တစ်ခါက
အဘိဓမ္မာဆရာတစ်ယောက်ဟာ ရွာထဲကလူတွေကို “အသံ” နဲ့ပတ်သက်လို့ ရှင်းပြနေသတဲ့။
“ မိုးခြိမ်းသံ၊ တော်လဲသံ၊ သစ်ကိုင်းကျိုးသံ၊ ရေစီးသံ စတဲ့အသံတွေက ဥတုကြောင့်
သက်သက်ဖြစ်တဲ့ အသံတွေမို့ “ဥတုဇ” အသံလို့ ခေါ်ပါတယ်။ စကားပြောသံ၊ ငှက်မြည်သံ၊
တောက်ခေါက်သံ၊ လေချွန်သံ၊ ငြီးတွားသံ စတဲ့ အသံတွေကတော့ စိတ်၊ ဥတုဆိုတဲ့
အကြောင်းနှစ်ပါးကြောင့် ဖြစ်လာတာမို့ “စိတ္တဇ၊ ဥတုဇ” အသံလို့ ခေါ်ပါတယ်”
ရွာသားတွေကလည်း တယ်ဟုတ်ပါလားပေါ့လေ။ လသာသာအောက်မှာ စိတ်ဝင်တစား
နားထောင်နေကြတုန်းမှာပဲ-
“ ဘူ” ဆိုတဲ့ အသံကြီးတစ်သံ လူတွေကြားထဲက ထွက်လာသတဲ့။
ဒါကို သိပ်ပြီးစိတ်မနှံ့ရှာတဲ့
လူတစ်ယောက်က-
“ဆရာကြီးခင်ဗျား၊ အခုနက မြည်သွားတဲ့ “ဘူ” ဆိုတဲ့
အသံကြီးကရော ဘာ့ကြောင့်ဖြစ်တဲ့အသံလို့ ထင်ပါသလဲခင်ဗျာ” လို့ မေးသတဲ့။
အဘိဓမ္မာဆရာကြီးလည်း နည်းနည်းတော့ အောင့်သွားတာပေါ့။ ဒါပေမယ့်ဆရာကြီး ဆိုတော့ ဖြေရတော့
မှာပေါ့။
“သူ့ဘာသာ
ရိုးရိုးလေလည်တာဆိုရင် ဥတုဇ၊ ဥတုကြောင့်။ မင်းစိတ်ပုပ်လို့ ညှစ်ပေါက်လိုက်တာဆိုရင်
စိတ်၊ ဥတုကြောင့် ဖြစ်တာမို့ စိတ္တဇ၊ ဥတုဇရုပ်” တဲ့။
အဖြေကြားတော့ အရူးက ( စိတ်မနှံ့ရုံပါ၊ ဆိုက်ကိုအဆင့် မရောက်ပါဘူး)-
“ ဆရာကြီး အဖြေတွေက ရှုပ်လိုက်တာဗျာ။ တကယ်တော့ ဒီအသံက ဘာကြောင့်မှ မဟုတ်ဘူး။
ပဲကြီးလှော်နဲ့ ဆူးပုပ်ရွက်ကြောင့် ဖြစ်တာ။ ခေါ်ခြင်းခေါ် ပဲကြီးလှော် ဇ၊
ဆူးပုပ်ရွက် ဇရုပ်(အသံ) လို့ ခေါ်ရမှာပါဗျာ။ လွယ်နေတာကို
ရှုပ်အောင်လုပ်ကြတယ်ဆိုပြီး ထွက်သွားလေတော့သတဲ့။
ငတူးရေ၊ ခက်ပုံက အရူးဆိုတော့လည်း ဘာမှပြန်ပြောလို့ မရဘူးလေကွယ်။
အဘိဓမ္မာစကားဝိုင်းကြီးလည်း ပျက်ကရော။
ဟဲ…ဟဲ၊ ပဲကြီးလှော် ဇ၊ ဆူးပုတ်ရွက် ဇ တဲ့၊ ဟုတ်တော့ ဟုတ်သား။
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment