နယူတန်ကြီး
ဂရဗတီကိုမတွေ့ခင်က ပန်းသီးတစ်ချို့ မိုးပေါ်ပျံတက်ကြလေသလား။ ထိုပန်းသီးများ
မြေပေါ်ကျလာခြင်းအပေါ်၌ရော နယူတန်၏နိယာမက မည်မျှသြဇာ သက်ရောက်မှု ရှိလေသနည်း။
မသိတော့။ သိတာတစ်ခုပဲ ရှိသည်။ သူမကို တွေ့ချင်နေသည်။ သူမကို တွေ့ချင်လှသည်ဟု
သိသော်လည်း နယူတန်သိသည့် တတိယနိယာမကို လူအများ မသိကြသေးသည့်အတွက်
မိုးပေါ်ပျံတက်လိုသည်ဆိုက ပန်းသီးတစ်ချို့ ပြန်တက်လို့ ရသေးသည် ထင်၏။ နောက်ဆုံး
အခွင့်အရေးဖြစ်သည်။
မကြာမီ
ကမ္ဘာမြေ၏ဆွဲငင်အားအကြောင်းကို လူအများသိလာလိမ့်မည်။ ထိုအခါ မည်သည့် ပန်းသီးမှ
မိုးပေါ်ပျံခွင့် မရနိုင်တော့။ ပန်းသီးများ မိုးပေါ်မပျံနိုင်တော့သော်လည်း
ကျွန်တော်သူမကို တွေ့လိုက တွေ့လို့ရသေး၏။ မှန်၏။ ယနေ့ မိုးပေါ်ပျံတက်သွားသော
ပန်းသီးသည် ရူးသွပ်သောပန်းသီး ဖြစ်သွားတော့၏။ အမှန်မူ ဤကိစ္စသည် ပန်းသီးနှင့်
ဘာမှမဆိုင် နယူတန်ဆိုသည့်ပုဂ္ဂိုလ် မူးမူးနှင့် ပန်းသီးပင်အောက် ဝင်အိပ်ခြင်းနှင့်သာ
ဆိုင်၏။ မည်သို့ဖြစ်စေ ကျွန်တော်သူမကို တွေ့လိုခြင်းသည် ရူးသွပ်မှုမဟုတ်သလို
မူးမူးနှင့် ပန်းသီးပင်အောက် ဝင်အိပ်လိုက်ခြင်းလည်းမဟုတ်။ ဟုတ်သည်ဟု
တစ်ယောက်ယောက်က ပြောလာပါကလည်း ငြင်းဆန်မိမည်တော့မဟုတ်။
သူမနာမည်သည် နာလန္ဒာ ဖြစ်သည်။
ကြာပန်းတစ်ချို့
ခေါင်းပေါ်မှာပန်ထားတတ်သည်ဟု ကြားခဲ့ဖူး၏။ သူမနာမည်ကို ကျွန်တော် မသိ။ သူမနာမည်
နာလန္ဒာဖြစ်သည်။
သူမကို
မည်သူက မွေးထုတ်ပေးလိုက်သနည်း။ မသိ။ သူမ၏ အပျိုရည်များ မည်သူက စုပ်ယူသွားသနည်း။
မသိ။ မသိဟူသည် သမိုင်းကို မသိခြင်းဖြစ်သည်။ သမိုင်းဟူသည် နောက်လှည့်လှည့်ကြည့်ရသော
အလုပ်တစ်ခုဖြစ်သဖြင့် အလွန်ဇက်ညောင်းသော ပညာရပ် တစ်ခု ဖြစ်သည်။ သမိုင်းသင်ရန်
အနှိပ်ခန်းလို၏။
နာလန္ဒာသည်
တစ်ခုလပ်ဖြစ်သည်။ သားတွေရဲ့အမေလည်း ဖြစ်သည်။ သူမမှာ သမီးတော့ မရှိ။ သို့သော်
လှချက်က စက်စက်ယိုသော အမျိုးသမီးဖြစ်သည်။ သူမနာမည်ကို ကျွန်တော်မသိ။ သူမနာမည်
နာလန္ဒာဖြစ်သည်။ ဟုတ်သည်။ တွေ့ပြီ။
“ ရှင်က
ကျွန်မနဲ့ တွေ့ချင်လို့ လိုက်ရှာနေတာဆို”
“ မင်းက
ဘယ်သူလဲ။ ငါရှာနေတဲ့လူက မင်းလား”
“
ရှင်တွေ့ချင်လို့ ရှာနေတဲ့လူကို တွေ့နေတာတောင် ရှင်ကဘယ် သူမှန်းမသိဘူးလား”
ခက်သည်က စကားပြတ်သွားသော
အခိုက်အတန့်များဖြစ်သည်။ ကိုယ့်အသက်ရှူသံကို ကြားရသည်။ သူမ အသက်ရှူသံကိုလည်း
ကြားရသည်။ ရင်ခုန်ုသံ ကိုကား မကြားရ။ ရင်ခုန်သံဟူသည် ဒေါက်တာများသာ ကြားခွင့်ရသော
အခွင့်ထူးဖြစ်သည်။ နားကြပ်ရှိလျှင်တော့ ဒေါက်တာမဟုတ်လည်း နားထောင်လို့ရသည် ထင်၏။
ကျွန်တော့မှာ နားကြပ်မရှိ။
“ အင်း ဟုတ်တယ်။
ငါသူ့ကို မမြင်ဖူးဘူး။ မင်းက နာလန္ဒာလား”
“ ဟုတ်တယ်လေ၊ ကျွန်မက နာလန္ဒာ။ လာလေ၊ ဒီနားမှာ လာထိုင်။
စကားပြောရအောင်”
“ ဒါနဲ့ မင်းက အပျိုနာလန္ဒာလား၊ တစ်ခုလပ် နာလန္ဒာလား”“ အတူတူပဲ။ အပျိုလည်း ကျွန်မပဲ။ တစ်ခုလပ်လည်း ကျွန်မပဲ”
ဒီတော့မှ ရှင်းသွားတော့သည်။ ကျွန်တော်တို့နှစ်ယောက်
အုတ်ခုံပေါ်မှာ ထိုင်နေကြသည်။ လေအနည်းငယ် တိုက်နေသည်ဟုထင်၏။ လရောင်လည်း အနည်းငယ်
ဖြာကျနေသည်ထင်၏။ နေရောင်လား၊ လရောင်လားတော့ မကွဲပြား။ ဒီအရောင်နှစ်ခုက
ရှုပ်ထွေးလွန်းသည်။ သေချာတာကတော့ သူမနှင့် ကျွန်တော်ထိုင်နေသော အုတ်ခုံကြီးက
မှောင်မနေ။
ထိုစဉ် လည်ဆံမွှေးကားကားဖြင့် မြင်းရိုင်းတစ်ကောင်
ပြေးလွှားလာနေသည်ကို တွေ့လိုက်ရ၏။ ထိုမြင်းသည် ဆွတ်ဆွတ်ဖြူနေသော မြင်းတစ်ကောင်တည်း။
“နာလန္ဒာ၊ ကြည့်လိုက်စမ်း။ မြင်းဖြူတစ်ကောင်
တို့ဆီပြေးလာနေတယ်။ သူ့ရဲ့ လည်ဆံမွှေးတွေက သိပ်လှတာပဲ”
“ ရှင်က ဘာတွေလာပြောနေတာလဲ။ အဲဒါ ကျွန်မပဲလေ”
“ မဟုတ်ပါဘူးကွာ၊ မင်းက ငါနဲ့ အတူတူထိုင်နေတာပဲ”
“ ဟုတ်တယ်။ ယုံချင်ယုံ၊ မယုံချင်နေ။ အဲဒီ မြင်းဖြူမလေးကလည်း
ကျွန်မပဲ”
ဒီတော့မှကျွန်တော်သဘောပေါက်သည်။ ဟုတ်သည်။
လည်ဆံမွှေးကားကားဖြင့် ပြေးလာနေသော မြင်းဖြူမလေးသည် နာလန္ဒာဖြစ်သည်။ သိပ်မကြာ
မြင်းဖြူမနာလန္ဒာက ထွက်ပြေးသွားပြန်သည်။ ကျွန်တော်တို့ ထိုင်နေခဲ့ကြသည်။ ဘာကြောင့်
ထိုင်နေကြသည်ကို နှစ်ယောက်စလုံး သိကြဟန်မတူ။
“ ရှင်ပြန်ချင် ပြန်တော့လေ။ မိုးချုပ်နေပြီ”
“ ငါမပြန်သေးဘူး။ မိတ်ဆွေတစ်ချို့နဲ့ တွေ့ရဦးမယ်”
“ အမျိုးသားလား၊ အမျိုးသမီးလား”
“ အမျိုးသား”
“ သူတို့က ရှင့်ကို ဘဝနေနည်း၊ ထိုင်နည်းမေးလိမ့်မယ်။
ရှင့်ကိုမှ ရွေးပြီးမေးတာတော့ မဟုတ်ဘူး။ လာတဲ့သူတိုင်းကို မေးတာ”
“ ဟုတ်လား၊ မင်းက ဘယ်လိုလုပ်သိတာလဲ။ ထားပါတော့၊ ဒါဆို
ငါမသွားတော့ဘူး။ နေနည်းက စာပေထဲမှာပါတာပဲ။ မြင့်သောနေရာ မြတ်သောနေရာတွေမှာ
မနေရဘူးလေ။ ထိုင်နည်းကတော့ ငါတို့အခုထိုင်နေသလို ထိုင်တာကပိုကောင်းတယ်။ မြေမညီရင်
ထိုင်ရခက်တယ်လေ။ မင်းလိုကောင်မလေးနဲ့ ထိုင်နေတာ မှန်ကန်တဲ့ထိုင်ခြင်းပေါ့”
“ ရှင် ဘယ်မှာအိပ်မှာလဲ”
“ ဟိုတယ်ကို ပြန်ရမှာ။ ဒါပေမယ့် ပြန်စရာမလိုတော့ဘူး”
“ ဘာဖြစ်လို့လဲ”
“ မိတ်ဆွေတွေဆီ ငါမသွားတော့ဘူးလေ။ သူတို့ဆီသွားရင် သူတို့က
ဟိုတယ်လိုက်ပို့ကြမှာ။ ပြီးတော့ အခန်းတံခါးကိုဖွင့်ပြီး အပြင်ကိုကြည့်ကြမယ်။
ပြန်ပိတ်ဖို့မေ့သွားပြီး ဒီအတိုင်းထားခဲ့ကြလိမ့်မယ်။ ငါလည်း ဒါကိုမသိလိုက်ဘူး။
မင်းအကြောင်းစဉ်းစားရင်း အိပ်ပျော်သွားမယ်။ မနက်လင်းတော့ ငါအအေးပတ်နေလိမ့်မယ်”
“ ရှင်တကယ်ပြောနေတာလား”
“ တကယ်ပြောတာ။ ငါတို့ ဒီအတိုင်းပဲ ထိုင်နေရအောင်။
ဟိုတယ်ကိုပြန်ရင် အအေးပတ်မှာ”
ကျွန်တော်တို့ ထိုင်နေခဲ့ကြသည်။ ဘာကြောင့်
ထိုင်နေခဲ့ကြသည်ကိုတော့ မသိ။ စကားတွေပြောကြသည်။ များလွန်းသွားသည့်အတွက်
ဘာတွေပြောခဲ့ကြသည်ဆိုတာကို မမှတ်မိ။ ထိုကြောင့် ပြန်ရေးနေစရာမလိုတော့။
အလုပ်ရှုပ်သက်သာသွားသည်။
ရင်ခုန်သံက
ပုံမှန်ဖြစ်နေသည်။ ဒါဟာ မရိုးသားမှုတစ်ခုပေပဲ။ ဒီလို မဖြစ်သင့်။ တိတ်ဆိတ်သောညချမ်း၌
အလွန်လှပသော နာလန္ဒာလိုမိန်းကလေးနှင့် နှစ်ယောက်တည်း ရှိနေခိုက်
ပုံမှန်သာခုန်နေသော ရင်ခုန်သံသည် မရိုးသားမှုစစ်စစ် ဖြစ်သည်။ အနည်းငယ်တော့
မြန်နေသင့်၏ (သို့) နှေးနေသင့်၏။ ဒါမှ ရိုးသားမှု ဖြစ်သည်။ ဒါဖြင့် သူမကကော
ကျွန်တော့်လိုပဲ ရှိနေလိမ့်မည် ထင်၏။
ရိုးသားမှုကို
ရှာဖွေရန် ရင်ခုန်သံကို မြန်ပေးလိုက်သည်။ ဟုတ်ပြီ။ ဒီလိုအချိန်မှာ ဒီလောက်တော့
မြန်နေသင့်သည်။ ဟုတ်သလိုလိုရှိသော်လည်း မဟုတ်။ လူကမောလာသည်။ အသက်ရှူရတာ
မဝချင်တော့။ ဘာဖြစ်သွားသနည်း။ သူမရော ဒီလိုဖြစ်နေသလား။ မသိ။
ဒါနဲ့
အသက်ရှူသံကို နှေးပေးလိုက်သည်။ မှန်သည်။ ပုံမှန်ဖြစ်မနေဖို့သာ အရေးကြီး၏။
ဤအချိန်မျိုး ပုံမှန်ဖြစ်နေခြင်းသာ မရိုးသားမှုတည်း။ ခံစားမှုသည် ရိုးသား၏။
ကြိုက်သလို ခံစားလို့ရ၏။ စကားလုံးမပါသေးသ၍ ခံစားမှုက ရိုးသားသည်။
အသက်ရှူသံနှေးသွားသည်။ ဟုတ်သလို လိုထင်သည်။ မဟုတ်။ မောလာပြန်သည်။ မတတ်နိုင်တော့။
မရိုးမသားဟု ဆိုလိုကဆိုစေ ပုံမှန်အသက်ရှူသံဆီကို ပြန်သွားရတော့၏။
သွားမည့်သာသွားရသည်
ဤအချိန်မှာ ပုံမှန်ဖြစ်မနေသင့်ဟုတော့ ထင်နေဆဲ ဖြစ်သည်။
မောလှသည်။
ကံကောင်းထောက်မသည်။
နေလား၊ လလားမသိ ထွက်လာသည်။ နံနက်ခြောက်နာရီ ဖြစ်သည်။ နေထွက်တာဖြစ်ဖို့ ရာခိုင် နှုန်းများသည်။
ကျွန်တော်
ပြန်သင့်ပြီ။ ပြန်ရတော့မည်။
ဒါနဲ့
လက်ကိုဆန့်ပေးလိုက်သည်။ လက်ဆွဲနှုတ်ဆက်ရန် ဖြစ်သည်။ အရှက်ကြီးသော နာလန္ဒာက
ဘေးကိုဝေ့ဝိုက်ကြည့်သည်။ ထို့နောက် သူမလက်ကို မရဲတရဲထုတ်ပေးသည်။ သူမလက်ကို
မဆွဲပဲနှုတ်ဆက်လို့ ရသည်။ နှုတ်မဆက်ပဲလည်း ပြန်လို့ရသည်။ သို့သော်-
သူမလက်ကို
ကိုင်ဆွဲနှုတ်ဆက်ချင်သည်။ ယဉ်ကျေးမှုမဟုတ်၊ အမြတ်တနိုး အမှတ်တရဖြင့် သူမလက်ကို
ကိုင်လိုက်ခြင်းဖြစ်သည်။ သူမလည်း သိလိမ့်မည်ထင်သည်။ မည်သို့ဆိုစေ
ဤနောက်ဆုံးဝါကျသည် ရိုးသား၏။
(နာလန္ဒာမှ
မိတ်ဆွေများသို့ အမှတ်တရ)
်
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment