မနှစ်က အိန္ဒိယကို သွားတော့ အင်ဒီရာဂန္ဒီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းထဲကနေ ထွက်ထွက်ချင်းပဲ ဖုန်းထဲကို မက်ဆေ့ဂ်ျတစ်ခု ရောက်လာတယ်။ အဲဒီမက်ဆေ့ဂ်ျက ပြည်ပနိုင်ငံတွေမှာ (အထူးသဖြင့်တော့ အမေရိကန်ပေါ့) အခြေချနေထိုင်နေကြတဲ့ ဒိတ်ဒိတ်ကြဲ အိန္ဒိယန်း ပညာတတ်တွေကို စာရင်းပြုစုထားပြီး မွေးရပ်မြေကို မေ့နေကြတဲ့အတွက် ခပ်နာနာလေး ဝေဖန်ထားတဲ့ မက်ဆေ့ဂ်ျပါ။ သူတို့ ကောက်ယူထားတဲ့ စာရင်းဇယားများအရ နာဆာရဲ့ နည်းပညာရှင်တွေထဲမှာ အိန္ဒိယန်းလူမျိုး (၁၂) ရာခိုင်နှုန်း ပါဝင်ပြီး အမေရိကရဲ့ ဒေါက်တာတွေထဲမှာ (၁၆) ရာခိုင်နှုန်းက အိန္ဒိယန်းတွေ ဖြစ်ပါသတဲ့။
သူတို့ ကောက်ယူထားတဲ့စာရင်းက ဘယ်လောက်ခိုင်မာသလဲဆိုတာ မသိရပေမယ့် အိန္ဒိယန်းတွေ အိုင်တီမှာ တော်တာ ကတော့ လူတိုင်း သိနေတဲ့ ကိစ္စပါ။
အဲဒီမက်ဆေ့ဂ်ျလေးက “ဒိတ်ဒိတ်ကြဲ ပညာတွေတတ်ပြီး ရူးကြောင်ကြောင် (ခပ်ရိုင်းရိုင်း Stupid လို့ကို သုံးထားပါတယ်) ပုဂ္ဂိုလ်တွေသာ အိန္ဒိယကို ပြန်လာကြမယ်ဆိုရင် နယူးဒေလီဟာ နယူးယောက်ကို အချိန်မရွေး စိန်ခေါ်နိုင်တယ်” လို့ အဆုံးသတ် ထားပါတယ်။
အိန္ဒိယဆိုတာကလည်း (၁၅) ရာခိုင်နှုန်းလောက် ရှိတဲ့လူတွေက ပိုက်ဆံထားစရာ မရှိလောက်အောင် ချမ်းသာပြီး ကျန်တဲ့ (၈၅) ရာခိုင်နှုန်းလောက်က ကုန်းကောက်စရာ မရှိလောက်အောင် ဆင်းရဲတဲ့နိုင်ငံပါ။ အဲ့သလိုပါပဲ၊ (၂၀) ရာခိုင်နှုန်းလောက်သာ ရှိတဲ့လူတွေက ပညာတွေ သိပ်တော်နေကြပေမယ့် ကျန်တဲ့ (၈၀) ရာခိုင်နှုန်းလောက်ကတော့ အခြေခံပညာသင်ဖို့တောင် ရုန်းကန်နေကြရဆဲပါပဲ။
တရုတ်ပြည်ကလည်း ဒီကိစ္စအတွက် တစ်စခန်း ထလာပြန်ပါတယ်။ အမေရိကမှာ အခြေချ နေထိုင်နေကြတဲ့ ပညာတတ် တရုတ်လူမျိုးတွေ တရုတ်ပြည်ကြီးထဲ ပြန်လာဖို့ အရေးတကြီး စည်းရုံးရေးတွေ လုပ်နေတဲ့အကြောင်း ဒီနေ့ (၂၄၊ ၀၅၊ ၂၀၁၂) ထုတ် စထရိတ်တိုင်း သတင်းစာမှာ ဖတ်လိုက်ရပြန်တယ်။ ဒီအစီအစဉ်ကို အစပျိုးခဲ့တာ နှစ်နှစ်ကျော် ကြာပြီလို့လဲ ဆိုထားပါတယ်။
နယူးဒေလီရဲ့ အိပ်မက်မျိုးလိုပါပဲ၊ ပီကင်းကလည်း တရုတ်လူမျိုးပညာရှင်တွေ အားလုံးသာ ပြန်လာရင် ပီကင်းဟာ နယူးယောက်ကို အချိန်မရွေး စိန်ခေါ်နိုင်မယ်ပေါ့။
ဒီသတင်းနှစ်ခုကို ဆက်စပ်မိပြီး တစ်ခါက နိုဘယ်လ်ဆုရ ဂျပန်ဆရာဝန်တစ်ယောက် ပြောတာကို သတိရမိတယ်။ ပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆု ဖြစ်တဲ့အတွက် ဂျပန်တစ်နိုင်ငံလုံး ဂုဏ်ယူမဆုံး ဖြစ်နေကြချိန်မှာ အဲ့ဒီဆရာဝန်ရဲ့ စကားကြောင့် အားလုံး အောင့်သက်သက် ဖြစ်သွားကြရတယ်။ သူပြောတာက “သူသာ အမေရိကတက္ကသိုလ်မှာ တက်ပြီး ပညာသင်ကြားခွင့် မရခဲ့ဘူးဆိုရင် ဒီနိုဘယ်လ်ဆုလည်း ရနိုင်စရာ အကြောင်းမရှိပါဘူး” တဲ့။
နိုင်ငံတစ်ခုကို သယံဇာတနဲ့ တည်ဆောက်တာထက် စာသင်ခန်းမထဲမှာ တည်ဆောက်ဖို့ ကြိုးစားရမယ်ဆိုတဲ့ အခြေခံအသိ နောက်ကျခဲ့ကြတဲ့ အာရှနိုင်ငံတွေဟာ အခုတော့ အမြင်မှန်တွေ ရလာပြီး စာသင်ခန်းထဲက ထွက်ပြေးသွားတဲ့ နိုင်ငံတော်အသစ်တွေဆီ အသည်းအမည်း လိုက်ဖမ်းနေကြတယ်။ ကျွန်တော်ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ ပီကင်းနဲ့ နယူးဒေလီဟာ နယူးယောက်ကို ဘယ်တော့မှ ကျော်တက်မှာ မဟုတ်ဘူးလို့။ အကြောင်းက ရှင်းရှင်းလေးပါ။ နယူးယောက်က ပီကင်းနဲ့ နယူးဒေလီ ယဉ်ကျေးမှုကို မွေးစားလိုက်နိုင်ပြီး ပီကင်းနဲ့ နယူးဒေလီက နယူးယောက် ယဉ်ကျေးမှုကို မွေးစားဖို့ ကြိုးစားကြမှာ မဟုတ်သေးလို့ပါ။
အာရှထဲက တစ်နိုင်ငံဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံကလည်း စာသင်ခန်းထဲက ထွက်ပြေးသွားတဲ့ နိုင်ငံတော်သစ်ကို လိုက်ဖမ်းဖို့ ကြိုးစားနေကြောင်း ဝမ်းမြောက်ဝမ်းသာ သိခွင့်ရခဲ့တယ်။ သမ္မတကြီးကို ရင်ထဲကနေ နှစ်နှစ်ကာကာ ကျေးဇူးတင် မိပါရဲ့။
ပညာတတ် မြန်မာလူမျိုးတွေ မြန်မာပြည်ထဲ ပြန်ဝင်လာပြီး နိုင်ငံတော် ထူထောင်ရာမှာ တစ်တပ်တစ်အား ပူပေါင်း ပါဝင်ကြဖို့ သမ္မတကြီးက ဖိတ်ခေါ်တယ်။
ကျွန်တော့်အထင် ပြောရရင် မြန်မာလူမျိုး တော်တော်များများဟာ မျိုးချစ်စိတ် သိပ်ပြင်းထန်ကြပါတယ်။ ပါးစပ်ပြောလား၊ တကယ်လားဆိုတာ ခွဲခြားရ ခက်လှပေမယ့် ပြုပြင်ပြောင်းလဲလာတဲ့ နိုင်ငံတော်ဆီ ခြေစုံပစ်ဝင်ဖို့ ကြိုးစားသူတွေ အများအပြား ရှိနေပါတယ်။
သေချာတဲ့ စာရင်းဇယားကတော့ စင်္ကာပူလူမျိုးအဖြစ် ခံယူကြတဲ့အထဲမှာ မြန်မာတွေဟာ ရာခိုင်နှုန်း အနည်းဆုံးထဲမှာ ပါဝင်ပါတယ်။ ပညာတတ် မြန်မာတွေဟာ အမြဲနေထိုင်ခွင့် (ပီအာ) ကိုသာ ယူပြီး ပီအာကနေ စီတီဇင်ပြောင်းသူဟာ (၁၂) ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ မနှစ်က သိခဲ့ရပါတယ်။ စီတီဇင်ပြောင်းလိုက်ရင် ရလာမယ့် အခွင့်အရေးတွေကို မျက်ကွယ်ပြုပြီး ပြောင်းလဲလာမယ့် နိုင်ငံတော်ဆီ မျက်စောင်းထိုးနေကြတဲ့ မြန်မာတွေ သိပ်မနည်းလှပါဘူး။
တရုတ်လူမျိုးတွေကတော့ သူများနိုင်ငံသားအဖြစ် ခံယူကြတဲ့အထဲမှာ ထိပ်ဆုံးမှာ ရှိကြပါတယ်။ စင်္ကာပူလူမျိုးအဖြစ် ခံယူကြတဲ့အထဲမှာ တရုတ်ပြည်မကလူတွေဟာ (၉၀) ရာခိုင်နှုန်းတောင် ကျော်နေပါသတဲ့။ တရုတ်လောက် မများလှပေမယ့် အိန္ဒိယန်းတွေကလည်း သူများနိုင်ငံသားအဖြစ် ခံယူဖို့ မြန်မာတွေလောက် ကပ်စေးမနည်းကြပါဘူး။
တရုတ်၊ အိန္ဒိယန်းတွေနဲ့ နှုန်းယှည်ကြည့်ရင် မြန်မာတွေရဲ့ နိုင်ငံချစ်စိတ်က ပိုအားကောင်းပါတယ်။ ဒါ့ကြောင့် သမ္မတကြီးအတွက် မျှော်လင့်ချက်လည်း သိပ်ရှိပါတယ်။ (၈၈) ကာလမတိုင်မီကတော့ တစ်ယောက်စ၊ နှစ်ယောက် စလောက်ပဲ နိုင်ငံတော်က ဆုံးရှုံးခဲ့တာပါ။ (၈၈) ပြီးတဲ့နောက် ဆုံးရှုံးလိုက်ရတာက စာသင်ခန်းတွေ အခန်းလိုက် ဆုံးရှုံးခဲ့ရ ပါတော့တယ်။ (၈၈) နောက်ပိုင်း မောင်းထုတ်ခံလိုက်ရတဲ့ ဦးနှောက်တွေက အုံနဲ့ ကျင်းနဲ့မို့ တော်တော် ကြေကွဲ စရာ ကောင်းပါတယ်။
စာရင်းဇယားနဲ့ အတိအကျ မတင်ပြနိုင်ပေမယ့် (၈၈) မျိုးဆက် လူလတ်တွေဟာ လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်နေတာ တော်တော်များများ တွေ့ရတယ်။ အဆင်မပြေတဲ့ နိုင်ငံတော်ကို သူတို့ တတ်နိုင်တဲ့ဘက်က ပံ့ပိုးရင်းနဲ့ သူတို့ကိုယ်ပိုင် မိသားစုဘဝလေးတွေ တည်ဆောက်ဖို့တောင် မသိချင်ယောင် ဆောင်ထားရတဲ့ မျိုးဆက်တွေပါ။
အဲ့ဒီမျိုးဆက်တွေကို စည်းရုံးဖို့ ဒေါ်စု၊ အန်တီစု၊ အမေစု မပါလို့တော့ မရပါဘူး။ သူတို့ရဲ့ ခပ်ဖျော့ဖျော့ အိပ်မက်တွေကို ဒေါ်စုဆီမှာ ယုံယုံကြည်ကြည် ပေးထားရင်း ခရီးဆက်နေကြပါတယ်။ ဒေါ်စုကို အမှီပြုပြီး အနောက်က ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေထက် ဒေါ်စုကို အမှီပြုပြီး ပြည်တွင်းထဲ ဝင်လာကြမယ့် (၈၈) ဦးနှောက်တွေကို ပိုပြီး တန်ဖိုးထားတယ်လို့ ပြောရင် ကျွန်တော့်ကိုများ ဝိုင်းဆဲကြမလား မသိဘူး။ (၈၈) မျိုးဆက်ဟာ အခုဆိုရင် (၄၀) ကျော်တွေပါ။ ပညာရှိတယ်၊ အရွယ်ရှိတယ်၊ အတွေ့အကြုံရှိတယ်၊ စိတ်ဓာတ်ရှိတယ်။ နိုင်ငံအသီးသီးမှာ သူ့နယ်ပယ်နဲ့သူ အထိုက်အလျောက် နေရာရထားသူတွေ ဖြစ်တယ်။ အထူးသဖြင့်တော့ အင်ဂျင်နီယာနဲ့ နည်းပညာအိုင်တီဆိုင်ရာတွေမှာပါ။
နောက်ပြီး တန်းဖို့ ဖြတ်မရတဲ့ စိတ်ဓာတ်ရေးရာ အမြတ်က နောက်လူငယ်တွေ လေးစားတဲ့ ကိုမင်းကိုနိုင်တို့လို လူတွေ ရှိနေခြင်းပဲ။ လူငယ်တွေကို ပြုပြင်ပေးရာမှာ သူတို့ဟာ အဓိက မောင်းနှင်အားတွေ ဖြစ်နေလိမ့်မယ်။
တရုတ်ကလည်း တရုတ်ပညာရှင်တွေကို ပြန်လာဖို့ခေါ်၊ အိန္ဒိယကလည်း ခေါ်၊ မြန်မာကလည်း ခေါ်။ ဒီသုံးဦးထဲမှာ မြန်မာဟာ မျှော်လင့်ချက် အကောင်းဆုံးလို့ ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် တရုတ်၊ အိန္ဒိယန်းတွေက သူတို့ သဘောနဲ့သူတို့ ထွက်သွားကြတာ ဖြစ်ပြီး မြန်မာတွေကတော့ အခြေအနေအရ ထွက်ခဲ့ရတာ ဖြစ်နေလို့ပါပဲ။ ကျွန်တော်ပြောခဲ့ သလို နိုင်ငံခြားသား ခံယူသွားတဲ့ မြန်မာအရေအတွက်ဟာ သူများထက် နည်းနေတာလည်း ပါဝင်ပါတယ်။
ဒါပေမယ့် အဓိက ပြဿနာတစ်ခုတော့ ရှိတယ်။
ဆိုပါတော့၊ NUS မှာ၊ အောက်စ်ဖို့ဒ်မှာ၊ မန်ဆာချူးဆက်အင်စတီကျုမှာ အင်ဂျင်နီယာပညာနဲ့ ဒေါက်တာဘွဲ့ ယူထားတဲ့ ကျောင်းသားတစ်ယောက်၊ သူ့ကို မြန်မာပြည်က အလုပ်ပေးမထားနိုင်ဘူး။ သူသင်ထားတဲ့ ပညာရပ်တွေကို အသုံးချနိုင်ဖို့ မြန်မာပြည်က အဆင်သင့် မဖြစ်သေးဘူး။ သူ့အယူအဆနဲ့ ပြည်တွင်းက အင်ဂျင်နီယာတွေရဲ့ အယူအဆတွေ တူနေမှာ မဟုတ်ဘူး။
ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေကနေ အင်တာနက်ဆိုင်ရာ၊ စတဲလိုက်ဆိုင်ရာ ဒေါက်တာဘွဲ့ ရထားတဲ့ ကျောင်းသား တစ်ယောက်၊ သူ့အတွက်လည်း မြန်မာပြည်က အဆင်သင့် သိပ်မဖြစ်သေးဘူး။ မဖြစ်သေးဘူးဆိုတာ သူသင်ထားတဲ့ ပညာရပ်ရဲ့ (၂၀) ရာခိုင်နှုန်းလောက် သုံးရင်ကိုပဲ ရနေပြီ။ နိုင်ငံတော်ဟာ သူ့ကိုလည်း ရာနှုန်းပြည့် အသုံးမချနိုင်ပြန်ဘူး။
ပြီးတော့ အော်ဒစ် - စာရင်းစစ်ပညာ၊ မြန်မာပြည်မှာ အဓိက အားနည်းတာက အိုင်တီနဲ့ စာရင်းစစ် ပညာတဲ့။ နိုင်ငံခြားတက္ကသိုလ်တွေက ကျောင်းပြီးထားတဲ့ စာရင်းစစ်ပညာရှင်တွေအတွက် စနစ်ကျတဲ့အလုပ် ပြည်တွင်း ထဲမှာ ရှိကို မရှိသေးဘူး။ ထားပါတော့ - ဒါဆိုရင် ဒီပြဿနာက မုန့်လုံး စက္ကူကပ် ဖြစ်တော့မယ်။ နိုင်ငံတော်က ပညာရှင်တွေကို ပြန်ခေါ်တယ်။ ပညာရှင်တွေကလည်း ပြန်လာချင်တယ်။ ဒါပေမယ့် နိုင်ငံတော်က သူတို့နဲ့ ထိုက်တန်တဲ့ အလုပ်ကို ဖန်တီး မပေးနိုင်ဘူး။ ဒီလို ပညာရှင်တွေ ပြန်ဝင်မလာဘူးဆိုရင် ဒီလို အလုပ်တွေ ဖန်တီးပေးဖို့ အစိုးရမှာလည်း အခက်တွေ့နေလိမ့်မယ်။ ဒါဆို ဘယ်လို ကွန်ပရိုမိုက် (ဇ်) လုပ်ကြမလဲ။ မြန်မာပညာရှင်တွေ ပြန်မလာရင် နိုင်ငံခြား ပညာရှင်တွေရဲ့ အကူအညီ ယူကြရတော့မယ်။ ဒါဆိုရင် မလိုအပ်တဲ့ နစ်နာမှုတွေ ဖြစ်တော့မယ်။
ကျွန်တော့်ဝန်းကျင်က အင်ဂျင်နီယာနှစ်ယောက်အကြောင်း ပြောချင်ပါတယ်။ တစ်ယောက်က မြန်မာဖြစ် ပြီး နောက်တစ်ယောက်က စင်ကာပိုရီးယန်းပါ။ ဘွဲ့ရတဲ့ တက္ကသိုလ်တွေကြည့်ရင် မြန်မာလူမျိုး အင်ဂျင်နီယာရဲ့တက္ကသိုလ်က အပြတ်အသတ် သာတယ်။
မြန်မာအင်ဂျင်နီယာက စင်ကာပူချန်ဂီလေဆိပ်မှာ အလုပ်လုပ်ပြီး စင်ကာပိုရီးယန်း အင်ဂျင်နီယာက ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ လုပ်တယ်။ စင်္ကာပူက မြန်မာအင်ဂျင်နီယာကို ဒေါ်လာလေးထောင်လောက်နဲ့ ခပ်နှိမ်နှိမ်ပေးပြီး ခိုင်းတယ်။ မြန်မာက စင်ကာပိုရီးယန်း အင်ဂျင်နီယာဆိုပြီး ဈေးမြင့်မြင့်ပေးပြီး ခေါ်ရတယ်။ လူမှုရေးရော ငွေရော ကျွန်တော်တို့ ရှုံးတယ်။
နိုင်ငံတော် တည်ဆောက်ရာမှာ အစိုးရဘက်ကရော ပညာရှင်တွေဘက်ကပါ အလျော့အတင်း လုပ်စရာတွေ ရှိပါလိမ့်မယ်။ ပညာရှင်တွေဘက်ကလည်း လုံးဝပြည့်စုံမယ့် အနေအထားကို မစောင့်ဘဲ ကိုယ်တိုင် ပြောင်းလဲမှုထဲကို အနင့်နာခံ စီးမျောမယ်ဆိုရင် ...
အစိုးရဘက်ကလည်း မျိုးချစ်စိတ်နဲ့ ပညာရှင်တွေဟာ ငွေကို အရေးမစိုက်ပေမယ့် ဘာမှ မသိတဲ့ လူတစ်ယောက်က လက်ညိုးထိုး ခိုင်းမှာကိုတော့ ခံမှာမဟုတ်ဘူးဆိုတာ လက်ခံထားရင် ...
မျှော်နေသူနဲ့ ပြန်ချင်သူတို့ တွေ့ဆုံနိုင်ပါတယ်။
ချယ်ရီပင်အောက်မှာ ဆုံကြပါစို့လား ... နိုင်ငံတော်သမ္မတကြီးနဲ့ ရောင်းရင်းတို့ ...
Post a Comment