နားဝင်မချို ( ၉ ) "တတိယ ဂျင်နရေးရှင်း နဲ့ စိတ်ဓာတ်ပြင်ဆင်မှု"

လီကွမ်ယု၏ ၃၂ နာရီကြာ အင်တာဗျူး စာအုပ်သည် နယ်ပယ်ပေါင်များစွာကို မေး ဖြေခဲ့ကြသည့်အလျှောက် အရောင်အသွေး တို့ကလည်း စုံလှသည်။ ဤစာအုပ်ကြောင့်ပင် ကျွန်ုပ်တို့ အမေရိကန်တွေအားလုံး သိခဲ့ရသည့် အချက် တစ်ချက်ရှိခဲ့သည်။ ယင်းကား ထူးခြားသော ဤ နိုင်ငံခေါင်းဆောင် တစ်ယောက်သည် ဗြိတိသျှကိုလိုနီတို့၏ လုယက်မှုကို ခံခဲ့ရသော၊ ဒုတိယ ကမ္ဘာ စစ်အတွင်း ဂျပန်တို့ နှိပ်စက်မှု မျိုးစုံကို လည်စင်းပေးခဲ့ရသော၊ သေးမွှားလှသော နိုင်ငံ တစ်ခုကို ကမ္ဘာ့ထိပ်တန်း နိုင်ငံ တစ် နိုင်ငံဖြစ်အောင် ဘယ်မျှ ကြိုးစားခဲ့သည် ဆိုသော အချက်ပင် ဖြစ်သည်။

ဟားဘတ် တက္ကသိုလ်ကို လက်ချာပေးဖို့ သူ ရောက်လာခဲ့သည့် အချိန်မှ စ၍ လီကွမ်ယုနှင့် သိကျွမ်းခဲ့သည်၊ ယခုဆို ၄၅ နှစ်ပင် ကျော်ခဲ့လေပြီ။ သူ့အပေါ် ကျွန်ုပ်ထားရှိသည့် လေးစားမှုက ကြီးလှသည်။ ရာစုဝက်အတွင်း ပေါ်ထွက်သည့် အနာဂတ်ကို ကြိုမြင်နိုင်သော၊ အခြေအနေကို အမှန်အတိုင်း သုံးသပ်နိုင်သော ထိပ်တန်း အမျိုးသား ခေါင်းဆောင်များတွင် သူက အထင်ကရ တစ်ဦး ဖြစ်နေသည်။ သူ့ မျက်စေ့ နှစ်လုံးက အနာဂတ်ကို ကြည့်နေဆဲ ဖြစ်ပြီး စင်ကာပူ၏ အခက်အခဲကို မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရသော၊ အနာဂတ်၌ ခေါင်းဆောင် လူငယ်တို့ကို ဤ အင်တာဗျူးဖြင့် သူ ရွေးချယ်ခဲ့ရပြီး အနာဂတ်၌ ကြုံတွေ့လာနိုင်စရာလည်းရှိသော ခရောင်းလမ်းကို ခပ်စပ်စပ် လက်တို့ ပြောသွားသည်။ ထို သင်္ခန်းစာတို့သည် စင်ကာပူ အတွက်သာ မက နိုင်ငံအားလုံးအတွက် လေ့လာစရာများ ဖြစ်ပြီး ဤ စာအုပ်သည်လည်း ကမ္ဘာ့နိုင်ငံရေး သမားများ အပေါ် တလင်းလက်လက် ရှိနေပေလိမ့်မည်။
Dr. Henry A. Kissinger, US Secretary of State, 1973-1977



မေး ။     ။ မလေးရှားမှာဖြစ်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲကို နိုင်ငံတော်ပြုပြင် တည်ဆောက်ရေး အပြောင်းအလဲ တစ်ခုအနေနဲ့ မစ္စတာလီ ပြောခဲ့တယ်နော်။ ဒီပြောင်းလဲမှုရဲ့ အကြောင်းတစ်ရပ်က လူငယ်ထုက အတိုက်အခံပါတီကို မဲပေးနေကြတာပဲ။ တကမ္ဘာလုံးမှာရှိတဲ့ လူငယ်ထုအားလုံးက အပြောင်းအလဲကို လိုလားနေကြတယ်။ ဒီလို အပြောင်းအလဲ စင်ကာပူမှာဖြစ်လာဖို့ မမြင်မိဘူးလား။

ဖြေ ။    ။ စင်ကာပူမှာ ဘာအတွက်ပြောင်းလဲကြမှာလဲ။ အပြောင်းအလဲဆိုတာ အချိန်နဲ့ တပြေးညီရောက်လာတယ်။ ယုံကြည်စိတ်ချလောက်တဲ့ နောက်ထပ်ရွေးချယ်စရာရှိရင်တော့ ကောင်းတာပေါ့။ အနောက်က ပြန်ရောက်လာတဲ့လူတွေရှိတယ်။ သူတို့စာတွေ ငါဖတ်ဖြစ်ပါတယ်။ သူတို့ကဆိုတယ် “ဝန်ကြီးတွေကို ဒီလောက်အများကြီး လစာတွေပေးနေ ရတယ်လို့၊ အဓိပ္ပါယ်မရှိ” ဆိုတာမျိုးတွေ။ နောက်တော့ သူတို့လည်း ငြိမ်သွားကြတယ်။ ဘာ့ကြောင့်လဲ။ ဒါတွေက ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်နေတာတွေမို့ပဲ။ ဆိုပါတော့။ ဝန်ကြီးတစ်ယောက် သူ့မိသားစုကို စတေး၊ သူ့ဘဝကို စတေးပြီး နှစ်ပေါင်း ၂၀- ကျော်ကြာအောင် အလုပ်လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်လို့ရမလား။ သူတို့ကိုယ်သူတို့ အနစ်နာခံတာက ဟုတ်တယ်။ သူတို့မှာ မိသားစုတွေရှိသေးတယ်။ မိသားစုကို ထောက်ပံ့ကြရဦးမယ်။ တို့လက်တွေ့ကျကျ စဉ်းစားရမယ်။ တို့ အခုနေနေတာက အရင်ကနဲ့ မတူဘူး။ ငါတို့မျိုးဆက်ကလို ဝန်ကြီးတွေ ဒီနေ့ ထပ်မွေးထုတ်လို့ မရနိုင်တော့ဘူး။

မေး ။     ။ တစ်ချိန်ချိန်မှာ လူထုက လက်ရှိအစိုးရကို ငြီးငွေ့လာမယ်လို့ စောစောပိုင်းက ပြောခဲ့တယ်နော်။ အဲဒါ ဘာကိုဆိုလိုတာပါလဲ။

ဖြေ ။    ။ လက်ရှိအစိုးရက အရည်အသွေးကျသွားလို့ပဲဖြစ်ဖြစ်၊ အတိုက်အခံပါတီက တက်လာလို့ပဲဖြစ်ဖြစ် အစိုးရသစ်ကို စမ်းကြည့်ကြရအောင်လို့ လူထုကပြောလာတဲ့အချိန်မျိုး ရောက်လာမယ်လေ။

ဂျပန်မှာဆိုရင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ၁၉၅၀- ခုနှစ်ကစပြီး ရှိနေခဲ့တယ်။ ၁၉၅၅- ခုကျော်တဲ့အထိခံမယ်လို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် သူတို့ တစိတ်တပိုင်း ပြိုကွဲသွားကြတယ်။ အဲဒါ အတွေးအခေါ်ဟောင်းတွေကို သူတို့ယူလာခဲ့ကြလို့။

ဘယ်စနစ်မှ ထာဝရမခံဘူး။ ဒါသေချာတယ်။ လာမည့် ၁၀- နှစ်၊ အနှစ် ၂၀- မှာ ဒါမျိုး စင်ကာပူမှာဖြစ်လိမ့်မယ်လို့ ငါတော့မထင်မိဘူး။ ကျော်သွားရင်တော့ ငါလည်းမပြောတတ်ဘူး။ အရည်အသွေးလည်းရှိ၊ အနစ်နာလည်းခံ၊ လူထုနဲ့လည်း တသားတည်းဖြစ်နေနိုင်တဲ့လူတွေ အမြဲတမ်းရှိနေနိုင်ပါ့မလား။ မျှော်တော့ မျှော်လင့်မိတယ်။ ဖြစ်၊ မဖြစ် မသိဘူး။

ငါမြင်တာကတော့ ငါတို့မြေးတွေရဲ့လက်ထက်မှာ အပြောင်းအလဲဖြစ်လိမ့်မယ်။ မျိုးဆက်တိုင်းမှာ တန်ဖိုးနဲ့ စိတ်ဓာတ်တွေ ပြောင်းလဲနေတယ်။ ငါ့အဘိုးလို၊ ငါ့ဦးလေးလို ငါတော့ တစ်သက်လုံးလူထုအလုပ်တွေ လုပ်မသွားနိုင်ပါဘူးဆိုတဲ့ အမြင်တွေရှိလာလိမ့်မယ်။ မဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ အရာခပ်သိမ်းက ပြောင်းလဲနေတယ်။ ဒါဆို နောက်တစ်ယောက်ကို အခွင့်အရေးပေးလိုက်ပေါ့။ ဒါဖြင့် အဲဒီနောက်တစ်ယောက်က ဘယ်သူလဲ။ အထက်ကပြောခဲ့သလို လူတော်တွေ တို့မှာရှိပြီလား။ သိပ်မရှိဘူး။

ဒါကြောင့် လာမည့်နှစ်(၃၀) ရဲ့ အနာဂတ်ကို ငါမဖတ်တတ်ဘူးပြောတာ။ ဆိုပါတော့ ဒီပါတီကွဲသွားတယ်။ တချို့နိုင်ငံရေးကနေ ထွက်သွားမယ်။ တချို့ပြန်ဝင်လာပြီး အစိုးရဝင်လုပ်တယ်။ ဒါမျိုးတွေပေါ့။

မေး ။     ။ လူငယ်မျိုးဆက်သစ်တွေ နိုင်ငံရေးထဲဝင်လာဖို့ မလိုဘူးလို့ သူတို့ကိုယ်သူတို့ ခံစားနေရတာဟာ ကျွန်တော်တို့က စိတ်ကြိုက်သူတို့ကို ဒီလိုဖြစ်အောင် လေ့ကျင့် ထိန်းကျောင်း ပေးခဲ့လို့လား။ ဒါမှမဟုတ် တိုက်ဆိုင်မှုလား။

ဖြေ ။    ။ လူ့အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ ပြောင်းလဲတတ်တာ။ ဆိုပါတော့၊ ငါ့သားနဲ့ သမီးရဲ့ ကလေးတွေလက်ထက်မှာ ဒါတွေဖြစ်လာမှာ။ ဟားဗတ်မှာနေရင်း ရင်းနှီးခဲ့ရတဲ့ Eloit က ဆရာကြီးပြောတာကို သတိရမိတယ်။ သုံးနှစ်ပြည့်တိုင်း သူတို့မျိုးဆက်သစ်တစ်ခုရတယ်တဲ့။ စိတ်ဓာတ်တွေ ပြောင်းလဲတတ်တယ်တဲ့။ အမေရိကကတော့ အပြောင်းအလဲမြန်တဲ့ နေရာလေ။ စင်ကာပူမှာတော့ ဆယ်နှစ်တိုင်းမှာ မျိုးဆက်တစ်ဆက်ပြောင်းတယ်လို့ ဆိုရမယ်။

လူတွေက သူတို့ကြုံတွေ့နေရတာကိုပဲ အခြေခံမူအနေနဲ့ သုံးသပ်ကြတာ။ နောက်ဆယ်နှစ်ဆိုပါတော့ကွာ၊ မရီနာပရော့ဂျက်လည်း ပြီးပြီ။ ကာစီနို၊ ရေမြောင်း ဆက်သွယ်ရေးတွေလည်း အားလုံးပြီးစီးနေပြီ။ အဲဒီအချိန်မှာ ဘွဲ့ရတဲ့ကလေးတွေက ဒါတွေဟာ သူတို့ရပိုင်ခွင့်လို့ ထင်နေကြပြီ။ ဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ သူတို့ သဘောမပေါက်နိုင်တော့ဘူး။

မေး ။     ။ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ အကျင့်မပျက်တဲ့ အစိုးရ၊ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ခြင်း၊ စတဲ့တန်ဖိုးတွေ စင်ကာပူမှာရှိနေပြီလို့ဆိုရင် မရနိုင်ဘူးလား။

ဖြေ ။    ။ ဒါက ဘယ်လောက်ခိုင်မာနေလို့လဲ။ အမေရိကကိုကြည့် သူတို့ စစ်ပွဲကြီးနှစ်ပွဲ ဝင်ခဲ့ရတယ်။ ပထမကမ္ဘာစစ်မှာ လူမည်းတွေက လူဖြူတွေရဲ့ ပစ္စည်းသယ်ပိုးသူတွေ၊ ဒုတိယကမ္ဘာစစ်ပွဲမှာ လူဖြူလူမည်း အတူလက်တွဲပြီး တိုက်ခဲ့ကြတယ်။ စစ်ပြီးတော့ အိမ်ပြန်ကြတယ်။ လူမည်းတွေက ဆင်းရဲသားဆင်ခြေဖုံးကိုပြန်ရောက်၊ လူဖြူတွေက မြို့ပြကြီးတွေမှာ ပြန်ရောက်။ ဒီအခြေအနေကနေ ဘယ်လောက်များ တိုးတက်လာနေလို့လဲ။

မေး ။     ။ လတ်တလော နိုင်ငံရေးစနစ်ကိုကြည့်ပြီး နိုင်ငံရေးအားပြိုင်မှုအပေါ်မှာ ကျေနပ်အားရမှုရှိပါသလား။

ဖြေ ။    ။ ပညာတတ်အုပ်စုတစ်ခုလောက် အတိုက်အခံအနေနဲ့ရှိနေရင် ကျေနပ်စရာပါပဲ။ အခုတို့မှာ NMP အဖွဲ့ရှိတယ်။ သူတို့ပြောတာတွေက အတိုက်အခံပါတီပြောတာထက် ပိုအဓိပ္ပါယ်ရှိတယ်။ သူတို့ နိုင်ငံရေးထဲဝင်လာမလား။ မဝင်ဘူး။ သူတို့က ခေါင်းရှိတယ်။ ဗဟုသုတရှိတယ်။ နိုင်ငံရေးလို ခရီးကြမ်းကို သူတို့မလျှောက်ဘူး။

မေး ။     ။ တော်တော်များများ ပြောကြတာကတော့ ပီအေပီက ခြိမ်းတာခြောက်တာ ခံကြရတယ်တဲ့။ ဖြိုခွဲခံရမှာစတာတွေကို သူတို့ကြောက်ကြတာ။

ဖြေ ။    ။ မဟုတ်ပါဘူး။ မင်းကော ခြိမ်းခြောက်တာ ခံနေရလို့လား။

မေး ။     ။ ဒီမေးခွန်းကို မေးနေမှတော့ ကျွန်တော်ကိုယ်တိုင်တော့ ခြိမ်းတာခြောက်တာ မခံရဘူးပေါ့။ လူတွေနဲ့ အင်တာဗျူးတိုင်း သူတို့ကြောက်နေကြတယ်ဆိုတာကတော့ ထင်ရှားတဲ့ သာဓကပဲ။ သူတို့ ဖွင့်ပြောကြတယ်။ ဒီအတွေးအခေါ်က ပညာရှင်တွေကြားထဲ မှာတောင် စိမ့်ဝင်နေတယ်။

ဖြေ ။    ။ ဒါကို ဘာလို့ယုံနေရတာလဲ။ မိန်းမလျာအခွင့်အရေးမှာ ရှေ့ကရပ်လာတဲ့ Seiw Kum Hong ရှိတယ်။ သူ့ကို မခြောက်လှန့်ခဲ့ပါဘူး။ သူအလုပ်သမားပါတီနဲ့ပေါင်းမလား။ တို့မတားပါဘူး။ သူ တို့ကို လာစရင် တို့က သူ့ကိုပြန်ချမယ်။ ဒါက နိုင်ငံရေးပဲလေ။ မင်းက ဒါကို ခြိမ်းခြောက်တာလို့ ပြောချင်တာလား။ ကောင်းပြီ။ G. W. Bush ဆိုရင် ခြိမ်းခြောက်မှုတွေထဲက ထွက်လာတာပဲ။ ပထမ Al Gore ၊ ဒုတိယ John Kerry ။ ဂျွန်ကယ်ရီနဲ့ အယ်ဂိုးတို့က သူ့ထက်ခေါင်းပိုကောင်းတယ်။ ဒါပေမယ့် ဘု(ရှ်) က Karl Rove ဆိုတဲ့ အကြံပေးကောင်းရှိတယ်။ ဒါနဲ့ သူ့တက်လာတာ။ (Karl Rove – Political Strategist and former top aide to President George .W . Bush)


ဇင်ဝေသော်

Post a Comment