ဘာသာရေးဝတ်ရုံများနှင့် (၂၁) ရာစု ဖက်ရှင်လောက

ဘုရားရှင်သည် ဒီဇိုင်နာဖြစ်သည်ဟု ရေးပြီးသည်မှ မကြာမီ အခြားသော ဘာသာရေးဝတ်စုံများလည်း ၂၁ - ရာစု ဖက်ရှင်၏ အသုံးအဆောင်ဖြစ်သည်ကို ထပ်တွေ့ရပြန်သည်။ ဘုရားရှင်ကတော့ ဒီဇိုင်နာဖြစ်ရုံသာမကတော့ဘဲ တစ်ခါတစ်ခါ ဘုရားဆင်းတုတော်များကိုယ်တိုင်ပင် ဖက်ရှင်ထဲ ရောက်နေသည်ကို ဝမ်းနည်းစွာ တွေ့မြင်ရသည်။ ငယ်စဉ်ဘဝက ရုပ်ရှင်ကားတစ်ကား ကြည့်ဖူးသည်။ (အမှတ်မမှားလျှင် ဂျိန်း(စ်)ဘွန်းကားဟု ထင်သည်။) ဘုရားဆင်တုတော်ကို ဟော်တယ်၏ Decorate တစ်ခုအဖြစ် ဆက်တင်လုပ် ရိုက်တာကို ကြည့်လိုက်ရဖူးသည်။ ဘုရားဆင်းတုတော်ကတော့ ထိုင်းနိုင်ငံမှ ဆင်းတုများနှင့် ခပ်ဆင်ဆင်တူသည်။

ဤရုပ်ရှင်ကားများက ကမ္ဘာကျော်၏။ ဗုဒ္ဓဘာသာများကတော့ ဗုဒ္ဓဘာသာများပီပီ ဘာမှ ထွေထွေထူးထူး ပြောမနေကြဘဲ ကြိတ်ပြီး စိတ်မကောင်း ဖြစ်နေကြရသည်သာ များလေသည်။ အာဖဂန်နစ်စတန်မှာ ဖျက်ဆီးခြင်းခံရသော ဘုရားဆင်းတုတော်နှင့် နှိုင်းစာလျှင်တော့ ဘုရားဆင်းတုကို ရုပ်ရှင်ထဲ ထည့်ရိုက်တာကမှ တော်သေးသည်ဟု ယူဆရန်တော့ ရှိကောင်း ရှိနိုင်ပြန်သည်။

ယနေ့ ဖက်ရှင်လောကက ခရစ်ယန်ဝတ်စုံကိုလည်း အလွတ်မပေးကြတော့။
The Escape Chapel Party က ခရစ်ယန်သီလရှင်၏ ဝတ်စုံတစ်ပိုင်းကိုယူကာ မော်ဒယ်မိန်းကလေးကိုယ်ပေါ် ဝတ်ဆင်ပေးလိုက်သည်။ ရိုမန်ကက်သိုလစ် ခရစ်ယန်တွေက ဤကိစ္စနှင့် ပတ်သက်ပြီး တော်တော် စိတ်မကောင်း ဖြစ်နေကြရ၏။ ရဲကိုပင် အကြောင်းကြားထားသည်ဟု ဆိုသည်။ တစ်ပိုင်းကြောင် သီလရှင် ဒင်းနားတက်နေဟန်ပင် ဖြစ်ပေတော့သည်။

ထိုကိစ္စမှ ပြော၍ မဆုံးခင် ပန်းအလှဆင်သူများ အဖွဲ့ချုပ်က (Floral Designers Society Singapore) တာအိုဘာသာ ဘုန်းတော်ကြီး၏ ဝတ်ရုံတော်ကို အလှပြမယ် ကိုယ်ပေါ် တင်ပေးလိုက်ပြန်သည်။ ဝတ်ရုံအပြင် ပန်းမျိုးစုံတို့ဖြင့်လည်း အလှဆင်ထားသည်။ ပို၍ ဂယက်ရိုက်စေသည်က ထိုဝတ်ရုံသည် သာမန်ဝတ်ရုံ မဟုတ်၊ အရေးကြီးသော အခမ်းအနားများ ရှိမှသာ ဝတ်ဆင်ရသော ဝတ်ရုံဟု တာအိုဘာသာဝင်တို့က ဆိုကြလေ၏။

ဘာသာရေးဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူမက အလှပြမယ် ဖြစ်နေသဖြင့် ရင်ညွှန့်အထက်ပိုင်းကို လုံလုံခြုံခြုံ ဖုံးဖိ၍ မထား၊ ထို့ကြောင့် တာအိုဘာသာအဖွဲ့ချုပ်ဥက္ကဋ္ဌက ထိုကိစ္စကို တော်တော် မကြေမနပ် ဖြစ်နေသည်။ သူတို့ကလည်း ရဲကို အကြောင်းကြားထားသည်ဟု ဆိုကြသည်။

ထိုကိစ္စမျိုး ကြုံတွေ့လာပါက အခြားသော ဘာသာဝင်များသည် ဗုဒ္ဓဘာသာတို့လောက် သွေးမအေးကြ၊ ချက်ချင်း တုန့်ပြန်ကြ၏။ အလွန်အမင်း မဟုတ်လျှင် ဗုဒ္ဓဘာသာကတော့ အေးအေးဆေးဆေး ရှိတတ်ကြသည်။ ကောင်းသလား၊ မကောင်းဘူးလားဟု ပြောရန် အလွန်ခက်သော ကိစ္စတစ်ခု ဖြစ်သည်။

ဘုရားရှင်ကလည်း ငါ့ကိုလည်းကောင်း၊ ငါ့ဒေသနာကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း စွပ်စွဲပုတ်ခတ်လာသော် အလွန်အမင်း ၀မ်းနည်းနေရန်မလိုဟု လမ်းညွှန်တော်မူခဲ့၏။

ဤကျောင်း၌ပင် ဓမ္မာရုံထဲရှိသော ဗုဒ္ဓဝင်ဆေးပန်းချီများ ဖျက်ဆီးခံခဲ့ရသည်။ လူ သိပ်မသိလိုက်။ ချက်ခ်ျကျောင်း၏ အုတ်နံရံ၌ Grow! (သို့မဟုတ်) Growl ဟု ဖတ်၍ရသော စာတမ်းတစ်ခု လက်ဆော့သူက ဆေးဖြင့် ပက်ဖြန်းထားခဲ့သည်။ ရုပ်ပုံများ ဖျက်ဆီးခြင်းခံရသော (ပို၍ ကြီးကျယ်သော) ဗုဒ္ဓဘာသာကျောင်းက သိုသိုသိပ်သိပ် ကိစ္စအေးလိုက်သော်လည်း စာတမ်းရေးထိုးခြင်းခံရသော ချက်ခ်ျကျောင်းကိစ္စကတော့ သတင်းစာအဆင့်အထိ ရောက်ရှိခဲ့လေသည်။

ဤသည်မှာ ဗုဒ္ဓဘာသာ၏ ကောင်းကွက်လား၊ အားနည်းချက်လား၊ ပြောရန် အလွန်ခက်ခဲလှသည်။ မည်သို့ပင် ဖြစ်စေ၊ စိတ်တော့ အေးချမ်းပါ၏၊ ထူထူပူပူ မရှိကြ။

သူများနှင့်မဆိုင်၊ ကိုယ်နှင့်သာဆိုင်သော ကိစ္စတစ်ခု ရှိသည်။
အခြားအခြားသော ဘာသာများက ယင်းတို့၏ ဘာသာရေးဝတ်ရုံကို အလွန်တန်ဖိုးထားကြသည်။ ထိုဝတ်ရုံများဖြင့် မသင့်မတင့်သော နေရာများသို့ မသွားရန်၊ မရောက်ရန် အထူးဆင်ခြင်ကြသည်။ ဘာသာရေးဝတ်စုံသည် မဖြစ်မနေ ကိစ္စမှလွှဲ၍ ဘာသာရေးအသိုင်းအဝန်း၌သာ ရှိနေသင့်သည်ဟု ယူဆကြသည်။

ဤကိစ္စ၌လည်း ဗုဒ္ဓဘာသာက သွေးအေးသည်။

ဘုရားရှင်၏ ဝိနည်းတော်၌ပင် သင်္ကန်း (ဝတ်ရုံ) ကို သာမန်ဝတ်ရုံ၊ အခမ်းအနားရှိမှ ဝတ်ရမည့် ဝတ်ရုံဟူ၍ ခွဲခြားတော် မမူခဲ့ပေ။ ထို့ကြောင့် သင်္ကန်းက သင်္ကန်းသာဖြစ်၍ စပယ်ရှယ်သော၊ မရှယ်သော ဝတ်ရုံဟု မရှိတော့ပေ။

ထို့ကြောင့် ဖြစ်မည်ဟု ထင်ပါသည်။ စင်္ကာပူရောက်ခိုက် ဘာသာရေး အခမ်းအနားများလည်း ဤသင်္ကန်း၊ ဆင်တိုဆာ အလည်သွားလည်း ဤသင်္ကန်း၊ ကုလားဈေးသွားလည်း ဤသင်္ကန်း၊ မြန်မာဈေးသွားလည်း ဤသင်္ကန်း ဖြစ်နေရသည်။ ဝိနည်းတော်နှင့် ညီညွှတ်ပါ၏။ စင်္ကာပူ၌ သီတင်းသုံးကြသော သံဃာအများစုကတော့ ကိစ္စမရှိဘဲ အပြင်သိပ်မထွက်ကြ။ ခဏတာမျှ ကြွလာသော သံဃာများအတွက်ကား ဤသို့ မဖြစ်နိုင်တော့ပေ။ ရောက်တုန်းရောက်ခိုက် ရောက်ဖူးအောင် ကြွကြရပေလိမ့်မည်။ (ဟု ထင်သည်။)

ဘာသာရေးဝတ်စုံ (သင်္ကန်း) လူကြားထဲ ရောက်ရေး၊ မရောက်ရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာက အမြင်တစ်မျိုး ရှိနေတာလည်း တွေ့ရသည်။ ရဟန်းသံဃာများ ပေါများသော၊ သင်္ကန်းရောင် လွှမ်းသော မြို့ရွာကိုသာ သာသနာထွန်းကားသည်ဟု ယုံကြည်ကြပြန်သည်။

ရဟန်းသည် ကျောင်းတွင်း၌သာ နေရမည်ဆိုသော အချက်က ဝိနည်းတော်နှင့် ညီသော်လည်း ရဟန်းသံဃာရှားသော ဒေသတို့၌ ရောက်ရှိနေကြသော ဒကာ၊ ဒကာမများကမူ ရဟန်းသံဃာကို ဘယ်နေရာမှာပင် ဖူးတွေ့ရတွေ့ရ ဝမ်းသာကြရသည်ဟု ကြားရဖူးပြန်သည်။ ထို့ကြောင့် နိုင်ငံရပ်ခြား၌ဆိုလျှင် ဤကိစ္စက စဉ်းစားစရာ ရှိနေပြန်သည်။

သာသနာဝင်သမိုင်းများကို ကြည့်ရာ၌လည်း ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အသုံးအဆောင်၊ အဆောက်အဦး စသည်တစ်ခုခု ရှိနေလျှင်ပင် သာသနာရောက်သည်ဟု ယူဆကြပြန်သည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ဒေသနာတော်များဆီ သွားကြည့်ပြန်တော့လည်း “စရထ ဘိက္ခဝေ စာရိကံ” ဟူသော စကားတော်ကို တွေ့ရသည်။ ခရီးသွားလာရန်၊ ဗဟုသုတရှာမှီးရန် ဝါသနာပါသော ရဟန်းတော်များ အကြိုက်တွေ့သော ဒေသနာဖြစ်သည်။ (ရဟန်းတို့ … သတ္တဝါတို့ အကျိုးစီးပွားအလို့ငှါ ခရီးထွက်ကြ - ဟူလို။)

သို့သော် စစ်စစ်ပေါက်ပေါက် ကြည့်ကြသော ပညာရှင်ရဟန်းတော်များကမူ (အနောက်တိုင်းသား ရဟန်းတော်များသည်။ သူတို့ ချည်းကပ်ပုံက ပို၍ လူ့ခေတ်မီသည်။) ရဟန်းတော်များ သိပ်မများခင်ကသာ ဘုရားရှင်က “စရထ ဘိက္ခဝေ စာရိကံ” ဟု မိန့်သည်။ တစ်ခါသာ မိန့်သည်။ ရဟန်းတော်များ များပြားလာသောအခါ ဤစကားမျိုး မမိန့်တော့၊ မိန့်စရာလည်း မလိုအပ်တော့။ ထို့အပြင် ဝါတွင်း ခရီးမထွက်ကြရန်ပင် ထပ်မံ ပညတ်ခဲ့သည်ဟု ယူဆကြပြန်သည်။

ထို့ကြောင့် ရဟန်းတော်များ မြို့ထဲရွာထဲ ရောက်သင့်၊ မရောက်သင့်ကပင် သုံးသပ်ရန် အများကြီး ရှိပြန်သည်။ မည်သို့ဖြစ်စေ၊ ကိုယ့်ဝတ်ရုံကို ကိုယ်လေးစားနေလျှင် ပြီးပြီဟုသာ မှတ်ရပေတော့မည်။

၂၁ - ရာစုရဟန်းဟု မိမိတို့က ဆိုရန်ရှိ၏။
သို့သော်၊ မီဒီယာကလည်း ၂၁ - ရာစုမီဒီယာပင်တည်း။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment