ဒီလူကတော်တော်ထူးဆန်းတဲ့လူ။
သူနဲ့တွေ့မှတက်ခေါက်ခြင်းအနုပညာဆိုတာ ကြားဖူးတယ်။
လေချွန်တာတို့ ဘာတို့ဆိုရင်တော့ ထားပါတော့။ ဒါပေမယ့် သူ့ဟာနဲ့ သူကျတော့ အဟုတ်ပဲ။
“ ဒီလိုဗျ၊ တက်ခေါက်သံကို ခြုံပြီးကြည့်လိုက်ရင်
နှစ်မျိုးပဲရှိတာ။ ခပ်မာမာခေါက်လိုက်တဲ့ “ တက်” ခေါက်သံနဲ့ ခပ်ညှင်းညှင်းလေး ဆွဲခေါက်လိုက်တဲ့
“ တက်” ခေါက်သံဆိုတာပဲ။ ဒါပေမယ့် အဲဒီအသံနှစ်သံရဲ့ အဓိပ္ပါယ်က အများကြီးကွဲသွားတယ်”
ဒီလူဘာစိတ်ကူးနဲ့ တက်ခေါက်သံတွေအကြောင်း
လာရှုင်းပြနေတာလည်း မသိဘူး။ မဆိုးဘူး၊ စိတ်ဝင်စားစရာတော့ကောင်းတယ်။ ဒါနဲ့ သူ့ကို ထောက်ပေးလိုက်တယ်။
“ ဟုတ်ပြီ၊ လုပ်ပါဦးဗျ။ နည်းနည်းလေး ထပ်ရှင်းပါဦး”
“ ဆိုကြပါစို့ဗျာ၊ နွားမောင်းနေတုန်း “တက်” ခေါက်သံ ခပ်ပြင်းပြင်းခေါက်လိုက်၊ အဲဒီ “ တက်” ခေါက်သံရဲ့ အဓိပ္ပါယ်က
“ကြိမ်နဲ့ ဆော်မိတော့မယ်” ဆိုတာဗျ။ နွားကလည်း
သိတယ်။ ခပ်သွက်သွက် သွားတော့တယ်။ အဲသလို မဟုတ်ဘူး။ ခင်ဗျားက နွားမောင်းနေရင်း “တက်” ခေါက်သံ ညှင်းညှင်းလေးကိုဆွဲပြီး ခေါက်မယ်ဆိုပါတော့။
ဒါပေမယ့် “ ညှင်းတောက်” က တစ်ချက်ထဲတော့ ခေါက်လို့မရဘူး။ “ တောက်၊ တောက်၊ တောက်” လို့ စီးရီးလေးလိုက်ရတယ်။ အဲဒီ “ ညှင်းတောက်” ရဲ့
အဓိပ္ပါယ်က “ဖေ့သားကြီးရဲ့၊ ရုန်းထားစမ်းပါကွာ၊
ပြီးတော့မှာပါ၊ ရောက်တော့မှာပါ” ဆိုတဲ့ အဓိပ္ပါယ်မျိုးထွက်တယ်ဗျ
။ ဆိုလိုတာက ကြိမ်နဲ့ဆော်တာထက် ကြိမ်နဲ့ကျောပေါ်ကို ပွတ်ပေးလိုက်တဲ့ အဓိပ္ပါယ်မျိုးပဲ။
နွားကလည်း ဒါကိုသဘောပေါက်တယ်ဟု ရှည်ရှည်မျောမျောကြီး ရှင်းပြ၏။
ပြီးတော့ သူ့က ကော်ဖီတစ်ကြိုက်ကို အေးအေးဆေးဆေး
ကြိုက်နေပြန်ရော။ ကျွန်တော် စိတ်ဝင်စားမှုရှိမရှိကို အကဲခတ်နေတာလည်း ဖြစ်မှာပေါ့။ ကျွန်တော်လည်း
စိတ်ဝင်စားကြောင်း မျက်ရိပ်ပြပါတယ်။ ဒါပေမယ့် သူကခပ်တည်တည်ပဲ၊ စီးကရက်တစ်လိပ်ကိုတောင်
မီးညှိလိုက်သေးတယ်။ မမေးရင် မပြောတော့ဘူးဆိုတဲ့
အချိုးနဲ့တူပါတယ်။
ဒါနဲ့ သူကဆက်ပြီး “ တက်” ခေါက်လို့ရအောင်
ထောက်ပေးလိုက်တယ်။
“ခင်ဗျား “တက်” ခေါက်ခြင်း အနုပညာက နွားတွေနဲ့ပဲ
ဆိုင်သလိုဖြစ်နေတယ်ဗျာ။ ကျွန်တော်က ထူတယ်ဗျ။ စပ်စပ်လိုပဲ။ ဒီကောင်မလေးကို သိတယ်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ထပ်လင်းပါဦးဗျ”
ဒီတော့ သူက-
“ခင်ဗျားက တကယ်ထူတဲ့သူဗျာ။ ဒီတက်ခေါက်သံနှစ်ခုနဲ့
ခွေးတစ်ကောင်ကိုလည်း စမ်းသပ်နိုင်တယ်။ ဟိုမှာ ခွေးကြီးတစ်ကောင်ရှိတယ်။ ကျွန်တော်လက်တွေ့ပြမယ်ဆိုပြီး
သူ့ “တက်” ခေါက်ခြင်းအနုပညာကို ဆက်ပြတော့တာပဲ။ သူက “ ညှင်းညှင်းတက်” ခေါက်သံကို သူ့ဖီး(လ်)နဲ့သူ
ခေါက်လိုက်တယ်။
“ တောက်၊ တောက်၊ တောက်၊ တောက်”
ဟုတ်တယ်၊ ခွေးကြီး သူ့အနား ပြေးလာတယ်။ သူခေါက်လိုက်တဲ့
တက်ခေါက်သံက မြန်မာလို “ အို့၊ အို့၊ အို့၊ အို့၊” ဆိုတဲ့ အဓိပ္ပါယ်မျိုးထွက်တယ်။ မေတ္တာ၊ ကရုဏာဓာတ်ပါတယ်ပေါ့။ ဒါကို ခွေးက ခံစားလို့ရတယ်။
ဒါ့ကြောင့် ပြေးလာတာ။
ခွေးကြီးလည်း အနားရောက်ရော သူက-
“တောက်!”
ဆိုပြီး အပြင်းစား “တက်” ခေါက်သံကြီး ခေါက်ချလိုက်တယ်။
ခွေးကြီးလည်း တစ်ချိုးတည်းလစ်ပြေးတော့တာပဲ။ ဒီတော့မှ သူက-
“ ခင်ဗျား တွေ့ပြီ မဟုတ်လား” လို့ မေးတယ်။
“တကယ်တော့လည်း ဘာမှတော့ မဟုတ်ပါဘူးဗျာ။ ဒေါသနဲ့ ခေါက်လိုက်တော့ ဒီခွေးကြီးကလည်း အန္တရာယ်တော့ရှိပြီဆိုပြီး
ထွက်ပြေးတော့တာပဲ”
ဒါနဲ့ ကျွန်တော်က-
“ ဆရာ သစ္စာနီရဲ့ ဝတ္တုတစ်ပုဒ် ရွှေမြန်မာထဲမှာ
ဖတ်လိုက်ရတယ်။ ဖရုသဝါစာ ဝတ္တုတဲ့ဗျ။ အဲဒီလူရဲ့အလုပ်က လူတွေဆဲတာကို ခံပေးတဲ့အလုပ်တဲ့။
အလကားတော့ သူက အဆဲမခံဘူးဗျ။ ပိုက်ဆံပေးပြီး ဆဲရတာ။ တစ်ချို့ဆို မဆဲတတ်လို့ သူကတောင်
ဆဲနည်းသင်ပေးရတယ် တဲ့။ ဆဲနည်းလည်းသင်ပေး၊ အဆဲလည်းခံဆိုရင်တော့ ကြေးကတော့ တမျိုးဖြစ်သွားတာပေါ့။
ခင်ဗျားလည်း အဲသလို လုပ်ကြည့်ပါလား။ “တက်” ခေါက်နည်း သင်တန်းလေးဘာလေးပေါ့ဗျာ။ ကျွန်တော်
ထင်တယ်နော်၊ တစ်ချို့ “ တက်” မခေါက်တတ်ဘူး။”
“ ဆရာ သစ္စာနီရဲ့ဝတ္တုကို ကျွန်တော်လည်း ဖတ်လိုက်ရပါတယ်။
ဒါပေမယ့် ကျွန်တော့်ကိစ္စက မလွယ်ဘူးဗျ။ “တက်”
ခေါက်တာက နည်းပညာထက် ခံစာမှုက ပိုအရေးကြီးတာဗျ။
ဆဲတယ်ဆိုတာက စကားလုံးတွေနဲ့ ဆဲတာဗျ။ “တက်”
ခေါက်တာက စကားလုံးတွေ မပါဘူး၊ ပါလို့လည်း မရဘူး။ ဒါ့ကြောင့် ပိုခက်တာဗျ။ ခံစားမှုနဲ့မှ
ရတာ။”
အမှန်အတိုင်း
ဝန်ခံရရင် အဲဒီလူကို ကျွန်တော်အရမ်းစိတ်ဝင်စားသွားပြီ။
“ ရှင်းပါဦးဗျ၊ ခင်ဗျား ခံစားမှုကိစ္စကို-”
“လွယ်လွယ်လေးပါဗျာ။ လူတစ်ယောက် ဒါမှမဟုတ် အရာဝတ္တုတစ်ခုကို ခါးခါးသီးသီးကြီး
မုန်းမနေဘူးရင် ခင်ဗျားရဲ့ ပထမ “တက်” ခေါက်သံက အနုပညာမပါဘူး။ လူတစ်ယောက်၊ ဒါမှမဟုတ်
အရာဝတ္တုတစ်ခုခုကို နှစ်နှစ်ခါခါ မချစ်ဘူးဆိုရင် ဒုတိယ “တက်” ခေါက်သံက အနုပညာ မမြောက်ပြန်ဘူးဗျ။
ဒါပါပဲ-”
“ ခင်ဗျားက ဒါတွေ ဘယ်လိုသိတာလဲ“
“ကျွန်တော့်
ခွေးမလေးက အသည်းငယ်တယ်ဗျ ။ တက်ခေါက်သံပြင်းပြင်းတွေကြားရင်
တအားဝမ်းနည်းတတ်တာ ။ ဒါနဲ့ ကျွန်တော်က ဒုတိယ တက်ခေါက်သံကို စပြီးလေ့ကျင့်ခဲ့တာ။
ခွေးမလေးကို ကျွန်တော်က နှစ်နှစ်ကာကာချစ်တော့
ကျွန်တော့် တက်ခေါက်သံကလည်း အနုပညာမြောက်ပြီး ထိရောက်မှုလည်း ရှိသွားတာ။ နဂိုကကျွန်တော်
ဒီတက်ခေါက်သံမျိုး မခေါက်တတ်ဘူး။ ခေါက်လည်း အသက်မဝင်လှဘူး။”
“ ခင်ဗျားဟာက ဟုတ်ရောဟုတ်ရဲ့လားဗျာ”
“ ခင်ဗျားမယုံရင် အိမ်ကိုသွားရအောင်။ ကျွန်တော့ခွေးမလေးကို
ခင်ဗျားတက်ခေါက်ကြည့်။ အနုပညာမြောက်မမြောက် တိရိစ္ဆာန်တွေက ခံစားနိုင်တယ်”
ဒါနဲ့ သူ့အိမ်ကိုလိုက်သွားတယ်။ သူပြောတဲ့
ခွေးမလေးကိုလည်း တွေ့တယ်။
“ ဖမ်းတော့လေ၊ ခင်ဗျားတက်ခေါက်ကြည့်လေ” သူကပြောတယ်။
“ တောက်၊ တောက်၊ တောက်၊ တောက်” ညှင်းညှင်းသွဲ့သွဲ့
တက်ခေါက်သံကို ခေါက်လိုက်တယ်။ ခွေးမလေးက ကျွန်တော့ဆီ ပြေးမလာဘူး၊ ခပ်တည်တည်နဲ့ရပ်ပြီး
ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ သူပြောတာကို နည်းနည်းသဘောပေါက်သလိုလို ရှိလာတယ်။
“ ကဲ၊ ခင်ဗျား တွေ့ပြီမဟုတ်လား။ ခဏနားဦးဗျာ။
ပြီးတော့မှ ခပ်ပြင်းပြင်းတက်ခေါက်သံကို ဆက်ပြီး စမ်းသပ်ပေါ့”
“ ကဲ ခင်ဗျား ခပ်ပြင်းပြင်းတက်ခေါက်သံကို
စမ်းကြည့်တော့”
“တောက်” အကျယ်လောင်ဆုံးဖြစ်အောင် ကျွန်တော်ခေါက်လိုက်တယ်။ အသံက ကျယ်ပေမယ့် ခွေးမလေးက ထွက်မပြေးဘူးဗျ။ ဒီတော့မှ သဘောပေါက်တာ။ ကျယ်တိုင်းလည်း ကြောက်တာမဟုတ်ဘူး ဆိုတာကိုလေ။
ကျွန်တော့် တက်ခေါက်သံနှစ်မျိုးကြောင့် ခွေးမလေးက
ရှေ့တိုးမလာသလို၊ နောက်ဆုတ်လည်း ထွက်ပြေးမသွားဘူး။ ဒီတော့မှ သူကပြောပြတယ် -
“ တကယ်တော့ ဒါက ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားအခု
တက်ခေါက်နေတဲ့အချိန်မှာ ခင်ဗျားက ဘာကိုမှ နှစ်နှစ်ကာကာချစ်မနေသလို၊ ဘာကိုမှလည်း ခါးခါးသီးသီးမုန်းမနေလို့ပါ။
ဒါကြောင့် ခင်ဗျားတက်ခေါက်သံက အသံသာကွဲသွားတာ၊ ဟိုတစ်ဖက်မှာကျတော့ ခံစားမှုကွဲမသွားဘူး
ဖြစ်နေတာ။ ကျွန်တော်ကတော့ အနုပညာမမြောက်ဘူးလို့ သုံးပါတယ်။ ခင်ဗျား သဘောမတူလည်း မတတ်နိုင်ဘူး”
ဆိုပြီး-
“တောက်၊ တောက်၊ တောက်၊ တောက်” လို့ ခေါက်လိုက်တော့
ခွေးမလေးက သူ့အနားပြေးလာခဲ့ပြီး သူ့လက်ကိုတောင် လျှာနဲ့လျှက်နေလိုက်သေး။
တော်တော်ဟုတ်တဲ့လူ။
တက်ခေါက်ခြင်း
အနုပညာတဲ့။
်
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment