ရန်ကုန်ရောက်ခိုက်
နောင်တော်ရဟန်းတစ်ပါး၏ ကျောင်း၌ ခဏမျှသီတင်းသုံးစဉ်ကဖြစ်၏။
တရားစခန်းနှင့် တည့်တည့်ဝင်တိုးနေ၏။ တရားဝင်ထိုင်ရန် သူကဆို၏။ စာမေးပွဲပြီးစဖြစ်၍
ဖြစ်နိုင်လျှင် လွတ်လွတ်လပ်လပ်ကလေး နေလိုက်ချင်သေးသည်။ သို့သော် မငြင်းချင်။
အခြားသော ရဟန်းတော်များ လည်း တရားစခန်းဝင်သဖြင့် ဝင်လိုက်ရတော့၏။
တရားနည်းကား အနာဂါမ် ဆရာသက်ကြီး၏ နည်းတည်း။
ထိုင်ချိန်ပိုကြာ၏။ လမ်းလျှောက်ချိန်နည်း၏။ ကမ္မဋ္ဌာန်းဆရာကားပျော်ဘွယ်ကြီး
ကျေးရွာမှ ဒကာကြီးတစ်ယောက်တည်း။
အမေရိကန် ဘိက္ခူနီ တစ်ပါးပြောဖူးသည်ကို အမှတ်ရ၏။ ငြိမ်းချမ်းမှုဟူသည် ဆံပင် ရိတ်ဖြတ်ကာမျှဖြင့်မရ။ ဖန်ရည်စွန်းသင်္ကန်း ကောက်ဝတ်ယုံဖြင့်မရ။
ဤမျှဖြင့်ရပါက လူတိုင်း ကတုံးလေးတွေနှင့် ဖြစ်နေနိုင်သည်ဟုပင် “သော” သွားသေး၏။
မှန်၏။ လူ့စိတ်၊ ရဟန်းစိတ် အားလုံးသည် မထိန်းကျောင်းရသေးလျှင် အတူတူပင်ဖြစ်၏ ။
(၄)ရက်သာ ကုန်သွားသည် သမာဓိက မရ။ ထိုနည်းက သမာဓိပြီးမှ ဝိပဿနာကို ကူးသည်။
သမာဓိ ထူထောင်စဉ် စကားပြောခြင်းကို တားမြစ်၏။ ဝိပဿနာကူးသွားလျှင် အရေးကြီးသော
အဓိပ္ပါယ်ရှိသော စကားပြောနိုင်၏။ ငါးရက်မြောက်နေ့၌ ယောဂီများကို ခေါ်၍ တရားစစ်တော့၏။
ကျန်သည့်ယောဂီများမှာတော့ မည်သို့ ရှိမည်မသိ။ မိမိမှာတော့
တရားရှုမှတ်ခြင်းနှင့် ပက်သက်၍ ပြောလောက်စရာဘာဆိုဘာမှ မရှိ။ သို့သော် မေးက
တစ်ခုခုတော့ ပြောရပေလိမ့်မည်။
သီဟနာဒသည် မလျော်ရာ၌ အလွန်တော်၏။
တော်ပုံကိုဆိုအံ့။
ဆရာကခေါ်မေးတော့မည်။ ဘာပြောရမည်နည်း။ စဉ်းစား၏။မရ။ ထိုစဉ် ရေအိုးစင်မှ ရေအေး
တစ်ခွက်ကို မော့သောက်လိုက်မိ၏။ အမြင်မှာ အေးချမ်းနေသော ထိုရေက
ခံတွင်းထဲရောက်သည်နှင့် တပြိုင်နက် ချက်ချင်းနွေးသွား၏။ မသေချာလှသေး။ ဒုတိယ
ရေအေးတစ်ခွက် ထပ်စမ်းကြည်၏။ မှန်၏။ ခံတွင်းမှ အပူရှိန်ကြောင့်ရေအေးသည်
စက္ကန့်ပိုင်းအတွင်းနွေးသွား၏။
ထိုစဉ်
မစွံသော ဉာဏ်အလင်းလက်သွားတော့၏။
သို့ဖြစ်လျှင် ရှူလိုက်မိသော “လေ” ကရော။ ဤသို့ပင်ဖြစ်ပေလိမ့်မည်။ အပြင်မှ
လေသည် အေးနေရမည်။ နှာခေါင်းထဲဝင်၊ အဆုတ်ဆီရောက်အောင်သွား၊ ပြန်ထွက်လာသော ထိုလေသည်
သေချာပေါက် နွေးနေရမည်။ မိမိသမာဓိမရှိ၍ မသိခြင်းသာဖြစ်နိုင်သည်။
ဤဖော်မြူလာကို
ရသွားတော့၏။
ဆရာကြီးက တရားအတွေ့ကိုမေး၏။
“ဝင်သွားသောလေက အေး၍ ပြန်ထွက်လာသော
လေကနွေး၏” ဟုဖြေချလိုက်သည်။
ထိုစဉ်လုံးဝမျှော်လင့်မထားသော အရာဖြစ်သွားတော့၏။ တရားအတွေ့မမေးမီက ဦးချထားပြီးသော ထိုဒကာကြီးက
ကြုံ့ကြုံ့လေးထိုင်ခါ ဦးချပြန်တော့သည်။ ဘာမှန်းမသိ။ မိမိလည်း
ပြူးတူးပြာတာဖြစ်သွား၏။ ဆရာကြီးကလျှောက်၏။
“ထူးလှတဲ့ ပါရမီရှင်
အရှင်မြတ်ပါဘုရား။ ဆက်လက်ကြိုးစားအားထုတ်တော်မူပါဘု၇ား။ ဒီနေ့အထိ တပည့်တော် ပို့ချနေတာက အတွေ့(ဖဿ)
ပဲရှိပါသေးတယ်ဘုရား။ အရှင်ဘုရားက
ဖဿကိုကျော်ပြီး ဝေဒနာကိုတောင် တွေ့နေပါပြီဘုရား။ အရှင်ဘုရားလည်း စာကိုသိပါတယ်။
ဖဿ ပစ္စယာ ဝေဒနာ ပါဘုရား။ တကယ်တမ်းကျင့်ရင် ဖဿကို တွေ့ပြီး တဲ့နောက် ဝေဒနာကို
ထင်ထင်ရှားရှား မြင်ဖို့ အချိန်လိုပါတယ်ဘုရား” ဟုလျှောက်လေတော့၏။
မလျော်ရာတော်မိသော သီဟနာဒသည် ဆရာကြီးကို လိမ်လိုက်မိ၏။
အင်တာဗျူးအပြီး အပြင်ထွက်လာတော့ မိတ်ဆွေရဟန်းများကဆို၏။
“အမောင်သီဟနာဒ၊ သင့်ထံ၌ သမာဓိခြူးတစ်ပြားမှ မရှိသည်ကို ငါတို့သိ၏။
သင်နှင့်စာလျှင် ငါတို့ကမှ အနည်းငယ်ရှိသေး၏။ သို့သော် ငါတို့ဖြေသော အဖြေသည်
ဆရာကြီး သဘောနှင့် ညီဖို့ဝေလာဝေး၊ ပို၍ကြိုးစားရန်သာ ဆိုလိုက်၏။ သင့်ကိုမူ ဆရာကြီးက ဦးသုံးကြိမ်ပင်
ပိုချလိုက်၏။ သင်၏ အဖြေကား အဘယ်နည်း” ဟုမေးကြ၏။
မတတ်နိုင်ဖြေလိုက်၏။ အားလုံးရယ်ကြ၏။
ထို့နောက် မိမိကို “ ဝေဒနာ” ကိုယ်တော်ဟု နောက်ပြောင်ပြောင် ဥတ္တရက စ၍
ခေါ်တော့၏။
တရားစခန်းပြီးမှ ထိုကိစ္စကို ဆရာကြီးကို ရှင်းပြမိ၏။
“လိမ်သည်ဟု မထင်ပါနှင့်ဘုရား။ အရှင်ဘုရား တွေ့လိုက်ရသည်ကလည်း တကယ်သဘာဝ
ဓမ္မပါပဲဘုရား” ဟုဖြေသိမ့်ရှာ၏။ မှန်၏။ ဖြေသိမ့်ခြင်းမျှသာ။
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment