ရဟန်း၊ စင်္ကာပူ ကက်(စ်)ကက်နှင့် အသုဘဘာဝနာ


စင်္ကာပူမှာနေထိုင်သည့်သူများမဟုတ်လျှင် စင်္ကာပူကက်(စ်)ကက်ကို သိကြမည်မဟုတ်။ ထိုစင်္ကာပူကက်(စ်)ကက်သည် ကိုကျော်သူတို့ နာရေးအသင်းကဲ့သို့သော အသင်း (သို့) ကုမ္ပဏီဖြစ်၏။ အလကားတော့ မရချေ၊ ဈေးကြီး၏။ သုံးရက်ထား အသုဘ၊ ငါးရက်ထား အသုဘ အမျိုးမျိုးဖြစ်၏။ သူ့ကြေးနှင့် သူဖြစ်၏။ အစအဆုံးလည်း တာဝန်ယူ၏။ ဘုန်းကြီးအထိ ပင့်ပေး၏။

ဤကိစ္စရှိစေတော့။ ယခုပြောလိုသည်မှာ ရဟန်းနှင့် အသုဘ၊ ကက်(စ်) ကက်နှင့် အသုဘ ဖြစ်၏။
အန္တရာယ်ကင်းအောင် မိမိကိုယ်ကို ဆွဲထုတ်အံ့။

ယခု မိမိနေသောကျောင်း၏ အဓိက ထောက်ပံ့ခဲ့သူများသည် အသက်(၇၀) နှင့်(၈၀) အတွင်း တွေများသည်။ ပြောရသည်တော့ မကောင်းလှ။ ထိုအသုဘ ဘာဝနာနှင့် ရင်းနှီးသွားခြင်း ဖြစ်သည်။

တစ်ချိန်က အသုဘရှုတစ်ခုခုကို သွားရသည်ဆိုလျှင် အလွန်တုန်လှုပ်မိ၏။ သေခြင်းတရား အကြောင်းကိုလည်း ထိုမှဆက်စပ်ကာ မကြာမကြာ တွေးမိ၏။ ယခု အသုဘရှုသွားရသည့်အခါ စိတ်ထဲမှာ ထုံသွားသလိုလိုရှိ၏။ အလွန်မသင့်တော်သော ကိစ္စဖြစ်သည်။

စင်္ကာပူ ကက်(စ်)ကက်က လူတွေလိုဖြစ်နေပြီလား။

ထိုသူများအတွက် အသုဘသည် စီးပွါးရေးဖြစ်သည်။ သေသူကိုကြည့်၍ သေခြင်းတရား အကြောင်း စဉ်းစားရမည်ဟု မတွေးတောကြ။ အသုဘတစ်ခုလာအပ်သည်။ အလုပ်သဘောအရ ဆောင်ရွက်ပေးလိုက်သည်။ ပြီးပြီ ဖြစ်၏။ သူတို့ကို အပြစ်ဆို၍မရ၊ ဤသည်မှာ သူတို့၏ အလုပ်ဖြစ်သည်။

ရဟန်းကား ဤသို့ မဖြစ်သင့်။

“ဗုဒ္ဓါနုဿတိ မေတ္တာစ၊ အသုဘံ မရဏဿတိ” ဟု ဘုရားဟောရှိသည်။ အသုဘ ဘာဝနာနှင့် မရဏဿတိကို ဆင်ခြင်ပွါးများနေသင့်၏။

ကိုယ်တိုင်ပြင်စရာတွေတော့ အများကြီးရှိသေး၏။ 

ဘုရားအဆုံးအမရှိသော်လည်း တွေ့ကြုံဖန်များလာသောအခါ ထိုအသုဘ ဘာဝနာနှင့် မရဏဿတိတို့သည် ထုံသလိုလိုဖြစ်လာ၏။ ဤကိစ္စကို မငြင်းရဲ။

မည်သို့ဖြစ်စေ စင်္ကာပူကက်(စ်)ကက်က လူတွေလိုမဖြစ်ရန်မူကား အသေအလဲ ကြိုးစားရမည်။ ထိုမှနောက်….








သီဟနာဒ
 



















Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment