မွေးစားခြင်း သီအိုရီ



စလုံး သီလရှင်တစ်ပါး၏ အခက်အခဲနဲ့ပတ်သက်ပြီး ဆောင်းပါးရေးဖူးသည်။ ယင်းဆောင်းပါးကို အောက်မှာ ပြန်လည်ဖော်ပြပေးထားသည်။ အခု ပြောချင် သည်က သူမအကြောင်းမဟုတ်၊သူမ ပရိက္ခရာအကြောင်းဖြစ်ပါသည်။
လူစကားဖြင့်ဆိုလျင် ကျောင်းမှာ အစမ်းခန့်ကာလအနေနဲ့ သူမရောက်ရှိနေပြီဖြစ် ပါသည်။ ထိုအခါ သူမနဲ့အတူ သူမ ပရိက္ခရာလည်းပါလာသည်။ ပုံကိုကြည့်ပါ။ ပြုံးမိသည်။
လေးထောင့်စပ်စပ် ယွန်းခွက်လိုခွက်က သူမ သပိတ်ဖြစ်လေသည်။ ယခင်လို အဝိုင်းမဟုတ်တော့။ ၂၁ ရာစုမှာ သပိတ်လည်း ဝိုင်းရာမှ လေးထောင့်ဖြစ်သွား ခဲ့ပြီ။
ဆွမ်း၊ ခေါက်ဆွဲ၊ ဟင်း၊ သစ်သီးထည့်စရာ ခွက်လေးတွေ သီးသန့်ပါသည်။
သူမ တစ်နပ်စာအတွက် ကွက်တိဖြစ်လေသည်။
ခေတ်မီလာတိုင်း အဆုံးအမနဲ့ ဝေးသွားတာ မဟုတ်။
*******************************************************************

နိုင်ငံခြားမှာ ဒါတွေရှိတယ် (၂)

မနေ့က တရုတ်၊ စလုံးသီလရှင် မဒီပင်္ကရာရောက်လာသည်။ သူမကြုံတွေ့နေ ရသည့် အခြေအနေကို ရှင်းပြရင်း အကူအညီတောင်းခံရန် ရောက်ရှိလာခြင်း မျိုးဖြစ်သည်။
သူမမှာ မိခင်ကြီးရှိခဲ့သည်။ ထေရဝါဒသီလရှင်ဘဝဖြင့် ဘယ်ကျောင်းမှာမှ မနေ၊ သူမအိမ်ခန်းမှာပဲ မိခင်နှင့်အတူနေရင်း သတိပဋ္ဌာန် ပွားနေသူဟု သိရသည်။ သူမကို သိသည်ကတော့ ၅နှစ် ၆နှစ်ရှိပြီဟုထင်သည်။ ၁၉၉၆ မှာ သီလရှင် ဝတ်ခဲ့ သည်ဟု သိရသည်။
ယခု သူမ မိခင်ကြီး မရှိရှာတော့၊ ဆုံးပါးသွားလေပြီ။ ထို့နောက် ဒုတိယပြသနာက သူမအဆိုအရ အိမ်မှာ သူမတစ်ယောက်ထဲ နေခွင့်မရှိ။ အာဏာပိုင်များက အခြား တစ်ယောက်နဲ့ အတူနေရမည်ဟု ညွှန်ကြားလာသည်ဟု ဆိုပါသည်။
ဤကို ထောက်ဆပြီး အိမ်က သူမ အပိုင်မဟုတ်၊ အစိုးရအထောက်အပံ့ဖြင့် ငှားရမ်းနေနေသော အိမ်ဟု ယူဆရပါသည်။ မိခင်နှင့်အတူနေရာမှာ ပြသနာ မရှိသော်လည်း သူစိမ်းတစ်ယောက်နဲ့ အတူနေဖို့ကျတော့ သီလရှင်ဖြစ်နေသည့် အတွက်(အိပ်ချိန်၊ စားချိန် မတူညီကြခြင်း စသည်)အခက်ကြုံနေရကြောင်း ဆိုပါ သည်။
ယခု သူမ အိမ်အပိုင် ဝယ်လိုသည်။ သို့သော် သူမမှာ ငွေက လုံလုံလောက်လောက် မရှိ။ အစိုးရဆီက ချေးငွေရရန် သူမမှာလက်ရှိ လစာရသည့် အလုပ်ရှိနေရမည်။
ထို့ကြောင့် မိမိတို့ကျောင်းအနေနဲ့ သူမကို အလုပ်ခန့်လို့ ရ၊ မရ အကူအညီတောင်းခံခြင်းမျိုး ဖြစ်လေသည်။

သူမနဲ့ ဆင်ဆင်တူ ရဟန်းတစ်ပါးကိုတော့ ရဟန်းဖြစ်နေသဖြင့် အပြီး လက်ခံထားဖို့ သဘောတူခဲ့သည်။ ယခုဆိုလျင် သူ၏ မင်ဒရင်း(တရုတ်)ဘာသာနဲ့ ထေရဝါဒသင်တန်းများ အရှိန်အဟုန် အတော်ကြီး ကောင်းနေပေပြီ။ ထေရဝါဒအဆုံးအမကို စင်ကာပူမှာ တရုတ်လို ဖြန့်ဝေနိုင်သည့် ပထမဆုံး သင်တန်းဟုပင် ဆိုကြသည်။ သာဓုခေါ်ဖွယ်ပင်ဖြစ်ပါ၏။ နိုင်ငံခြားသား(အမှန်မူ ဤနိုင်ငံက သူတို့နိုင်ငံသာ မဟုတ်ပါလား) ဝင်လာမှာ မကြောက်တတ်သည့် မိမိ၏ မူရင်းစိတ်နဲ့ဆုံးဖြတ်ချက် မှန်သည်ဟု ယူဆရပါသည်။ စရိုက်သဘာဝများ ကွဲပြားသော်လည်း နားလည်မှုက ညှိနှိုင်းလို့ ရပါသည်။
*********************************************************************

အသက်၊ အတွေ့အကြုံငယ်သေးသည့် ညီငယ်၊ ညီမငယ်တို့အတွက် သင်္ခန်းစာ။ (ဆရာကြီး၊ ဆရာမကြီးများအတွက် မဟုတ်ဟုဆိုလိုသည်)
ဤသဘောတရားကို ပါမောက္ခကြီးများရေးသည့် ကမ္ဘာ့နိုင်ငံရေး စာအုပ် ထူထူကြီးတွေထဲမှာ "မွေးစားခြင်း သီအိုရီ(သို့)သူ့ယဉ်ကျေးမှု ကိုယ်ပိုင်ပြုခြင်း" လို့ ဆိုကြပါသည်။ ဘာမှမဟုတ်ပါ။ ခေတ်မှီပစ္စည်းများကို မိမိတို့မူလ ယဉ်ကျေးမှုနဲ့ အည်ီ အသုံးပြုခြင်း၊ မိမိယဉ်ကျေးမှုကို မကွယ်စေဘဲ ခေတ်မှီအောင် ကြိုးစားခြင်း သာဖြစ်ပေသည်။

Post a Comment