ကွန်မင့်များနဲ့ ဖွဲ့သီခြင်း

မိတ်ဆွေတစ်ယောက်က သတိရကြောင်း၊ ဘာကြောင်း ပြောခိုက်သတိရခြင်းသည်ကောင်း၏၊ ဘုရားရှင်လည်း ချီးမွမ်း၏၊ သတိကား ပိုသည်မရှိဟုပင်မိန့်တော်မူ၏ ဟု ခပ်ရွှန်းရွှန်းဖောက်နေခိုက် ရှင်နှောင်း ငယ်က "တင်ဝေသာ် လည်း မှတ်ထား ၊ မှတ်ထား...အင်း ဒါပဲနော်။

December 27, 2011 at 4:06pm · Like"ဟု ဇင်ဝေသော်ကို မပီတပီ ချစ်စနိုး ဖြင့် တင်ဝေသော်ဟုခေါ်ကာ သတိပေးသွား၏၊ ဝမ်းနည်းမိ၏၊ ရှင်နှောင်း ငယ်က သတိပေးသော်လည်း ရှင်နှောင်းကြီးက ဘာမှမပြောခဲ့။

Mg Ogga က" ရေရေလည်လည်မိုက်တဲ့ အတွေးဗျာ ဒါနဲ့ ကမ်းလက်က အချို့ စာတွေကို ကျနော်တို့ ဧ၀ံမေသုတံ ဘလော့မှာ အသုံးပြုခွင့် ပေးပါခင်ဗျာ ကြိုက်လို့"လို့ ရိုးသားစွာ ခွင့်တောင်းခိုက် ဘာပြန်ပြောရမလဲ စဉ်းစားနေစဉ် ကိုကြီး Khant က "ဘာမှမဟုတ်ဘူးရယ် ..တစ်ကယ်...နှစ်ခြိုက်သူတို့နမ်းပါစေ။။။:)" ဟူသော ကွန်မင့်လေးတက်ရေးသည်၊ ဒါနဲ့ပဲ အေးလေ နှစ်ခြိုက်သူတို့နမ်းပါစေ ပေါ့ ဟု ဖြေပြီးသားဖြစ်သွားလေတော့သည်။

အဲဒီနေ့က အိပ်ယာထနောက်ကျနေခဲ့သည်၊ ဟို ဒကာ ဇင်ဝေသော် ရဲ့ညစာမစားဖြစ်တဲ့ အိပ်မက်များ အကြောင်းကို မဆီမဆိုင်လျှောက်စဉ်းစားနေခဲ့မိခြင်းကြောင့်ဖြစ်၏၊။ အလွန်ရှုပ်ထွေးသောစာဖြစ်ပြီး ဘာကိုဆိုလိုချင်မှန်းလည်းတိတိကျကျမသိ၊ ထို့ကြောင့်ပင် အာရုံဆွမ်းစားလက်ခံထားမိသည်ကိုမေ့လျော့ကာ နေမြင့်အောင်ပင် အိပ်လိုက်မိ၏၊ အာရုံဆွမ်းစားလွတ်သွား၏။ ဒါကို မဖြစ်မနေသိလိုက်သော Noble Moe က "ပျင်းတဲ့သူလွတ်မယ်ထင်တာ တော်သေးတာပေါ့သူလွတ်သွားလို့းD" ဟု လှမ်းနောက်သွားလေတော့၏၊အလွန်နောက်သော ဒါယိကာမပင်တည်း။

ဘာကြောင့်မှန်းမသိ တစ်ကိုယ်လုံး ညောင်းကိုက်နေသည်၊ ဆရာသမားက မိုးရွာချင်လို့ ဟု မိုးနှင့် အညောင်းအကိုက် မဆီမဆိုင်ဆက်စပ်၏၊အတန်ကြာမှ မ Khin San Yu က "သမိုင်းဟူသည် နောက်လှည့်လှည့်ကြည့်ရသော အလုပ်တစ်ခုဖြစ်သဖြင့် အလွန်ဇက်ညောင်းသော ပညာရပ် တစ်ခု ဖြစ်သည်။ သမိုင်းသင်ရန် အနှိပ်ခန်းလို၏။းp:p:p:p" ပီ ပီ ပီ ပီ ဟု ခရာမှုတ်ရင်း အကြောင်းတရား အမှန်ကို လက်ချာပေးသွား၏၊ ပါဠိတော်စကားဖြင့်ဆိုရမူ မှောက်ထားအပ်သောဝတ္ထုကို လှန်ပြလိုက် သကဲ့သို့ဖြစ်၏၊ အထဲမှာ ဘာရှိမှန်းတော့မသိ။ကြုံမှ မေးရပေတော့အံ့။( အံ့ ဟူသည် ဆရာအံ့ မဟုတ်၊)

မား ဆိုး က"အချိန်တိုင်းမှာ... အချိန်တိုင်းမှာ .. အချိန်တိုင်းမှာ .. ကိုယ်ခေါင်းငုံ့နေရတယ် ..........................."ဟု အယ်ဂျီးရီယားမှ နေပြီး လှမ်း၍ခေါင်းငုံ့၏။ အဆံပြည့်သော စပါးနှံဖြစ်ပုံရပါသည်၊ စပါးနှံသည် အဆံပြည့်လေခါင်းငုံ့လေတည်း။

ရေမြင်းစပါယ်ရှယ်လစ်အစစ်ဖြစ်လေသော အန်ဆီး ဒေါ်Win Win Yee က" ရေမြင်းတွေမှာတော့ အထီး ကကိုယ်ဝန်ဆောင်တယ် တဲ့" ဟု ရေမြင်းအကြောင်း ရေခင်းပြစဉ် ဓာတ်တူရာပေါင်းမိပြီး ကုန်းပေါ် ကမြင်းကို မြင်းရာ မသွင်း၊ ရေထဲကမြင်းကိုမှ စိတ်ဝင်စားသောMoe Khant က ဒီကိစ္စ စိတ်ဝင်စားတယ်:) ဟု ကိုယ်ဝန်ဆောင် အငှားရှာဖွေလေတော့၏၊ ရေလူဖြစ်ချင်ပုံရ၏၊

မျက်မှန်တပ်ထားသောဆရာတော်တစ်ပါးက အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုဘာသာဖြင့်ရေးထားခဲ့လေရာ ယနေ့တိုင်မည်သူမျှ ဘာသာမပြန်ဆိုနိုင်သေးကြောင်းသိရ၏၊ ဝမ်းနည်း၏၊ မသိခြင်းကြောင့်၊ ဝမ်းသာ၏မသိခြင်းကြောင့်။ ဖတ်ကြည့်ကြပါလေ။ " အိမ်း၊ အတိတအစညတ။"ဟုဖြစ်၏။ ထိုစဉ် Aye Thanda Tun က" ဤကား ဘာရေးနည်းမှန်းမသိသော စာရေးနည်းတည်း :)) "ဟု မှတ်ချက်ပြုလိုက်လေတော့၏။

လူ၌လူ့ဒုက္ခ၊ရဟန်း၌ရဟန်း ဒုက္ခ၊ ဘုရား၌ဘုရား ဒုက္ခ ရှိ၏၊ဆံပင်ရိတ်စဉ်က ဒုက္ခများပါမသွားသောကြောင့်ဖြစ်ဟန်တူ၏။ ထို ဒုက္ခနှင့်ပတ်သက်၍ ဒုက္ခရောက်နေစဉ် Bobo Koko ဆိုသော ထိုထို ထိုထို ပုဂ္ဂိုလ်က "မှန်ပါတယ်။ လူဆိုတာ ဒုက္ခတွေကိုပဲ ပွေ့ပိုက်ချစ်နေရတာပဲလေ။"ဟု ဂလိုဂလိုဆို၏၊သူ ပွေ့ပိုက်ချစ်နေရသော ဒုက္ခ၏ ဆိုက်က S လား၊ M လား၊ L လား XL လား မသိရ၊ ဒါကိုပင် ဘုမသိဘမသိ Khin Ye Lwinက" အော် ဒုက္ခ...ဒုက္ခ"ဟု ကောက်ရိုးပုံဘေး ပြောင်းဖူးဖက်ဆေးလိပ် ထိုင်သောက်နေသေး၏။

ဤသို့ဖြင့်ပင်ကမ်းလက်လပတ်လည်သည် Nay Nwe Aung ပြောသကဲ့သို့ "စာရေးသူ၏ အိမ်မက်သည် အလွန်ချိုမြ သည်။ အိမ်တစ်လုံးဆောက်ချင်သည် ။............ နေရာ နေရာ နေရာ၏"ဖြစ်နေတော့၏။အိပ်မက်ချိုသူတိုင်း အိမ်ပိုင်မရှိ၊ နေရာမရှိ နရာ နေရာ၏။ ခက်သည်က သူမပြောသည်က အိပ်မက်မဟုတ်၊ အိမ်မက်ဖြစ်နေ၏။ ထို့ကြောင့် သူမသည် အအိပ်ကြီးခြင်ကိုမမက် အိမ်ရှိခြင်းကို မက်၏ ဟု သဘောပေါက်ရလေတော့သတည်း။

သီဟနာဒသည် မလျော်ရာ၌ အလွန်တော်၏ဟု စာရေးရန်စဉ်းစားခိုက် မောနေယျ ဟုအမည်ရသော ရဟန်းတစ်ပါးက လက်ရေးကိုကြည့်ကာမျှဖြင့် လက်နှစ်ချောင်းထောင်ပြီး ဟောကိန်းထုတ်သွား၏၊တော်၏၊ချော်၏ ။ ဟူလို၊ထုရဟန်းကို ဖူးတွေ့ရသော် အဟော ဝတ ကောင်းလေစွ၊ ကောဏ္ဍည ပင် လူမြင်မှဟောနိုင်၏၊ မောနေယျ ကိုယ်တိုင် မောနေရသောကြောင့် လားတော့ မသိချေ၊ မမောစေ ချင်ပါ။ Ashin Khemacara မိန့်သကဲ့သို့" အများအတွက် ကောင်းမယ်ထင်ရင် လုပ်၊ အပြစ်ပြောမယ့်လူက ပြောမယ်။"

ရှင်နှောင်း ငယ် ပြောသကဲ့သို့ပင် "မငြိမ်းသေးသော...သာဓု သာဓု သာဓု။"



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment