် ပစ္စည်းတွေဟာ ၁၉၉၃ ခု အထိ ခပ်ညံ့ညံ့ ဒုတိယတန်းစားတွေ အနေနဲ့ပဲ ရှိခဲ့ပါတယ်။ ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီ ရဲ့ ပြောင်းလဲမှုက ဆမ်ဆောင်းကုမ္ပဏီ ဥက္ကဋ္ဌ Mr. Lee Kun Hee ၁၉၉၃ ခု အမေရိက ခရီးစဉ်ကနေ အစပြုခဲ့ပါတယ်။

ဆမ်ဆောင်း တီဗွီနဲ့ အခြား အီလက်ထရောနစ် ပစ္စည်းတွေဟာ အမေရိကရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တွေမှာ ဈေးအပေါဆုံး၊အောက်ဆုံးမှာ ရှိနေတာကို ဥက္ကဋ္ဌကြီး ရင်နာစွာ တွေ့ခဲ့ရတယ်။ ကိုရီးယား ကိုလည်း ပြန်ရောက်ရော မန်နေဂျာတွေကို သူခေါ်ပြောလိုက်တာက " ဇနီး နဲ့ ကလေးတွေက လွဲရင် အားလုံး ပြောင်းလဲပစ်ရမယ်-change everything but your wife and kids " တဲ့။

အဲဒီနောက်မှာတော့ ဆမ်ဆောင်း ရဲ့ စမာ့တ်ဖုန်း၊ တီဗွီနဲ့ မီမိုရီ ချစ် ( ပ် ) လျှပ်စစ်ပစ္စည်း ရောင်းအားဟာ ကမ္ဘာမှာ တစ် ဖြစ်သွားတော့တယ်။ ဆမ်ဆောင်း ရီဗော်လူးရှင်းက ရိုးရိုးလေး။ ဇနီး နဲ့ ကလေးတွေက လွဲရင် အားလုံး ပြောင်းလဲပစ် တဲ့။

နိုင်ငံ ခေါင်ဆောင်ကြီးသုံးယောက်မှာ နှစ်ယောက်က အမေရိက ကနေ၊ တစ်ယောက်က စင်္ကာပူနဲ့ သြစတေးလျ ကနေ.......................

Ref: " The hermit behind the giant " by Andrew Salmon.
ST, Saturday,Sept 15,2012


ဇင်ဝေသော်

“စင်ကာပူကိုလာသင့် မလာသင့်နဲ့ လွင့်မျောပြာစများ” (ကမ်းလက် ၁၁ လပြည့် အမှတ်တရ)

ကမ်းလက် ( ၁၁ ) လမြောက်မှာ အမှတ်တရလေး တစ်ခုခု တင်ဖို့ရှိပေမယ့် ပြောင်းလိုက်ပါတယ်။ ဒါလည်းပဲ အမှတ် တရ လို့တွေးမိလို့ပါ။ ကျနော်တို့ ဖေ့စ်ဘွတ် နဲ့ ဘလော့ဂ် မှာ လီကွမ်းယုရဲ့ စာအုပ် ဘာသာပြန် တင်ရာက စလို့ စာဖတ်သူ အရေအတွက်ဟာ သိသိသာသာ တက်လာခဲ့ပြီး " စင်္ကာပူကို လာသင့် မလာသင့် " လည်းတင်လိုက်ရောစာဖတ်သူ အရေအတွက် မယုံနိုင်လောက်အောင် တက်လာတာ တွေ့ရပါတယ်။ ဆိုလိုတာကတော့ ဒီစာမူတွေဟာ ကမ်းလက်အပေါ် တာဝန်တွေ ပိုပေးလိုက်သလို ဖြစ်နေပါတော့တယ်။ ကျယ်ဝန်းတဲ့ လူမှုရေး၊နိုင်ငံရေး ဒိုင်မင်းရှင်းတွေဟာ ဆောင်းပါးတို တစ်ပုဒ်နဲ့ လုံးဝ မကာမိနိုင်ပါဘူး။ ဒီ " စင်္ကာပူကို လာသင့် မလာသင့် "စာမူ ရေးဖြစ်ဖို့ ကျနော်တို့ ပေ့ဂ်ျ အပေါ်မှာ ကွန်မင့် ရေသွားတဲ့ ညီမငယ် တစ်ယောက်ကို ကျေးဇူးစကား ဆိုပါတယ်။ အခု " လွင့်မျော ပြာစ " များအတွက်လည်း နောက်ထပ် ညီမငယ် တစ်ယောက်ကို ကျေးဇူးစကား ဆိုပါရစေ။
ဇင်ဝေသော်

ဒီဆောင်းပါးကို လူစိတ်ဝင်စားတဲ့ပမာဏက ကျွန်တော်ခန့်မှန်းတာထက် အများကြီးပိုသွားတယ်။ လူပိုဖတ်ပြီဆိုတာနဲ့ အန္တရာယ်လည်း ပိုရှိလာပါတယ်။ ဒီတော့ ဆောင်းပါးတစ်ပုဒ်တည်းမှာ ချုပ်ပြီးရေးလိုက်တော့ တစ်ချို့ရှင်းရှင်းလင်းလင်း မရှိတာတွေ ပါကောင်းပါသွားနိုင်ပါတယ်။ ဒါကြောင့် လွင့်မျောပြာစ အနည်းငယ်လည်း ရှိလာခဲ့ပါတယ်။ ဒါကြောင့် ထပ်ပြီးရေးလိုပါသေးတယ်။

ကျွန်တော်ဆွဲခဲ့တဲ့ ကောက်ချက်တွေဟာ အများအားဖြင့် လီကွမ်းယုရေးတဲ့ ကိုယ်ရေးမှတ်တမ်းတွေရယ်၊ အခု ကျွန်တော်ဘာသာပြန်နေတဲ့ “ နားဝင်မချိုတဲ့ အမှန်တရားတချို့( Hard Truth : To Keep Singapore Going) ရယ်၊ သူပုံမှန် သတင်းစာမှာရေးတတ်တဲ့ ဆောင်းပါးတွေရယ်၊ ကြုံတွေ့ရတာတွေကို အခြေခံပြီးဆွဲခဲ့တဲ့ ကောက်ချက်တွေပါ။ ဘာလို့ လီကွမ်းယုလဲ…။ ဒီအဖိုးကြီး ဒိတ်အောက်နေပါပြီ။ ဒီလိုပြောသူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က လီကွမ်းယုကို နှစ်ခြမ်းခွဲပစ်လိုက်ပါတယ်။

၁။ ပစ္စုပ္ပန်ကနေ အတိတ်ကို လှမ်းကြည့်တဲ့ လီကွမ်းယု နဲ့
၂။ ပစ္စုပ္ပန်ကနေ အနာဂတ်ကို လှမ်းကြည့်တဲ့ လီကွမ်းယုပါ။

ပစ္စုပ္ပန်ကနေ အတိတ်ကိုကြည့်ရင်း ချမှတ်တဲ့ သူ့သုံးသပ်ချက်တွေက ရက်စက်တယ်။ ဒီခေတ်လူတွေနဲ့ သဟဇာတသိပ်မဖြစ်တော့ဘူး။ မှားပါတယ်လို့လည်း ငြင်းဖို့တော့အခက်။ ဘာပဲဖြစ်ဖြစ် ဒီလီကွမ်းယုကိုတော့ ကျွန်တော် လက်ရှောင်ပါတယ်။

ပစ္စုပ္ပန်ကနေ အနာဂတ်ကိုလှမ်းကြည့်တဲ့ လီကွမ်းယုကို မျက်ကွယ်ပြုရင်တော့ မှားတာပါပဲ။ အသက်ရှစ်ဆယ်ကျော်၊ နေ့တိုင်းပုံမှန် ရေကူးဆဲ၊ အိုင်ကျူအဆင့် တစ်ရာကျော်တဲ့ လီကွမ်းယုရဲ့ အနာဂတ်ကောက်ချက်တွေက သွေးထွက်အောင် မှန်နေတုန်းပဲ။ ဒါကြောင့်လည်း ပြင်သစ်က တိုတယ်(ရေနံ) ကုမ္ပဏီ၊ ဂျာမဏီက မာဆီးဒီး (ကား) ကုမ္ပဏီတွေမှာ အကြံပေးအဖွဲ့ဝင်ဖြစ်နေတာ မဟုတ်လား။

ဒါတွေအထဲက သုံးချက်လောက် ကျွန်တော်ထုတ်ပြပါ့မယ်။
၁။ အရှေ့အလယ်ပိုင်းကနေ ကူးစက်လာနိုင်တဲ့ ဘာသာရေးပြဿနာတွေ။
၂။ လူမှုရေးထဲမှာ ပြောစရာတွေဖြစ်လာနိုင်တဲ့ လိင်တူဆက်ဆံမှု၊ လိင်တူအိမ်ထောင်ပြုမှုတွေ။
၃။ စီးပွါးရေးမှာ နိုကီယာ(ဆဲလ်ဖုန်း) ကုမ္ပဏီကို ဂျပန် (သို့) ကိုရီးယားကုမ္ပဏီတစ်ခုခုကဖြုတ်ချလိမ့်မယ်ဆိုတာတွေဟာ သွေးထွက်အောင်မှန်နေတဲ့ အနာဂတ်ဟောစာတမ်းတွေပါ။

ဟုတ်ပြီ။ ဒါဆိုရင် ကျွန်တော်တို့ မြန်မာတွေနဲ့ဆိုင်တာက ဘာလဲ။

ဒီမှာ ကျောင်းသားတွေနဲ့ပတ်သက်လို့ ကျွန်တော်ထပ်ရှင်းပါမယ်။
ပထမဆုံး စင်ကာပူအားကိုးတဲ့ အာဆီယံနိုင်ငံတွေထဲက ကျောင်းသားတွေဟာ ဗီယက်နမ်တွေပါ။ ယေဘုယျကိုကြည့်ရင် ဗီယက်နမ်ကျောင်းသားတွေဟာ မြန်မာတွေထက် ပိုတော်ပါတယ်။ (မကြိုက်လည်း မတတ်နိုင်ဘူး။ ဒါက စင်ကာပူနဲ့ အမေရိကတို့က လက်ခံထားတဲ့ အချက်ပဲ။ ကျွန်တော့် အယူအဆမဟုတ်။) ဒါပေမယ့် နိုင်ငံရေးပြေလည်သွားကြတဲ့နောက် ဗီယက်နမ်တွေကလည်း ကျောင်းပြီးရင် အမေရိကကူးဖို့နဲ့ ဗီယက်နမ်ပြန်ဖို့ တော်တော်များများ စဉ်းစားလာကြတယ်။ ဒါကို စင်ကာပူအစိုးရ (အဓိက) လီကွမ်းယုက သိတယ်။ တတ်နိုင်သလောက်ထိန်းတယ်။ ထိန်းလို့မရရင် ဘယ်လိုလုပ်မလဲဆိုတဲ့အဖြေကို ထုတ်တယ်။

ဒီမှာ လီကွမ်းယုရဲ့ ဆိုလူးရှင်းက - “ ဈေးချိုချိုနဲ့ထုတ်မယ့်ပစ္စည်းတွေမှာ ငါတို့ သူတို့ကို မယှဉ်နိုင်ဘူး။ ဒီတော့ ပစ္စည်းအရည်အသွေးကိုမြှင့်ပြီး ဈေးကြီးကြီးပစ္စည်းတွေ သူတို့နဲ့မတူအောင်ထုတ်နိုင်မှ အဆင်ပြေမယ်” လို့ ပြောခဲ့တယ်။ ရိုးရိုးခေါင်းကလေးပဲ သုံးပါ။ နိုင်ငံခြားသားအများစုဟာ ဘာကြောင့် သူများနိုင်ငံကို လာချင်ကြတာလဲ။

၁။ ပညာရေး အဆင့်မမှီသေးလို့ -
၂။ နိုင်ငံရေး မလွတ်လပ်လို့ -
၃။ စီးပွါးရေး၊ ကျန်းမာရေးစတာတွေ အားနည်းလို့ - ။
ဒါပါပဲ။ (တစ်ချို့ (လူနည်းစု) ကတော့ ပင်ကိုယ်ကကိုပဲ နယ်ခြားမြေခြားသွားရ၊ ပညာရှာရ၊ အလုပ်လုပ်ရတာကို သဘောကျတတ်ပါတယ်။ ဒါက လူနည်းစုပါ။)

၈၈- အရေးအခင်းကြီးဖြစ်ပြီးတဲ့နောက် စင်ကာပူအာရုံကျလာတာက မြန်မာအင်ဂျင်နီယာကျောင်းသားတွေ၊ ကျောင်းပြီးပြီးသား ဘွဲ့ရတွေပါ။ ဘာကြောင့်လဲ။ နိုင်ငံရေးကြောင့်။ အဲဒီ အင်ဂျင်နီယာတွေကို အများဆုံးရလိုက်တာက စင်ကာပူပဲ။ ကျွန်တော်ရောက်သွားတဲ့ အိမ်တစ်အိမ်မှာ အညာက အင်ဂျင်နီယာတွေနှစ်ဆယ်ကျော် တပြိုင်နက်တွေ့ခဲ့ရတယ်။ တချို့က မာစတာ တက်၊ တစ်ချို့က အချိန်ပိုင်း မာစတာ တက်၊ အချိန်ပိုင်း အလုပ်လုပ်၊ တစ်ချို့က ဒေါက်တာဘွဲ့ယူဖို့ သုတေသနလုပ်နေကြတယ်။

အခုပြောမှာက ကျွန်တော့်ကောက်ချက်ပါ။ မှန်နိုင်၊ မှားနိုင်ပါတယ်။
ဗီယက်နမ်တွေအပြီး စင်ကာပူရဲ့ပစ်မှတ်က မြန်မာအင်ဂျင်နီယာကျောင်းသားတွေပဲ။ နိုင်ငံထဲမှာ ဝင်ငွေမရှိ။ အလုပ်မရှိ။ အဖမ်းအဆီးက များ။ ဒီတော့ စင်ကာပူက ရက်ရက်ရောရော တံခါးဖွင့်ပေးလိုက်တယ်။ (စင်ကာပူက စက်မှုတက္ကသိုလ်အဖွဲ့ကြီးခင်ဗျား။ ၈၈- နောက်ရောက်လာတဲ့ အင်ဂျင်နီယာဦးရေ ဘယ်လောက်ရှိပါသလဲ။ စာသင်ခန်းလိုက် ရောက်လာကြတယ် ကြားမိသလားလို့ပါ။) ၈၈- နောက်ပိုင်း ဘာလို့ အင်ဂျင်နီယာတွေ ထွက်ပြေးလာကြတာလဲ။ ထပ်ပြောပါရစေ။

နိုင်…………ငံ…………..ရေး……….ကြောင့်။

ဒီနေ့ နိုင်ငံရေးပြောင်းလဲလာနေတယ်။
စင်ကာပူအစိုးရ မရူးဘူး။ ဗီယက်နမ်တွေပေးတဲ့သင်ခန်းစာ သူတို့ ယူထားပြီးပြီ။ ညီမလေးရေ။ စင်ကာပူအစိုးရက မရူးဘူးကွဲ့။

စင်ကာပူမှာ လူမျိုး၊ နိုင်ငံအပေါ်မူတည်ပြီး ချမှတ်တဲ့သီးသန့်ပေါ်လစီ မရှိဘူး။ ဟုတ်တယ်။ မရှိဘူး။ မဲရစ်တိုခရေစီ။ မင်းစွမ်းရင် မင်းရမယ်။ ဒါက ယေဘုယျ “စံ”။ ရာနှုန်းပြည့်တော့ မမှန်သေးဘူး။

“အိမ်ပြန်မယ့် ကျောင်းသားမှန်း ၇၅ ရာနှုံးသေချာရင် ပိုက်ဆံတွေအကုန်ခံပြီး ဘာလို့ သူ့ကို ပညာတွေသင်ပေးနေမှာလဲ” ဒါက လော့ဂျစ်။ သေချာတယ်။ ၈၈- အပြီး အင်ဂျင်နီယာကျောင်းသားလောက် ဒီနေ့ အင်ဂျင်နီယာကျောင်းသား အခွင့်အရေးမရဘူး။ ဒီတော့ လက်ရှိဒီမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေအတွက် ဘာမှ ထူးထူးခြားခြား မဖြစ်ဘူး။ စွမ်းရင် ရ၊ မစွမ်းရင် ကျ။

ဒါပေမယ့် အခုလာတက်မယ့် ကျောင်းသားတွေကိုတော့ စင်ကာပူက “ဒီကောင်တွေ သူတို့နိုင်ငံက ပညာရေးမစွံလို့လာတာ။ စိတ်ထဲက အိမ်ပြန်ဖို့ပဲတွေးနေတဲ့ကောင်တွေ” ဆိုပြီး သံသယစိတ်နဲ့ကြည့်ပြီး စကောလားပေးဖို့ တော်တော်စိစစ်လိမ့်မယ်။ ရလောက်ပြီ။ မရလည်း ရှိစေတော့။

ပိုကျယ်တဲ့နယ်ပယ်ကို ထပ်ပြောကြည့်မယ်။
မလေးရှားကနေ စင်ကာပူလာပြီး အလုပ်လုပ်ကြတယ်။ ဘယ်လိုလူတွေလဲ။ မလေးတရုတ်တွေ။အင်ဒိုနီးရှားကနေ စင်ကာပူကိုလာပြီး အလုပ်လုပ်ကြတယ်။ အင်ဒိုတရုတ်တွေ။ မလေးစစ်စစ်၊ အင်ဒိုစစ်စစ်က ခဏပဲလာမယ်။ ရေရှည်မနေဘူး။ ဘာကြောင့်လဲ။ ဘာသာရေးနဲ့ ပတ်သက်ပြီး အခွင့်ထူးခံခွင့် စင်ကာပူမှာ မရှိလို့။

မြန်မာပြည်ကနေ့  စင်္ကာပူကို လာပြီး အလုပ်လုပ်နေသူတွေထဲမှာ မြန်မာပြည်ဖွား တရုတ် စစ်စစ်တွေ ပါတယ်။ ၅၀၊၅၀ တွေ ပါတယ်၊ အညာဒေသ ကုန်း ခေါင်ခေါင်က အသားညိုညို မြန်မာတွေ၊ အသား လတ်လတ် မြန်မာပြည်အောက်ပိုင်းက မြန်မာတွေ၊ တိုင်းရင်းသားတွေ ပါတယ်။ ရာနှုန်းပြည့် မြန်မာစစ်၊ တိုင်းရင်းသားစစ်တွေ။ နိုင်ငံရေး ပြောင်းလဲလာတဲ့နောက် မြန်မာတွေ၊ တိုင်းရင်းသားတွေ အိမ်ပြန်ချင်စိတ် မပေါက်လောက် ဘူးလား။ မလေးစစ်၊ အင်ဒိုစစ်တွေလို။ မြန်မာတွေ၊ တိုင်းရင်းသားတွေက ဘာကြောင့် အိမ်ပြန်ချင်စိတ်ပေါက်ရတာလဲ။

ဘာသာတရားနဲ့ ယဉ်ကျေးမှုကြောင့်။

ဒီတော့ ကျနော် မေးမယ်။
၁ ။ဒီနှစ် ပီအာ တင်တဲ့ မြန်မာတွေ၊ တိုင်းရင်းသားတွေထဲမှာ ဘယ်နှယောက် ပီအာ ရပြီး ဘယ်နှယောက် ရီဂျက် ထိသလဲ။ ( ကျနော့် ဝန်ကျင်မှာတော့ ရီဂျက် ထိသူတွေပဲ များနေတယ် )
၂။ စီတီဇင် လျှောက်လွှာ တင်တဲ့ မြန်မာတွေ၊ တိုင်းရင်းသားတွေထဲမှာ ဘယ်နှယောက် စီတီဇင် ရပြီး ဘယ်နှယောက် ရီဂျက် ထိသလဲ။ ( အတွင်း သတင်း သဲ့သဲ့ ကြားရတာကတော့ မြန်မာတွေ အတွက် ကိုယ်တာ ကုန်ပြီ တဲ့။ ဘယ်လောက် မှန်မလဲတော့ မသိဘူး ။ ရီဂျက် ထိတယ် ဆိုတဲ့ အသံတွေပဲ ကြား ကြားနေရတယ် )

ဒါပေမယ့် ..ဒါပေမယ့် ..... ဒါပေမယ့် ... ဒါပေမယ့်......

ကျနော်သိတဲ့ မန္တလေးက ကျောင်းသား ( ကြီး ) ကိုတော့ စီတီဇင် ဘာလို့ မယူသေးတာလဲ၊ စီတီဇင်ဖြစ်သွားရင် ဘယ်လို အခွင့်အရေးတွေ ရမယ် စသဖြင့် ပြောနေပါသတဲ့။ ပြောမှပေါ့။ အိုင်တီနဲ့ ပီအိတ် ( ခ်ျ ) ဒီ ကြီးကိုး။ စင်္ကာပူကြိုက်။ သူ့ကျပြန်တော့ " စင်္ကာပူ " က ရင်မခုန်လောက်ပါဘူး တဲ့။ သူ့ကို လိုချင်တာ၊ ပြန်သွားမှာ စိုးတာပေါ့။ နောက်ပြီး အနောက်ကုမ္ပဏီကြီးတစ်ခု မှာ မန်နေဂျာ ဖြစ်နေတဲ့ မြန်မာ မလေး တစ်ယောက်။ စင်္ကာပူရဲ့ ထိပ်သီး ( တက်သစ်စ )မိန်းကလေး ဆယ်ယောက်ထဲမှာ ပါတယ်။ သူ့ကိုလည်း ပြန်သွားမှာ စိုးတာပေါ့။ ( ဒါကြောင့် ယေဘုယျ " စံ " ရာနှုန်းပြည့် မမှန်ဘူးပြောတာ။ ) အဲသလို အောက်စတန်းဒင်း မဟုတ်ရင်တော့ ...... အားနာတယ်။


ဒီလို ပီအာတွေ စီတီဇင်တွေ ရီဂျက်ထိတာရဲ့ အကြောင်းက ဘာတွေ ဖြစ်မလဲ။
၁ ။ စင်္ကာပူကိုယ်တိုင် ခြေလွန် လက်လွန် တရုတ်၊ အိန္ဒီယန်းတွေကို လက်ခံမိတာ။ အခုမှ လူပြန်ရွေးပြီး လက်ခံချင်တာ။ ဒါက ယေဘုယျ " စံ "။ ( ငါတို့တော့ လက်လွန်သွားပြီ၊ မစွံတဲ့ကောင်တွေ ပြန်လွှတ်မယ် လို့ အစိုးရက ပြောနေပါ့မလား။ ဒါထက် အ တဲ့လူတွေ ယုံ၊ ကြားလို့လည်းကောင်း စင်္ကာပူက မဲရစ်တို ခရက်တစ် ဆိုဆိုက်တီ လို့ပဲ ပြောမှာပေါ့။ မတရားဘူးတွေ ဘာတွေ လုပ်မနေနဲ့ ၊အဲဒါ နိုင်ငံရေး ။)
၂။ မြန်မာတွေကို ထိတာကျတော့ တစ် အချက်ကြောင့် ရော ပြောင်းလဲလာတဲ့ ကျနော်တို့ နိုင်ငံရေးကြောင့် ရော ပဲ။

ဒါတွေဟာ ပြောင်းလဲလာတဲ့ ကျနော်တို့ နိုင်ငံရေးကြောင့် ကျနော်တို့ ပြန်ပေးရတဲ့ လျော်ကြေးတွေလို့ ခံယူပါတယ်။ ဒီ လျော်ကြေးမျိုးကိုတော့ ရက်ရက် ရောရော ပေးပါရဲ့။ ပေးရတာ တန်တယ်။

ကျနော်တို့ ဒုက္ခရောက်စဉ် အလုပ်ပေး၊ ထမင်းကျွေခဲ့တဲ့ စင်္ကာပူကို မုန်းလို့၊ နာကျည်းလို့ ဒီဆောင်းပါးကို ရေးနေတာ မဟုတ်ပါဘူး။ လူငယ်တွေ သုံးသပ်နိုင်ဖို့ပါ။ ကျနော့်ထက် ပညာကြီး၊ အသက်ကြီး၊ ဆရာကြီး ၊ ဆရာမကြီးတွေ ဖတ်ဖို့ မဟုတ်ပါဘူး။ မြန်မာပြည် ပြီးရင် စင်္ကာပူကို အချစ်ဆုံး၊ ကျေးဇူး အတင်ဆုံးပါ။ ဒါပေမယ့် ရေးစရာ ရှိလာရင်တော့ ( သူတို့ကို ပုတ်ခတ်တာ မပါဘဲ ) ရေးရမှာပါ။ ဘောလုံးပွဲ တစ်ပွဲမှာ မြန်မာက ရှုံးထွက်၊ နိုင်လည်းထွက်။ စင်္ကာပူက မြန်မာကို နိုင်ရင် တက် ဆိုရင် အဆဲခံပြီး စင်္ကာပူကို အားပေးရဲပါတယ်။ ဒါပေမယ့် စင်္ကာပူ နဲ့ မြန်မာ နိုင်သူတက် ဆိုရင်တော့ " ဆောရီးပဲ စင်္ကာပူ " ပါ။ နှလုံးသား နဲ့ ထမင်းခွက် တန်းတူတော့ မထားနိုင်ပါဘူး။

ဒီဆောင်းပါး ရေးရလို့ တန်ခိုးရှင် တစ်ယောက်ယောက်ကများ အလိုချင်ဆုံး ဆု နှစ်ဆုတောင်းပါ ဆိုခဲ့ရင် ( နှစ်ဆုထက်လည်း ပိုလို့ မရဘူး ဆိုခဲ့ရင် ) နိုင်ငံတော်အတွက် တောင်းချင်ပါရဲ့

╰⊰⊹✿ သမ္မတကြီး ကျန်းမာပါစေ ✿⊹⊱╮
╰⊰⊹✿ ဒေါ်စု (အန်တီစု ၊ အမေစု ) ကျန်းမာပါစေ ✿⊹⊱╮




ဇင်ဝေသော်

အနေက ဇာ " တိ " အနေကဇာ " တင် "

လူ ပုဂ္ဂိုလ်တွေက အနေကဇာ တင် ကို အင်္ဂလိပ်လို ဘယ်လို ခေါ်ပါသလဲ ဆိုတာ မကြာ မကြာ  မေးတတ်ကြပါတယ်။ အရင်ဆုံး သိထားသင့်တာကတော့ အနေကဇာ တင် တယ်ဆိုတဲ့ ကျင့်ထုံး  ထေရဝါဒ နိုင်ငံတွေထဲမှာတောင် မြန်မာ ဗုဒ္ဓဘာသာတွေသာအလေးတမြတ် ထားလေ့ရှိတယ် ဆိုတာပါ။ ဒါကြောင့် "အနေက ဇာတိ" ဂါထာတော်တွေကိုတောင် အများစုကတော့ ပထမ ဗုဒ္ဓဝစန ( The first words or the first utterance of the Buddha )  လို့ပဲ သိကြပါတယ်။

" consecration " လို့ အင်္ဂလိပ်လို သုံးတတ်ပြီး " the act or process of making holy " လို့ အဓိပ္ပါယ် ရှိပါတယ်။ တစ်ချို့ကတော့ ခရစ်ယန် ဆန်လို့ မကြိုက်ကြဘူး။ ဒီထက် အဆင်ပြေတဲ့ စကားလုံးလည်း မရှိဘူး။ ဒါနဲ့ ဆက်စပ်ပြီး သီဟိုဠ် အဓိပတိ ဆရာတော်ကြီး နာရဒ မထေရ် ရဲ့ အင်္ဂလိပ် ပြန်ဆိုထားတာကို သဘောတွေ့ လွန်းလို့ ပါဠိ ဂါထာတော်နဲ့ တွဲပြီး တင်ပေးလိုက်ပါတယ်။

" အနေက ဇာတိ သံသာရံ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရ ဂဝေသန္တော ဒုက္ခဇာတိ ပုနပ္ပုနံ။
ဂဟကာရ က ဒိဋ္ဌောသိ ပုန ဂေဟံ နကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ တဏှာနံ ခယ မဇ္ဈဂါ။"

" 'Thro' many a birth in existence wandered I,
Seeking , but not founding , the builder of this house.
Sorrowful is repeated birth.

O house builder, thou art seen.
Thou shalt build no house again.
All thy rafters are broken.
Thy ridge-pole is shuttered.

Mind attained the Unconditioned.
Achieved is the End of Craving. "

(image ~ buddhanet.net)

ဘဝများစွာ သံသရာထဲ ကျင်လည်ခဲ့ရ ငါ
ရှာရင်း ပျောက်ခဲ့ ( အဲဒီ ) အိမ်ဆောက်လက်သမား ကို
ဒုက္ခ အစစ်က ဖန်တစ်ရာတေ မွေး သေ။

ဟယ်  အိမ်ဆောက်လက်သမား သင့်ကို ငါတွေ့၊
သင်  မဆောက်နိုင်တော့ နောက်ထပ် အိမ်
ထုတ် လျောက် အချင် ရနယ် ရိုက်ချိုး၊
ခေါင်မိုးတို့ ဖျက် ခြွေ လွင့်

ငါ့ စိတ် ( သင့် ) သင်္ခတ ကိုလိုနီက လွတ်မြောက်
ဖြတ်ကူးလွန် တဏှာရေနောက်။  ။
သီဟနာဒ

သူငယ်ချင်း ရေ ...

အနောက်တောင်မှာ မိုးညိုပြီဆိုမှဖြင့်
ကိုယ့်မျက်ဝန်းထဲ အရင်ရွာတယ်။

ကျားကိုးစီးကြီးကများကွာလို့ ဆိုချင်ဆို

မိုးညိုတာ မခံနိုင်လို့ပါ။

အမည်းရဲ့ အရောင်က တကယ်အနက်လား !

မသေခင် လွမ်းသွားရအောင်ကွာ...

(စပ်ထည်ကဗျာ)

---------------------------------------------
                                         ဇင်ဝေသော်
 

စင်္ကာပူကို လာသင့် မလာသင့်

တလောက မြန်မာမီဒီယာ တစ်ခုကလာဗျူးတဲ့ အထဲမှာ မြန်မာပြည်ထဲက ပညာတတ် ဘွဲ့ရလူငယ်တွေ စင်္ကာပူ ကိုလာဖို့ တော်တော်များများ ကြိုးစားနေကြတယ်။ အဲဒါဘယ်လိုထင်ပါသလဲဆိုတဲ့ မေးခွန်းတစ်မျိုးလည်းပါဝင်ပါတယ်။ နောက်ပြီး ဖေ့(စ်)ဘွတ်ပေါ်က လူငယ်တစ်ချို့ရဲ့ အသံကို နားစွင့်ကြည့်ပြန်တော့ ဒီသဘောမျိုးလေးတွေ ရှိနေတာကိုခံစားရပါတယ်။

လာသင့်မလာသင့်နဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေတော့ ထွက်မယ်မဟုတ်ပါဘူး ။ ဖြစ်နိုင်ခြေတချို့တော့ ကျနော်လက်လှမ်းမှီသ၍ ရေးကြည့်ချင်ပါတယ်။ ကျနော့် အဖြေကိုကပဲ "Yes " နဲ့ "No" ပါ။

ကျနော်ကိုယ်တိုင်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရစဉ်တုန်းက သူငယ်ချင်းတစ်ယောက်က သူလည်းလာချင်တယ်လို့ ပြောပါတယ်။ (စင်္ကာပူမှာ မဟုတ်ပါ။ ရွာမှာတုန်းကပါ။) ကိုယ့်အခက်အခဲတွေကိုပဲသိတဲ့ ကျနော်က သိပ်ပြီးဆန္ဒမစောဖို့ ပြောခဲ့ဖူးပါတယ်။ သူတကယ်တမ်းရောက်လာတော့ ကျနော်တွေ့ရတဲ့ အခက်အခဲတွေ သူမတွေ့ရဘဲ ချောမွေ့နေတာကို ၀မ်းပမ်းတသာတွေ့ရပါတယ်။ အဲဒီနောက်တော့ တစ်ဖက်သတ်ဆန်တဲ့ အဖြေကိုပေးတာထက် အကြောင်းအကျိုးလောက်ထောက်ပြပေးတာ အန္တရာယ်ပိုကင်းတယ်ဆိုတာ သဘောပေါက်လာမိတယ်။ ဒါကြောင့်ညီငယ် ညီမငယ် တွေအတွက် ကျနော့်ခံယူချက်က "Yes" (သို့) "No" ပါပဲ။

ဘာကြောင့် "Yes" လဲ
၁။ စင်္ကာပူဗီဇာက အနာက်နိုင်ငံကြီးတွေနဲ့ စာရင် ပိုလွယ်ပြီး လေယာဉ်လက်မှတ်ဖိုးကလည်း လူလတ်တန်းစားတွေတတ်နိုင်လောက်တဲ့ပမာဏမှာပဲရှိတယ်။ လူနေမှုအဆင့်အတန်းနဲ့ နည်းပညာက အနောက်နဲ့ မတိမ်းမယိမ်းမှာရှိတယ်။ သင်ယူခွင့် ၊ လေ့လာ ရှာဖွေခွင့်တွေ အများကြီးရမယ်။

၂။ နိုင်ငံခြား တိုင်းပြည်တွေထဲမှာ စင်္ကာပူဟာ မြန်မာအငွေ့အသက်အရဆုံးလို့ပြောရင် မမှားနိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်တွေ့ဖို့ တစ်နေရာကနေ တစ်နေရာသွာဖို့ဆိုတာကလည်း တစ်နာရီကျော်ကြာအောင် သွားရတဲ့ခရီးကနည်းပါတယ်။ နာရီဝက်အတွင်း လက်လှမ်းမီတဲ့ ခရီးတွေများပါတယ်။

၃။ လစာအားဖြင့် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာအများဆုံး၊ ဒီမှာအလုပ်အကိုင်စနစ်တကျရှိရင် ရွာကမိသားစုကို တော်တော်လေး အထောက်အကူ ပေးနိုင်ပါတယ်။ ဘာပဲလုပ်လုပ် စင်္ကာပူက စနစ်ရှိတယ်။ ဒီစနစ်တွေကို ပါးပါးနပ်နပ်လေ့လာနိုင်ရင် အကျိုးရှိစရာတွေ အများကြီးရှိတယ်။

အခြားအကြောင်းတရားတွေ အများကြီး ရှိပါတယ်။ သန့်ရှင်းတာ၊ လုံခြုံစိတ်ချရတာ စတာတွေပါ။ ဒါကြောင့် " Yes " အောက်မှာ အကျယ်ကြီး မရေးတော့ပါဘူး။ အဆင်ပြေရင် ကြိုးစားကြည့်ကြဖို့ အားပေးပါတယ်။ သို့သော်...

ဘာကြောင့် "No" ရတာလဲ။
ပထမဆုံး စင်္ကာပူရဲ့ မူနဲ့ပတ်သက်လို့ အဓိကအချက်လေးချက်ကို ဆွဲထုတ်ကြည့်မိပါတယ်။ ယေဘုယျသဘောကိုကြည့်တာမို့ တစ်ဦးချင်းမတိုက်ဆိုင်တာများရှိရင် ခွင့်လွှတ်စေချင်ပါတယ်။

၁။ စင်္ကာပူရဲ့ အဓိကပစ်မှတ်တွေက တရုတ်ပြည်မကြီးက တရုတ်တွေ၊ အိန္ဒိယန်း ပညာတတ်တွေနဲ့ အခုနောက်ပိုင်းမှာ ဥရောပနဲ့ အမေရိကတို့က လူတွေပါ။

၂။ မြန်မာပီအာတွေက စီတီဇင်ခံယူတာနည်းပါတယ်။ ဒီမှာ အနှစ် (၂၀) ကျော်နေလာပြီးသားမြန်မာတွေကတောင် မြန်မာပြည်ကိုပြန်ဖို့ ခြေတစ်လှမ်း မမြဲပြင်နေတတ်ကြပါတယ်။ ဒါကိုစင်္ကာပူအစိုးရက သဘောမပေါက်ဘဲနေမှာ မဟုတ်ပါ။

၃။ လွတ်လပ်လာတဲ့နောက်မြန်မာလူမျိုးတွေအများစု စင်္ကာပူမှာ အခြေချနေထိုင်ဖို့ဟာ ရာနှုန်းပိုနည်းသွားပါတယ်။ ဒါကြောင့် ဖေ့(စ်)ဘွတ်ထဲမှာ လူငယ်တွေ ကွန်မင့်ရေးသလို့ မြန်မာတွေအတွက် ပိုပြီးအကျပ်အတည်းရှိနိုင်ပါတယ်။

၎။ ပညာသင်ဆု စကောလားတွေပေးရာမှာလည်း မြန်မာကျောင်းသားတွေက သူများတွေလောက် အခွင့်အရေးမရ ရှိနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီမှာပညာသင်ပေးပြီး ရန်ကုန်ကိုပြန်ပြေး ၊ သူတို့ကိုပြန်ဆော်မှာ စိုးရိမ်လို့ပါ။ သူတို့မှန်ပါတယ်။

ဒီလေးချက်ကို နည်းနည်းထပ်ချဲ့ပါမယ်။
အင်္ဂလိပ်စကား ရုံးသုံးလို့ဒီမှာသတ်မှတ်ခဲ့ပေမယ့် စင်္ကာပူဟာ တရုတ်စကားကို မျက်ခြေမပြတ်ခဲ့ပါဘူး ။ ဒါကြောင့် သူ့လူမျိုးတွေကို တရုတ်မင်ဒရင်း သင်အောင်တိုက်တွန်းသလို တရုတ်ပြည်မကြီးထဲကလူတွေကို ဒီရောက်အောင်ဆွဲသွင်းပြီး နိုင်ငံအလိုက် တရုတ်စကားပိုတိုးတက်အောင် ကြိုးစားနေတာ ဆယ်စုနှစ်များစွာ ရှိနေပါပြီ။

အိန္ဒိယန်းတွေကိုလည်း သူတို့ကြိုက်ပါတယ်။ အိန္ဒိယန်း ပညာတတ်တိုင်းဟာ အင်္ဂလိပ်စကားကိုကောင်းကောင်းမွန်မွန်ပြောနိုင်ပါတယ်။ အထူးသဖြင့် အိုင်တီနဲ့ ရှေ့နေတွေမှာ အိန္ဒိယန်းတွေတော်တော်များပါတယ်။ တော်လည်းတကယ်တော်ကြပါတယ်။


တိုးတက်လာတဲ့ နိုင်ငံရဲ့အနေအထားကြောင့် အခုဆိုရင် အနောက်ကလူတွေ လာရောက်နေထိုင်ကြတာတောင် အရင်ထက် ပိုများလာနေပါတယ်။ လူဦးရေအကန့်အသတ်နဲ့ပဲထားနိုင်တဲ့ မြေမရှိတဲ့နိုင်ငံငယ်ဟာ ဘယ်သူ့ကိုလက်ခံမလဲဆိုတာ သေသေချာချာ စဉ်းစားပါလိမ့်မယ်။

ဒါကြောင့် သူတို့ အလိုချင်ဆုံး စီတီဇင်တွေဟာ တရုတ် ၊ အိန္ဒိယ ၊ လူဖြူတွေပါ။ အာရပ်မူစလင်တွေကို လိုချင်တယ်လို့ လီကွမ်းယုပြောနေတာတွေဟာ နိုင်ငံရေးစကားလို့ ယုံကြည်ပါတယ်။

နံပါတ်နှစ်ကတော့ စင်္ကာပူအစိုးရမကြိုက်ဆုံး မြန်မာတွေရဲ့ ခံယူချက်လို့ထင်ပါတယ်။ ကျနော်သိတဲ့ ဆရာကြီးတစ်ယောက်ဆိုရင် အသက် (၇၀) ကျော်ပါပြီ။ အခုထိ စင်္ကာပူမှာ အခြေမကျရှာပါဘူး ။ ဟိုမှာပြန်ပြီး ဘာလုပ်ရမှန်းမသိလို့သာနေနေရတာဆိုပြီး စင်္ကာပူနေလိုက် ၊ အမေရိကထွက်သွားလိုက်နဲ့ပါ။ သူမြန်မာပြည်ကိုစိတ်နဲ့ပြန်နေတာပဲ နှစ်ပေါင်း (၄၀) ကျော်ပြီလို့ဆိုပါတယ်။

နောက်ပြီး ပညာတတ်မြန်မာတွေဟာ ဘာသာရေးနဲ့ယဉ်ကျေးမှုကို တော်တော်တန်ဖိုးထားကြပါတယ်။ တချို့ဆိုရင် ဒီကပညာရေးက အဆများစွာ ပိုကောင်းပါလျက် ကလေးရဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုကို စိုးရိမ်လို့ဆိုပြီး ရန်ကုန်ပြန်ပြီးကျောင်းထားကြတာတောင်ရှိပါတယ်။ ကလေးရဲ့ စိတ်ထဲမှာ ဘာသာနဲ့ယဉ်ကျေးမှု တော်တော်ရောက်သွားပြီ ဆိုတော့မှ ဒီကိုပြန်ခေါ်ပြီး ကျောင်းထားကြဖို့ စီစဉ်ကြတယ်ပါ။ ဒီအတွက် ပညာရေးနောက်ကျသွားမယ်ဆိုတာကို သူတို့ သဘောပေါက်ကြပါတယ်။ ဒါပေမယ့် သူတို့ ဒါကို အရဲစွန့်ကြတယ်။

ဘာကြောင့်ဒီစိတ်ဓါတ်ကို စင်္ကာပူအစိုးရက မကြိုက်တာလဲ။ ကလေးတစ်ယောက်ကို ငယ်စဉ်ကတည်းက သူတို့ဓလေ့စရိုက် ၊ သူတို့ ယဉ်ကျေးမှုတွေ သင်ပေးပြီး သူတို့လူမျိုးဖြစ်အောင် ကြိုးစားနေတဲ့ သူတို့မူနဲ့ လုံးဝ ဆန့်ကျင်နေလို့ပါပဲ။

ဦးသိန်းစိန်တက်လာပြီး တံခါးတွေ ပွင့်လာတဲ့နောက် စင်္ကာပူအစိုးရက မြန်မာတွေကို ဘယ်အချိန် ပြန်သွားမယ့်ကောင်တွေလဲလို့သာ ကြည့်နေပါလိမ့်မယ်။ မှန်လည်း မှန်ပါတယ်။ မြန်မာအများစုက အိမ်လွမ်းတတ်ကြတယ်။ တရုတ်တွေဆိုရင် ရောက်တဲ့နေရာ သူတို့အိမ်ပဲ။ မြန်မာပြည်ဖွား တရုတ်တွေအတွက် မြန်မာပြည်သာ သူတို့နိုင်ငံပါ။ မလေးရှား၊ အင်ဒိုနီးရှားတို့က တရုတ်တွေလည်း ဒီအတိုင်းပါပဲ။ မြန်မာ၊ ဂျပန်၊ ကိုးရီးယားတွေက ဘယ်ရောက်ရောက် သူတို့ ဇာတိမပျောက်ကြပါဘူး။

အခုဆိုရင် နိုင်ငံခြားမှာ အခြေချဖို့ဆိုတာထက် နိုင်ငံခြားမှာ အခြေကျပြီးသားတွေတောင် ပြန်မယ် တကဲကဲ (တကယ်ဟုတ်မဟုတ်တော့ မသိပါ) ဖြစ်နေကြပါပြီ။ စောင့်ကြည့်နေကြပါပြီ။ ဒါကြောင့် မြန်မာတွေအပေါ် စင်္ကာပူက ပိုပြီး သံသယရှိနေပါလိမ့်မယ်။

နံပါတ်လေးကတော့ သူတို့အကြောက်ဆုံးပါပဲ။
ဘောလုံးစကားနဲ့ ပြောရရင် ပရီးမီးယားလိဂ်က ကလပ်တွေဟာ သူတို့ဘောလုံးသမားကောင်း တစ်ယောက်ကို တခြားပရီးမီးယားလိဂ်ကလပ်ကို မရောင်းချင်ကြသလိုပါပဲ။ ကိုယ့်ကိုအနီးကပ် ဒုက္ခပေးတော့မှာ မဟုတ်လား။ မန်ယူရောက်သွားတဲ့ ဗန်ပါစီကို အာစင်နယ် ကြောက်ရသလို၊ မန်စီးတီးရောက်သွားတဲ့ တက်ဗက်ကို မန်ယူကြောက်ရသလိုပါပဲ။

NUS လို၊ NTU လို တက္ကသိုလ်တွေကနေ သုတေသနတွေလုပ်၊ ဒေါက်တာဘွဲ့တွေယူ၊ ဘွဲ့လည်းရရော ဒီကျောင်းသားက ခဏသာ သူတို့အတွက်လုပ်ပေးပြီး သူ့နိုင်ငံကို ပြန်သွားရင် စင်္ကာပူတော့ နာပြီပေါ့။ အဲဒီကျောင်းသား အနောက်ကို ထွက်သွားတာတောင် စင်္ကာပူက ဒီလောက် မကြောက်ဘူး။ ဒီကျောင်းသားက အရှေ့တောင်အာရှနိုင်ငံတွေကို ပြန်သွားပြီး သူ့ကိုယ်သိ၊ ကိုယ့်သူသိ ပြန်ဆော်မှာကို သူတို့ကြောက်တာပါ။

ဒီတော့ မြန်မာကျောင်းသားတွေ ညည်းညူတတ်တဲ့ “စင်္ကာပူက မြန်မာတွေကို ဦးစားမပေးဘူး” ဆိုတာ မှန်သလို စင်္ကာပူရဲ့ သူ့နိုင်ငံကို ကာကွယ်တဲ့ပေါ်လစီလည်း မှန်တာပါပဲ။

ဒါတွေက စင်္ကာပူရဲ့မူတွေပါ။ ဒါတွေပြီးရင် မြန်မာတွေဘက်ကိုလည်း ပြန်ကြည့်ကြပါဦးစို့။ အဓိက နှစ်ချက်ပဲ ဆွဲထုတ်လိုက်ပါတယ်။ ဖြည့်လိုက ဖြည့်ပါ။

၁။ မြန်မာတွေဟာ အင်္ဂလိပ်စာ ညံ့တယ်။ ဒီတော့ ရှေ့ရောက်မလာတတ်ဘူး။
၂။ စင်္ကာပူမှာ ရတဲ့ငွေနဲ့ မြန်မာပြည်က ဈေးကွက်ကိုလိုက်ဖို့ ခက်တတ်တယ်။

သခင်မျိုးဟေ့တွေ ဘာတွေ မအော်ဘဲ အင်္ဂလိပ်စာ (အထူးသဖြင့် အင်္ဂလိပ်စကားပြော) ညံ့တာကို လက်ခံထားကြရအောင်။ အနောက်တက္ကသိုလ်ကြီးတွေမှာ ကျောင်းပြီးပါတယ်ဆိုတဲ့ သူတွေတောင် အရေးနဲ့ အဖတ်မှာတော်ပြီး အပြောပိုင်းမှာ ညံ့နေတတ်ပါတယ်။ မချောဘူး။ ငယ်စဉ်ကတည်းက အင်္ဂလိပ်စကားပြောနိုင်ငံထဲ ရောက်သွားသူတွေသာ အင်္ဂလိပ်စကား ချောပါတယ်။

ဒါကလည်း ဘာကို အပြစ်တင်ရမှန်း မသိပါဘူး။ ဒီပြင်နိုင်ငံတွေ အသာထား၊ နီပေါလို နိုင်ငံက ကျောင်းသားတွေတောင်မှ အထက်တန်းအဆင့်ထိ ကျောင်းတက်ခဲ့ရင် အင်္ဂလိပ်စကားက ချောနေပါတယ်။ ထားပါတော့။

အင်္ဂလိပ်စကားပြောက ဒီလောက် အရေးပါလို့လား။

သိပ်အရေးပါပါတယ်။ ကုမ္ပဏီတွေမှာ Contribution နဲ့ Performance အလေးထားပါတယ်။ ကွန်ထရီဗြူးရှင်းလည်းရှိ၊ ပါဖောင်းမင့်လည်းရှိဆိုရင် ရှေ့ရောက်ဖို့ ပိုပြီး အားကောင်းပါတယ်။ အင်္ဂလိပ်စာ အားနည်းတော့ ပါဖောင်းမင့်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကွန်မြူနီကေးရှင်းမှာ ညံ့သွားတော့တယ်။ မြန်မာတွေဟာ ရိုးသားတယ်၊ ကြိုးစားတယ်၊ သည်းခံတယ်၊ စောဒက သိပ်မတက်တတ်ဘူး (နိုင်ငံခြားသားအပေါ်မှာ)။ ဒီတော့ ကွန်ထရီဗြူးရှင်းမှာ နာမည်ရတတ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စကားက မချောတော့ အရေးတကြီးပွဲတွေမှာ မ၀င်ရတော့ဘူး။ အရေးကြီးတဲ့ လူတွေနဲ့ ဆက်ဆံခွင့် သိပ်မရတော့ဘူး။ ဒီတော့ လခစားပဲ ဖြစ်နေလိမ့်မယ်။ ( နှစ်ဖက်စလုံးတော်တဲ့ မြန်မာတွေ မရှိလို့ မဆိုလိုပါ။ ရှိပါတယ်။ နည်းပါတယ်။) စီးပွားရေး သဘောတရားတွေ လက်တွေ့လေ့လာရဖို့ စီးပွားရေးပညာရှင်တွေနဲ့ နဖူးတွေ့ဒူးတွေ့ စကားပြောခွင့်တွေ သိပ်ရမှာ မဟုတ်တော့ဘူး။

ဒီတော့ အတွေ့အကြုံရရင် တော်ပြီဆိုရုံတင် မဟုတ်ဘဲ ကိုယ်တိုင် ဘော့(စ်)လုပ်ချင်သူတွေ ဒီကို လုံးဝ မလာသင့်ပါဘူး။ Small fish in a big pond ထက် Big fish in a small pond က တစ်ခါတခါ အလုပ်ပိုဖြစ်တတ်ပါတယ်။

နံပါတ်နှစ်က အနာဂတ်နဲ့ ပိုဆိုင်ပါတယ်။
စင်္ကာပူမှာ ဒေါ်လာရပေမယ့် မြန်မာ့ဈေးကွက်နဲ့ ချိတ်ဆက်မထားနိုင်ရင် ဒေါ်လာနဲ့ မြန်မာ့ဈေးကွက်ကို လိုက်လို့မရနိုင်ဘူး။ ပုဂ္ဂိုလ်ရေးအရ ကျနော်သိတဲ့ ဆရာတစ်ယောက်အကြောင်း ပြောပြပါ့မယ်။ ကလေးသုံးယောက်နဲ့အတူ စင်္ကာပူကို ရောက်လာကြတယ်။ ဆရာက ထိပ်သီးနိုင်ငံခြားဘွဲ့တစ်ခု ရထားတယ်။ ကလေးတွေကို ကျောင်းထား၊ ဇနီးက အိမ်ရှင်မဆိုတော့ ရန်ကုန်မှာ ရှိတဲ့အိမ်ဝင်းတွေပါ ရောင်းချပြီး ကလေးတွေရဲ့ ကျောင်းစရိတ် ထုတ်ခဲ့ကြတယ်။ သူက ပြောတယ်။ စင်္ကာပူမှာ အိမ်ဝယ်နိုင်တယ်။ ရန်ကုန်မှာ အိမ်ဝယ်ဖို့ ပိုက်ဆံ မလောက်ဘူးတဲ့။

ကျနော့် ကောက်ချက်က မြန်မာပြည်ရဲ့ ဈေးကွက်နဲ့ လုံးဝအဆက်ပြတ်ခဲ့တယ်။ ဒီတော့ ဒေါ်လာနဲ့ လိုက်တာတောင်မှ သိပ်မမီဘူး။

နောက်ကျနော်သိတဲ့ ဇနီးမောင်နှံရှိတယ်။ သူတို့က ဒီမှာ အလုပ်လုပ်ပေမယ့် မြန်မာ့ဈေးကွက်နဲ့ အဆက်မပြတ်ဘူး။ ဒီမှာရှိတဲ့ အိမ်ကိုရောင်းပြီး ရန်ကုန်မှာ အိမ်ဝယ်ထားလိုက်တယ်။ သိန်းထောင့်ရှစ်ရာလောက် တန်တဲ့အိမ်က ဒီနှစ်ကျနော်ပြန်လို့ သူတို့နဲ့တွေ့တော့ သိန်းငါးထောင် ပေးပြီး လာဝယ်တယ်တဲ့။ ကဲ … လစာရတဲ့ဒေါ်လာနဲ့ အဲဒီဈေးကွက်ကို ဘယ်လိုလိုက်မလဲ။ တစ်လ ငါးထောင်ဝင်တယ်ထား၊ တစ်နှစ်ခြောက်သောင်းပဲ ရှိသေးတယ်။

ဒီတော့ ကျနော်တို့ ကောက်ချက်တစ်ခု ဆွဲနိုင်ပြီ။
သူ့လစာယူ၊ သူခိုင်းတာလုပ်၊ စင်္ကာပူကို လာသင့်တယ်။

အိပ်မက်ကြီးတဲ့သူတွေ ဒီကို မလာသင့်ဘူး။ အိပ်မက်တော့ ရှိတယ်၊ အရင်းအနှီးက မရှိတော့ ဘယ်လို လုပ်မလဲဆိုတဲ့ ပုဂ္ဂလိကမေးခွန်းလည်း ရှိပါတယ်။ စင်္ကာပူမှာ သုံးလေးနှစ်အလုပ်လုပ်ပြီး အရင်းနှီးရဖို့ ငွေစုမယ်ဆိုရင်လည်း ကိုယ်စုထားတဲ့ငွေက လာမယ့်သုံးလေးနှစ် မြန်မာ့ဈေးကွက်ထဲမှာ မလုံမလောက် ရှိနေဦးမှာပါပဲ။

မြန်မာပြည်မှာ အခွင့်အလမ်း နည်းနည်းရှိတယ်ဆိုဦး၊ အဲဒါကို လိုက်တာက ရေရှည်မှာ ပိုပြီး အဆင်ပြေနိုင်ပါလိမ့်မယ်။

ဘောလုံးစကားနဲ့ ပြောရရင် အိမ်ကွင်းက ပရိသတ်ရှိတယ်။ ဒိုင်က မသိမသာဆို (၅၀/၅၀ဆိုရင်) ကိုယ်အသာစီးရတယ်။ စင်္ကာပူမှာ ၅၀/၅၀ ဆိုရင် ကိုယ်ရှုံးပြီးသားပဲ။

နောက်ဆုံးပြောချင်တာကတော့ တရုတ်၊ အိန္ဒိယတို့ဆီက ထိပ်တန်းပညာရှင်တွေ စင်္ကာပူကို မလာကြဘူး။ အဲဒီထိပ်တန်းတွေကို မယှဉ်နိုင်တဲ့ ဒုတိယတန်းစားတွေ ဒီကို လာကြတယ်။

အဖြေက … ကျနော့် သဘောအရကတော့ ဟင်းလင်းပွင့်ပါပဲ။ ဆရာကြီးဂိုက်ဖမ်းတာ မဟုတ်ပါ။ ညီငယ် ညီမငယ်တွေအတွက် ကြုံရဖတ်ရသမျှ ဖြန့်ဝေတာပါ။ ဒါကို သဘောပေါက်ပေးရင် ကျေးကျေးပေါ့။

To read comments on Facebook : ~ စင်္ကာပူကို လာသင့် မလာသင့် ~

Photo from flickr


ဇင်ဝေသော်

လူမှုရေး အကြံပေး အန်ကယ် ဂျင်မ်

လေးလေး ရှင့်
ကျမသားလေးဟာ မန်ချက်စတာ ယူနိုက်တက်က လွဲရင် ဘာကိုမှ စိတ် မဝင်စားပါဘူး။ အေစီ မီလန် နဲ့ လိုက်(ဖ်) ရှိုး ရှိလို့ဆိုပြီး သူ့ အဖွားရဲ့ ဈာပန ကိုတောင် မလိုက်လာနိုင်ပါဘူး။ အိမ်မှာ ဘောလုံးပွဲ ကြည့်နေရစ်ခဲ့ပါတယ်။ ကျမတို့ အားလုံးလည်း အိမ်ပြန်ရောက်ရော မန်ယူက ဂိုးရသွားလို့တဲ့ က ခုန် လို့တောင်နေပါသေးတယ်ရှင်။ သူနဲ့ ပတ်သက်လို့ ကျမ အရမ်း စိတ်ပူရပါတယ်။ သူ့ အဖေလည်း မရှိရှာတော့ပါဘူး။ ကျမ ဘာလုပ်သင့်သလဲ ဆိုတာ အကြံပေး ပါဦးရှင်။
စိုးရမ်နေတဲ့ မိခင်။


စိုးရမ်နေတဲ့ မိခင် ခင်ဗျား၊
ဒါဟာ တကယ် စိတ်ပူရမယ့် အနေအထားပါ။ သာမန်ကလေး တစ်ယောက် အနေနဲ့ မန်ယူ ရတဲ့ဂိုးနဲ့ပတ်သက်ပြီး ဒီလောက်ဖြစ်မနေသင့်ပါဘူး။ အဲဒီဂိုးက လူကျွံ ဘောကြီးပါ၊ ဒိုင်လူကြီးကသာ အကန်းမို့ မမြင်တာပါ။ လူကျွံ ဘောဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့် သားဖြစ်သူကို ဂိုးဝင်သွားတဲ့နေရာမှာ စလိုး မိုးရှင်း ထပ် ထပ်ကြည့်ပေးဖို့ ဆုံးမပေးပါ။ ဒါဆို အမှန်တရားကို သူ နားလည်လာမှာပါ။
ဦးဦးဂျင်းမ်။


လေးလေး ရှင့်
ကျမ သားလေးက အခု ၁၇ နှစ် ပြည့်ပါပြီ။ သူ ကျောင်းသွားလို့ မိနစ် ၂၀ လောက် ကြာတော့ သူ ဆရာမဆီက ပို့လိုက်တဲ့ မက်ဆေ့ဂ်ျ အိမ်က ကွန်ပျူတာမှာ ပေါ်လာပါတယ်။ သူ ဆရာမက ကျောင်းဆင်းအပြီး ရက်စတောရင့် ကို လာခဲ့ဖို့ ချိန်းလိုက်တဲ့ မက်ဆေ့ဂ်ျပါ။ သတင်းစာတွေထဲမှာလည်း ဒါမျိုးတွေ ဖတ်ဖတ်နေရတော့ အဲဒီ မက်ဆေ့ဂ်ျနဲ့ ပတ်သက်ပြီး သားလေးအတွက် အရမ်းစိတ်ပူတာပဲ။ ကျမ ဘာလုပ်သင့်သလဲ ဆိုတာ အကြံပေး ပါဦးရှင်။
သားသောက မိခင်


သားသောက မိခင် ခင်ဗျား
အဲဒီ မက်ဆေ့ဂ်ျနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ် သိပ်မဖြစ်ဖို့ ပြောချင်ပါတယ်။ အဲသလို မက်ဆေ့ဂ်ျတွေဟာ ၅ မိနစ်အတွင်း အလိုလို ပျောက်သွားနိုင်ပါတယ်။ ဒီပြဿနာမျိုး နောက်ထပ် မကြုံရအောင် MSN version 7.0 ကို Upgrade လုပ်ထားဖို့ အကြံပေးလိုပါတယ်။
လေးလေး။

အန်ကယ် ရှင့်
ကျမ အမျိုးသားဟာ အရင် လ ကပဲ အိမ်မှာ CCTV တပ်ဆင်တားခဲ့ပါတယ်။ ပြဿနာက အဲဒီက စ တာပါ။ ကျမတို့ ကားရပ်တဲ့နေရာမှာ အရင်ညက အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် ဖက်နေတာကို တွေ့ရပါတယ်။ ပုံက သိပ် မရှင်းလှပေမယ့် အဲဒါ ကျမ အမျိုးသားနဲ့ အိမ်ဘေးက အမျိုးသမီးဆိုတာ ကျမသိပါတယ်။ အဲဒီပုံကြောင့် ကျမ စိတ်ပူနေရပါတယ်။ ဘာလုပ်သင့်တယ်ဆိုတာ ပြောပေးပါဦးရှင်။ ကျေးဇူတင်ပါတယ်။
အသည်းကွဲ ဇနီး။


အသည်းကွဲ ဇနီးခင်ဗျား
ဒီ ပုံတွေကြောင့် ဖြစ်နေရတဲ့ သောကတွေ ဖျောက်လိုက်ပါတော့။ CCTV ရဲ့ ဝါယာတွေ အသစ်လဲ ပြီး High Definition ကင်မရာ ထပ်ဆင်လိုက်ပါ၊ NVidia လို တံဆိပ်မျိုး သုံးလိုက်ရင် ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး။ ပုံတွေအားလုံး ကြည်လင် ပြတ်သားစွာ တွေ့ရတော့မှာပါ။ အားလုံး အိုကေ သွားပါလိမ့်မယ်။
ဦးဦးဂျင်းမ်။

အန်ကယ် ရှင့်
ကျမအမျိုးသားက ကလေးကျောင်းစားရိတ် အတွက် ဘေးဖယ်ထားတဲ့ ငွေတွေနဲ့ ရိုးလက် နာရီ ဝယ်ချင်တယ်လို့ ပြောနေပါတယ်ရှင်၊ သူ့ကို ဝတ်စေချင်ပေမယ့် ကလေး ပညာရေးထဲကတော့ ယူ မသုံးချင်ပါဘူး။ သူလည်း အခံမခက်အောင် ကျမအမျိုးသားကို ဘယ်လို ပြောသင့်ပါသလဲ ရှင်။
အိမ်ထောင်ရှင်။


အိမ်ထောင်ရှင် ခင်ဗျား
ကြားရတာ စိတ်မကောင်းပါဘူး။ သူ့အနေနဲ့ ဒါမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ရိုးလက်က ခေတ်ကုန်နေပါပြီ။ အခု ဂျိန်းစဘွန်း မင်းသားအသစ်ဆိုရင် အိုမီဂါ ပဲ ပတ်ပါတော့တယ်။ ဒါကြောင့် အမျိုးသားကို ခေတ်နဲ့ အညီ ရိုးလက်အစား အိုမီဂါကိုပဲဝယ်ဖို့ သူနားဝင်အောင် ပြောပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
အန်ကယ်။     ။


ဇင်ဝေသော်

လီကွမ်းယုနဲ့ အစ္စလာမ်ဘာသာတရား ( ၆း ၂ )

လူမျိုး၊ ဘာသာစကားနဲ့ ဘာသာတရား ( ၆း ၁ ) အဆက်ပါ။

မေး ။     ။ နိုင်ငံခြားသားတွေ အများကြီးဝင်လာတယ်။ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယကပေါ့။ သူတို့ရောက်လာတဲ့အတွက် စင်ကာပူရဲ့ လက်ရှိ့လူ့အဖွဲ့အစည်းအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

ဖြေ ။    ။ ငါက စင်ကာပူရဲ့ အနာဂတ်ကိုပဲပူတာ။ တရုတ်တွေအတွက် မပူဘူး။ ငါတို့လူဦးရေက တရှိန်ထိုးကျဆင်းနေတာ။ ဒီကွက်လပ်ကို သူတို့(နိုင်ငံခြားသား) တွေက ဖြည့်ဆည်းပေးနေတာ။ ပိုများတဲ့ လာရောက်အခြေချ နေထိုင်သူတွေက အိန္ဒိယန်းတွေ။ ပြီးတော့ ပညာတတ်တွေ။ သူတို့ကို ငြင်းလို့မရဘူး။ ငြင်းရင် ရူးလို့ပဲ။ အိုင်တီ စပါယ်ရှယ်လစ်တွေ၊ ဘဏ်စပါယ်ရှယ်လစ်တွေ၊ သူတို့က မွေးလာတဲ့ကလေးတွေကလည်း လူတော်လေးတွေပဲဖြစ်လာမှာ။

အခုသူတို့က (၇) ရာခိုင်နှုံးကနေ (၉) ရာခိုင်နှုံးအထိ မြင့်တက်လာတယ်။ ဒီနှုန်းအတိုင်း ဘယ်လောက်ကြာကြာ ခရီးသွားမလဲတော့ မသိဘူး။ နှစ်ပေါင်းအတော်ကြာနေဦးမယ်လို့တော့ ခံစားမိတယ်။ ဘာကြောင့်လဲဆိုရင် အိန္ဒိယမြို့ကြီးတွေက စင်ကာပူအဆင့်ရောက်ဖို့ အတော်ကြီးလိုသေးတယ်။

တရုတ်မြို့ကြီးတွေကတော့ နှစ်ပေါင်း ၂၀- နဲ့ ၃၀ ဆိုရင် စင်ကာပူကို မှီလာလိမ့်မယ်။ ဆိပ်ကမ်းမြို့ကြီးတွေဆိုရင် စင်ကာပူအတိုင်းဖြစ်လာလိမ့်မယ်။ ဒါဆိုရင် တရုတ်တွေရဲ့ ဝင်လာနှုန်းက လျော့ကျသွားမှာပဲ။

ဘဝအတူတူ၊ အခွင့်အရေးအတူတူ ဆိုလို့ကတော့ ဘယ်သူက စင်ကာပူကို လာနေမှာလဲ။ ချက်ချင်းကြီးမဟုတ်တောင်မှ တဖြည်းဖြည်းချင်းတော့ သိသာလာပါပြီ။ အခု ငါတို့ဆီကိုရောက်လာတဲ့ တရုတ်တွေဆိုရင် Sichuan ၊ Hunan၊ Hubei နဲ့ Liaoning တို့လို ဆင်းရဲတဲ့တိုင်းပြည်က လူတွေများတယ်။ ပင်လယ်ကမ်းခြေမြို့တွေကလူတွေ ဒီကိုမလာဘူး။ မိဘတွေ ဟိုမှာရှိတယ်။ မိသားစုရှိတယ်။ ပိုက်ဆံရှိတယ်။ ဒီလာပြီး ဘာလုပ်နေမှာတုန်း။ ပြီးရင် ပညာရေးဒီဂရီပိုမြင့်တဲ့လူတွေ၊ အပြည်ပြည်ဆိုင်ရာ အဆက်အစပ်ရှိတဲ့လူတွေက သွားမယ့်သွား အမေရိကကိုသွားကြမှာပေါ့။

ငါစိုးရိမ်တာက တရုတ်ပြည်ကြီး တိုးတက်လာရင် တရုတ်တွေ ဒီကိုရောက်မလာတော့မှာကိုပဲ။ အိန္ဒိယန်းတွေကတော့ သူတို့မြို့တွေရဲ့ အနေအထားကြောင့် ဒီမှာလာနေကြဦးမှာ။ အခွင့်အရေးရှာရင်း သွားလိုက်လာလိုက်နဲ့ ဒီမှာ မိသားစုတွေပါ ခေါ်လာကြလိမ့်မယ်။ ဒါဆိုရင် အိန္ဒိယန်းလူဦးရေက (၁၂) ရာခိုင်နှုန်းလောက်အထိ ရောက်လာနိုင်တယ်။ မလေးတွေကတော့ စိတ်မသက်မသာဖြစ်မှာပေါ့။

တို့က ပင်လယ်ကွေ့နိုင်ငံတွေက အာရပ်မွတ်ဆလင်တွေလာချင်အောင် လုပ်ပေးတယ်။ ဒီကောင်တွေက သူဋ္ဌေးတွေ။ ဒါပေမယ့် အများကြီးမလာဘူး။ မလေးနဲ့ အင်ဒိုနီးရှားကလည်း အများကြီးမလာဘူး။ စင်ကာပူးရီးယန်းနဲ့ မလေးလက်ထပ်တာ၊ စင်ကာပူရီးယန်းနဲ့ အင်ဒိုနီးရှန်းတွေ လက်ထပ်တာတွေက ရှိတာပေါ့။ ဒါပေမယ့် ရာခိုင်နှုန်းအရက သိပ်နည်းတယ်။

မေး ။     ။ဒေသတွင်း နိုင်ငံရေးအမြင်နဲ့ကြည့်ရင် မလေးလူဦးရေနည်းသွားတာက ပိုကောင်းမလား။ ဒီနှုန်းအတိုင်းက ပိုကောင်းမလား။

ဖြေ ။    ။ မထင်ပါဘူး။ နိုင်ငံရေးအရ မလေးလူမျိုးတွေ ဒီနှုန်းအတိုင်းရှိနေအောင် ကြိုးစားသင့်တယ်လို့ ငါထင်တယ်။ မလေးတွေက စင်ကာပူရဲ့သမိုင်းနဲ့ ဘဝမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ မလေးလူဦးရေ (၅) ရာခိုင်နှုန်းအထိ ကျသွားမယ်ဆိုပါတော့ စင်ကာပူရီးယန်းတွေက “ ကောင်းပြီ၊ မင်းတို့မလေးတွေကို ငါးရာခိုင်နှုန်းပေးလိုက်မယ်။ မင်းတို့ဘာသာမင်းတို့ ကြိုက်တာလုပ်ကြ၊ မင်းတို့ကို ဂရုမစိုက်ဘူး” ဆိုတဲ့ပုံစံဖမ်းလာကြမယ်။ ဒါဆိုရင် တော်တော်မှားတာပဲ။

အခုလက်ရှိပြဿနာက တကယ်လို့ အလုပ်ကြမ်းသမားတွေကို လိုတယ်ဆိုရင် အချိန်မရွေးခေါ်ယူလို့ရတယ်။ ပြီးရင် သူတို့က ဒီမှာသောင်တင်နေမှာ။ ဒါကြောင့် ငါတို့က PMET ကို လိုချင်တာ။ (Professionals, Managers, Executives and Technicians) ပညာပိုတတ်တဲ့ လူတွေပေါ့။ ဒါပေမယ့် တော်တဲ့ကျောင်းသား၊ သိပ်မဆိုးဘူးဆိုတဲ့ ကျောင်းသားမျိုးတောင် မလေးရှားမှာ စကောလားရတယ်။ ဒါကြောင့် စင်ကာပူရီးယန်းနဲ့ လက်မထပ်ထားဘူးဆိုရင် သူတို့က ဒီကို မလာချင်တာ။ အင်ဒိုနီးရှန်းတွေကိုကျတော့ ပိုရနိုင်ခြေရှိတယ်။ အင်ဒိုနီးရှားရဲ့ ပရောဖက်ရှင်က တိုးတက်နှုန်းနှေးတယ်။ နိုင်ငံကကြီးပြီး စီးပွါးရေးတိုးတက်လာနှုန်းကနှေးနေတယ်။ ဒီတော့ သူတို့မှန်းထားတဲ့ ပန်းတိုင်ကိုရောက်ဖို့ အစွမ်းကုန်ကြိုးစားခွင့် မရကြဘူး။ ပြီးတော့ မြို့တွေကိုကြည့်ရင်လည်း ဂျကာတာကလွဲလို့ ကျန်တဲ့မြို့တွေက တောက်တောက်ပပမရှိဘူး။ ဂျကာတာတောင်မှ ရေကြီးရတာနဲ့၊ လမ်းပိတ်ဆို့ရတာနဲ့ ပြဿနာတွေက အများကြီးရယ်။

ငါတို့လိုချင်တဲ့ နိုင်ငံခြားသားတွေက စင်ကာပူအတွက် တစ်ခုခုလုပ်ပေးနိုင်သူတွေပဲ။ ပြဿနာလာပေးတဲ့လူတွေကို မလိုချင်ဘူး။

မေး ။     ။အစ္စလာမ်နဲ့ မွတ်ဆလင်တွေအပေါ်မှာ မစ္စတာလီထားတဲ့အမြင်က အတော်ပြင်းထန်တယ်နော်။ မစ္စတာလီစကားအရ အစ္စလာမ်ကလွဲရင် လူမျိုးအားလုံး၊ ဘာသာရေးအားလုံးကို တစ်လုံးတည်းထားလို့ ရနိုင်တယ်ဆိုတော့…..။

ဖြေ ။    ။ အကြောင်းက သူတို့က ဒေသခံတွေနဲ့ လူမှုရေးအတူပေါင်းလုပ်လို့ မရဘူးကွာ။ အိမ်နီးချင်း သူဟာကိုယ်စား၊ ကိုယ့်ဟာသူစား လုပ်လို့မရဘူးကွာ။ ဘာသာပါပြောင်းရဦးမယ်ဆိုတော့ သူတို့နဲ့ လက်ထပ်ဖို့ဆိုတာကလည်း မရှိသလောက်ပဲ။

မေး ။     ။စက်တင်ဘာ ၁၁- ရက် အရေးအခင်းကို အခြေခံပြီး မစ္စတာလီရဲ့ အစ္စလာမ်အပေါ်ထားတဲ့အမြင်တွေ ပြောင်းသွားတာလား။

ဖြေ ။    ။ ဒါနဲ့ ဘာမှမဆိုင်ဘူး။ ရေနံချမ်းသာတဲ့နိုင်ငံတွေက သူတို့ဘာသာရေးပုံသွင်းထားတာကို တခြားနိုင်ငံတွေထဲကို ဆွဲသွင်းဖို့ကြိုးစားကတည်းက ဒါကို ငါကြိုမြင်နေတာ။ အထူသဖြင့် ဆော်ဒီအစ္စလာမ်၊ ဝါဟာဘီ အစ္စလာမ်တွေပဲ။ သူတို့က ပိုက်ဆံရှိတော့ ကမ္ဘာအနှံ့ ဗလီတွေ လိုက်ဆောက်ကြတယ်။

ဝန်ကြီးချုပ် Mauritius ဒီိကိုလာတုန်းက ဂိုချောက်တောင်ကို မေးတယ်။ မွတ်ဆလင်တွေကြားမှာ အပြောင်းအလဲတွေရှိသလားတဲ့။ ဂိုချောက်တောင်က ဘာကြောင့်ဒီလို မေးရတာလဲဆိုတော့ သူက ငါ့မွတ်ဆလင်တွေက သူများနဲ့ အလွယ်တကူ မရောနှောတတ်ဘူး။ သူတို့ဗလီကို သူတို့တက်၊ ဒီတော့ သူတို့ရဲ့ လူမှုရေးနဲ့ယဉ်ကျေးမှုတွေက သူများတွေနဲ့ရောမနေပဲ သီးသန့်ဖြစ်နေတတ်တယ်။ အခု မွတ်ဆလင်တွေက မောရစ်ရှန်းမွတ်ဆလင်၊ တရုတ်မွတ်ဆလင်၊ ပြင်သစ်မွတ်ဆလင်၊ အာဖရိကန်မွတ်ဆလင် စတာတွေ တစ်ခုနဲ့တစ်ခုမတူပဲ တစ်မျိုးစီကွဲနေလို့တဲ့။

စင်ကာပူမှာလည်း ဒီလိုဖြစ်နေတယ်လို့ ဂိုချောက်တောင်က ရှင်းပြတယ်။ အဲဒီတုန်းက ခေါင်းစွပ်ကိစ္စကို ပြောနေတဲ့အခိုက်၊ ငါတို့ကတော့ လက်မခံဘူး။ ကျောင်းသားတိုင်း အစိုးရချမှတ်ပေးထားတဲ့ ကျောင်းဝတ်စုံပဲ ဝတ်ရမယ်။ ကောင်တာမှာထိုင်သူတိုင်း ယူနီဖောင်းဆင်တူ ဝတ်ရမယ်။ ခေါင်းစွတ်ကို မချွတ်ချင်ဘူးဆိုရင် နောက်ကွယ်မှာ လုပ်ရမယ့်အလုပ်မျိုး သွားလုပ်။ ကမ္ဘာအနှံ့ ရိုက်ခတ်လာနိုင်တဲ့ ပြဿနာကို တို့ကြိုမြင်ထားတာ ကြာပြီ။ ၉/၁၁ နဲ့ ဘာမှကို မဆိုင်ဘူး။ ဆိုင်တာက ဝါလာဘီဝါဒနဲ့ ရေနံရောင်းလို့ရတဲ့ ငွေတွေပဲ။

ဆော်ဒီဆိုရင် မွတ်ဆလင်ရှိတဲ့နေရာတိုင်း ဗလီတွေလိုက်ဆောက်ပေးပြီး သူတို့တရားဟောဆရာတွေကို လွှတ်တယ်။ ဒီမှာ တို့က ကိုယ့်ဗလီ ကိုယ်ဆောက်တယ်။ သူတို့ တရားဟောဆရာတွေကို ဒီက လက်မခံဘူး။ ဒါကြောင့် အခြေအနေက ဒီလောက်မတင်းမာတာ။ သူတို့ တရားဟောဆရာတွေက သင်ပြမှာဆိုရင် သူတို့က (၇) ရာစုကပုံစံနဲ့ တစ်သီးတစ်သန့်ဆန်တဲ့ Wahhalabism ကို သင်ပေးကြမှာ။

ငါတို့က ဒီမှာ နိုင်ငံခြားက တရားဟောဆရာတွေကို ခေါ်မသွင်းဖို့ Muis (စင်ကာပူ အစ္စလာမ် ဘာသာရေးကောင်စီ) နဲ့ သဘောတူထားကြတယ်။ အမြဲတမ်း စိုးရိမ်နေရတဲ့အချက်က သူတို့က ဘာတန်( Batan) ကို သွားနိုင်တယ်။ ဂျိုဟိုးဘာရူးကို သွားနိုင်တယ်။ ပြီးရင် သွေးထိုးလှုံ့ဆော်တဲ့ မိန့်ခွန်းမျိုးတွေ ကြားရနိုင်တယ်။ တစ်ချို့ဆို Madina အထိသွားပြီး လေ့လာကြတယ်။

ဂျော်ဒန်ကို သွားမယ်ဆိုရင်တော့ မဆိုးလှဘူး။ ဂျော်ဒန်တွေက မွတ်ဆလင်ဘာသာကို ခေတ်သစ်ကမ္ဘာနဲ့ ညီအောင်ကြိုးစားပြီး နေကြတာ။

ဆော်ဒီတွေက သူတို့မွတ်ဆလင်တွေကို မူရင်းအစ္စလာမ်အတိုင်းပဲ ရှိနေစေချင်တာ။ တော်ဝင်မိသားစုက အမြဲတမ်း ထိပ်မှာရှိနေရမယ်။ ဆော်ဒီဘုရင်နဲ့ ဝါဟာဘီခေါင်းဆောင်တွေကြားမှာ သဘောတူထားတာ တစ်ခုရှိတယ်။ ဒါက ဆော်ဒီဘုရင်က သူတို့နဲ့ သူတို့ဘာသာရေးလုပ်ဆောင်ချက်တွေကို ထောက်ပံ့မယ်။ ဘာသာရေးခေါင်းဆောင်တွေက တော်ဝင်မိသားစုကို ပြန်ပြီးထောက်ပံ့ပေးရမယ်။ ဒီခေတ်စကားနဲ့ပြောရရင် ဒါက အာဏာမျှဝေယူထားတာပဲ။ တော်ဝင်မိသားစုက ကြွယ်ဝမှုအားလုံးကို ထိန်းချုပ်ထားတာ။

အခု ဒီမိုကရေစီအကြောင်းတွေ၊ အမျိုးသမီး ကားမောင်းခွင့်အကြောင်းတွေ၊ မော်ဒန်နိုင်ဇေးရှင်းအကြောင်းတွေ ကြားလာနေရပြီ။ ဒါက အနှေးနဲ့အမြန်ပဲ၊ ဖြစ်တော့ဖြစ်လာရမှာ။ သူတို့က သူတို့လူတွေကို ပညာတတ်ဖြစ်လာစေချင်တယ်လေ။

အခုဆို သူတို့မှာ King Abdullah University of Science and Technology ရှိလာပြီ။ တက္ကသိုလ်တွင်းမှာ အစ္စလာမ်ဥပဒေတွေ ဘေးချိတ်ထားကြရတယ်။ ရေရှည်မှာ ရှေးဟောင်းနိုင်ငံခြားရေးမူကို မပျက်စေဖို့ဆိုတဲ့ သဘောတူညီမှု ယူထားကြရတယ်။ အချိန်နဲ့အညီ ဆော်ဒီကျောင်းသားတွေက စင်ကာပူလို ကမ္ဘာ့တက္ကသိုလ်တွေမှာ တက်ကြတော့မယ်။ ဒါပေမယ့် ဘွဲ့ရလို့ပြန်သွားကြမယ်ဆိုရင် ဟိုကလူတွေကျင့်သလို လိုက်ကျင့်ကြရတယ်။ မကျင့်ရင် အလုပ်ရှာလို့မရဘူး။ သူတို့သဘောပေါက်သွားတာက အစ္စလာမ်မစ်ဥပဒေတွေမပါပဲ တခြားလူ့အဖွဲ့အစည်းတွေ ဘယ်လိုနေထိုင်ပြောဆိုကြသလဲ ဆိုတာပဲ။

ဒါတွေပြောင်းလဲလာဖို့ရာ မျိုးဆက်နှစ်ဆက်၊ သုံးဆက်လိုကောင်းလိုမယ်။ ဒါမှမဟုတ် ရေနံတွေအားလုံး ခန်းခြောက်သွားတဲ့အထိလည်း ကြာချင်ကြာမယ်။ အခုလောလောဆယ်မှာတော့ ဗလီတွေဆောက်ဖို့ ငွေထုတ်ပေးတာ၊ တရားဟောဆရာတွေ လွှတ်ပေးနေတာတွေဟာ ဆက်လက်ရှိနေဦးမှာပဲ။


ဇင်ဝေသော်

ကာရန်ညီ သီစေမယ့် ( ညှိရမယ့် ကာရန် )

၁ ။ ပြည်တွင်း ကာရန်
ဒေါ်စုနဲ့ ပတ်သက်ပြီး ဘဲဥရုံးထဲက ထွက်လာတဲ့ ချိုမြ လက်ခုပ်သံတွေကို လွမ်းခြုံဖို့ ပီကင်းရောက်နေတဲ့ သမ္မတကြီးရဲ့ သိုသိပ်သိပ် ဆွေးနွေးစကားသံက မစွမ်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒါသည်ပင် ခေါင်းဆောင် နှစ်ဦးကြားက ညီလာတဲ့ ကာရန်လို့ ယုံကြည် မိပါတယ်။

၂။ ပြည်ပ ကာရန်
အမေရိကရဲ့ လစ်ဘရယ် ဒီမိုကရေစီက မြန်မာနိုင်ငံ အတွက် ဆေးထိုးမှည့် သစ်သီးတစ်လုံး ဖြစ်နိုင်ပြီး ခေတ်ကုန်ပြီဖြစ်တဲ့ တရုတ် ကွန်မြူနစ် အစွန်းအထင်းတွေကလည်း ၂၁ ရာစု ဖက်ရှင်အပေါ်မှာတော့ အကျည်းတန်လှပါတယ်။ ဒီကြားထဲမှာ ညှိရမယ့် ကာရန် တစ်ခု။

၁ ။ ပြည်တွင်း ကာရန်
ပြည်တွင်း ကာရန် အောက်မှာ အသံတူလာတဲ့ လက်ရှိ အစိုးရနဲ့ အဖွဲ့ချုပ်တို့ရဲ့ ရပ်တည်ချက်၊ အတ္တ အစွန်းအထင်း နည်းလာတဲ့ သဘောတရားတွေ တွေ့လာရပါတယ်။ ခေါင်းဆောင် နှစ်ဦးခွဲထွက်ခဲ့တဲ့ ခရီးစဉ် နှစ်ခုဟာ တိုက်ဆိုင်မှုလို့ ထင်ရင် ညံ့လွန်းရာ ရောက်ပါလိမ့်မယ်။

တရုတ်နဲ့ ဒေါ်စုက မူအားဖြင့် ဆန့်ကျင်နေသလို စစ်အစိုးရ နဲ့ အမေရိက ကလည်း အသေအလဲ ညှိနှိုင်းရဆဲပါ။ ပုဂ္ဂလိက အမြင်နဲ့ ဒီ ခရီးစဉ် နှစ်ခုကို လက်ခုပ် တီးနေမိတယ်။ သူနိုင်တာ သူလုပ်။ နိုင်ငံအတွက် ဖြစ်ပါစေ။ မြစ်ဆုံ စီမံကိန်းကို ဆုံခွင့် မပေးလိုက်တဲ့ အတွက် တရုတ်နဲ့ စကားပြောဖို့ ဦးသိန်းစိန်မှာ ကလေးချော့တေး ဆိုဖို့ တာဝန် ရှိကောင်း ရှိနေနိုင်ပါတယ်။

အနောက် လက်ကို ဖမ်းဆုပ်ချိန် အရှေ့ကလက်ကို မပုတ်မိဖို့ကလည်း အရေးကြီးပါတယ်။ ဒါသည်ပင် သမ္မတကြီး ကုလသမဂ္ဂ အကြို ( low profile ) လိုး ပရိုဖိုင် ခရီးစဉ်ရဲ့ အဓိပ္ပါယ်လို့ ဖွင့်ဆိုလို့ ရပါတယ်။ နောက်ပြီး အမေရိကန်တို့ သမ္မတကြီးနဲ့ သူရ ဦးရွှေမန်းကို ပြထားတဲ့ အဝါကတ်တွေ ရုတ်သိမ်း ပေးလိုက်တာဟာ ကစားသမားတွေအတွက် အားတစ်ခု ဖြစ်စေသလို နိုင်ငံ အတွက်၊ ပေါ်လစီအတွက်လည်း ဗီတာမင်ပဲ မဟုတ်လား။ " ပြင်သာပြင်၊ တံခါးပေါက်တို့ ဟင်းလင်း ပွင့်စေရမယ် " ဆိုတဲ့ သဘောပါ။

ဒေါ်စုကိုယ်တိုင်ကလည်း သူမအတွက် တီးတဲ့ လုပ်ခုပ်သံတွေထဲက တချို့ကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် အားစိုက်နေရတဲ့ ဦးအောင်မင်းဆီ ရက်ရက် ရောရော ထိုးပေးခဲ့ပါသေးတယ်။

ဒါတွေကြောင့် ပြည်တွင်းက ပါတီကြီး နှစ်ခုဟာ ဒေသတွင်း ( အာရှနဲ့ အရှေ့တောင် အာရှ ) ပါတီကွဲတွေထက်တောင် ပိုပြီး ညီညွတ်နေပါတယ်။ စင်ကာပူမှာ ဒါမျိုး ရင့်ကျက်မှု မရှိသေးပါဘူး။ အကောင်းမြင်လွန်းတယ် ထင်ရင်လည်း မတတ်နိုင်ပါ။ ( destructive criticism ) ဒစ်စထရပ်တစ် ခရစ်တစ်စစ်ဇင် တော့ ခံတွင်းမတွေ့လှပါဘူး။

၂။ ပြည်ပ ကာရန်
၂၁ ရာစုထဲ အမြင် ကပ်ကပ်နဲ့ ပေါင်းရမယ့် ပါတနာတွေထဲမှာ တရုတ်က နံပါတ်တစ်ပါ။ တရုတ် ( သို့ ) မချစ်သော်လည်း အောင့် ကာ နမ်း ။ အမေရိကန်တွေ ဝင်လာစေဦးတော့ ရင်းနှီးမြှတ်နှံမှုမှာ တရုတ်လောက် များဦးမယ် မဟုတ်သေးပါဘူး။ ဒီတော့ အမေရိကန်တွေ ရှိနေခြင်းအားဖြင့် အားပိုရှိစေတာ မှန်ပေမယ့် သူတို့ ရှိနေခြင်းအားဖြင့် တရုတ်တို့ ထင်ရာ မစိုင်းနိုင်အောင် တားထားနိုင်ခြင်း ဆိုတာက ပိုပြီးလက်တွေ့ကျတဲ့ ရလဒ် ဖြစ်နိုင်ပါတယ်။

နောက်ပြီး အားရှိစရာက အမေရိကရဲ့ အစိုးရ အသစ်ဟာ ဒီမိုကရက်တစ်ပဲ ဖြစ်ဖြစ် ရီပတ်လင်ကန်ပဲ ဖြစ်ဖြစ် မြန်မာ့အရေးကို စိတ်ဝင်စားမှုခြင်း တူနေတာပါပဲ။ လာမယ့် နှစ်တွေထဲမှာ အနောက်နဲ့ စကားပြောရင် ဒေါ်စု စကားက ပိုထိရောက်ပြီး အရှေ့ကတော့ ဦးသိန်းစိန် စကားကို ပိုပြီး အာရုံစိုက်ကြပါလိမ့်ဦးမယ်။ ဒါကလည်း အနောက်ဆန်တဲ့ ဒေါ်စုရဲ့ နိုင်ငံရေး ခံယူချက်နဲ့ အရှေ့ဆန်တဲ့ ( အာရှ အစိုးရတွေရဲ့ သုံးသပ်ချက် ) ဦးသိန်းစိန်ရဲ့ နိုင်ငံရေး ခံယူချက်ကြောင့်ပါ။

ဂျပန်နဲ့ ကိုရီယားတို့ကတော့ ဘယ်သူနဲ့ မဆို အလုပ် လုပ်သွားပါလိမ့်မယ်။ အမေရိကန်တွေ တရုတ်တွေ ရဲ့ အားကို ရရင် အရှေ့တောင် အာရှအားက အလိုလို ပါလာမှာပါ။ ဦးသိန်းစိန်နဲ့ ဒေါ်စု တို့က မြန်မာပြည်အတွက် အရှေ့ အနောက် ဟန်ချက်ကို ညီညီညွတ်ညွတ် ညှိပေးနိုင်ရင် အနာဂတ် လှနိုင်ပါတယ်။

တရွေ့ရွေ့နဲ့ တနေ့နေ့ဆီ...................။
စကားပုံကိုတော့ ပြင်လိုက်ပါရစေ။ ရောမက ခေတ်ကုန်နေပြီ။ " New York was not built in a day. " နယူးယောက် မြို့ကြီးကို တစ်ရက်တည်းနဲ့ တည်ဆောက်လို့ တော့မရဘူးပေါ့။


ဇင်ဝေသော်

တရားခံ

ကလေးရဲ့ မိဘတွေဟာ သူ့ခပ်ဆိုးဆိုးစရိုတ်နဲ့ ပတ်သက်ပြီး ဘာလုပ်ရမှန်းမသိ အကြံအိုက်နေကြတယ်။ နောက်ဆုံး တရားဟောဆရာဆီ အပ်နှံပြီး ထိမ်းသိမ်းပေးဖို့ အကူအညီ တောင်းကြတယ်။

ကလေးရောက်လာတော့ တရားဟောဆရာက အထိုင်ခိုင်းပြီး

“Where is God?” လို့ မေးတယ်။

ကလေးက ဘာမှ မဖြေဘူး။ ဒါနဲ့ တရားဟောဆရာက အသံမာမာနဲ့ “Where is God?” လို့ ထပ်မေးတယ်။

ကလေးကတော့ တုဏှိဘာဝေပါပဲ။ ဒီတစ်ခါတော့ တရားဟောဆရာက ဒေါသသံ ပါလာပြီး ကလေးမျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးရင်း “Where is God?” လို့ ထပ်မေးပြန်တယ်။

တော်တော်ကြောက်သွားတဲ့ ကလေးဟာ ရုတ်တရက် အိမ်ကို ထပြေးသွားတော့တယ်။ သားကို မြင်လိုက်ရတော့ သူ့အမေက အံ့ဩတကြီးနဲ့ မေးရှာတယ်။

“သား … ဘာဖြစ်လာလို့လဲ”
“ကျနော်တော့ ဒုက္ခအကြီးအကျယ် ရောက်ပြီ။ ဘုရားသခင် ပျောက်နေတယ်။ အဲ့ဒါ ကျနော့်လက်ချက် မကင်းဘူးထင်ပြီး ဇွတ်အတင်းကြီး မေးနေတယ်”

(Wisdom from laughter)


ကမ်းလက်

ဓမ္မဇာလ ( ဓမ္မနက် )

One : " ပထမ ဒေသနာ၊ ရီလေးတစ်ဗတီ သီအိုရီ " share link by the ဗုဒ္ဓ။

ဒုက္ခ ၊ ဒုက္ခ သမုဒယ၊ ဒုက္ခ နိရောဓ၊ ဒုက္ခ နိရောဓ ဂါမိနိ ပဋိပဒါ။
အကျဉ်းချုပ်။ ယေ ဓမ္မာ ဟေတုပ္ပဘာဝါ။ သိ၊ ပယ်၊ ဆိုက်၊ ပွား။



 
5 people like this ကောဏ္ဍည ၊ ဝပ္ပ ၊ ဘဒ္ဒိယ ၊ အဿဇိ ၊ မဟာနာမ       share 1 အဿဇိ


Two : အဿဇိ share ပထမ ဒေသနာ၊ ရီလေးတစ်ဗတီ သီအိုရီ via the ဗုဒ္ဓ။
ဥပတိဿ likes this                                                           share 1 ဥပတိဿ


Three : ဥပတိဿ share ပထမ ဒေသနာ၊ ရီလေးတစ်ဗတီ သီအိုရီ via အဿဇိ
ကောလိတ likes this                                                         share 1 အာနန္ဒ


Four : အာနန္ဒ share ပထမ ဒေသနာ၊ ရီလေးတစ်ဗတီ သီအိုရီ via ပထမ သင်္ဂါယနာ
လူ၊နတ်၊ ဗြဟ္မာများ ( too many to show here ) like this.    share ( too many to show here )

သီဟနာဒ like this.


သီဟနာဒ

လူမျိုး၊ ဘာသာစကားနဲ့ ဘာသာတရား ( ၆း ၁ )

လီကွမ်းယု ရဲ့ " Hard Truths ( to keep Singapore going " စာအုပ်ဟာ နိုင်ငံရေးအကြောင်းလို့ အများအားဖြင့် ထင်စရာ ရှိပေမယ့် ဧရိယာပေါင်း များစွာ ပါဝင်နေတာ တွေ့ရပါတယ်။ အခန်းအားဖြင့် ၁၁ ခန်းရှိပါတယ်။ ဒီနေ့ ကျနော်တို့ တင်လိုက်တဲ့ " လူမျိုး၊ ဘာသာစကားနဲ့ ဘာသာတရား " ဟာ ၆ ခုမြောက် အခန်း ဖြစ်ပါတယ်။လတ်တလော ကမ္ဘာ့ အခြေအနေနဲ့ လီကွမ်းယု စိုးရိမ်တဲ့ ဘာသာ တစ်ခုအကြောင်းလည်း ကျနော်တို့ စပ်ဟပ်ကြည့်နိုင်တာပေါ့။ ကောင်းနိုးရာရာလို့ ကျနော်ဝန်ခံခဲ့ပေမယ့် နိုကီးယား ( ဆဲလ် ဖုန်း ကုမ္ပဏီကြီး ) ကို ဂျပန် ( သို့ ) ကိုရီးယားဆဲလ် ဖုန်း ကုမ္ပဏီကြီးတွေ က ကျော်တက်လိမ့်မယ် စတဲ့ အနာဂတ် တွက်ကိန်းတွေကြောင့် ( ဒီနေ့ ဆမ်ဆောင်းက လီကွမ်းယု မှန်တယ်ဆိုတာကို အပြည့် အဝ ထောက်ခံနေပါတယ် ) လီကွမ်းယု ခေါ်ရာကို ခြေဒရွတ်ဆွဲ ပါနေရတယ် ဆိုတာကိုလည်း ဝန်ခံရမှာပါ။ အတိတ်ကို စားမြုံ့ပြန်နေရုံမက သူဖတ်ပြတဲ့ အနာဂတ် စာမျက်နှာ တချို့ကလည်း ကျော်လွှားသွားဖို့ လက်မရဲစရာပါ။ ဒီလိုနဲ့ ရာသီစာ ဖြစ်နေတဲ့ " လူမျိုး၊ ဘာသာစကားနဲ့ ဘာသာတရား " အခန်း ၆ ကို ကျော်လိုက်မိကြပါတယ်။

ကမ်းလက်

မေး ။     ။ မစ္စတာလီရဲ့ လူမျိုးပေါင်းစုံ စုပေါင်းညီညွတ်စွာ နေထိုင်ရေးမူဝါဒဟာ (၄၅) နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ စင်ကာပူရဲ့ အခြေခံအုတ်မြစ်ပါပဲ။ စင်ကာပူရဲ့ လွတ်လပ်ရေးရတဲ့နေ့ ၁၉၆၅- ခု၊ သြဂုတ်လ ၉ ရက်နေ့က ပြောခဲ့တဲ့မိန့်ခွန်းထဲမှာ စင်ကာပူဟာ မလေးရှားမဟုတ်၊ ချိုင်းနား (တရုတ်) မဟုတ်၊ အိန္ဒိယမဟုတ်လို့ ကြေငြာအသိပေးခဲ့တယ်နော်။ နောက်ကို ပြန်လှည့်ကြည့်ရင် ဒီလမ်းစဉ်ပေါ်မှာ အောင်မြင်မှုရအောင် ဘယ်လိုအစချီခဲ့ရသလဲဆိုတာ ပြောပြပေးပါလား။

ဖြေ ။    ။ မွတ်ဆလင်အဖွဲ့အစည်းတွေနဲ့ အတိုက်အခံမဖြစ်ချင်ပေမယ့် ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ရတယ်။ အစ်စလမ်တွေ မများလာခင်အထိ ငါတို့နိုင်ငံဟာ အေးအေးချမ်းချမ်းပဲ တိုးတက်လာခဲ့တယ်။ ဘာကြောင့်များလဲလို့ ငါ့အမြင်ကိုမေးရင်- ဒီပြင်လူတွေက အချင်းချင်းရောနှောလို့ရတယ်။ မိတ်ဆွေဖွဲ့လို့ရတယ်။ အပြန်အလှန် အိမ်ထောင်ပြုလို့ရတယ်။ အိန္ဒိယန်းနဲ့ တရုတ်၊ တရုတ်နဲ့ အိန္ဒိယန်း သူတို့အချင်းချင်း ဆက်ဆံနှီးနှောရတာ ပိုလွယ်တယ်။ မွတ်ဆလင်တွေနဲ့ကျတော့ အဲသလိုမဟုတ်ဘူး။ အဲဒါ အာရပ်နိုင်ငံတွေက မွတ်စလင်တွေကြောင့်ပဲ။

မင်းက မွတ်ဆလင်ကို လက်ထပ်ချင်ရင် မင်းကိုယ်တိုင်လည်း မွတ်ဆလင်လုပ်ရ၊ ဖြစ်ရမယ်။ ဒါကြီးက မွတ်ဆလင်ဘာသာဝင်မဟုတ်သူတစ်ယောက်အတွက် အတော်ခက်တဲ့ ကိစ္စကြီးပဲ။ ဆိုလိုတာက လိုက်(ဖ်) စတိုင်တွေ အကုန်လုံးပြောင်းရတာ။ မင်းဗလီတက်မယ်ဆိုရင် အာရပ်ဘာသာ သင်ရတယ်။ ရွတ်ရ၊ ဖတ်ရတာကလည်း အာရပ်လို။ အစားအစာတောင်မှ အာရပ်ပုံစံ။ ဒါက ကျော်လွှားဖို့ တော်တော်ခက်တဲ့ကိစ္စလို့ ငါမြင်တယ်။

ရာဇာရတနန်ရဲ့ အိုင်ဒီယိုလော်ဂျီကို ငါမွေးစားခဲ့တာ။ ဒီအခက်အခဲက ဆယ်စုနှစ်များစွာကြာတာတောင် ကျော်ဖြတ်နိုင်ဖို့ မလွယ်ကူလှဘူးဆိုတာ ငါကောင်းကောင်း သဘောပေါက်ခဲ့တယ်။ အခုလက်ရှိအဖွဲ့ကို မရရအောင် တဖြည်းဖြည်းချင်း ငါတို့စည်းရုံးယူခဲ့ရတာ။

လက်ရှိအခြေအနေအရ ငါပြောမယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို အလွယ်တကူ နှီးနှောနေထိုင်လို့ရတယ်။ အစ်စလမ်ကလွဲရင်။

မေး ။     ။ စင်ကာပူမှာ မွတ်ဆလင်တွေရှိနေတာက စင်ကာပူရဲ့ လူမျိုးပေါင်းစုံ ညီညွတ်စွာနေထိုင်ရေးအတွက် အဟန့်အတားဖြစ်နေတယ်လို့ ဆိုလိုတာလား။

ဖြေ ။    ။ ငါ ဒီလိုမဆိုလိုပါဘူး။ မွတ်ဆလင်တွေကြောင့် လူမှုရေးပြဿနာတွေတက်တာမျိုး မရှိပါဘူး။ သူတို့က သီးသန့်ခပ်ဝေးဝေးက နေတတ်ကြတယ်။

ငါ့ခေတ်တုန်းက ငါနဲ့အတူလက်တွဲပြီးလုပ်ခဲ့ကြတဲ့ Othman Wok တို့ Rahim Ishak တို့ရှိတယ်။ သူတို့ ဘာသာရေးပြဿနာတွေ ဆွဲသွင်းမလာခင်အထိ အေးအေးဆေးဆေးပဲ။ ဘီယာအတူတူသောက်ကြတယ်။ စည်းရုံးရေးတွေ အတူတူဆင်းကြတယ်။ ရွေးကောက်ပွဲ အတူတူဝင်ကြတယ်။ အတူတူစားကြတယ်။

အဲဒီမှာ သူတို့ကမေးတယ် “ ပန်းကန်ပြားက သန့်ရှင်းသလား” တဲ့။ ငါကပြောတယ်။ အားလုံးအတူတူ ဆေးကြောထားတာပဲလို့။ ငါဆိုလိုတာက သူတို့ကစပြီး ခွဲခြားလာတာ။ ငါတို့က ဒါကိုယုံကြည်ကိုးကွယ်တယ်။ မင်းက မယုံကြည်၊ မကိုးကွယ်ဘူး။ ဒါမျိုး။ ရောဂါပိုးမွှားနဲ့ ပတ်သက်ရင်တော့ ဟုတ်ပါတယ်။ သူတို့မေးတဲ့ သန့်ရှင်းသလားဆိုတာက ရောဂါပိုးမွှားကိစ္စကို ပြောတာမဟုတ်ဘူး။ သူတို့ ဘာသာရေးဆိုင်ရာ ဝန်ခံကတိပြုချက်တွေကို ပြောတာ။ ဒါမျိုးတွေက ငါလိုက်လုပ်လို့မရတဲ့ကိစ္စတွေ။

မေး ။     ။ အတူတကွ လက်တွဲသွားကြဖို့ မွတ်ဆလင်တွေဖက်က ဘာတွေလိုက်လျောဖို့လိုမလဲ။

ဖြေ ။    ။ ဘာသာရေး အယူသီးတာတွေကို လျှော့။ “ အိုကေ၊ ငါတို့ အတူတူပဲစားမယ်” ဆိုတာမျိုး ဖြစ်ပါစေပေါ့။

မေး ။     ။ ထမင်းအတူတူမစားဘဲ တခြားပေါင်းစည်းလို့ ရနိုင်တဲ့နည်းတွေ ရှိနေတာပဲ မဟုတ်လား။

ဖြေ ။    ။ မလေးမဟုတ်သူ၊ မွတ်ဆလင်မဟုတ်သူတွေရဲ့ တုန့်ပြန်မှုတွေကို ငါပြောပြမယ်။ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အနားယူသွားတဲ့ ဝန်ကြီးတွေအတွက် ဂုဏ်ပြုနှုတ်ဆက်ညစာ ငါကျွေးတယ်။ ဝန်ကြီးဘဝကနေ အနားယူပြီးဖြစ်တဲ့ Othman Wok ကိုလည်း ဖိတ်တယ်။ သူက ငါ့စားပွဲမှာ။ အထူးစီစဉ်ထားတဲ့ စားစရာတွေ သူ့အတွက်လာချတာကို ငါတွေ့လိုက်တယ်။ ဒါနဲ့ ငါက “Othman မင်းက အထူးစီစဉ်ပေးဖို့ မှာထားတာလား” လို့မေးတော့ သူက “ မဟုတ်ပါဘူး” တဲ့။

ဒါနဲ့ ငါက ထမင်းပွဲလာချတဲ့လူကို “မင်းက ဘာကြောင့် သူ့အတွက် အထူးစီစဉ်ပေးတာလဲ၊ သူက ငါစားသလို မစားနိုင်ဘူးလား။ ဒီမှာ ဝက်သားမှ မပါတာပဲ” လို့မေးတယ်။

“ဝန်ကြီးချုပ်ခင်ဗျား၊ မွတ်ဆလင်တွေဟာ မွတ်ဆလင်အစားအစာပဲ စားရပါတယ်။ အဲသလိုမဟုတ်ရင် မကျေမချမ်းဖြစ်စရာတွေ အများကြီးရှိပါတယ်” တဲ့။

မေး ။     ။ သူ့ထမင်းကိုပဲ သူစားတဲ့အတွက် မစ္စတာလီကို အတိုက်အခံလုပ်တယ်လို့ ထင်မိလို့လား။

ဖြေ ။    ။ မထင်ပါဘူး။ ငါခံစားလိုက်ရတာက ကမ္ဘာကြီးက ပြောင်းလဲနေတယ်။ ငါ့သူငယ်ချင်းလည်း ပြောင်းလဲသွားပြီ။ ဆယ်စုနှစ်များစွာ သူနဲ့ငါက မိတ်ဆွေရင်းတွေ။ သူက ၁၉၅၀၊ ၆၀ ၊ ၇၀- ခုတွေမှာ ငါနဲ့အတူတူ လက်တွဲပြီး စည်းရုံးရေးဆင်းလာတဲ့လူ၊ အခု သူပြောင်းလဲသွားပြီ။ ဒါလောက်ပါပဲ။ ကောင်းမကောင်းကို ငါပြောနေတာမဟုတ်ဘူး။ ငါဆိုလိုတာက လူထုရှေ့မှာဆို သူ့မှာ ဖိအားတွေက အများကြီးပဲလို့ပြောတာ။

ငါက Telok Kurau အင်္ဂလိပ်ကျောင်းမှာ တက်ခဲ့တာ။ မလေးသူငယ်ချင်းတွေ အများကြီးရှိခဲ့တယ်။ ရပ်ဖဲ(လ်) ကျောင်းမှာလည်း အတူတူပဲ။ တစ်ချို့မလေးသူငယ်ချင်းတွေက ရပ်ဖဲ(လ်) ကို ဆက်တက်ကြတယ်။ ကျောင်းသားဘဝတစ်လျှောက်လုံး ဒီလိုပဲဖြတ်သန်းလာခဲ့ကြတာပဲ။ မလေးအစားအစာတွေ ငါတို့အတူတူ ကျောင်းဘေးကဆိုင်ကနေ ဒီလိုပဲဝယ်စားလာကြတာ။

အဲဒီတုန်းက ကျောင်းကဖွင့်တဲ့ဆိုင်တွေ မရှိသေးဘူး။ အိမ်ကနေ နှစ်ဆင့်ယူလာပြီး nasi lemak ဝယ်စားကြရတာ။ အဲဒီမှာ ကွေ့တျောင်(Kway teow) ရောင်းတဲ့လူလည်းရှိတယ်။
*** (Nasi lemak- မလေးအစားအစာတစ်မျိုး ၊ Kway teow- တရုတ်အစားအစာတစ်မျိုး)

အခုဆို ကျောင်းတွေ၊ တက္ကသိုလ်တွေကိုသွားကြည့်၊ မွတ်ဆလင်တွေ စားလို့ရတဲ့အသား၊ စားလို့မရတဲ့အသားတွေ ကွဲနေပြီး (halal and non-halal) စားရင်လည်း အတူတူတွဲထိုင်ပြီး မစားကြဘူး။ ဒါတွေကြောင့် လူမှုရေးအကွဲအပြဲတွေ ဖြစ်ကုန်မှာ။ ဒါတွေနဲ့ပတ်သက်လို့ အမှားအမှန်ကို ဝေဖန်နေတာမဟုတ်ဘူး။ ငါဆိုလိုတာက ဘာသာရေးကိုလိုက်နာတယ်ဆိုပေမယ့် ပြန်ပေးရမယ့်ကိစ္စတွေက အများကြီးဖြစ်နေတယ်။ ဒါကြောင့် အစ္စလာမ်ဟာ သီးသန့်ကြီးဖြစ်နေတယ်လို့ ပြောတာ။

မေး ။     ။ နိုင်ငံတော်တည်ဆောက်ရာမှာ တကယ့်အဟန့်အတားကြီး ဖြစ်နေသလား။

ဖြေ ။    ။ SAF ထဲမှာ အစားအစာနှစ်မျိုး စီစဉ်ပေးနေရတယ်။ ဆိုပါတော့၊ စစ်ပွဲကိုထွက်မယ်၊ ထမင်းခွဲပြီးစား၊ ကျည်ဆန်တွေက ဘေးမှာ ပလူပျံ။ ဘယ်လိုလဲ။ တို့ဖြစ်အောင်တော့ ကြည့်စီစဉ်နိုင်ပါတယ်။ အခုပဲ မင်းက မေးခွန်းမေးတယ်။ သီအိုရီဆန်တဲ့ မေးခွန်း။ ငါက လက်တွေ့ဦးဆောင်ခဲ့ရတဲ့ ကောင်။ နောက်လူငယ်ခေါင်းဆောင်တွေဆိုရင် ဒီထက်ကွဲပြားတဲ့ လူမှုရေးတွေကို ဖြေရှင်းကြရဦးမှာ။ ထမင်းနှစ်မျိုး၊ ဘာနှစ်မျိုး၊ ညာနှစ်မျိုး စသဖြင့်ပေါ့။ ဘာတတ်နိုင်မှာတုန်း။ အဲဒါက ဘဝပဲဟာကို။

စင်ကာပူထဲဝင်လာတဲ့ နိုင်ငံခြားသားတွေကိုကြည့်။ မလေးလူမျိုး၊ အင်ဒိုနီးရှားလူမျိုးတွေ သိပ်မရှိဘူး။ သူတို့က စင်ကာပူဟာ အစ္စလာမ်ဘာသာမဟုတ်တဲ့ နိုင်ငံလို့မြင်ထားကြတယ်။ ဒီတော့ အထူးအခွင့်အရေးတွေလည်း မရတော့ဘူးပေါ့။ ဒါနဲ့ တို့က အာရပ်တွေ လာအောင်လုပ်တယ်။ ဒီကောင်တွေက လူချမ်းသာတွေ။ သူတို့ ဒီလိုရောက်လာရင် မလေးမိန်းကလေးတွေကို လက်ထပ်ကြတယ်။ သိပ်တော့ မများလှဘူး။

ဒီတော့ ရလဒ်က အိန္ဒိယန်းတွေက မလေးလူဦးရေကို လိုက်လာနေတယ်။ (၇) ရာခိုင်နှုံးကနေ (၉) ရာခိုင်နှုန်းအထိရှိလာတယ်။ မလေးက (၁၄- ၁၅) ရာခိုင်နှုန်းလာက်ရှိမယ်။

မေး ။     ။ မလေးတွေရဲ့ ကလေးမွေးဖွားနှုန်း ဒီလောက်မြင့်နေတာတောင် စင်ကာပူမှာ အဲသလိုဖြစ်နေသလား။

ဖြေ ။    ။ ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားဦးရေက ကလေးမွေးဖွားနှုံးကို ကျော်တက်နေတယ်။ အရည်အချင်းရှိတဲ့ အိန္ဒိယန်းတွေ တို့ဆီတော်တော်များများ ရောက်လာနေတယ်။ အိန္ဒိယတောင်ပိုင်းက လူငယ်ပညာတတ်တွေ အများကြီးပဲ။ သူတို့က အများအားဖြင့် အဆင့်ရှိတဲ့ တက္ကသိုလ်၊ အင်စတီကျုတွေကနေ ဘွဲ့ရသူတွေချည်းပဲ။ ဒီကိစ္စက အလေးထားကိုင်တွယ်ရမယ့်ကိစ္စတော့ ဖြစ်တာပေါ့။ အားလုံးကို မျှမျှတတ ဆက်ဆံမှရမယ်။

မွတ်ဆလင်တွေရဲ့ ဘာသာရေး၊ သူတို့အစားအစာ၊ သူတို့ ဗလီတွေရဲ့ ဘာသာရေးလုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ဘာမှ ငါဝင်မစွက်ခဲ့ဘူးပါဘူး။ ကျူရှင်သင်တန်းတွေ ပေးနေကြတာအပါအဝင်ပဲ။

မေး ။     ။ စင်ကာပူက မွတ်ဆလင်နိုင်ငံကြီးတွေ ကြားထဲမှာဆိုတော့ ဒီအချက်ကလည်း အရေးကြီးတာပဲမဟုတ်လား။

ဖြေ ။    ။ ဒေသတွင်းက မွတ်ဆလင်တွေနဲ့ တို့နိုင်ငံရဲ့ မွတ်ဆလင်တွေ ဆက်ဆံရေးက လက်တွေ့ဆန်ပါတယ်။ တွေ့ကြ၊ ဆုံကြ၊ တီဗွီကြည့်ကြ။ ကျောင်းတွေမှာ သူတို့ခေါင်းစွပ်တွေက ပြောစရာကိစ္စတွေဖြစ်နေတယ်။ မလေးရှားရဲတွေတောင် ခေါင်းစွပ်တွေနဲ့ဆိုတော့ သူတို့လည်း စွပ်ရမယ်လို့ပြောကြတယ်။ အင်ဒိုနီးရှားတွေကလည်း တဖြည်းဖြည်းနဲ့ ခေါင်းတွေဖုံးလာကြပြီ။ အကုန်လုံးတော့ မဟုတ်ဘူး။ တစ်ချို့ခေါင်းဆောင်တွေ မလုပ်ကြပါဘူး။

ငါတို့ဘက်ကလည်း ရပ်တည်ချက်က ခိုင်မာမှရမယ်။ ငါကပြောတယ်။ “ ဒါက ကျောင်းဝတ်စုံမဟုတ်ဘူး။ စာသင်ခန်းရှေ့ပိုင်းမှာ နေချင်ရင် ခေါင်းမစွတ်ရဘူး။ နောက်ဖေးမှာဆိုရင်တော့ ခေါင်းစွပ်ဝတ်ချင်ဝတ်” လို့။

အဆင်ပြေအောင်တော့ တတ်နိုင်သ၍ ကြိုးစားကြတာပဲ။ ဒါပေမယ့် လူထုနဲ့ နိုင်ငံခြားသားတွေကိုတော့ တို့ကျောင်းဝတ်စုံက ဒါပဲဆိုတာ သိသွားစေချင်တယ်။ ဒါမျိုးတွေ လာလုပ်လို့မရဘူး။ ဒီမှာ အလုပ်လုပ်မယ်။ ဒါဆိုရင် သူများဝတ်သလိုပဲ ဝတ်၊ သူများလို မဝတ်နိုင်ရင် နောက်ဖေးက ကွန်ပြူတာမှာ သွားလုပ်။ ဟိုတုန်းက မရှိခဲ့ဘူးတဲ့ပြဿနာတွေ အခုဒီမှာ အများကြီးပဲ။

ဘာကြောင့်လဲဆိုတော့၊ ငါတို့က သူတို့အကြောင်းပိုသိနေလို့။
ဟိုးနှစ်ပေါင်းရာချီစဉ်က အစ္စလာမ်ဆိုတာ အာရပ်ကုန်သည်တွေသယ်လာလို့ ဒီကိုရောက်လာတာ။ ဒီရောက်ဖို့ သုံးလေးလကြာကောင်းကြာမယ်။ ဒီရောက်လာပြီးတဲ့နောက် သူတို့အလေ့အကျင့်တွေကို ဟိုမှာထားခဲ့ပြီး ဒီမှာရှိတဲ့လူတွေနဲ့ အတူတူပေါင်းပြီး နေထိုင်လာခဲ့ကြတာ။

မေး ။     ။ အစီအစဉ်တစ်ချို့ကိုတော့ အစိုးရကစပြီး ကျင့်သုံးနေတယ်။ ဆိုပါတော့ HDB တိုက်မှာ လူမျိုးစုအလိုက် ကိုတာခွဲရောင်းပေးတာတို့၊ အဖွဲ့လိုက် မဲဆန္ဒနယ်တွေကို ဆင်းတာတို့ပေါ့။ အနာဂတ်မှာ အကွဲအပြဲတွေ ဖြစ်လာမယ်လို့မြင်မိသလား။ ဘယ်အချိန်လောက်မှာ ဖြစ်နိုင်မလဲ။

ဖြေ ။    ။ လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀- ကို ကြိုမပြောတတ်ဘူး။ ဖြစ်မယ်လို့တော့ မထင်ဘူး။


ဇင်ဝေသော်

ဂျူး လူမျိုးများ နှင့် ဗုဒ္ဓဘာသာ

ကမ္ဘာ့ ဗုဒ္ဓဘာသာကို ကြည့်ရင် ဗုဒ္ဓဘာသာ ပြန့်ပွားရေးမှာ အဓိက ကျတဲ့ ပုဂ္ဂိုလ်တွေဟာ ဂျူးလူမျိုးတွေ ဖြစ်နေတာတာတွေ့ရပါတယ်။ ဂျူးဗုဒ္ဓဘာသာပညာရှင်တွေ။ ဂျူးရဟန်းတော်တွေ ဂျူးသီလရှင်တွေ၊ မက်ဒီတေးရှင်း သင်တန်း ပေးနေသူတွေ၊ အများ အပြားရှိပြီး ဒီနေ့ ခေတ်မီတဲ့ ပါဠိ သဒ္ဒါတွေဟာ ( ဂျာမန် ) ဂျူးဗုဒ္ဓဘာသာပညာရှင်တွေ အများစု ရေးခဲ့တာတွေပါ။ သူတို့ ဘာကြောင့် ဗုဒ္ဓဘာသာကို ကူးပြောင်းလာတတ်ကြတာလဲ လို့ အဖြေရှာကြည့်ရာမှာ..................

ဆရာကြီး အိုင်းစတိုင်းရဲ့ ဗုဒ္ဓဘာသာ အပေါ် ထားတဲ့ အမြင်ကြောင့် ဖြစ်နိုင်သလို အခြားအကြောင်းတရားတွေလည်း ရှိနိုင်သေးကြောင်း ပညာရှင်တွေ ယူဆကြပါတယ်။ အရင်ဆုံး အသိအမှတ် ပြုရမှာကတော့ ဂျူးလူမျိုးတွေဟာ အသိပညာကို အာသာ ငန်းငန်း ရှာဖွေတတ်ကြတယ် ဆိုတာပါ။ ဘာသာရေး အရ ကြည့်ပြန်တော့ ဂျူးဘာသာက ခရစ်ယန် မဟုတ်သလို မွတ်စလင် ဘာသာနဲ့လည်း ဆက်စပ်လို့ မရပြန်ပါဘူး။

ဒီတော့ ရွေးမယ်ဆိုရင် ဗုဒ္ဓဘာသာကို ရွေးလိုက်ရုံပါပဲ။ ဗုဒ္ဓဘာသာ ဆိုတာကလည်း လူမျို၊ဘာသာစကား။ အသားအရေ၊ ဘယ်သူ့ကို မဆို တံခါးဖွင့်ပေးထားပါတယ်။ ပြီးတော့ ဂျူး အများစုဟာ ထိတ်ထိတ်ကျဲ ပညာတတ်တွေပါ။ အတွေးအခေါ်ကလည်း လွတ်လပ်ကြတယ်။ ဗုဒ္ဓဘာသာရဲ့ လူ ပဓာန ဝါဒကလည်း ဂျူးတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှုနဲ့ ထပ်တူကျနေပြန်တယ်။

အထူးသဖြင်တော့ ဗုဒ္ဓဘာသာရဲ့ ဝိဘဇ္ဇဝါဒဟာ ဂျူး ပညာရှင်တွေကို အသည်းခိုက်သွားစေတာ ဖြစ်မယ် လို့ ပညာရှင်တွေ ယူဆကြပါသတဲ့။ ဘာပဲပြောပြော ( ကမ္ဘာမှာ ) ပါဠိဘာသာ အကြောင်း၊ ဗုဒ္ဓဘာသာ အကြောင်း ပြောရင် ဂျူးပညာရှင်တွေရဲ့ လက်ရာတွေ မပါဘဲ ပြောလို့ကို မရပါဘူး။

မှတ်ချက်။ ကစ္စည်း သဒ္ဒါပဲ ပါဠိ သဒ္ဒါ လို့ ထင်သူတွေ အတွက် မရည်ရွယ်ပါ။
Ref: The Jew in the Lotus, Rodger Kamenetz,1995.


သီဟနာဒ

ဆန္ဒအသေများ

ဦးခင်ညွန့်ကြီး ဘုန်းကြီးဝတ်နေတာ တွေ့ရလို့ ၂၀၀၇ ခု က ရေးခဲ့တဲ့ စာမူကို အမှတ်တရ ပြန်တင်ပေးလိုက်တာ ပါ။

အပိုင်း ( ၁ )

(အလေးတွေများလာလို့ ဒီနေ့ ခပ်ပေါ့ပေါ့လေးနဲ့ စ, ပါရစေ။)
-  အမေရိက ကနေမပြန်ခင် ပဲရစ်လေးနဲ့ ရှမ်ပိန် အတူတူသောက်ပြီး နယူးယောက်မြို့ထဲကို မူးမူးနဲ့ ကားလျှောက်မောင်းချင်တယ်။
-  အင်္ဂလန်ကိုရောက်မှ မန်ချက်စတာက အိုးထရက်ဖို့(ဒ်) ကွင်းကြီးထဲမှာ ဂုရုကြီး ဖာဂူဆန်နဲ့ တစ်ယောက်ကြေး သူနိုင်ကိုယ်နိုင် ဘောလုံးကန်ချင်တယ်။
-  ပေါ်တူဂီကို ရောက်အောင်သွားပြီး မော်ရင်ညိုနဲ့လည်း စကားကြီး စကားကျယ် စကားနိုင် လုချင်သေးတယ်။
-  မသေခင် ရှာရာပိုဗာလေးနဲ့ ရုရှားဒုံးပျံအပြတ်ဝယ်ပြီး လကမ္ဘာကိုသွား၊ ရိုးလက် နာရီကြော်ညာရိုက်ရင်း တင်းနစ်တစ်ပွဲလောက် ရိုက်ချင်တယ်။
-  အတွင်းရေးမှူး (၁)ဟောင်း ဦးခင်ညွန့်ကို ဘုန်းကြီးဝတ်ခိုင်းပြီး မစိုးရိမ်တိုက်ထဲမှာ သီတင်းသုံးဖို့ပြော၊ သံဃာတွေကို ထောက်လှမ်းရေးပညာ စစ်ပညာတွေ သင်တန်းပေးစေချင်တယ်။
-  ဒီမိုကရေစီမရခင် ၂၀၀၇ခုနှစ် နှောင်းပိုင်းမှာ သန်းရွှေက နိုင်ငံတော် လူထုကို ပြောလာမဲ့ ဂန္တမြောက် မိန့်ခွန်း တစ်ပုဒ် နားထောင်ချင်သေးတယ်။
-  မုသာဝါဒကင်းတဲ့ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲလေး တစ်ခုလောက်လည်း ဒီမိုကရေစီ မရခင် ကြုံတွေ့ဖူးချင်သေးတယ်။

ယုံချင်မှသာယုံပါ။ ဒါတွေဟာ လတ်တလော ကျွန်တော့် ရင်ခွင်မှာ ပြင်းပြဆာလောင်နေတဲ့ ဆန္ဒ စစ်စစ်တွေ ဖြစ်ပါတယ်။ ခွင့်ပြုမယ်ဆိုရင် ဒီစာကို ဖတ်ပြီး မပြုံးမိကြဖို့လည်း တောင်းပန်ချင်ပါတယ်။ မဖြစ်နိုင်တာတွေလို့လည်း မတွေးကြပါနဲ့။ စဉ်းစားကြည့်ပါ...။

နယူးယောက်လည်း ရှိပြီးသား။ ပဲရစ်ဟစ်(လ်)တန်ကလည်း ရှိပြီးသား။ ရှမ်ပိန်တွေ့ရင် ပဲရစ်လည်း မသောက်ပဲ မနေနိုင်။ သောက်လို့ မူးရင် မြို့ထဲကား ပတ်မောင်းချင်တာကလည်း သူမ ၀ါသနာ။ ကျွန်တော် ကြိုးစားဖို့ဆိုလို့ သူနဲ့ လေပေးဖြောင့်ဖို့ လောက်ပဲလိုပါတော့တယ်။ ဒါဟာ ဖြစ်နိုင်ပါတယ်။ မူးပြီး ကားလျှောက်မောင်းလို့ အဖမ်းခံရတော့လည်း သူတို့ ထောင်က အင်းစိန်၊ အိုးဘိုမှာ ရှိတာမှ မဟုတ်ပဲ။ မကျိုး၊ မပဲ့၊ ဦးနှောက်မပျက်ပဲ ထောင်ထဲက ထွက်လာလို့ ရပါတယ်။ ဇင်ဝေသော်လို ရုပ်သန့်သန့်၊ ခပ်ထက်ထက် မြန်မာလူငယ်တစ်ယောက်ကို ပဲရစ် အနေနဲ့ လက်မခံနိုင်စရာ မရှိပြန်ပါဘူး။ ထားပါတော့... သူများတွေ မနာလိုစရာတွေ။

ကျွန်တော်လို လူနဲ့ ဘောလုံးကန်ခွင့် ရတာကို ဖာဂူဆန်ကြီးကလည်း အားရ၀မ်းသာ ကြိုဆိုလာနိုင်ပါတယ်။ သူက (၆၅)နှစ်၊ ကျွန်တော်က (၃၅)နှစ်၊ သူ့လစာက တစ်နှစ်ကို ပေါင် လေးသန်းကျော်။ ကျွန်တော့် လစာက တစ်နှစ်လေးပေါင်။ မိနစ်ကိုးဆယ်နဲ့ အဖြေမပေါ်ရင် မိနစ်(၃၀) တိုးပြီး ဆက်ကစားကြဖို့ပါ။ အလောင်းအစား ၀ါသနာပါရင် ဘာမှန်းမသိတဲ့ ဈေးကွက်ဂဏန်းတွေကို လောင်းမဲ့အစား မျိုးချစ်စိတ်နဲ့ ကျွန်တော့်ဖက်က လောင်းကြဖို့ အကြံပြုပါရစေ။

ငဇင်ကာ မော်ရင်ညိုကလည်း သူ့ကိုယ်သူ “Special One” ဆိုတဲ့ နာမည်ပေးပြီး ခွေးနဲ့တောင် စကားနိုင်လုတတ်သူပါ။ ဒီကိစ္စကလည်း မဖြစ်နိုင်စရာ လုံးဝ မရှိပါဘူး။

ဒုံးပျံတစ်စင်းဝယ်ပြီး ရှာရာပိုဗာလေးနဲ့ လကမ္ဘာပေါ်ကို နှစ်ယောက်ထဲ သွားဖို့ကလည်း မခက်ပါဘူး။ ဒုံးပျံတွေကလည်း တီထွင်ပြီးသား, လကမ္ဘာဆိုတာကလည်း ရှိပြီးသား, ရှာရာပိုဗာကို ပိုးနိုင်ရင် ဒုံးပျံဝယ်ဖို့ ပိုက်ဆံကလည်း သူ့မှာ ရှိပြီးသား။ (ကျွန်တော်က မြန်မာဆိုတာ သတိရပါ။) တစ်ခုတော့ ရှိတာပေါ့။ နှစ်ယောက်ထဲ တင်းနစ်ရိုက်ကြရင်တော့ ကျွန်တော်က မသိမသာလေး အလျော့ပေးလိုက်ဖို့တော့ လိုတာပေါ့။ ဒါမှ သူလည်း စိတ်ချမ်းသာ၊ ကျွန်တော်လည်း လူကြီးလူကောင်း ဆန်ရာရောက်။ သိသိသာသာကြီး လုပ်လိုက်လို့သူ စိတ်ဆိုးမှာကလည်း စိုးရသေးတယ်။

ဘောလုံးပွဲ ၀ါသနာပါသူတိုင်း ပြင်သစ်က ဇိဒန်းကို သိကြမှာပါ။ ဒါနဲ့အတူ ဘောလုံးကို မတိုက်ပဲ အီတလီက မက်တာရာဇီရဲ့ ရင်ဘတ်ကို ဆောင့်တိုက်လိုက်တာ ဟိုကောင် ကားကနဲ ကျသွားတာကိုလည်း မျက်စိထဲက မထွက်ကြ လောက်သေးပါဘူး။ ကျွန်တော် ဒါကို ကြည့်ပြီး တော်တော်လေး စိတ်ပျက်မိပါတယ်။ ကျွန်တော်က ပြင်သစ် အားပေးတာလေ။ ဒါပေမယ့် ခေါင်းနဲ့ အတိုက်ခံရတဲ့ မက်တာရာဇီ နေရာမှာ သန်းရွှေကြီးကို အစားထိုးကြည့်လိုက်တော့မှ နည်းနည်း ပျော်သလို ခံစားလာရတယ်။ အဲဒီကထဲက စပြီး ဒီဆန္ဒက မသေနိုင် ဖြစ်နေခဲ့တာပါ။ ဒါကြောင့် ဥရောပ ရောက်ခိုက် ဇီဒန်းနဲ့ ဆွေးနွေးကြည့်ချင်တာပါ။ (၀ိုက်လက်သီး ပြင်းပြင်းတွေကို အပိုင်း(၂)မှာ ဆက်လက်ရှုစားကြပါ။)

အပိုင်း ( ၂ )

စာပို့သမားဘ၀ကနေ လာခဲ့ရရှာတဲ့ မောင်သန်းရွှေဟာ “ယတြာကိုးလို့ မင်းဆိုး” ဖြစ်ခဲ့ရတာကြောင့် မာတင်လူသာကင်း မဖြစ်နိုင်ဘူး ဆိုတာလောက်တော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်။ ဒါပေမယ့် နိုင်ငံကို အုပ်ချုပ်မယ်ဆိုတဲ့ လူတစ်ယောက်က လူထုကို နှုတ်ခွန်းဆက်စကားလေးလောက်တော့ ပြောနိုင်ရမှာပေါ့။

ဒီလို အသံတိတ်ရုပ်ရှင်ကားကြီး လုပ်လို့တော့ ဘယ်ကောင်းပါ့မလဲ။
ယုံချင်မှတော့ယုံပါ။ ဦးစောမောင်ကြီးကို ဖြုတ်ချပြီး တက်လာခဲ့တဲ့နောက် နိုင်ငံတော်ကို နှုတ်ခွန်းဆက် မိန့်ခွန်းပြောဖို့ အသံထွက်လေ့ကျင့်ရင်း ကြိုးစားပြီး ကျက်ခဲ့တယ်လို့တော့ ကြားဖူးပါတယ်။ နောက်ပိုင်း သူမပြောဖြစ်ခဲ့တဲ့ အကြောင်းကတော့...

သူအသံထွက် လေ့ကျင့်နေရင်း မိကြိုင်ကြိုင်ယတြာချေဖို့ မွေးထားတဲ့ သာလိကာမလေးက ဗိုလ်ချုပ်ကြီးမရခင် အလွတ်ရသွားလို့ စိတ်ပျက်ပြီး မပြောဖြစ်တော့တာပါတဲ့။ ကြာတော့ မပြောလဲ ရတာပဲကွာဆိုပြီး မပြောပဲနေလိုက်တော့တာပါတဲ့။ ကဲ မခက်ဘူးလား။

ဒါပေမယ့် သူ့ဖခင်ကြီးတွေလိုပါပဲ။ အ၀င်မှာ မပြောခဲ့ရင်တောင် အထွက်မှာတော့ အသေထွက်ထွက်၊ အရှင်ထွက်ထွက် ပြောကို ပြောရပါလိမ့်မယ်။ ဒါကို သမိုင်းက ထောက်ခံပါတယ်။

အနီးကပ်ဆုံး ဦးစောမောင်ကိုကြည့်ပါ။ (“ဦး” သုံးခွင့်ပြုပါ။)
သူပြောတာက (ကျွန်တော် ချောသွားအောင် ပြင်မယ်နော်၊ တော်ကြာ ဘာမှန်းမသိဖြစ် သွားလိမ့်မယ်) သူ့တို့က တပ်မတော်သားတွေပါ။ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကာကွယ်ဖို့ အတွက်ပဲဖြစ်တယ်။ နိုင်ငံတော် ငြိမ်သက်အေးချမ်းသွားရင် သူတို့ဌာနေ မိခင်တပ်ရင်းကို ပြန်သွားမှာပါ တဲ့။ သူတော်ကောင်းစကားပါ။ သူကလည်း စာပို့သမားတို့ အုပ်စုထဲမှာတော့ အရိုးသား အဖြူစင်ဆုံး လူကြီးပါ။ သူပြောနေစဉ်မှာ စာပို့သမားက နောက်ကျောကို သေနပ်နဲ့ထောက်လိုက်တာကို သူမသိလိုက်ရှာပါဘူး။ ၀မ်းနည်းစရာ သမိုင်းအကွေ့အပြောင်းပါပဲ။

ပြီးတော့ မောင်နေ၀င်း။ (သူ့ကိုတော့ “ဦး”မသုံးနိုင်ပါဘူး။ ခွင့်လွှတ်ပါ။)
သူလည်း အထွက်မှာတော့ ရာဇ၀င်တွင်မဲ့စကားကို မျက်ရည်တွေနဲ့ ပြောသွားခဲ့တာပါပဲ။ ကျောင်းသား သမဂ္ဂကြီးကို ဗုံးဖောက်ခွဲခဲ့တာ၊ ခိုင်းခဲ့တာ သူမဟုတ်ပါဘူးတဲ့။ ဗုံးဖောက်ခွဲလိုက်ရမလားဆိုတဲ့ မေးခွန်းကို “OK”လို့သာ ပြောလိုက်တာပါ တဲ့။ ပြီးတော့ ပိုပြီးတော့ ရာဇ၀င်တွင်တဲ့စကားက တပ်မတော်ဆိုတာ သေနတ်ကို မိုးပေါ်ထောင် မဖောက်ဘူးတဲ့။ ရှေ့ဆက်ကြည့်ဦးမလား။

မြန်မာတို့ နောက်ဆုံး မင်းဆက်ရဲ့ နောက်ဆုံး (ပိုး)မင်းသား သီပေါ။
သူလည်း နှုတ်ခွန်းဆက် မိန့်ခွန်းပြောခဲ့တာပါပဲ။ သူ့မိဖုရားကို ပြောသလိုလိုနဲ့ တိုင်းပြည်ကို ပြောသွားတဲ့စကားလေ။ မှတ်မိကြမှာပါ။ သီပေါရဲ့ အော်ရီဂျင်နယ် အသံတော့ မဟုတ်ဘူးပေါ့ဗျာ။ ရွှေမန်းတင်မောင်ရဲ့ ကော်ပီပေါ့။ ဘာတဲ့...။

“သွားတော့မယ်ကွယ့် စုရေ...စုရေ”တဲ့။
ကျွန်တော် အပြင်းပြဆုံး ဆန္ဒက မများပါဘူး။ မကြီးပါဘူး။ ဒါလေးပါ။ သွားတော့မယ်ကွယ့် စုရဲ့ ဆိုတဲ့ အသံလေးပါ။ ယောက်ျား မျက်ရေလေး တစ်စက်နှစ်စက်နဲ့ပေါ့။

သက္ကရာဇ် ၂၀၀၇ခု နှစ်ကုန်ပိုင်းမှာ ဒီလို ဂန္တ၀င်မြောက်စကားကို ကြားချင်နေပါတယ်။
ဘာဖြစ်လို့ ဒီစကားလေးကိုများ ဂန္တ၀င်မြောက် ရာဇ၀င်မြောက်လို့ ပြောနေရတာလဲလို့တော့ မေးစရာရှိပါတယ်။

မြောက်ပါသော် ကောဗျာ။ အဲဒီ စကားတစ်ခွန်းဟာ မာတင်သူသာကင်ရဲ့ ကမ္ဘာကျော် မိန့်ခွန်းထက်ပိုပြီး အဓိပ္ပါယ် ရှိပါတယ်။ စာပို့သမားကသာ ဒီစကားပြောလိုက်ရင် (၅၂)သန်းကျော် လူထုနဲ့ တစ်ကမ္ဘာလုံးရဲ့ ငါးဆယ်ရာခိုင်နှုန်းလူထုက ညှိနှိုင်းမထားပဲ လက်ခုပ်တွေ တီးကြမှာပါ။

ဒုတိယ ကမ္ဘာစစ် ဗုံးဒဏ်တွေကျပြီးတဲ့ နောက်တစ်နှစ်မှာ ဘယ်တုံးကမှ ဒီလို မပွင့်ဖူးတဲ့ နှင်းဆီတွေ ဂျာမနီမှာ ပွင့်လိုက်သလိုမျိုး ကျွန်တော်တို့ နိုင်ငံဟာလည်း ဒီစကားပြောပြီး တစ်နှစ်လောက်မှာ မပွင့်ဖူးတဲ့ နှင်းဆီတွေ အပြိုင်အဆိုင် ပွင့်လာပါလိမ့်မယ်။

ဒါကြောင့် “သွားတော့မယ်ကွယ့် စုရဲ့” ဆိုတဲ့ စကားဟာ ဂန္တာဝင်မြောက်တယ်ဆိုတာကို ထောက်ခံပေးကြပါ။

ဒီဆန္ဒဟာ မသေသေးပါဘူး။ ဘယ်တော့မှလည်း သေမှာမဟုတ်ပါဘူး။

နောက်ဆုံး ဆန္ဒကတော့ စစ်အစိုးရရဲ့ မုသာဝါဒကင်းတဲ့ သတင်းစာ ရှင်းလင်းပွဲလေးပါ။ ဒီ ဆန္ဒအတွက်တော့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိသလို၊ ခင်ဗျားတို့ကလည်း ကျွန်တော့်ကို ကျိန်ဆဲနိုင်ပါတယ်။

ဟိုတစ်နေ့က TODAY သတင်းစာထဲမှာ တွေ့လိုက်ရတယ်။ ဒါဝင်ကြီးသာ သူ့ကို မြင်သွားရင် လူဆိုတာ မျောက်က ဆင်းသက်လာတာ ဆိုတဲ့ သူ့အယူအဆကို နောင်တရစရာ ရှိပါတယ်။ မဟုတ်ဘူး “၀က်”က ဆင်းသက်လာတာလို့လည်း ရှက်ရယ် ရယ်ရင်း သူ့အဆိုက ပြင်သွားနိုင်ပါတယ်။

အဲသလို ၀က်နဲ့ ဆင်ဆင်တူ သတ္တ၀ါမျိုးကွဲ ပြောသွားတာတွေက...
ခွင့်လွှတ်ပါဗျာ။ ရှာသာ ဖတ်ကြပါတော့။

ဆောင်းပါး၏မူလနေရာ
ဆန္ဒအသေများ (၁)
ဆန္ဒအသေများ (၂)

ဇင်ဝေသော်

နားဝင်မချို ( ၁၀ ) " ကြိုးတန်းလမ်းလျှောက် နိုင်ငံရေး "

ကျွန်ုပ်တို့ လက်ထက်၌ ပေါ်ထွက်လာသော ထူးခြားသည့် နိုင်ငံရေး ခေါင်းဆောင်များတွင် လီကွမ်းက တစ်ယောက် အပါအဝင် ဖြစ်သည်။ သူသည် အလွန် အသိဉာဏ်ကြီးမားသော ပုဂ္ဂိုလ် တစ်ယောက်လည်း ဖြစ်သည်။ သူနှင့်တွေ့တိုင်း သူနှင့် သဘောမတူ နိုင်သည် ဆိုစေဦးတော့ သူ ထံမှ ကျွန်တော် လေ့လာမှတ်သားခြင်းကိုမူ ရပ်တန့်၍ မရခဲ့ပါ။ ဤ စာအုပ်သည် အထင်ရှားဆုံး သာဓက တစ်ခု ဖြစ်သည်။
Dr Joseph S. Nye Jr,
University Distinguished Service Professor,
Harvard University, and author of The Powers to lead

မေး ။     ။ လူတွေ လက်ရှိအစိုးရကို ထောက်ခံနေတယ်။ လူတွေလက်ရှိအစိုးရကို မထောက်ခံတော့ဘူး။ ဒီအခြေအနေနှစ်ရပ်ကို အခြေခံပြီး မစ္စတာလီ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။    ။ ဒါက ဘယ်အချိန်မှာ ဒီလိုဖြစ်လာမလဲ။ တဖြည်းဖြည်းချင်းပဲ ဖြစ်လာမလား၊ ချက်ချင်းကြီး ဖြစ်လာမလားဆိုတာနဲ့ ဆိုင်တယ်။ လက်ရှိအစိုးရရဲ့ အရည်အသွေးတွေ ကျလာမယ်။ အတိုက်အခံအစိုးရရဲ့ အရည်အသွေးတွေလည်း တက်လာမယ်။ ဒါကို ပြည်သူလူထုက သဘောပေါက်တယ်။ ဒီလို တဖြည်းဖြည်းခြင်းဖြစ်လာရင် ပြောင်းလဲသင့်တဲ့ ပြောင်းလဲမှုမို့ ပြဿနာမရှိဘူး။ ဒီလိုမဟုတ်ဘဲ ရုတ်တရက်ကြီးပြောင်းလဲမယ်ဆိုရင်တော့ နိုင်ငံလည်း ထိုးဆင်းသွားလိမ့်မယ်။

မေး ။     ။ ချက်ချင်းကြီးရော ဖြစ်လာနိုင်လို့လား။

ဖြေ ။    ။ ငါ မပြောတတ်ဘူး။ ခေါင်းဆောင်တွေ အချင်းချင်းပြိုကွဲလာနိုင်တာပဲ။ အခြေခံမူတွေကိုပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ယုံကြည်မှုတွေအပေါ်မှာပဲဖြစ်ဖြစ်၊ အကြီးအကျယ် သဘောထားကွဲလွဲတာတွေ ရှိလာနိုင်တာပဲ။ ၁၉၆၁- ခုတုန်းက ဒါမျိုးဖြစ်လုနီးနီး ကြုံခဲ့ရဖူးတယ်။ ဒီတော့ လာမယ့်နှစ် ၂၀၊ ၃၀၊ ၄၀ ရဲ့ အနာဂတ်ကို ကြိုပြောလို့မရဘူး။ ဥပမာ- ဘယ်မူနဲ့သွားမှ စင်ကာပူရဲ့အနာဂတ် ကောင်းနိုင်မယ်ဆိုတဲ့ အယူအဆမျိုးတွေနဲ့ ပတ်သက်ပြီး သဘောထားကွဲသွားနိုင်တယ်။ လူတစ်ယောက်ဟာ နိုင်ငံတစ်ခုရဲ့ အနာဂတ်ကို ဆယ်နှစ်ထက်ပိုပြီး ကြိုတင်ဟောကိန်းထုတ်ဖို့ သိပ်မလွယ်တာပဲ။

စတာလင်ကိုပဲ ကြည့်ကွာ။ အရှေ့ဥရောပတစ်တိုက်လုံး၊ တောင်ပိုင်း၊ အရှေ့ပိုင်းအာရှ တစ်တိုက်လုံး သိမ်းယူတယ်။ တရုတ်လက်အောက်မှာရှိနေတဲ့ မွန်ဂိုလီယားပါ ပါတယ်။ အဲဒါ ၁၉၄၅- ခုက။ သူသေသွားတယ်။ ဒီစနစ်ကြီးတစ်ခုလုံး ဂေါ့ဘားချော့ လက်ထဲရောက် သွားတယ်။ သူက အဲဒီတော်လှန်ရေးကြီးကို မကျော်နိုင်ခဲ့ဘူး။

တိန်ရှောင့်ဖိန်ကိုကြည့်။ သူက တော်လှန်ရေးကို ကျော်နိုင်ခဲ့တယ်။ တရုတ်ပြည်ပြိုကွဲ သွားရင် ကိစ္စလည်းပြီးရောပဲ။ ဒါကို သူသဘောပေါက်တယ်။ Tiananmen အရေးအခင်းဖြစ်တော့ ဒီကျောင်းသားတွေကို မောင်းထုတ်၊ မရရင် ပစ်လို့ပြောခဲ့တာ။ အဲဒီတုန်းက ကျောင်းသားတွေ အရေးအခင်းမှာနိုင်သွားပြီဆိုရင် ဒီနေ့ တရုတ်ပြည်ဖြစ် လာနိုင်မလား။

အခု ငါပြောနိုင်တာကတော့ လာမည့်(၁၀) နှစ်မှာ စင်ကာပူ ပြဿနာမရှိနိုင်သေးဘူး။ ဒါမျိုးကို ကောင်းကောင်းထိန်းထားနိုင်တဲ့ စွမ်းရည်ပြည့်အဖွဲ့ရှိနေလို့။ နောက် ၁၅- နှစ်၊ နှစ် ၂၀၊ ၃၀ မှာ ဒီလိုမာတဲ့အဖွဲ့မျိုး ဆက်ရှိနိုင်မလားဆိုတာအပေါ် အခြေခံတယ်။ အဖွဲ့က အဖွဲ့၊ ခေါင်းဆောင်လည်းလိုတယ်။ လူထုနဲ့ ဆက်သွယ်၊ လူထုကို စည်းရုံးရင်းမောင်းနှင်၊ ဒါလောက်နဲ့ မရသေးဘူး။ လူထုယုံကြည်ကိုးစားတဲ့လူလည်း လိုတယ်။ ဒါကြောင့် မိန့်ခွန်းတွေ ငါလျှော့ပြောနေတာ။ ဒီကွက်လပ်ကို နောက်လူတွေ ဖြည့်စေချင်လို့။

မေး ။     ။ မထင်မှတ်ဘဲ အစိုးရပြိုကွဲသွားရင် ယာယီဝင်ထိန်းပေးနိုင်ဖို့ နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်တာလား။

ဖြေ ။    ။ အတိအကျပဲ။ ပီအေပီ ရှုံးသွားခဲ့ရင်တောင်မှ စင်ကာပူအတွက် တစ်ခုခုကျန်နေရစ်စေဖို့။ ဆိုပါတော့ ရုတ်တရက်ကြီး ထာဝရအတွင်းရေးမှူးတွေကို ပြောင်းမယ်။ စစ်တပ်အရာရှိကြီးတွေကို ပြောင်းမယ်။ ရဲအရာရှိတွေကို ပြောင်းမယ်။ ဘုတ်အဖွဲ့ ခေါင်းဆောင်တွေကို ပြောင်းမယ်ဆိုရင် စနစ်ကြီးတစ်ခုလုံး ပြိုလဲသွားမှာပေါ့။ သမ္မတက ဒါမျိုးကို ငါးနှစ်အထိ ထိန်းထားနိုင်တယ်။ သိပ်ပါးနပ်မယ်ဆိုရင် ဒုတိယသက်တမ်းပါ နိုင်အောင်လုပ်၊ ဒါဆို ပေါ်လစီကို ပြောင်းလဲလို့ရတယ်။ ပထမသက်တမ်းငါးနှစ်မှာတော့ မရနိုင်ဘူး။

သမ္မတက ဒါမျိုးကိစ္စကို ငါးနှစ်အထိ ထိန်းထားနိုင်တယ်ဆိုတော့ စင်ကာပူဟာ ငါးနှစ်အတွင်း ရုတ်တရက်ကြီး ထိုးကျမသွားနိုင်ဘူး။ အနည်းဆုံးဆယ်နှစ်အထိ ခံမယ်။ ဒီလိုမှ မလုပ်ရင် ပထမရွေးကောက်ပွဲသက်တမ်း ငါးနှစ်အတွင်းမှာ အခြေမကျ ကမောက်ကမ ဖြစ်သွားနိုင်တယ်။ အဲဒါမျိုး စင်ကာပူက လက်မခံနိုင်ဘူး။

မေး ။     ။ ဒါဆို တော်တော်ဂရုစိုက်ရမယ့် အနေအထားပဲ။ ဒီထက်ပိုပြီး အားကောင်းလာစရာ ရှိနိုင်မလား။

ဖြေ ။    ။ မင်းအခြေခံဥပဒေကိုသိတဲ့ ရှေ့နေတွေကို မေးကြည့်ပါလား။ ရွေးချယ် တင်မြှောက်ခံရတဲ့ အစိုးရကို အခြေခံဥပဒေ ဘာမှမပြင်ဆင်ရဘူးလို့ တားမြစ်ထားသလားလို့။ တကယ်လို့ သူတို့က မဲသုံးပုံနှစ်ပုံကို ရမယ်ဆိုရင် သူတို့လုပ်နိုင်ခွင့် တစ်ချို့ရှိတယ်။ ရက်ဖရင်ဒန်ကို အခြေခံပြီး သူတို့ကို တစ်ချို့ကိစ္စတွေကို တားမြစ်ထားနိုင်တယ်။ ဒါပေမယ့် သူတို့က ဒုတိယသက်တမ်းအထိ မြဲအောင်စွမ်းဆောင်နိုင်ရင် တစ်ချို့ဥပဒေတွေကို သူတို့ပြောင်းလဲပစ်နိုင်တယ်။

တို့က အခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်ခွင့်ပြုမထားရင် တော်လှန်ရေးဖြစ် လာလိမ့်မယ်။ ငါလန်ဒန်မှာနေတုန်းက Harold Laski ( နိုင်ငံရေးပညာရှင်၊ လေဘာပါတီခေါင်းဆောင်) ရဲ့ မိန့်ခွန်းကို နားထောင်ပြီး လေ့လာခဲ့ရတာ တစ်ခုရှိတယ်။ သူကပြောတယ်၊ ဦးနှောက်နဲ့ တော်လှန်ရေးလုပ်မလားတဲ့။ အဲဒီအချိန်တုန်းက လေဘာပါတီက အပြောင်းအလဲတွေလုပ်ဖို့ အားယူနေတုန်းပဲ။ ဒါမှမဟုတ်ရင် အကြမ်းဖက်တော်လှန်ရေး ဖြစ်သွားလိမ့်မယ်တဲ့။

တရုတ်နဲ့ အိန္ဒိယကို နှိုင်းယှဉ်ကြည့်ပေါ့။ နှစ်နိုင်ငံလုံး အစွန်းရောက်နေတယ်။ တရုတ်ပြည်က ကွန်မြူနစ်ပါတီ အာဏာကို လက်လွတ်ခံမယ်လို့ မမြင်မိဘူး။ သူတို့ကိုယ်တိုင် ပေါ်လစီပြောင်းတာ၊ မျိုးဆက်သစ်အမြင်သစ်ရှိသူတွေ ပါတီထဲမှာပါလာပြီး သူတို့ကိုယ်တိုင်က ပြောင်းလဲတာကလွဲရင်ပေါ့။ တရုတ်ပြည်မှာ တော်လှန်ရေးကြောင့် နိုင်ငံရေးပြောင်းလဲတာ မရှိဖူးဘူး။ တိန်ရှောင့်ဖိန်က နိုင်ငံရေးအပြောင်းအလဲ၊ ခေါင်းဆောင်အပြောင်းအလဲကို သူကိုယ်တိုင်ပုံဖော်ကြိုးစားခဲ့တယ်။ တရုတ်ပြည်မှာ ဒါမျိုးဖြစ်လေ့ဖြစ်ထမရှိဘူး။ ဒါကြောင့်ပဲ ရုရှားမှာလို မရိုးသားမှုတွေနဲ့ အကြမ်းဖက်တော်လှန်ကူးပြောင်းရေး ဖြစ်သွားတယ်။ လက်ရှိဖြစ်ပျက်နေတာတွေကိုကြည့်ရင် အခြေခံဥပဒေမူကြမ်းနဲ့ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲ စနစ်နဲ့ပဲဖြစ်ဖြစ် အာဏာကို လက်လွတ်ခံလိမ့်မယ်လို့ မမြင်မိဘူး။

အိန္ဒိယက နောက်ထပ်အစွန်းတစ်ခု။ သဘောမတူတဲ့ ပြည်နယ်တိုင်းကို သူတို့သဘောကျ စီမံကြဖို့ ခွင့်ပြုထားတယ်။ ပြည်နယ်တွေရဲ့နယ်ခြားစည်းဆိုရင်လည်း အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက ဘာသာစကားတူတဲ့လူတွေ ပေါင်းစည်းမိအောင်ဆိုပြီး အမြဲတမ်း ရွှေ့ပြောင်းစည်းခြားခဲ့ကြတယ်။ အဲသလိုမှ မလုပ်ဘူးဆိုရင်လည်း အိန္ဒိယကွဲထွက်သွားမယ်။

သူတို့က အစွန်းနှစ်ဖက်ပဲ။ ငါတို့ စင်ကာပူက ဒီကြားထဲမှာလို့ ငါထင်တယ်။ ဒါကြောင့် ငါတို့နိုင်ငံရေးဟာ အခြေခံဥပဒေမူကြမ်းအားဖြင့်ဖြစ်စေ၊ ရွေးကောက်တင်မြှောက်တဲ့ စနစ်အားဖြင့်ဖြစ်စေ ပြောင်းလဲယူလို့ရတယ်။

လူထုကို စည်းရုံးနိုင်ရင်ပြောင်းလဲလို့ရတယ်ဆိုတဲ့နောက် ဘာကြောင့်လမ်းပေါ်ထွက် ဆန္ဒပြနေကြတော့မှာလဲ။ မင်းအယူအဆမှန်တယ်လို့ထင်ရင် အစိုးရကလည်း မတားပါဘူး။ လက်ကမ်းစာစောင်တွေ ရိုက်ပြီးဝေ၊ အဆောက်အဦးတွင်း အစည်းအဝေးတွေလုပ်ပေါ့။ အစိုးရက ဒါမျိုးတွေကို မတားပါဘူး။

မေး ။     ။ စင်ကာပူအတွက် အစိုးရိမ်ဆုံးအချက်က ဘာပါလဲ။

ဖြေ ။    ။ ခေါင်းဆောင်မှုနဲ့ လူထုရဲ့အမြင်၊ လူထုအမြင်ဆိုတာ လက်ရှိအစိုးရ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို နားလည်သဘောပေါက်မှုလွဲတာကို ပြောတာ။ လူနည်းစု အလွန် ညီညွတ်တယ်။ ယှဉ်ပြိုင်ဖို့ အားသန်တယ်။ အပြည်ပြည်ဆိုင်ရာ ယုံကြည်မှု အပြည့်အဝ ရှိတယ်။ နိုင်ငံကြီးတွေနဲ့ ဆက်ဆံရာမှာ အရည်အသွေးပြည့်မီတယ်။

ဒီလူစုလေးဆုံးရှုံးရင် ငါတို့ကျရှုံးမှာပဲ။ တို့နိုင်ငံ ချက်ချင်းထိုးဆင်းသွားနိုင်တယ်။


ဇင်ဝေသော်

နားဝင်မချို ( ၉ ) "တတိယ ဂျင်နရေးရှင်း နဲ့ စိတ်ဓာတ်ပြင်ဆင်မှု"

လီကွမ်ယု၏ ၃၂ နာရီကြာ အင်တာဗျူး စာအုပ်သည် နယ်ပယ်ပေါင်များစွာကို မေး ဖြေခဲ့ကြသည့်အလျှောက် အရောင်အသွေး တို့ကလည်း စုံလှသည်။ ဤစာအုပ်ကြောင့်ပင် ကျွန်ုပ်တို့ အမေရိကန်တွေအားလုံး သိခဲ့ရသည့် အချက် တစ်ချက်ရှိခဲ့သည်။ ယင်းကား ထူးခြားသော ဤ နိုင်ငံခေါင်းဆောင် တစ်ယောက်သည် ဗြိတိသျှကိုလိုနီတို့၏ လုယက်မှုကို ခံခဲ့ရသော၊ ဒုတိယ ကမ္ဘာ စစ်အတွင်း ဂျပန်တို့ နှိပ်စက်မှု မျိုးစုံကို လည်စင်းပေးခဲ့ရသော၊ သေးမွှားလှသော နိုင်ငံ တစ်ခုကို ကမ္ဘာ့ထိပ်တန်း နိုင်ငံ တစ် နိုင်ငံဖြစ်အောင် ဘယ်မျှ ကြိုးစားခဲ့သည် ဆိုသော အချက်ပင် ဖြစ်သည်။

ဟားဘတ် တက္ကသိုလ်ကို လက်ချာပေးဖို့ သူ ရောက်လာခဲ့သည့် အချိန်မှ စ၍ လီကွမ်ယုနှင့် သိကျွမ်းခဲ့သည်၊ ယခုဆို ၄၅ နှစ်ပင် ကျော်ခဲ့လေပြီ။ သူ့အပေါ် ကျွန်ုပ်ထားရှိသည့် လေးစားမှုက ကြီးလှသည်။ ရာစုဝက်အတွင်း ပေါ်ထွက်သည့် အနာဂတ်ကို ကြိုမြင်နိုင်သော၊ အခြေအနေကို အမှန်အတိုင်း သုံးသပ်နိုင်သော ထိပ်တန်း အမျိုးသား ခေါင်းဆောင်များတွင် သူက အထင်ကရ တစ်ဦး ဖြစ်နေသည်။ သူ့ မျက်စေ့ နှစ်လုံးက အနာဂတ်ကို ကြည့်နေဆဲ ဖြစ်ပြီး စင်ကာပူ၏ အခက်အခဲကို မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရသော၊ အနာဂတ်၌ ခေါင်းဆောင် လူငယ်တို့ကို ဤ အင်တာဗျူးဖြင့် သူ ရွေးချယ်ခဲ့ရပြီး အနာဂတ်၌ ကြုံတွေ့လာနိုင်စရာလည်းရှိသော ခရောင်းလမ်းကို ခပ်စပ်စပ် လက်တို့ ပြောသွားသည်။ ထို သင်္ခန်းစာတို့သည် စင်ကာပူ အတွက်သာ မက နိုင်ငံအားလုံးအတွက် လေ့လာစရာများ ဖြစ်ပြီး ဤ စာအုပ်သည်လည်း ကမ္ဘာ့နိုင်ငံရေး သမားများ အပေါ် တလင်းလက်လက် ရှိနေပေလိမ့်မည်။
Dr. Henry A. Kissinger, US Secretary of State, 1973-1977



မေး ။     ။ မလေးရှားမှာဖြစ်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲကို နိုင်ငံတော်ပြုပြင် တည်ဆောက်ရေး အပြောင်းအလဲ တစ်ခုအနေနဲ့ မစ္စတာလီ ပြောခဲ့တယ်နော်။ ဒီပြောင်းလဲမှုရဲ့ အကြောင်းတစ်ရပ်က လူငယ်ထုက အတိုက်အခံပါတီကို မဲပေးနေကြတာပဲ။ တကမ္ဘာလုံးမှာရှိတဲ့ လူငယ်ထုအားလုံးက အပြောင်းအလဲကို လိုလားနေကြတယ်။ ဒီလို အပြောင်းအလဲ စင်ကာပူမှာဖြစ်လာဖို့ မမြင်မိဘူးလား။

ဖြေ ။    ။ စင်ကာပူမှာ ဘာအတွက်ပြောင်းလဲကြမှာလဲ။ အပြောင်းအလဲဆိုတာ အချိန်နဲ့ တပြေးညီရောက်လာတယ်။ ယုံကြည်စိတ်ချလောက်တဲ့ နောက်ထပ်ရွေးချယ်စရာရှိရင်တော့ ကောင်းတာပေါ့။ အနောက်က ပြန်ရောက်လာတဲ့လူတွေရှိတယ်။ သူတို့စာတွေ ငါဖတ်ဖြစ်ပါတယ်။ သူတို့ကဆိုတယ် “ဝန်ကြီးတွေကို ဒီလောက်အများကြီး လစာတွေပေးနေ ရတယ်လို့၊ အဓိပ္ပါယ်မရှိ” ဆိုတာမျိုးတွေ။ နောက်တော့ သူတို့လည်း ငြိမ်သွားကြတယ်။ ဘာ့ကြောင့်လဲ။ ဒါတွေက ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်နေတာတွေမို့ပဲ။ ဆိုပါတော့။ ဝန်ကြီးတစ်ယောက် သူ့မိသားစုကို စတေး၊ သူ့ဘဝကို စတေးပြီး နှစ်ပေါင်း ၂၀- ကျော်ကြာအောင် အလုပ်လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်လို့ရမလား။ သူတို့ကိုယ်သူတို့ အနစ်နာခံတာက ဟုတ်တယ်။ သူတို့မှာ မိသားစုတွေရှိသေးတယ်။ မိသားစုကို ထောက်ပံ့ကြရဦးမယ်။ တို့လက်တွေ့ကျကျ စဉ်းစားရမယ်။ တို့ အခုနေနေတာက အရင်ကနဲ့ မတူဘူး။ ငါတို့မျိုးဆက်ကလို ဝန်ကြီးတွေ ဒီနေ့ ထပ်မွေးထုတ်လို့ မရနိုင်တော့ဘူး။

မေး ။     ။ တစ်ချိန်ချိန်မှာ လူထုက လက်ရှိအစိုးရကို ငြီးငွေ့လာမယ်လို့ စောစောပိုင်းက ပြောခဲ့တယ်နော်။ အဲဒါ ဘာကိုဆိုလိုတာပါလဲ။

ဖြေ ။    ။ လက်ရှိအစိုးရက အရည်အသွေးကျသွားလို့ပဲဖြစ်ဖြစ်၊ အတိုက်အခံပါတီက တက်လာလို့ပဲဖြစ်ဖြစ် အစိုးရသစ်ကို စမ်းကြည့်ကြရအောင်လို့ လူထုကပြောလာတဲ့အချိန်မျိုး ရောက်လာမယ်လေ။

ဂျပန်မှာဆိုရင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ၁၉၅၀- ခုနှစ်ကစပြီး ရှိနေခဲ့တယ်။ ၁၉၅၅- ခုကျော်တဲ့အထိခံမယ်လို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် သူတို့ တစိတ်တပိုင်း ပြိုကွဲသွားကြတယ်။ အဲဒါ အတွေးအခေါ်ဟောင်းတွေကို သူတို့ယူလာခဲ့ကြလို့။

ဘယ်စနစ်မှ ထာဝရမခံဘူး။ ဒါသေချာတယ်။ လာမည့် ၁၀- နှစ်၊ အနှစ် ၂၀- မှာ ဒါမျိုး စင်ကာပူမှာဖြစ်လိမ့်မယ်လို့ ငါတော့မထင်မိဘူး။ ကျော်သွားရင်တော့ ငါလည်းမပြောတတ်ဘူး။ အရည်အသွေးလည်းရှိ၊ အနစ်နာလည်းခံ၊ လူထုနဲ့လည်း တသားတည်းဖြစ်နေနိုင်တဲ့လူတွေ အမြဲတမ်းရှိနေနိုင်ပါ့မလား။ မျှော်တော့ မျှော်လင့်မိတယ်။ ဖြစ်၊ မဖြစ် မသိဘူး။

ငါမြင်တာကတော့ ငါတို့မြေးတွေရဲ့လက်ထက်မှာ အပြောင်းအလဲဖြစ်လိမ့်မယ်။ မျိုးဆက်တိုင်းမှာ တန်ဖိုးနဲ့ စိတ်ဓာတ်တွေ ပြောင်းလဲနေတယ်။ ငါ့အဘိုးလို၊ ငါ့ဦးလေးလို ငါတော့ တစ်သက်လုံးလူထုအလုပ်တွေ လုပ်မသွားနိုင်ပါဘူးဆိုတဲ့ အမြင်တွေရှိလာလိမ့်မယ်။ မဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ အရာခပ်သိမ်းက ပြောင်းလဲနေတယ်။ ဒါဆို နောက်တစ်ယောက်ကို အခွင့်အရေးပေးလိုက်ပေါ့။ ဒါဖြင့် အဲဒီနောက်တစ်ယောက်က ဘယ်သူလဲ။ အထက်ကပြောခဲ့သလို လူတော်တွေ တို့မှာရှိပြီလား။ သိပ်မရှိဘူး။

ဒါကြောင့် လာမည့်နှစ်(၃၀) ရဲ့ အနာဂတ်ကို ငါမဖတ်တတ်ဘူးပြောတာ။ ဆိုပါတော့ ဒီပါတီကွဲသွားတယ်။ တချို့နိုင်ငံရေးကနေ ထွက်သွားမယ်။ တချို့ပြန်ဝင်လာပြီး အစိုးရဝင်လုပ်တယ်။ ဒါမျိုးတွေပေါ့။

မေး ။     ။ လူငယ်မျိုးဆက်သစ်တွေ နိုင်ငံရေးထဲဝင်လာဖို့ မလိုဘူးလို့ သူတို့ကိုယ်သူတို့ ခံစားနေရတာဟာ ကျွန်တော်တို့က စိတ်ကြိုက်သူတို့ကို ဒီလိုဖြစ်အောင် လေ့ကျင့် ထိန်းကျောင်း ပေးခဲ့လို့လား။ ဒါမှမဟုတ် တိုက်ဆိုင်မှုလား။

ဖြေ ။    ။ လူ့အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ ပြောင်းလဲတတ်တာ။ ဆိုပါတော့၊ ငါ့သားနဲ့ သမီးရဲ့ ကလေးတွေလက်ထက်မှာ ဒါတွေဖြစ်လာမှာ။ ဟားဗတ်မှာနေရင်း ရင်းနှီးခဲ့ရတဲ့ Eloit က ဆရာကြီးပြောတာကို သတိရမိတယ်။ သုံးနှစ်ပြည့်တိုင်း သူတို့မျိုးဆက်သစ်တစ်ခုရတယ်တဲ့။ စိတ်ဓာတ်တွေ ပြောင်းလဲတတ်တယ်တဲ့။ အမေရိကကတော့ အပြောင်းအလဲမြန်တဲ့ နေရာလေ။ စင်ကာပူမှာတော့ ဆယ်နှစ်တိုင်းမှာ မျိုးဆက်တစ်ဆက်ပြောင်းတယ်လို့ ဆိုရမယ်။

လူတွေက သူတို့ကြုံတွေ့နေရတာကိုပဲ အခြေခံမူအနေနဲ့ သုံးသပ်ကြတာ။ နောက်ဆယ်နှစ်ဆိုပါတော့ကွာ၊ မရီနာပရော့ဂျက်လည်း ပြီးပြီ။ ကာစီနို၊ ရေမြောင်း ဆက်သွယ်ရေးတွေလည်း အားလုံးပြီးစီးနေပြီ။ အဲဒီအချိန်မှာ ဘွဲ့ရတဲ့ကလေးတွေက ဒါတွေဟာ သူတို့ရပိုင်ခွင့်လို့ ထင်နေကြပြီ။ ဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ သူတို့ သဘောမပေါက်နိုင်တော့ဘူး။

မေး ။     ။ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ အကျင့်မပျက်တဲ့ အစိုးရ၊ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ခြင်း၊ စတဲ့တန်ဖိုးတွေ စင်ကာပူမှာရှိနေပြီလို့ဆိုရင် မရနိုင်ဘူးလား။

ဖြေ ။    ။ ဒါက ဘယ်လောက်ခိုင်မာနေလို့လဲ။ အမေရိကကိုကြည့် သူတို့ စစ်ပွဲကြီးနှစ်ပွဲ ဝင်ခဲ့ရတယ်။ ပထမကမ္ဘာစစ်မှာ လူမည်းတွေက လူဖြူတွေရဲ့ ပစ္စည်းသယ်ပိုးသူတွေ၊ ဒုတိယကမ္ဘာစစ်ပွဲမှာ လူဖြူလူမည်း အတူလက်တွဲပြီး တိုက်ခဲ့ကြတယ်။ စစ်ပြီးတော့ အိမ်ပြန်ကြတယ်။ လူမည်းတွေက ဆင်းရဲသားဆင်ခြေဖုံးကိုပြန်ရောက်၊ လူဖြူတွေက မြို့ပြကြီးတွေမှာ ပြန်ရောက်။ ဒီအခြေအနေကနေ ဘယ်လောက်များ တိုးတက်လာနေလို့လဲ။

မေး ။     ။ လတ်တလော နိုင်ငံရေးစနစ်ကိုကြည့်ပြီး နိုင်ငံရေးအားပြိုင်မှုအပေါ်မှာ ကျေနပ်အားရမှုရှိပါသလား။

ဖြေ ။    ။ ပညာတတ်အုပ်စုတစ်ခုလောက် အတိုက်အခံအနေနဲ့ရှိနေရင် ကျေနပ်စရာပါပဲ။ အခုတို့မှာ NMP အဖွဲ့ရှိတယ်။ သူတို့ပြောတာတွေက အတိုက်အခံပါတီပြောတာထက် ပိုအဓိပ္ပါယ်ရှိတယ်။ သူတို့ နိုင်ငံရေးထဲဝင်လာမလား။ မဝင်ဘူး။ သူတို့က ခေါင်းရှိတယ်။ ဗဟုသုတရှိတယ်။ နိုင်ငံရေးလို ခရီးကြမ်းကို သူတို့မလျှောက်ဘူး။

မေး ။     ။ တော်တော်များများ ပြောကြတာကတော့ ပီအေပီက ခြိမ်းတာခြောက်တာ ခံကြရတယ်တဲ့။ ဖြိုခွဲခံရမှာစတာတွေကို သူတို့ကြောက်ကြတာ။

ဖြေ ။    ။ မဟုတ်ပါဘူး။ မင်းကော ခြိမ်းခြောက်တာ ခံနေရလို့လား။

မေး ။     ။ ဒီမေးခွန်းကို မေးနေမှတော့ ကျွန်တော်ကိုယ်တိုင်တော့ ခြိမ်းတာခြောက်တာ မခံရဘူးပေါ့။ လူတွေနဲ့ အင်တာဗျူးတိုင်း သူတို့ကြောက်နေကြတယ်ဆိုတာကတော့ ထင်ရှားတဲ့ သာဓကပဲ။ သူတို့ ဖွင့်ပြောကြတယ်။ ဒီအတွေးအခေါ်က ပညာရှင်တွေကြားထဲ မှာတောင် စိမ့်ဝင်နေတယ်။

ဖြေ ။    ။ ဒါကို ဘာလို့ယုံနေရတာလဲ။ မိန်းမလျာအခွင့်အရေးမှာ ရှေ့ကရပ်လာတဲ့ Seiw Kum Hong ရှိတယ်။ သူ့ကို မခြောက်လှန့်ခဲ့ပါဘူး။ သူအလုပ်သမားပါတီနဲ့ပေါင်းမလား။ တို့မတားပါဘူး။ သူ တို့ကို လာစရင် တို့က သူ့ကိုပြန်ချမယ်။ ဒါက နိုင်ငံရေးပဲလေ။ မင်းက ဒါကို ခြိမ်းခြောက်တာလို့ ပြောချင်တာလား။ ကောင်းပြီ။ G. W. Bush ဆိုရင် ခြိမ်းခြောက်မှုတွေထဲက ထွက်လာတာပဲ။ ပထမ Al Gore ၊ ဒုတိယ John Kerry ။ ဂျွန်ကယ်ရီနဲ့ အယ်ဂိုးတို့က သူ့ထက်ခေါင်းပိုကောင်းတယ်။ ဒါပေမယ့် ဘု(ရှ်) က Karl Rove ဆိုတဲ့ အကြံပေးကောင်းရှိတယ်။ ဒါနဲ့ သူ့တက်လာတာ။ (Karl Rove – Political Strategist and former top aide to President George .W . Bush)


ဇင်ဝေသော်