ပိုင်နက်လက်တစ်သစ်


ဖရန်စွာနဲ့အဲလက်စ်

ခဏပဲဖြစ်စေ ဖရန်စွာနဲ့အဲလက်စ်ဆိုသည့် ပြင်သစ်လေးနှစ်ယောက်နဲ့ ရင်းနှီး မိတ်ဆွေဖြစ်ခဲ့ဖူးပါသည်။ သူတို့ကလည်း အင်္ဂလိပ်မကောင်း ကျနော့်အင်္ဂလိပ် ကလည်း အိုနင်းခွက်နင်းမို့ စကားပြောရတာလက်ပေါက်ကပ်ပေမဲ့ ပျော် စရာတော့ကောင်းပါသည်။ နာမည်တွေအပြန်အလှန်မေး၊ စကားတွေပြော၊ မန္တလေးတောင်နဲ့ ဆွေမျိုးတော်စပ်တဲ့ကျနော့်အခန်းလေးထဲအထိ သူတို့ လိုက် လာပြီး သူတို့ကိုလည်း ကော်ဖီတစ်ခွက်စီတိုက်လိုက်ပါသည်။ အခုပြောချင်တာက သူတို့ကို အမှတ်တရဖြစ်နေစေသည့်အကြောင်းသာ ဖြစ်သည်။

သူတို့ပြန်ခါနီး နှုတ်ဆက်ကြသည့်အခါ ဂွတ် ဘိုင်၊ ဆီး ယူ"...."ဆိုပြီး သူတို့က နာမည်ခေါ်နှုတ်ဆက်ကြပေမဲ့ သူတို့နာမည်တွေကတော့ ကျနော့်ပါးစပ် ထဲ ရောက်မလာခဲ့ပါ။ ပါးအရိုက်ခံလိုရသလို ခံစားရပါသည်။ သူတို့နာမည်တွေက ကိုယ်နဲ့မှမရင်းနှီးတာလို့ ဆင်ခြေတက်ကြည့်ပေမဲ့ မလုံလောက်ပါ။ ကျနော့်နာမည် ကလည်း သူတို့အတွက် လွယ်ကူလှမည် မဟုတ်ပါ။
ထိုမှနောက် အပျင်းပြေနာမည်မေးခြင်းမျိုး မလုပ်ဖြစ်တော့၊ မေးမိလျင်လည်း ခပ်ဖွဖွတော့ရွတ်ကြည့်နေမိတတ်သည်၊ အတတ်နိုင်ဆုံးတော့ မမေ့အောင် ကြိုးစားမိသည်။ ဤအချက်က ကျနော့်ရဲ့ ပေါင်းသင်းဆက်ဆံရေးအပေါ်မှာပင် အကျိုးသက်ရောက်မှု ရှိကောင်းရှိနေနိုင်ပါသည်။ ကျနော်သည် ပေါင်းသင်းဆက်ဆံရေမှာ အထနှေးတတ်ပါသည်။

ပိုင်နက်

သူငယ်ချင်း ကဗျာဆရာနှစ်ယောက်ရှိခဲ့ဖူးပါသည်၊ တစ်ယောက်နဲ့ကတော့ အခု အထိရန်ကုန်ပြန်စဉ် တွေ့ဖြစ်ပါသည်။ တစ်နေ့ သူ့ကို
"မင်းအနေနဲ့ ရဟန်းဘွဲ့ ကိုခေါ်တာ ကြိုက်သလား၊ ကလောင်နာမည်ကိုခေါ်တာ ကြိုက်သလား" လို့ မေးတော့
"ရဟန်းဘွဲ့ဆိုတာကကွာ ဘာမှမလုပ်လည်း ရနေတာပဲ၊ ဒီကလောင်နာမည်လေး ရဖို့ ငါ တအားကြိုးစားခဲ့ရတာ၊ မွေးရာပါအခွင့်အရေးမဟုတ်ဘူးဟ" လို့ သူကဖြေပါသည်။
သဘောတူပါသည်။ ဒါ့ကြောင့် သူ့ကို မောင်စူးရဲလို့ပဲခေါ်မိပါတော့သည်။ သူ့ရဟန်းဘွဲ့ကို ကျနော်မေ့နေပြီဖြစ်ပါသည်။ သူ့ကို ကျနော်ချစ်ဖို့ သူ့အနေနဲ့ နိုင်ငံကျော်ကဗျာဆရာဖြစ်ဖို့မလိုပါ။ သူဖြစ်ဖို့ပဲ လိုပါသည်။

လက် တစ်သစ်

မိဘများက ကျနော့်ကိုမွေးပြီး ကျနော်က ဇင်ဝေသော်ကိုမွေးခဲ့ပါသည်။ ဇင်ဝေသော်အပေါ် ဘာလောင်းရိပ်မှ ရှိမနေစေချင်ပါ၊ (ဇင်ဝေသော်က ဒုတိယ သားဖြစ်ပါသည်၊ ပထမသားက သူ့လောက်သတ္တိမရှိခဲ့ပါ၊ ဒါ့ကြောင့် သူ့ကို စာရေးဖို့ မတိုက်တွန်းဖြစ်တော့ပါ)။ ဘယ်လိုပဲဖြစ်စေ လက်ခံနိုင်သော်လည်း အက်ဂျက်တစ်မပါသောဝေါဟာရများကို ဇင်ဝေသော်က မြတ်နိုးဟန်တူပါသည်၊ သူသည် အက်ဂျက်တစ်မရှိသော လူတစ်ယောက်သာဖြစ်သည်။ အားလုံးကို လက်ခံနိုင်သော်လည်း တခါတခါတွေ့ရတတ်သည့် ကွန်မင့်လေးများအပေါ် ဇင်ဝေသော် ကျေနပ်မိသည်ကိုမူ လက်ခံထားမိပါသည်။

"Mg Chit:ဆရာဟန်တင်တန်ကိုထောက်ခံပေမယ့် မြန်မာပြည်ရဲ့သဘာဝ မှိုင်း အရတော့ မျက်စိစပ်ပြီးခေါင်းမမူးတတ်ရင် သာသနာရေးဝန်ကြီးလို ဖြစ်တတ် တယ်တဲ့ ဆရာဇင်ဝေသော်ရယ်။"

"Nyein Chan Ar Kar: ဟန်တင်တန် ပြောတာ မှန်တယ်ဗျ။"

တကယ်တော့ ဆရာဆိုသည့် ဝေါဟာရကသည်ပင် မလိုအပ်ပါ။ သူခေါ်မည် ဆိုရင်လည်း မတားပါ၊ တားခွင့်မရှိပါ။
သူတို့သည် ဝေါပေါ်မှာ မိတ်ဖွဲ့မထားသည့် ဇင်ဝေသော်ရဲ့ သူငယ်ချင်းများဖြစ် ကြပါသည်။

အမှာ။ ။ "ပိုင်နက်လက်တစ်သစ်" ဆိုတာ သူငယ်ချင်း မောင်စူးရဲရဲ့ ထင်ရှားတဲ့ ကဗျာခေါင်းစဉ်ဖြစ်ပါသည်။

Post a Comment