ဧည့်သည် ကျွန်မ၊ ကျွန်မ ဧည့်သည်


လောကကြီးထဲမှာ တစ်ခါတစ်ခါ ကျွန်မတို့ကိုယ်တိုင်က ဧည့်သည်တွေဖြစ်ပြီး၊ တစ်ခါတစ်ခါ ဧည့်သည်တွေက ကျွန်မတို့ဆီလာကြတာမို့ ကျွန်မတို့က အိမ်ရှင်ဖြစ်နေတတ်ပြန်ပါတယ်။ တစ်ခါတစ်ခါကျပြန်တော့ ကျွန်မတို့ဟာ ဧည့်သည်ရော အိမ်ရှင်ပါဖြစ်နေရပြန်ရော

          မြန်မာလိုတော့ အိမ်ရှင်နှင့် ဧည့်သည်။
          ပါဠိလိုတော့ အာဝါသိကနဲ့ အာဂန္တုက။
          အင်္ဂလိပ်လိုတော့ ဟို့(စ်ထ်) နဲ့ ဂတ်(စ်ထ်)။

          မြန်မာလူမျိုးတွေဧည့်သည်ကိုချစ်တတ်ကြပေမယ့် “လူသာလာပါ၊ ပြဿနာ ခေါ်မလာပါနဲ့”  လို့ အရုပ်ဆိုးဆိုး စာတန်းလေးတွေကို တွေ့ရတတ်ပြန်ရော။

          ဒီထက်ပိုဆိုးတာက ပါဠိလိုဆိုထားတဲ့ ဝိဂြိုဟ်လေးပါ။ (ဆရာတော်တွေလည်း ဝင်မန့် တတ်ကြလို့ သေချာအောင်လျှောက်ရတာပါ) အာဂန္တာဟနတီတိ အာဂန္တုကောတဲ့ရှင်။ စင်္ကာပူက ဒကာမတွေ ပါဠိလေးမတောက်တခေါက်တော့ သိကြပါတယ်။ အာဂန္တာ- ရောက် ရောက်လာပြီး၊ ဟနတိ- အိမ်ရှင်ကို နှိပ်စက်တတ်၏၊ ဣသိတသ္မာ- ထို့ကြောင့်၊ အာဂန္တုကော- အာဂန္တုကမည်၏ တဲ့။ ရောက်ရောက်လာပြီး အိမ်ရှင်ကို နှိပ်စက်တတ်လို့ အာဂန္တုတဲ့။ သိပ်သဘောမတွေ့လှပါဘူး။ ဧည့်ကောင်းစောင်ကောင်းတွေကို အားနာစရာ။

          ဘုရားရှင်ကို ဇေတဝန်အထိလိုက်ပြီး စွပ်စွဲရဲတဲ့ စိဉ္ဖမာနလို အမျိုးသမီးအတွက်ဆိုရင်တော့ အဲဒီ ဝိဂြိုဟ်လေးရဲ့ အဓိပ္ပါယ်က ကွက်တိပဲ။ ဟုတ်တယ်လေ။ ဘုရားရှင်က အိမ်ရှင်၊ သူမက ဧည့်သည်ပေကိုး။

          ဒါပေမယ့် ဆွမ်းကပ်ချင်လို့ပါဆိုပြီး ဘုရားရှင်နဲ့ သံဃာတော်တွေကို အိမ်ပင့်၊ ဘာဆွမ်းမှ မကပ်ပဲ ဆဲရေးတိုင်းထွာခြင်းတွေနဲ့ ဧည့်ခံတဲ့ ပုဏ္ဏားမျိုးကျတော့ ဘယ်လိုလုပ်မလဲ။ ဘုရားက ဧည့်သည်၊ သူက အိမ်ရှင်လေ။ ဘုရားရှင်ကလည်း ခေတော်မူသူမှ မဟုတ်ပဲ။

          “ ပုဏ္ဏားကြီး၊ ဧည့်သည်တွေ ရောက်လာရင် စားစရာ သောက်စရာတွေနဲ့ သင်ဧည့်ခံတယ်။ ဧည့်သည်တွေ စားမသွားလို့ ကျန်ခဲ့ရင် ကျန်ခဲ့သမျှ သင့်ဥစ္စာတွေ။ ဒီလိုပဲ သင်က ဘုရားရှင်ကို ဆဲရေးတိုင်းထွာမှုတွေနဲ့ ဧည့်ခံတယ်။ ဒါတွေကို ဘုရားရှင်က မဘုန်းပေးဘူး။ ဒီတော့ သင့်ရဲ့ ဆဲရေးတိုင်းထွာမှုတွေဟာ သင့်ဥစ္စာတွေချည်းပါပဲ၊ ငါဘုရားရှင်နဲ့မဆိုင်” လို့ မိန့်တော်မူခဲ့ပါသတဲ့။

          ဒီလို(ဘုရားရှင်လို) ဧည့်သည်မျိုးကို လာပြီးနှိပ်စက်သူလို့ ဘယ်ပြောလို့ရပါတော့မလဲ။ အိမ်ရှင်ကနှိပ်စက်နေတာ။

          ဒါကြောင့် ဖြစ်မှာ-
          ရွာတုန်းက ကိုရင်လေးတွေ ကျက်နေတဲ့စာအုပ်လေးကို ယူကြည့်မိလို့ စုဒ္ဒသ ခန္ဓကဝတ်ဆိုတာလေးတွေ တွေ့ဖူးတယ်။ စုဒ္ဒသက တစ်ဆယ့်လေး၊ ခန္ဓကဝတ်ကတော့ ခန္ဓာမှာလာတဲ့ တာဝန်ဝတ္တရားလို့ သိခဲ့ရပါတယ်။

          ကိုရင်လေးတွေကိုသင်ပေးတဲ့ တာဝန်ဝတ္တရား(၁၄) ပါးလို့ အကြမ်းဖျင်း သိခဲ့ရပါတယ်( မှားရင် ပြင်ပေးတော်မူကြပါ အရှင်မြတ်တို့ဘုရား)။ အဲဒီ ဆယ့်လေးပါးထဲမှာ အာဂန္တုကဝတ်နဲ့ အာဝါသိကဝတ်ဆိုတဲ့ ဧည့်သည်ရဟန်းလိုက်နာရမယ့် ဝတ္တရား၊ ကျောင်းနေရဟန်းတွေ လိုက်နာရမည့် ဝတ္တရား ဆိုတာတွေ တွေ့ရတယ်။ ဘုရားရှင်က တော်တော်ကရုဏာကြီးတော်မူတာကိုးလို့ ကြည်ညိုခဲ့ရပါရဲ့ရှင်။

          ပိုပြီးစိတ်ဝင်စားစရာကောင်းတာက စိန္တကျော်သူ ဦးသြ ရေးသားတဲ့ ရယ်ခြင်းသုံးမျိုးပါပဲ။ ဒါကလည်း ရွာက ပထမလတ်တန်း ဖြေတော်မူတဲ့ ကိုရင်လေးတစ်ပါးရဲ့ မြန်မာစာသင်ရိုးစာအုပ်ကို ခဏယူကြည့်မိလို့ တွေ့ရတာပါ။( ပထမလတ်တန်းလို့တော့ ထင်တာပဲ)။ အဲဒီ အထဲမှာ-

          ၁။ ရွှေ၊ ငွေရဲ့ ရယ်ခြင်း
          ၂။ ကမ္ဘာမြေရဲ့ ရယ်ခြင်း
          ၃။ ဇနီးမယားရဲ့ ရယ်ခြင်း တဲ့။

          ငါ့ရွှေ၊ ငါ့ငွေလို့ လူတွေကပြောတိုင်း ရွှေ ငွေက ရယ်သတဲ့။ တော်တော်ရူးမိုက်တဲ့လူ၊ ငါတို့က သူဆီ ခဏလေးလာတာ။ လာတာကလည်း သူ့စီးပွါးရေး ကောင်းနေလို့၊ သူစီးပွါးရေး မကောင်းတော့ရင် ကောင်းတဲ့သူဆီသွားမှာ။ တို့က ဧည့်သည်ဆိုတာတောင် မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ ဧည့်သည်မျိုး။ ဒါတောင်မှ ငါ့ရွှေ ငါ့ငွေနဲ့ သည်းနေလိုက်တာ။ တော်တော်ညံ့တဲ့လူဆိုပြီး ရွှေ ငွေက ရယ်သတဲ့။

          ကမ္ဘာမြေကြီးကလည်း ရယ်သတဲ့။ ငါ့မြေ၊ ငါ့နိုင်ငံ စသဖြင့် လူတွေက ပြောကြရင်တဲ့။ ဒီလူတွေက အခုမှ ခဏလေးရောက်လာပြီး ငါ့ကိုများ ငါ့မြေ၊ ငါ့နိုင်ငံ စတာတွေနဲ့ “ တို့ ဘိုးဘွား အမွေစစ်မို့” တွေ လုပ်နေကြတယ်။ ငါက ကမ္ဘာဦးကတည်းက ရှိနေတာ။ သူတို့က အခုမှ ရောက်လာတာ။ နှစ်တစ်ရာအတွင်း အားလုံးပြန်ကြရမယ့် ဧည့်သည်တွေချည်းပဲ။ ဒါနဲ့များတောင် ငါ့မြေ၊ ငါ့နိုင်ငံတွေ လုပ်နေလိုက်ကြတာဆိုပြီး ရယ်ပြန်သတဲ့။

          ရွှေ ငွေတွေနဲ့ ပတ်သက်တော့ ကျွန်မတို့က အိမ်ရှင်၊ ရွှေငွေတွေက ဧည့်သည်။
          ကမ္ဘာမြေနဲ့ ပတ်သက်တော့ ကမ္ဘာမြေက အိမ်ရှင်၊ ကျွန်မတို့က ဧည့်သည်။

          ဒါ့ကြောင့် ကျွန်မပြောတာပါ။ ကျွန်မတို့က တစ်ခါတစ်ခါ အိမ်ရှင်ရော ဧည့်သည်ရော တပြိုင်နက် ဖြစ်နေကြတာလို့။

          ဇနီးမယားရဲ့ ရယ်ခြင်းကိုတော့ မရေးချင်လို့ မရေးတော့ဘူး။ ဖတ်ချင်ရင် ရှာသာဖတ်ကြပေတော့။ စိန္တကျော်သူ ဦးသြရေးတဲ့ သြဝါဒထူးပျို့တဲ့။

          နောက်ဆုံး ဘုရားရှင်က ဆုထားတို့ ပုထုဇဉ်တွေကို ခပ်စပ်စပ်လေး သတိပေးတော်မူခဲ့တာက
 “အရူးအနှမ်း ပုထုဇဉ်တွေအတွက် အပါယ်လေးဘုံဟာ ကိုယ့်အိမ်လိုပဲတဲ့”။ ကြောက်စရာ ကောင်းလိုက်တာ။ ကမ္ဘာမြေပေါ်မှာ လူသားဆိုတဲ့ ဧည့်သည်အနေနဲ့ ရောက်ခဲ့ရတာတောင် ဒုက္ခတွေက ဒုနဲ့ဒေး။ ရုံးနဲ့ အိမ်ပြန်ရတာကဝေး၊ ဘော့(စ်) နှစ်ယောက်စလုံး ခရီးထွက်တိုင်း တာဝန်တွေကလေး၊ အမေမွေးတဲ့ လက်နှစ်ဘက်က အလုပ်နဲ့စာရင် နည်းနေသေး၊ သူစိတ်ကောက်တော့ ကိုယ်ချော့ရ၊ ကိုယ်စိတ်ကောက်တော့ သူချော့ရ၊ ဒါတောင် ကျန်းမာရေးလေးက ကောင်းနေလို့ တော်သေးတာ။ နို့မို့တော့ စင်္ကာပူမှာက မလွယ်ရေးချ အောက်ကမြစ် မလွယ်။

          ဒီကြားထဲ အပါယ်လေးဘုံကိုများ အလည်သွားရမယ့် ဧည့်သည်ဆိုရင်တော့ စဉ်းစားတောင် မနေနဲ့တော့ပဲ။

          ဘုရား….ဘုရား….။

          ဧည့်သည်ဖြစ်တဲ့အစ်မက အိမ်ထောင်ခွဲသွားပြီ။ ဖေဖေနဲ့ မေမေ သဘောတရားမညီတာတွေ ဘယ်လိုညှိရပါ့။ ကျွန်မဆိုတဲ့ ဧည့်သည်ကရော ဘယ်ကို ခရီးဆက်ရမှာပါလိမ့်။

           “ခွဲခြားကန့်သတ်ကာ၊ ပိုင်းထားတဲ့ လူ့အရွယ်
          တစ်ကွေ့တော့ဖြင့် ဖြတ်ကျော်သွားခဲ့ပြီ၊
          မဆုံးသေးလို့ ခရီးစဉ် သတ်မှတ်ပြီးရွေးချယ်
          ရှေ့ဆက်မယ့်လမ်း…..ဘယ်
          တရွေ့ရွေ့နဲ့ အဝေးဆီ… 

          အဆိုတော် ရာပြည့်ရဲ့ ကျောင်းပိတ်ရက် တပေါင်းနွေ သီချင်းလေးကိုပဲ ညည်းမိပါတော့ရဲ့။

အမှာ။       ရွာမှာရှိစဉ်က အန်တီတူး(ဒေါ်တူးတူးမြင့်သိန်း) ကိုင်တဲ့ မုခ မဂ္ဂဇင်းရဲ့ “ ဧည့်ခန်းများကို ဖြတ်သန်းခြင်း” အခန်းမှာ (အကောင်စုတ်) ဇင်ဝေသော် ရေးခဲ့တဲ့ “ကျွန်တော် ဧည့်သည်၊ ကျွန်တော့ ဧည့်သည်” ကို ပြန်တွေးပြီး ရေးလိုက်တာပါ။ ဒါလေး ကောင်းတယ်၊ ပြန်ရေးပါလားဆိုတော့ ငါတော့ မရေးချင်ပါဘူး၊ နင်ရေးချင်ရေးပေါ့ဆိုတာနဲ့ ကျွန်မဆိုတဲ့မဖြစ်ညစ်ကျယ် ဆုထားမျက်ချယ်က…။        ။


 
  ဆုထားမျက်ချယ်
















Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment