အတင်းတုပ်သည့် သင်းအုပ်

နှစ်နှစ်ခန့်ကြာပြီဖြစ်သည်။ စင်ကာပူတစ်ကျွန်းလုံး အုံးအုံးကြွက်ကြွက် ဖြစ်သွားခဲ့သည်။ အကြောင်းကား ခရစ်ယာန်သင်းအုပ်ဆရာတစ်ယောက်က ဗုဒ္ဓဘာသာ၏ အနှစ်သာရအဆုံးအမများဖြစ်ကြသည့် ကမ္မဝါဒ၊ သံသရာဝါဒ၊ နိဗ္ဗာန်နှင့်ပတ်သက်သည့် ဒေသနာတို့ကို သူ၏ပိုင်နက်တရားဟောခန်းမထဲ၌ ပျက်ရယ်ပြုလှောင်ပြောင်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ ယနေ့ခေတ်ကြီးကား ပြောသတိ၊ ဆိုသတိ၊ ရေးသတိ အရေးကြီးလှပေသည်။

ထိုအတင်းတုပ်သော သင်းအုပ်ဆရာ၏ ဗွီဒီယိုများ ယူကျုပေါ်ရောက်သွားပြီး ဗုဒ္ဓဘာသာတို့၏နှလုံးသားကို ထိရိုက်သွားလေတော့သည်။ ထို့နောက် အစိုးရပိုင်သတင်းစာမှာပင် အသံတွေဆူညံသွားလေတော့သည်။ ဗုဒ္ဓဘာသာဝင်များသာမက အခြားသောဘာသာဝင်များကလည်း သူတပါး၏ယုံကြည်လေးမြတ်မှုကို သရော်ရဲသော ထိုဆရာကို ဝိုင်းဝန်းဝေဖန်ကြလေတော့သည်။ ထိုအခါရောက်မှ ထိုအတင်းတုပ်သင်းအုပ်ဆရာ ပါးစပ်ဗရိတ်အုပ်သွားလေတော့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ အွန်လိုင်းပေါ်မှ တုံ့ပြန်ကြသူများတွင် စင်္ကာအမျိုးသားတက္ကသိုလ် ဗုဒ္ဓဘာသာအဖွဲ့မှ ကျောင်းသားများ အများစုပါဝင်ကြလေသည်။

ကြွားသည်ဟုမထင်လျှင် ပြောချင်၏။ သီဟနာဒကား ထိုစင်္ကာပူအမျိုးသားတက္ကသိုလ် ဗုဒ္ဓဘာသာအဖွဲ့ချုပ်၏ ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ Spiritual Adviser ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာအဖွဲ့မှ ကော်မတီများ တစ်စုတစ်ဝေးတည်း ရောက်လာပြီး သြဝါဒခံယူကြသည်။

အတင်းတုပ်သော သင်းအုပ်၏တော့ပစ်က ဟော့ဖြစ်နေသောကာလတည်း။ ကိုယ်တိုင်က သည်းခံတတ်သော အမျိုးအစားတွင်သိပ်မပါဝင်သော်လည်း Spiritual Adviser ဟူသော ခေါင်းစည်းကြီးအောက်၌ကား ထုကြကွာ၊ နှက်ကြကွာဟုကား သြဝါဒပေး၍မရချေ။ထို့ကြောင့် -

စာလာပေလာအတိုင်း (ကိုယ်တိုင်မလိုက်နာနိုင်သေးဆိုစေ) မြတ်စွာဘုရားကား သည်းခံ၏။ သည်းခံခြင်းကို တန်ဖိုးထား၏။ ချစ်သားတို့- ငါဘုရားကိုဖြစ်စေ၊ ငါ၏ ဒေသနာတော်တို့ကိုဖြစ်စေ၊ ရဟန်းသံဃာအဖွဲ့အစည်းကိုဖြစ်စေ ၊ မဟုတ်မမှန် စွပ်စွဲပုတ်ခတ်က စိတ်တိုစိတ်ပျက်ရန်မလို။ မဟုတ်က မဟုတ်ကြောင်း၊ ဟုတ်က ဟုတ်ကြောင်းသာ ရှင်းပြကြ၊ အစချီသော ခေါက်ရိုးကြိုး သြဝါဒကိုပေးမိ၏။

ထိုအခါ နှုတ်သွက်သော ကျောင်းသူလေးက “ဘန္တေ ၊ ဒါဆို ငုံ့ခံနေကြရတော့မှာလား” ဟုမေး၏။ မေးထိုက်ပါပေ၏။ သူတို့အားလုံးအမှန်ပင် နာကြည်းနေကြသည်။

ငုံ့ခံဟု မဆိုလို၊ ခပ်ပြုံးပြုံးတုံ့ပြန်ဟုသာ ဆိုလိုသည်။ ခပ်ပြုံးပြုံးတုံ့ပြန်ရန်ကား ချက်ချင်းမရ။ ကိုယ်က ပြုံးနိုင်မှ တုံ့ပြန်မှုကလည်း အပြုံးတုံ့ဖြစ်ပေလိမ့်မည်။ ပြုံးရန်ကလည်း အီမိုးရှင်းနည်းမှ ဖြစ်မည်။ အချိန်ကိုစောင့်ပြီး ဒေါသသံမပါသော တုံ့ပြန်မှုများဖြင့် ထိုအတင်းတုပ်သင်းအုပ်ဆရာကို ပညာပေးမှ ဗုဒ္ဓဘာသာကို လူအထင်ကြီးပေလိမ့်မည်ဟု ဆက်ပြောရ၏။ ပညာတတ်ကလေးများဖြစ်သဖြင့် နားထောင်ကြ၏။ သဘောပေါက်ကြ၏။

ဒါဆို ဘာလုပ်သင့်သနည်း။
မဟာယာနဖက်၊ တိဗက်တန်ဖက်၊ ဇင်ဂျပန်ဗုဒ္ဓဘာသာဘက်မှ ဆရာတော်များထံမှလည်း သြဝါဒတောင်းခံပြီးမှ တစ်ခုခုလုပ်ကြရန် အရေးကြီးသည်။ မဟာယာနဘက်မှ သြဝါဒကိုတော့ရပြီးဖြစ်၏။ အလွန်ကောင်းသော တုံ့ပြန်မှုတစ်ခုလည်းဖြစ်သည်။ ယင်းကား စာအုပ်ပါးပါးလေးတစ်အုပ် တရားဝင်ထုတ်ပြန်ရန်ဖြစ်သည်။ စင်္ကာပူဗုဒ္ဓဘာသာ အဖွဲ့ချုပ်(Buddhist Federation) က ထုတ်ဝေမည်ဖြစ်သည်။ NUS, NTU နှင့် ပိုလီဗုဒ္ဓဘာသာအဖွဲ့တို့က ပံ့ပိုးမည်ဖြစ်သည်။

ပြုံးစိစိတုံ့ပြန်ကြရန် သဘောတူလိုက်ကြသည်။
နောက်တစ်ပတ်ခန့်ကြာသောအခါ NUS ကျောင်းသားဟောင်း၊ လတ်တလော လက်တွေ့ဗုဒ္ဓဘာသာတစ်ဖွဲ့ကို ဦးဆောင်ပြီး အတော်အတန်လူဖတ်များသည့် ဘာသာရေး ဘလော့ဂါတစ်ယောက် ရောက်လာပြန်သည်။ (အင်္ဂလိပ်ဘာသာစကားဖြင့်)

ဘာသာရေးကို နှံ့နှံ့စပ်စပ်သိသူပင်ဖြစ်သည်။
ဘန္တေ ၊ ဒီကိစ္စကတော့ ပုဏ္ဏမထေရ်ရဲ့ထုံး နှလုံးမူလို့တော့ ရမယ်မထင်ဟု သူကပင်စကားစလေတော့၏။
အချို့သိ၍ အချို့ကမသိသေးဟုထင်၏။

ကြမ်းတမ်းသောဒေသသို့ သာသနာပြုကြွမည့် ပုဏ္ဏမထေရ်ကို ဘုရားရှင်က သတိပေးခြင်း အဖြစ်အပျက်ဖြစ်သည်။ သူတို့က နှုတ်ကြမ်း၏၊ ဆဲရေးတိုင်းထွာလိမ့်မည်ဟုမိန့်ရာ မထေရ်က ကိုယ်ထိလက်ရောက်မှ မစော်ကားသေးဘဲဟု နှလုံးပိုက်ပါမည်ဟု ဖြေ၏။ ကိုယ်ထိလက်ရောက် စော်ကားလျှင်ရောဟု ဗုဒ္ဓကမေးပြန်ရာ မထေရ်က ငါ့အသက်ကိုမှ ရန်မရှာသေးဘဲဟု နှလုံးပိုက်ပါမည်ဟု ဖြေပြန်၏။ အသက်ကို ရန်ရှာလာလျှင်ကောဟု ဘုရားရှင်ကမေးပြန်ရာ မထေရ်က သေနေ့စေ့က သေရမည်။ ငါ့သေခြင်းအတွက် သူတို့က အကူအညီပင်ပေးသေးသည်ဟု နှလုံးသွင်းပါမည်ဟု ဖြေတော်မူ၏။ ထိုအခါမှသာ ဘုရားရှင်က ပုဏ္ဏမထေရ်ကို မီးစိမ်းပြလိုက်တော့သည်။

ထိုဒကာက ဤအဖြစ်အပျက်ကို ရည်ညွှန်းခြင်းဖြစ်၏။
ထိုပုဏ္ဏမထေရ်ကား ကိလေသာဟူသမျှ ပရိုတွန်၊ နျူထရွန်ပင်မကျန်အောင် ပယ်သတ်ပြီးသော ရဟန္တာမထေရ်ကြီးတည်း။ ယခု မိမိတို့ကား ကိလေသာများ မူလအော်ရဂျင်နယ်အတိုင်း ရှိနေသေးသော ပုထုဇဉ်အရိုင်းတုံးကြီးများသာ။ ပုဏ္ဏမထေရ်လိုတော့ သည်းမခံနိုင်။ ဟန်လုပ်၍လည်း သည်းမခံ။

ယင်းဒကာက ထိုလှုပ်ရှားမှုကို စ၏။
အွန်လိုင်းက စ၏။ ပတ်ဗလစ်ရှ်လည်းလုပ်၏။ Workshop တွေးလည်းလုပ်၏။ ယင်းစာအုပ်ကလေးကား Agree to Disagree ပင်ဖြစ်သည်။ မဖတ်ကြရသေးလျှင် ရှာ၍ဖတ်ကြည့်သင့်ပါ၏။ သိမ်မွေ့သော တုံ့ပြန်မှု ဖြစ်သဖြင့် ဗုဒ္ဓဘာသာလည်း အခြားဘာသာများအလယ် မျက်နှာထည်ပါ၏။

မည်သို့ဆိုစေ၊ ထိုအတင်းတုပ်သော သင်းအုပ်၏ပါးစပ်က ငြိမ်သွား၏။ ငြိမ်လည်း ငြိမ်ရပေမည်။ ဤကား စင်္ကာပူ၏ နိုင်ငံတော်မူဝါဒနှင့်ပင် မညီ။ ဝမ်းနည်းစရာကောင်း၏။ သူ့အတွက်၊ ဗုဒ္ဓဘာသာအတွက်၊ ခရစ်ယာန်ဘာသာဝင်များအတွက်ရော ဝမ်းနည်းစရာတည်း။ အမှန်မူ ထိုဓမ္မဆရာကလည်း ပညာတတ်တစ်ယောက်ပင်ဖြစ်သည်။

မည်သို့ဆိုစေ-
အတင်းတုပ်သော သင်းအုပ်ကားငြိမ်သွားပြီ။ သို့သော် အတင်းတုပ်မည့်သူကတော့ သင်းအုပ်ဆရာတစ်ယောက်တည်း မဟုတ်တန်ရာ။ တစ်ချိန်ချိန်၍ ပုံစံတစ်မျိုးမျိုးဖြင့် တစ်ယောက်ယောက်၊ တစ်ဖွဲ့ဖွဲ့ပေါ်လာနိုင်သေး၏။

ထိုအခါ NUS က ကလေးများကဲ့သို့ ဗုဒ္ဓဘာသာ၏ သည်းခံခြင်းဟူသောဓါးအိမ်ထဲမှ သိုသိပ်စွာ မျက်ရှနေသော ဓါးကလေးများ အနာဂတ်တွင်လိုနေမည်ဖြစ်သည်။

ပုဏ္ဏမထေရ်ကဲ့သို့ ရဟန္တာတစ်ပါး၏ကျင့်စဉ်ကို ပုထုဇဉ်ရဟန်းများ၊ လူပုဂ္ဂိုလ်ဗုဒ္ဓဘာသာများက ဟန်ဆောင်၍လိုက်နေရန်မလို။ ဘာသာနှင့် ဒေသနာအတွက်လိုအပ်လျှင် ဓါးတစ်လက်ပင်ဖြစ်သင့်သည်။ သို့သော် ထိုဓါးကို သည်းခံခြင်းဓါးအိမ်ဖြင့် အုပ်ချုပ်ထားသင့်သည်။ အရေးမကြီးဘဲ ဓားအိမ်ထဲမှ ထွက်မလာသင့်။ ။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment