ခွင့်ရက်လေးလည်း
ရှည်ရှည်ရ။ ကလေးတွေလည်း တချို့ အလုပ်ကခွင့်ယူ၊ တချို့လည်း စာမေးပွဲဖြေပြီး
ဟောလီးဒေးမို့ မရောက်တာကြာတဲ့ ရွာကို တစ်ပျော်တစ်ပါးကြီး ရောက်ဖြစ်ခဲ့ကြတယ်။
ရန်ကုန်ပြန်တယ်ဆိုပေမယ့် ကိုယ့်မိသားစုလေးနဲ့တင်ပဲ (အ၇ည်အသေးမီအချိန်) Quality
Time ဖြစ်ရအောင်ဘယ် ဆွေမျိုးကိုမှ အသိပေးမနေတော့ဘဲ ဟိုတယ်မှာပဲတည်းလိုက်တော့တယ်။
ဦးကိုမောင် ရေးမယ့်အထဲမှာ နည်းနည်း သိက္ခာကျစရာလေးပါလို့ ဟော်တည်နာမည်တော့
ထည့်မရေးတော့ပါဘူး။
ကျွန်တော်တို့ကလည်း
တကယ်တော့ အင်တာနေရှင်နယ် မဆန်လှပါဘူး။ ကလေး ငါးယောက်ရယ်၊ ဦးကိုမောင်ရယ်
စုစုပေါင်း ခြောက်ယောက်အတွက် Double Room တစ်ခန်းကိုပဲ ငှားပြီး ဖြစ်သလိုအိပ်ကြတာ။
ဘာပဲဖြစ်ဖြစ် ကိုယ့်မိသားစုနဲ့ကိုယ်ဆိုတော့
အရည်အသွေးမီ အချိန်တော့ ဖြစ်ပါတယ်။
ဖြစ်ပုံက ဒီလို။ ရောက်တဲ့နေ့မှာဘယ်ကိုမှ မသွားတော့ပဲ အခန်းထဲမှာပဲ
နှပ်နေလိုက်ကြတယ်။
ချမ်းချမ်းက သူ့ဘာသာသူ
ကုန်ကျစားရိတ်တွေ ပြန်စစ်နေတယ်။ ဘယ်သူမှ သူ့ကို မခိုင်းဘူး။ သူ့ဝါသနာနဲ့သူ။ ပိုက်ဆံရေတွက်နေရရင် ပျော်နေတဲ့ကောင်မလေး။
အိုက်အိုက်ကတော့ ပျင်းတယ်။ ပေါ့ပေါ့ပါးပါးလေးတွေ
ဖတ်နေတာကောင်းတယ်ဆိုပြီး စာကြည့်စားပွဲမှာ စာဖတ်နေတယ်။ စာအုပ်ကြည့်လိုက်တော့
၃-လက်မလောက်ရှိတဲ့ ဒီပနီပေါင်းချုပ်။ ဒီကောင်မလေး
ကလည်း ဒီပနီပေါင်းချုပ်လိုစာအုပ်တောင် ပေါ့ပေါ့ပါးပါး စာပေထဲ ထည့်ထားတာ။
စပ်စပ်ကတော့ တစ်ခုခု စားရရင်ကောင်းမယ်။ ဟိုတယ်ကလည်း လက်ဖက်သုပ်မရဘူး။
တော်တော် အဆင့်မမီတဲ့ဟော်တယ်လို့ ကြိမ်းမောင်းပြီး လက်ဖက်သုပ်အဝယ်ထွက်သွားလေရဲ့။
သူသွားတာက အရေးမကြီးဘူး။ လက်ဖက်သုပ်ဆိုင်သွားပြီး
ရေခဲမုန့် မရရပါ့မလားဆိုပြီး ရန်ဖြစ်လာမှာကို စိုးရိမ်ရတဲ့ အဖေက ရင်တမမ။
ဟိုကောင် ရှိတ်စပီးယား ငတူးကလည်း အိုက်အိုက်နဲ့
တစ်ပါတီထဲပဲ။ စာအုပ်ထူထူနဲ့ လူတစ်ယောက်ရဲ့
သိက္ခာဟာ ခွဲခြားလို့ မရဘူးဆိုတဲ့ကောင်။ ဒီပနီပေါင်းချုပ်လိုစာအုပ်တောင်
အင်တာနေရှင်နယ် လစ်ထရေချားမှာ နေရာမရှိ ရှိတ်စပီးယား ကိုပြန်တဲ့
မြန်မာစာရေးဆရာတွေအားလုံး ချာ၏။ မားသားလင်ကွေ့နဲ့မှ ရင်ကိုထိ ဆိုတဲ့ကောင်။
ပွတ်သီးပွတ်သပ်
ခက်ခက်က သူ့အဖေကြီးနဲ့ပဲ
ချက်(စ်)ကစားချင်သတဲ့။ ချက်(စ်) ကစားချင်တာလည်း ဟုတ်ချင်မှ ဟုတ်မှာ။ သူက သူများနဲ့ မတူကြေးဝါဒ။
ချမ်းချမ်းက
“အဲကွန်းတင်လိုက်ရင် ဟိုတယ်ဘေလ်က ပိုကျသွားမလား“ တဲ့။ မကျဘူးလည်းဆိုရော “ ကဲဟယ်၊
ကဲဟယ်“ ဆိုပြီး (အလကားရလို့တဲ့) ကောက်တင်လိုက်တာ နာရီဝက်လောက်လည်း ကြာရော
တစ်ခန်းလုံး အေးစိမ့်သွားတာပဲ။ ဒါကို မကျေနပ်တာက အိုက်အိုက်။
“ အဲကွန်းပြန်ချ“ တဲ့ ခပ်ပြတ်ပြတ်ပဲ။ (ဘယ်တော့မှ မပြောင်းလဲတဲ့ သဘောတရား)
“ မချပါရစေနဲ့ ရှင် ပေးရတာချင်းအတူတူမို့ပါ “(ဘယ်တော့မှ မပြောင်းလဲတဲ့
သဘောတရား)
သူတို့လေသံတွေ
နည်းနည်း မာလာလို့ ကျွန်တော်က ဆိုနေကျ သီချင်းလေးကို တိုင်ပေးပြီး
အားလုံးလိုက်ဆိုကြတယ်။
“ ချမ်း… ချမ်း. ချမ်း…
ချမ်းလှချည်ရဲ့ ချမ်းချမ်းရယ် “ ( သံပြိုင်)
မကြာပါဘူး။
မီးက ဖျက်ကနဲ့ ပျက်သွားပါလေရော။ ခက်ခက်က “ ကဲ ဖေကြီး၊ ဘယ်လိုလဲ ဖေကြီး ရထား
တစ်လုံးရှုံးနေပြီ “
ဖယောင်းတိုင်နဲ့ ဆက်ကစားမယ်။
“ မလုပ်ပါနဲ့ သမီးရယ်၊ ဖေကြီး အရှုံးပေးပါတယ်“
“ ဖေကြီးက လူလည်ကျတာပဲ။ မီးမပျက်ရင် (၁၀)မိနစ်အတွင်း ဖေကြီးတကယ်ရှုံးပြီ “
“ သမီးကလည်း မီးပျက်တော့ ၁၀-မိနစ်တောင် မကြာဘူး။ ခု သမီးနိုင်ပြီလေ “
“ ရှုံးတာကို လိုချင်တာ၊ အရှုံးပေးတာကို လိုချင်ဘူး “ တဲ့။
ဟော့ဗျာ… ဒါနဲ့ သီချင်းနောက်တစ်ပုဒ် ထပ်တိုင်ပေးလိုက်တယ်။
“ ခက်… ခက်.ခက်..ခက်ရချည်ရဲ့
ခက်ခက်ရယ် “( သံပြိုင်)
ချမ်းချမ်းတင်ထားတဲ့
အဲကွန်းအရှိန်က ၁၅-မိနစ်လောက်အထိ အဆင်ပြေတယ်။ ၁၅မိနစ် ကျော်လောက်တော့မှ
“
အိုက်တယ် ၊ အိုက်တယ် “ ဆိုပြီး အိုက်အိုက်က ဆိုဖာကြီးကို လက်သီးနဲ့ တဘုန်းဘုန်း
ထုပါလေရော။ ကျွန်တော်တို့ အားလုံးလည်း သံပြိုင်
“ အိုက်… အိုက်. အိုက်… အိုက်
ရတဲ့အထဲ အိုက်အိုက်ရယ်”
“ ဒီတော့မှ “ ဟီး…
ကိုယ်လွန်သွားတယ် “ တဲ့။
မကြာပါဘူး။
ပူညံ ပူညံ စပ်စပ် လ္ဘက်သုပ်တွေနဲ့ အတူပြန်ရောက်လာပါလေရော။ ကျွန်တော်တို့လည်း
ကြမ်းပြင်ပေါ်ထိုင်ပြီး (အင်တာနေရှင်နယ်
စတန်းဒတ်မဟုတ်တော့ ဘာအကြောင်းလဲ မီးတောင် ပျက်သေးတာ)
လ္ဘက်သုပ်စားပစ်လိုက်ကြတယ်။ ဒီတစ်ခါ ကံဆိုးသူဦးကိုမောင် ..
“ အို … ယော်… ဂေါဒ့်… ငရုပ်သီးတောင့်ကြီး ဝါးမိပြီ .. ရှူး ..ရှူး “
“သမီးဘေးမှာ
ကပ်ထားတာ ဖေကြီးက ဘေးကနေ အရင်စားလို့ ဆောရီးဖေကြီး “ ဆိုပြီး စပ်စပ်က
ရေသွားခပ်တယ်။ ( သူများနဲ့ ရန်ဖြစ်သလောက် သူ့အဖေကြီးကျတော့ ချစ်တယ်)
ဒီတစ်ခါ ကလေးတွေက သူတို့ကိုယ်တိုင်ပဲ
“စပ်… စပ်. စပ်…စပ်လှချည်ရဲ့
စပ်စပ်ရယ် “ တဲ့။ ဟွန်း.. စပ်ရတဲ့အထဲ။
ခဏနေတော့မှ ပျောက်နေတဲ့ ရှိတ်စပီးယားငတူးကို သတိရတယ်။
“သမီးတို့ ငတူးဘယ်ရောက်သွားသလဲ “
“မီး ပျက်
ပျက်ချင်း ထွက်သွားပြီ။ အနှိပ်ခန်းသွားပြီး ရှိတ်စပီးယားလေးနဲ့ ဇိမ်ခံလိုက်ရရင်
ကောင်းမယ် “ ဆိုပြီးထွက်သွားတာ တဲ့။
“ ဟော ဗျာ….“
ခက်ခက်က “ ဘာဖြစ်လို့လဲ ဖေကြီး“
“ဘာမှ
မဖြစ်ပါဘူးကွာ။ ညောင်းတတ်တဲ့ ဖေကြီးက အနှိပ်မခံရဘဲ မညောင်းတတ်တဲ့ ငတူးက သွားပြီး
အနှိပ်ခံနေလို့။ တကယ်ဆို ပါပါ့ကို လက်တို့သင့်တာပေါ့ “ ဆိုတော့
ပြောင်ချော်ချော် ခက်ခက်က
“ တူး… တူး.တူး… ဝမ်းရက်လေခြင်း
တူးတူးရယ်“ တဲ့။
တကယ်ပါဗျာ.. မှောင်မည်းမည်း ဟော်တယ်ခန်းလေးထဲမှာ ကျွန်တော်တို့ ရယ်သံတွေနဲ့
တကယ့်ကို လင်းလက်သွားခဲ့ပါတယ်။
တူး… တူး. တူး… ဝမ်းရက်လေခြင်း တူးတူးရယ် ။ ( အစုတ်မလေး ဒါမျိုးကျ တတ်)
တကယ် တကယ် အရည်အသွေးမီ
အချိန် - ကွာလတီ တိုင်း(မ်) ပါပဲ ။
ဦးကိုမောင်
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment