ဆင်သေတစ်ကောင်နှင့် ကျောင်းသား လေးယောက်


ရှေးသရော အခါက ( ရှေးသရော အခါက ဟူသည် ယခု မဟုတ် ဟူလို ) တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခ ဆရာကြီး တစ်ဦးရှိလေသည် ( ဒိသာပါမောက္ခ ဆရာကြီးများ၌ ကိုယ်ပိုင်နာမည် မရှိတတ်၊ ဒိသာပါမောက္ခ ဆရာကြီး ဟုသာ သိရ၏ ) ထို ဒိသာပါမောက္ခ ဆရာကြီး၏ နာမည်ကား အရပ် လေး၊ ရှစ်မျက်နှာတို့၌ အွန်လိုင်း၊ အော့ဖ်လိုင်း ပြန့်နှံ့၏။ ထို့ကြောင့် ထိုဆရာကြီး၏ အထံ၌ ပညာ သင်ကြားနေကြသော ကျောင်းသား လေးယောက် ရှိလေသည်။

( ပုံပြင်ဟောင်းထဲမှ ဒိသာပါမောက္ခ ဆရာကြီးအထံ၌ သုံး ယောက် သာ တွေ့ ရသည် )

ထို ကျောင်းသား လေးယောက်ကား လယ်သမားသား၊ ဗိုလ်ချုပ်သား၊ ဗိုလ် ချုပ်ကြီးသားနှင့် ဗိုလ်ချုပ်မှူးကြီးသားတို့ ဖြစ်ကြလေသည်။ ဆရာကြီးအထံ ပညာသင်ကြားရန် ရောက်လာသောနေ့က

" သင်တို့ ဘယ်လို ပညာများ သင်ကြားလိုပါသလဲ " ဆရာကြီးက မေးရာ

" ပုံပြင်ဟောင်းထဲကအတိုင်း ကျားသေကို အသက်သွင်းသော ပညာကို သင် လိုပါသည် " ဟု ဖြေကြ၏။

" ငါလို ဒိသာပါမောက္ခ ဆရာကြီးထံလာပြီး ကျားသေကို အသက်သွင်းခြင်းကဲ့သို့ သေးနုပ်သော ပညာကို မသင်ကြပါနှင့်၊ ထို့ထက် ကြီးမားသော ပညာကိုသင်ကြပါလေ၊ သင်တို့ သွား၍ တိုင်ပင်ကြပါလေဦး " ဟု ဆရာကြီးက သာသာနှင့် ဝါဝါထု၏။

ထို ကျောင်းသား လေးယောက်တို့ တဖန် အချင်းချင်း တိုင်ပင်နှီးနှြော ပီး နောက်ဆုံး ကျားသေကို အသက်သွင်းခြင်းထက် ပို၍ ကြီးကျယ်သော ဆင်သေကို အသက်သွင်းခြင်း အတတ်ပညာ သင်ယူကြရန် ဆုံးဖြတ် လိုက် ကြ၏။ ဆရားကြီးလည်း နှစ်မြို့သည်ဟု ဆို၏။ သို့သော် ဆင်သေကို အ သက်သွင်းခြင်း အတတ်ပညာအတွက် ကျောင်းသား သုံးယောက်သာလို၏။



ထို့ကြောင့် ဆရာကြီးက လယ်သမားသားကို ထိုပညာနှင့် ပတ်သက်သော အက်ဒီရှင်နယ် အက်ဂျူကေးရှင်း အပိုပညာ သင်ပေးလေ၏။ ထိုလယ်သမားသားက အလွန် လိမ်မာလှသဖြင့် ဆရာကြီးကိုယ် တိုင် နှစ်ထောင်းအားရ ရှိလှ၏။

အတိုချုပ်ဆိုရသော် ပုံပြင်ဟောင်းထဲကအတိုင်း ပညာစုံတတ်မြောက်ပြီး နေရပ်သို့ ပြန်ရန် ဆရာကြီးကို ကန်တော့ကြ၏၊ ဆရာကြီးကဆုပေး၏။ စေတနာကောင်းဖြင့် အသုံးမချလျင် သူသင်ပေး လိုက်သော ပညာများလည်း အစွမ်းထက်မည်မဟုတ်၊ ယနေ့မှစ၍ စိတ်ကောင်းမွေးကြရန် ဆုံးမ အမှာစကားလည်း ပါးလိုက်လေ၏။ထို့အပြင် လယ်သမားသားကို ဆုအဖြစ် သားရေနယ်တစ်ခုလည်း ပေးလိုက်၏။

ကျောင်းသား လေးယောက်တို့ နေပြည်တော်ကို ပြန်ရာ (ယခု နေပြည်တော်နှင့် မလွဲမှားစေလို ) လမ်းခုလပ်၌ အကြံတစ်ခု ရကြ၏။ အကယ်၍ ဆင်သေတစ်ကောင်ကို အသက်သွင်းနိုင်လျင် လမ်းလျောက်စရာ မလို ဆင်စီး၍ လေးယောက်သား ခရီးဆက်နိုင်သည်ဟု ဆိုပြီး ပုံပြင်ဟောင်း ထဲက ပရိုစီဂျာအတိုင်း ( လုပ်ငန်းဆောင်တာ ) အားလုံး ဆောင်ရွက်ကြ၏။

ပြဿနာက ထိုမှတွေ့ရလေတော့သည်။ ဆင် အရိုးများ တကယ် မစစ်၍ လား၊ အရိုးဆက်ပုံ မှား၍လား၊ အသက်သွင်းမန္တာန်ကပဲ ရွတ်ဖတ်ပုံ လွဲ၍ လား၊ ဆရာကြီးစကား အတိုင်း စေတနာကောင်း မရှိ၍လား မသိ ဆင်သေက တုတ်တုတ်မလှုပ် ရှိလေတော့၏။ ကြိုးစားကြ၏။ အဖန်ဖန် အထပ်ထပ် ကြိုးစားကြ၏။ ချွေးဒီးဒီးကျအောင် ကြိုးစားကြ၏။ မရပါလေ။ နောက်ဆုံး လက်လျှော့ကာ ခြေလျင်ခရီးဆက်ရန်သာ ပြင်ဆင်ကြရတော့၏။

ထိုအခါရောက်မှ လယ်သမားသားက ဆရာကြီး ပေးလိုက်သော ပညာနှင့် သားရေနယ်ကို အသုံးချလေတော့သည်။ ( နောက်မှ သိရသည်က ထို သားရေနယ်သည် ရိုးရိုး သားရေနယ် မဟုတ်၊ ဆိတ်သားရေနယ် ဖြစ်၏ )  ရှေ့လူ သုံးယောက် အသက်သွင်း၍မရ မစ်စထရီးယပ်ဖြစ်၍ ထူးဆန်းနား လည်ရခက်လှသော၊( ဤမစ်စထရီးယပ်ကား နာမဝိသေသနုဒ်တည်း၊ အက်ဂျက်တစ်ဟုလည်း ဆိုကြ၏ ) ထိုဆင်သေကို လယ်သမားသားက ဆိတ်သားရေနယ်ဖြင့် မရ အရ ဖုံးအုပ်ရရှာလေတော့သည်။

လုံတော့ မလုံ၊ ဆရာကြီးစကား အတိုင်း တတ်နိုင်သရွေ့ လုံအောင်သာ ရှေ့ မျက်နှာ နောက်ထား ဖုံးအုပ်ပြီး ခရီးဆက်ကြလေတော့သည်။

ထိုအခါမှ စ၍ " ဆင်သေကို ဆိတ်သားရေနဲ့ ဖုံး " ဟူသော မြန်မာစကားပုံ ပေါ်ပေါက်လာခဲ့သည် ဟူသတတ်။


 သီဟနာဒ ( ဦးကိုမောင်ကိုယ်စား၊ ပြုံးစိစိ )

1 comments:

နောက်ဆုံးပေါ် ဥပမာ အလင်္ကာ ပေါ့။

Reply

Post a Comment