အဘိဓမ္မာဒေသနာတော်ကား နက်ရှိုင်း၏။ ပြောဖွယ်မရှိတော့။
ဗုဒ္ဓဝိသယ (ဘုရားရှင်၏အရာ)၊ သဗ္ဗညုတဥာဏဝိသယ (သဗ္ဗညုတ ဥာဏ်တော်၏အရာ) သာ
ဖြစ်တော့၏။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ပညာရေးဒေါက်ထရိတ်ဘွဲ့
ချီးမြှင့်တော်မူရသော သာရီဟူသည့် ဒါယိကာမကြီး၏ သားကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တ
(ပီအိတ်ခ်ျဒီ အတုမရှိ) သည်ပင် ကုန်စင်အောင် သဘောပေါက်တော်မူလိမ့်မည်မထင်။
ဗုဒ္ဓဝိသယဟု ဆိုတုံသည်မဟုတ်လော။
အဘိဓမ္မာသည်
သုတ္တာန်ဒေသနာတော်လာ စကားတော်ကို အဆုံးမရှိ ဆွဲဆန့်၏။ ထို့ကြောင့် ဂျာနယ်လစ်(စ်)
နှင့်တူ၏ဟု ဆိုခဲ့ပြီ။ အဆုံးမရှိ ဆွဲဆန့်လိုက်ပြီး အားလုံးကို တစ်စုတစ်ဝေးတည်း ဖြစ်အောင်လည်း
ပြန်လည်ပေါင်းစည်း၏။
အနည်းငယ်
ချဲ့ဆိုချင်၏။
ဘုရားရှင်သည်
မင်္ဂလသုတ်၌ “ အသေဝနာစ ဗာလာနံ” ဟု ဟောတော်မူ၏။
သုတ္တာန်ဒေသနာက
“ဟော” ဆိုသည့် စကားတစ်လုံးကိုသာ ဆို၏။
အဘိဓမ္မာက
ထို “ဟော” ဟူသည့် စကားလုံးကို ဤသို့
ဖွင့်ဆို၏။ “ မြတ်စွာဘုရားရှင်၏
သဏ္ဍာန်၌ဖြစ်သော၊ ဒေသနာဥာဏ်တော် ပြဌာန်းသော (အချို့ဌာနများ၌ မဟာကရုဏာဥာဏ်
ပြဌာန်းသော) သောမနဿသဟဂုတ်၊ မဟာကြိယာ ဥာဏသမ္ပယုတ် အသင်္ခါရိကစိတ်ဖြစ်၏” ဟု ဆို၏။
အချို့ကား ရှုပ်သွားသည်ဟု ဆို၏။ ဥာဏ်မှီသော်ရှင်း၍ ဥာဏ်မမှီသော်
ရှုပ်သွားသည်ဟုထင်သည်။
ထိုမျှမက
ထိုစိတ်နှင့်ယှဉ်ဖက် စေတသိတ်တို့ကို ဆက်ဖွင့်ပြ၏။
ထိုစိတ်၊
စေတသိတ်တို့ကြောင့် ဖြစ်နေသော (ထိုဟောတော်မူခိုက်၌) စိတ္တဇရုပ်တော်တို့ကို
ဆက်ဖွင့်ပြန်၏။
ထိုတရားတို့ကိုပေါင်း၍
ခန္ဓာဖွဲ့လိုက ဖွဲ့လို့ရ၏။ အာယတန၊ ဓာတ်၊ သစ္စာတို့ ဖွဲ့လိုက ဖွဲ့လို့ရ၏။
ဤသည်မှာ “ဟော”
ဆိုသည့် စကားလေးတစ်လုံးကို အစယူကာ အဘိဓမ္မာက ဖြန့်ထုတ်လိုက်သော ပရမတ္တတို့တည်း။
နက်နဲလှပေစွ။
“အဘိဓမ္မာသည်
အယ်ဒီတာနှင့်လည်းတူ၏” ဟူသော စကားကိုဆိုအံ့။ အဘိဓမ္မာ
ဒေသနာသည် အဓိပ္ပါယ်၊ သရုပ်သကန် ဖြန့်ထွက်ခြင်းကို လိုလိုလားလား လက်ခံသော်လည်း
စကားလုံး ဖောင်းပွခြင်း ကိုတော့ လက်မခံ။ အားလုံးကို အက်ဒစ်လုပ်ပစ်၏။
ဥပမာဆောင်၍
ရှင်းအံ့။
နေ့စဉ်ဘဝ၌
ရေရှိ၏။ ရေအေးရှိ၏။ ရေပူရှိ၏။ ရေခဲရှိ၏။ အမည်နာမများ ရှုပ်ထွေး၏။
ဓာတုဗေဒသိပ္ပံစမ်းသပ်ခန်းက ဤမျှရှုပ်ထွေးဖောင်းပွနေသော အမည်နာမတို့ကို လက်မခံ။
အတိုချုပ်၍ အက်(ခ်ျ) တူးအို ဟုဆို၏။ ရှင်းသွား၏။ (သို့) ရှုပ်သွား၏။
ဥာဏ်မှီသော်ရှင်း၍ ဥာဏ်မမှီသော် ရှုပ်၏။
သို့သော်
သီဟနာဒတို့က ရေသောက်သည်၊ ရေချိုးသည်ဟုသာ ပြောကြ၏။ အက်(ခ်ျ) တူးအို သောက်သည်၊
အက်(ခ်ျ) တူးအို ချိုးသည်ဟု မပြောကြ။ ပြောလျှင် ကြောင်၏။
ဤသည်မှာ
သမ္မုတ္တိသစ္စာနှင့် ပရမတ္ထသစ္စာတို့ သဘောတည်း။
အဘိဓမ္မာသည် ပရမတ္ထစစ်စစ်ကို လက်ခံ၏။ ( အာရမ္မဏပစ္စည်းမှာတော့
ပညတ်ပါရ၏။)
သုတ္တာန်ဒေသနာမှာ
ရှင်ဘုရင်ရှိ၏။ တိုင်းသူပြည်သားရှိ၏။ ပေးကမ်းသူရှိ၏။ တောင်းစားသူ ရှိ၏။ ရဟန်းရှိ၏။
ဒကာ၊ ဒကာမရှိ၏။ နိုင်ငံရှိ၏။ မြို့ရှိ၏။ တရားဟောသည်ရှိ၏။
အတင်းပြောသည်ရှိ၏။….ရှိ၏။…ရှိ၏။
အဘိဓမ္မာဟုခေါ်သည့်
အယ်ဒီတာ့စားပွဲသို့ ရောက်သောအခါ ထိုမျှဖောင်းပွလှသော စကားလုံးတို့
တည်းဖြတ်ခြင်းကို ခံရတော့၏။
ထိုအရာတို့ကို
အဘိဓမ္မာက စကားနှစ်လုံးထဲကျန်အောင် တည်းဖြတ်လိုက်၏။ နာမ၊ ရူပ (နာမ်နှင့် ရုပ်)
ဟုဖြစ်၏။ အဆင့်အမြင့်ဆုံး ပရိသတ်အတွက်ဖြစ်၏။ အရာခပ်သိမ်းသည် နာမ် (သို့) ရုပ်
တစ်ခုခုဖြစ်နေရမည်။ နာမ်နှင့် ရုပ်တွဲစပ်လည်းဖြစ်မည်။ ရှင်းသွား၏။ နာမည်တွေ
မလိုတော့။
အချို့သော
ပရိသတ်များအတွက် အနည်းငယ်ချဲ့၍ ပတ်ဗလစ်(ရှ်) လုပ်လိုက်၏။ ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါးဟု
ဖြစ်၏။
အချို့အတွက်
အာယတန (၁၂) ပါး။ အချို့အတွက် ဓာတ် (၁၈) ပါး။ အချို့အတွက် သစ္စာ (၄) ပါး။
မိမိအသိနှင့်ကိုက်သော အယ်ဒီးရှင်းကို ယူဖတ်ရန်သာ အရေးကြီး၏။
အက်ဒစ်လုပ်ရာ၌
အဘိဓမ္မာက ရက်စက်၏။ ဘုရားမရှိ၊ စင်္ကြာဝတေးမင်းမရှိ၊ ဗိမ္ဗိသာရမရှိ၊ အဇာတသတ်မရှိ။
ထိုအရာတို့ကို စုစည်း၍ နာမနှင့် ရူပဟုဆိုလိုက်၏။ ပဉ္စက္ခန္ဓဟု ဆိုလိုက်၏။ အနှစ်မပါသော
ပညတ်တို့ကို အားလုံးမင်နီဖြင့် ဖြတ်ပစ်လိုက်၏။
ရှင်းသွား၏။
(သို့) ရှုပ်သွား၏။ သိသော် ရှင်း၍၊ မသိသော်
ရှုပ်၏။
အဘိဓမ္မာသည် လူကိုလွတ်မြောက်စေ၏။ (သို့) လူကိုလည်း
ချည်နှောင်သွားနိုင်၏။ လွတ်မြောက်ဟူသည်
အဘိဓမ္မာသဘောကျကျ နေတတ်သွားခြင်းဖြစ်ပြီး၊ ချည်နှောင်သွားနိုင်၏ ဟူသည်
ထိုအဘိဓမ္မာအသိကို အခြေခံ၍ မာနတက်သွားခြင်းတည်း။ ဤသည်မှာ အဘိဓမ္မာနှင့်မဆိုင်၊
ပုဂ္ဂိုလ်နှင့် ဆိုင်၏။
မည်သို့ဆိုစေ
အဘိဓမ္မာသည် အယ်ဒီတာနှင့်တူ၏။ မလိုသည်များကို တည်းဖြတ်၏။ မလိုသောအရာတို့သည်
လောကသစ္စာ၊ သမုတိသစ္စာတို့တည်း။ ထိုသစ္စာတို့က စင်္ကာပူမှာမှန်၍ ရန်ကုန်တွင်မှားနေတတ်၏။
အာရှမှာမှန်ပြီး အမေရိကမှာ မှားနေတတ်၏။ မနေ့ကမှန်၍ ယနေ့ မှားနေတတ်၏။ ယနေ့
မှားနေသော်လည်း မနက်ဖြန်၌ မှန်လျှင် မှန်နေတတ်ပြန်၏။ ဒါကို အဘိဓမ္မာဒေသနာက
တစ်စက်ကလေးမှ ကြည့်လို့မရ။ အက်ဒစ်ချလိုက်သည်။
မှန်၏။
အဘိဓမ္မာသည် အယ်ဒီတာနှင့်လည်းတူ၏။
အားလုံးကို
ချုပ်ကြပါစို့။
“ဟော”
ဆိုသည့် သုတ္တာန်ဒေသနာကို အဘိဓမ္မာက တစ်စချင်းဆွဲထုတ်ကာ ဂျာနယ်လစ်၏။
အင်ဖော်မေးရှင်းမှန်သမျှ အကုန်ရအောင် ဆွဲထုတ်၏။( ဂျာနယ်လစ်)
“ပညတ်များဖြစ်သည့်
အကာသဘာဝ၊ စကားအသုံးအနှုံးတို့ကို အဘိဓမ္မာက ရက်ရက်စက်စက် တည်းဖြတ်၏။ ( အယ်ဒီတာ)
ဤဆောင်းပါးကိုဖတ်ပြီး လူတစ်ယောက်မျှ
အဘိဓမ္မာသင်လိုစိတ်ပေါက်သွားမည်ဆိုလျှင် အငြင်းပွါးဖွယ်စကားနှစ်လုံးကို(လူ့နားသို့ရောက်စေလိုသောစေတနာဖြင့်)သုံးမိခြင်းအတွက်နောင်တမရလို။
နာမည်ကြီးအောင် အဆန်းထွင်ခြင်းမဟုတ်။
ဆုတောင်းပတ္ထနာပြုချင်၏။အဘိဓမ္မာဒေသနာတော်ကြီး စည်ပင်ပြန့်ပွါးပါစေသတည်း။အဘိဓမ္မာပို့ချသူ၊ သင်ကြားသူ၊ သဘောပေါက်သူများ တိုးပွါးလာပါစေသတည်း။ထိုသူများကလည်းအဘိဓမ္မာဒေသနာကို စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါစေကုန်သတည်း။
သီဟနာဒ
( ၂-၁-၂၀၁၂ ညနေ-၄:၄၅)
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment