သူခရီးတစ်ခုထွက်ဖို့
စဉ်းစားနေသည်။
“ဟယ် ဒီလပြည့်ညက လှလိုက်တာ၊ ကြယ်တွေလည်း
စုံနေတာပဲ” ဟု လူတစ်ချို့က ပြောကြသည်။ သူကောင်းကင်ကို မော့ကြည့်မိသည်။ မဟုတ်။ သူတို့လို
ခံစားလို့မရ။ ကြယ်တာရာဟူသည် သူ့ချစ်သူပါးပြင်မှ ဝက်ခြံဖုများဖြစ်သည်။
ဒါကြောင့် ဖြစ်နိုင်သည်။ သူခရီးတစ်ခု ထွက်ဖို့စဉ်းစားနေသည်။
“ဟယ် ကြည့်လိုက်ကြစမ်း။ စနေထောင့်မှာ နီရဲနေတာပဲ။
မုန်တိုင်းကျတော့မယ်ထင်တယ်” ဟု ပြောကြပြန်၏။ သူတို့ပြောသည့် စနေထောင့်ကို ကြည့်လိုက်သည်။
မဟုတ်။ သူတို့ပြောသလို ခံစားလို့မရပြန်။ နီထွေးသောအရောင်များသည် သူ့ချစ်သူ၏ ပါးအို့နီနီလေး
ဖြစ်နေ၏။
ဒါ့ကြောင့်လည်း ဖြစ်နိုင်ပြန်သည်။ သူခရီးထွက်ဖို့
စဉ်းစားနေသည်။
ခရီးတစ်ခုထွက်ခြင်းအတွက် အကြောင်းပြချက်တစ်ခုခု
လိုချင်မှလည်း လိုလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ခရီးတစ်ခုတော့ သူထွက်ဖို့ စဉ်းစားနေသည်။
“ရင်မှာလှိုက်ခတ်
ကြပ်တင်းလို့၊ ဝေဒနာဖြစ်ခဲ့ပြီမို့
တနေရာရှောင်ထွက်သွားပါရစေ၊
ခေါ်မနေနဲ့တော့ ဒီတစ်ခါ ငါ့ကို
သွားခွင့်ပြုဦး၊
ခွင့်ပြုပါဦးလေ….”
ဆိုသည့် သီချင်းအပိုင်းအစတစ်ချို့ ခေါင်းထဲရောက်လာပြန်၏။
မဆိုင်ဟု ထင်သည်။ သူ့ရင်သည် လှိုက်ခတ်ကြပ်တင်း၍မနေ၊ ဝေဒနာလည်း မယ်မယ်ရရ မရှိ၊ ရှောင်ထွက်သွား
ခြင်းလည်းမဟုတ်။ ပို၍ အရေးကြီး သည်က သူ့မှာ လှမ်းခေါ်မည့်သူ၊ ခွင့်ပန်ရမည့်သူ မရှိ။ ဒါဆိုရင်တော့
ဒီသီချင်းလည်း မှားနေပြန်သည်။
ဒါ့ကြောင့်လည်း ဖြစ်မည်။ သူခရီးတစ်ခု ထွက်ဖို့
ကြိုးစားနေသည်။
ဒီသီချင်းက မှားနေလျှင် မှန်နေသောအရာကား
အဘယ်နည်း။
မှန်ကန်သောအရာ များစွာရှိနိုင်၏။ ရေရောမထားသော
အရက်တစ်လုံးသည် အမှန်တရား တစ်ခုဖြစ်နိုင်၏။ ဖုံးဖိထားသော စကားလုံးတစ်ချို့သည် အမှန်တရားဖြစ်နိုင်၏။
မတူးဖော်ရသေးသော ခံစားမှုရုပ်ကြွင်းများ အမှန်တရားဖြစ်နိုင်၏။ မပေးဆပ်ရသေးသောအကြွေးများ
အမှန်တရားဖြစ်နိုင်၏။ မှောက်ထားသော ဖဲတစ်ချပ် ဘာမှန်းမသိခြင်းသည် အမှန်တရားဖြစ်နိုင်၏။
ကျပျောက်သွားသော ဓာတ်ပုံတစ်ခုသည် အမှန်တရားဖြစ်နိုင်၏။ ခံစားမှု၌ Lost and Found အော့ဖစ်မရှိ၊
ဤလည်း အမှန်တရားဖြစ်နိုင်၏။ အမှန်တရားများ များလွန်းနေပြီ။
ဒါကြောင့်လည်း ဖြစ်နိုင်၏။ သူခရီးတစ်ခုထွက်ဖို့
စဉ်းစားနေသည်။
ခရီးတစ်ခုထွက်ခြင်းအတွက် ဘာတွေလိုအပ်သလဲ…။
တချို့က (၇) မျိုး (၈) မျိုးပဲလိုတယ်ဟု
ဆိုကြ၏။ ပိုက်ဆံအိတ်လို၏။ ပတ်(စ်) ပို့ လို၏။ ဆဲ(လ်) ဖုန်းလို၏။ အိုင်ပက်လို၏။ ချစ်သူ၏
ဓာတ်ပုံလို၏။ မှန်လို၏။ မိတ်ကပ်ဘူးလို၏။ ညှပ်ဖိနပ်လို၏။ အနွေးထည်လို၏။ ဝမ်းပိတ်ဆေးလို၏။
ဗီဇာလို၏။ အမှတ်တရ နှုတ်ဆက်စကားတစ်ခွန်းလို၏။ လို၏-၊ -လို၏။
ခရီးတစ်ခုထွက်ခြင်းအတွက် အမှန်တစ်ကယ်ရော
ဒါတွေလိုအပ်သလား။ သူမသိ၊ လိုကောင်း လိုလိမ့်မည်။ ဒါတွေရှိမှ ခရီးထွက်ရမည်ဆိုလျှင်တော့
သူခရီးထွက်၍ မရတော့။ ဒါတွေမပါလည်း ခရီးထွက်လို့ရသည်ဟု သူထင်၏။
ဒါကြောင့်လည်း ဖြစ်မည်။ သူခရီးထွက်ဖို့ စဉ်းစားနေ၏။
ခရီးဆိုတာ ဘယ်ကိုထွက်ရတာလည်း….
ပို၍ရှုပ်ထွေးသွား၏။ တချို့က ဦးတည်ချက်ရှိမှ
ခရီးထွက်လို့ရသည်ဟု ဆို၏။ ထိုဦးတည်ချက် သည် ပို၍လှပသောရပ်ဝန်းတစ်ခုဖြစ်က ပို၍ကောင်းသည်ဟု
ထပ်ဆင့်ဆိုကြပြန်၏။ သိပ်မဆိုင်လှဟု ထင်သည်။ ခရီးတစ်ခုသည် ဦးတည်ချက်မလို၊ ဦးတည်ချက်မရှိလည်း
ထွက်လို့ရသည်။ သူ့မှာ ဦးတည်ချက် မယ်မယ်ရရ မရှိ။ ဦးတည်ချက်ရှိမှ ခရီးထွက်ရမည်ဆိုလျှင်
သူခရီးထွက်၍ မရ။ ထို ဦးတည်ချက်ဆီ ခရီးထွက်သူများရော ဦးတည်ချက်ဆီကို ရောက်ကြသလား။
ရောမကို မရောက်သော လမ်းများစွာရှိ၏။
သူငယ်ချင်းကဗျာဆရာက ဒုတိယမြို့တော်၏ ဓာတ်မီးတိုင်များကို
စာအိတ်ထဲထည့်ပြီး သူ့ချစ်သူ မြင့်မြင့်ချိုထံ စာတိုက်ကပို့ဖူး၏။ သူငယ်စဉ်က ဓာတ်မီးတိုင်ကြီးတစ်ခုကို
ဆွဲနှုတ်ကြည့်ဖူး သည်။ မရခဲ့။ အဖေက ဘာအတွက်လဲဟုမေးသောအခါ ချောချောဖို့ဟု ဖြေဖူးသည်။
ချောချောဟူသည် သူ့အစ်မ တစ်ယောက်ဖြစ်သည်။ မငေါက်ငမ်းဖူးသောအစ်မ၊ အမေကွယ်ရာမှာပင် ဆွဲမဆိတ်ခဲ့ဖူးသော
အစ်မဖြစ်သည်။ ထိုဓာတ်တိုင်များ မီးပျက်ကိုကြည့်ပြီး ချောချောကို မပေးလိုက်နိုင်ခြင်းအတွက်
အခုသူဝမ်းမြောက်နေသည်။ ဘက်ထရီအိုးတစ်လုံး ချောချောကိုပေးခဲ့၏။
ခရီးထွက်ခြင်း၌ မရှိမဖြစ်လိုအပ်သောအရာတစ်ခုတော့ရှိသည်။
ထိုအရာသည် ထွက်ခွါရာ အရပ်ဖြစ်သည်။ မှန်သည်။ ဦးတည်ချက်မရှိ၊ အမှတ်တရ နှုတ်ဆက်စကားတစ်ခွန်းမရှိ၊
ဘာမှမရှိပဲ ခရီးထွက်လို့ရသည်။ သို့သော် ထွက်ခွါရာမရှိပဲတော့ ခရီးထွက်လို့မရ။ သူသိလိုက်သည်။
ပေါ့ပေါ့ပါးပါး ခရီးထွက်ရန် ပထမခြေလှမ်းစလိုက်သည်။
သူသည် သူလုပ်ချင်ရာကို လုပ်သူဖြစ်သည်။ တော်တော်များများလုပ်ဖူးသည်။
ဘာမှတော့ ဖြစ်ဖြစ်မြောက်မြောက်မရှိ။ မကြာသေးမီက သူလုပ်ချင်သောအလုပ်တစ်ခု ရှိခဲ့သည်။
ဒါကို သူ့ တစ်သက်မှာ တစ်ခါမှ သူမလုပ်ဖူးသေး။ ထိုအရာသည် အိမ်ကလေးတစ်လုံးဆောက်လိုခြင်းဖြစ်၏။
ထိုအိမ်ကလည်း သူကိုယ်တိုင်ဆောက်သောအိမ် ဖြစ်ရမည်။ ဘာကြောင့် ဒီအိမ်ကလေးကို ဆောက်ချင် တာလည်း ဆိုတာကိုတော့
သူကိုယ်တိုင်လည်း မသိ။ သိစရာလည်းမလိုဟု ထင်သည်။ “ဘာကြောင့်” ဆိုသောအမေးသည် မုသာဝါဒအများစု၏
မြစ်ဖျားဖြစ်သည်။
ကိုယ်တိုင်သစ်ခုတ်၍ တိုင်ထူသည်။ ကိုယ်တိုင်ဝါးခုတ်၍
နှီးဖျာသည်။ ကိုယ်တိုင် မြက်ရိတ်၍ သက်ငယ်ပျစ်သည်။ ကိုယ်တိုင်မိုး၍ ကိုယ်တိုင်ခေါင်အုပ်လိုက်သည်။
အမေ့ရွာက ထိုအိမ်ကလေး ကိုကြည့်ပြီး ချောချောကပြောသည်။
“မောင်လေး၊ နင်ကဘာဖြစ်လို့ ဒီအိမ်ဆောက်တာလဲ။
နင်ဆောက်ပေးထားတဲ့အိမ် ရှိပြီးပြီပဲ။ မကြီးပေမယ့် ငါတို့နေလို့ ရတာပဲ”
“နေဖို့မဟုတ်ဘူးဟ၊ ငါအိမ်မဆောက်ဖူးလို့ အိမ်ဆောက်ကြည့်တာ။
အရင်အိမ်လေးက လက်သမားတွေဆောက်တာ။ ဒီအိမ်လေးက ငါကိုယ်တိုင်ဆောက်တာ”
“နင် ပင်ပန်းတာပေါ့”
“အင်း၊ ငါတော့ အိမ်ဆောက်ဖူးသွားပြီလေ။ အဖေက
လက်သမားလည်း လုပ်တတ်တယ်။ ငါလည်း လက်သမားလုပ်တတ်မှကောင်းမယ်”
ထိုအိမ်လေးထဲမှ သူထွက်လိုက်၏။ ထိုအိမ်လေးသည်
ထွက်ခွါရာဖြစ်၏။ ခရီးတစ်ခုထွက်ခြင်း မှာလည်း ထွက်ခွါရာသာအရေးကြီးသည်။ ကျန်တာတွေက အရေးမကြီး။
ခြေတစ်လှမ်း နှစ်လှမ်း လှမ်းမိသောအခါ သူငယ်စဉ်က အလွန်ကြိုက်ခဲ့သော “လူမနေတဲ့ အိမ်ကလေး”
ဆိုသည် ဟင်္သာတထွန်းရင်၏ လွမ်းဆွေးဆွေး သီချင်းလေးတစ်ကြောင်း ရောက်လာပြန်၏။
“လူမနေတဲ့အိမ်ကလေး…အထီးကျန်ဆန်လွန်းလှတယ်လေ…”
သူစိတ်မကောင်းတော့ ဖြစ်မိ၏။ မတတ်နိုင်။ ဆုံးဖြတ်ပြီးပြီဖြစ်၏။
ဒီအိမ်ကလေးကလည်း အထီးတော့မကျန်လှ။ ချောချောတို့အိမ်လေးနှင့် တွဲလျှက်ဆောက်ထားတာဖြစ်သဖြင့်
လှဲကျင်းမည့် သူ တော့ရှိနေသည်။
သူထွက်ခဲ့ပြီးဖြစ်၏။
ကောင်းကင်ကို မော့ကြည့်၏။ လပြည့်ညဖြစ်နေသဖြင့်
သူ့ချစ်သူ၏ပါးပြင်၌ ဝက်ခြံများ ပေါက်နေလျှက်ရှိ၏။ သူစိတ်မကောင်းဖြစ်ရသည်။ မုန်တိုင်းမဆင်သဖြင့်
ချစ်သူ၏ပါးပြင်ပေါ်က ပါးအို့နီကိုလည်းမတွေ့ခဲ့ရ။ စိတ်မကောင်းဖြစ်ရပြန်၏။
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment