“မအိုမင်းတဲ့ ချစ်ခြင်းတရား”


Letter in the Wallet
By- Arnold Fine

           ဒီဝတ္တုတိုလေးကို ရီးဒါးဒိုင်ဂျက်(စ်)မှာ ၁၉၈၅- ခုက ဖော်ပြခဲ့တာလို့ဆိုပါတယ်။ အခု နိုဝင်ဘာ၊ ၂၀၁၂- မှာ အမှတ်တရ ပြန်လည်ဖော်ပြထားတာပါ။ ပထမဆုံးဖတ်တုန်းကတော့ သာမာန်ပါပဲ။ ပျင်းပျင်းရှိလို့ ဒုတိယအကြိမ်ပြန်ဖတ်လိုက်မိချိန်မှာတော့ ဟန်နာ့နဲ့ မိုက်ကယ်တို့ရဲ့ သစ္စာတရားက မဖြစ်မနေတိုက်တွန်းနေလို့ ဘာသာပြန်လိုက်မိပါတော့တယ်။ သူတို့သစ္စာကို မဖောက်ရဲလို့ လို့ပြောရမယ်ထင်ပါတယ်။
         
           အသည်းခိုက်အောင်ချမ်းတဲ့ မနက်ခင်းတစ်ခုမှာ ပိုက်ဆံအိတ်ကလေးတစ်ခုကို ခလုတ်တိုက်မိတယ်။ အိတ်ထဲမှာ အမည်၊ နေရပ်လိပ်စာလည်း မတွေ့ရဘူး။ အိတ်ထဲမှာပါတာက သုံးဒေါ်လာရယ် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ဝါကျင့်ကျင့် စာလေးတစ်စောင်ရယ်ပါ။


           အဲဒီ စာအိတ်ပေါ်မှာ ပြန်ပို့ရမယ့် လိပ်စာကလွဲလို့ ဘာမှမတွေ့ရပြန်ဘူး။ ဒါနဲ့ စာအိတ်ကိုဖောက်ပြီး ဖတ်ကြည့်တော့ ဒီစာဟာ ၁၉၂၄- ခုက ရေးထားတာဆိုတော့ နှစ်ပေါင်းခြောက်ဆယ်နီးပါးတောင် ကြာနေပေါ့။ ပိုက်ဆံအိတ်ပိုင်ရှင်နဲ့ပတ်သက်တဲ့ သဲလွန်စလေးများ ရမလားဆိုပြီး စာကိုလည်း ထပ်တလဲလဲဖတ်ကြည့်နေမိတယ်။

           စာက တကယ်တော့ ရည်းစားစာပါ။ ဒီစာကို ဦးတည်ရေးထားခံရသူက မိုက်ကယ်ပါ။ သူမရဲ့ အမေက မိုက်ကယ်နဲ့တွေ့ခွင့်မပြုလို့ မတွေ့နိုင်တဲ့အကြောင်း ရေးထားတာပါ။ ဒါပေမယ့် မိုက်ကယ်ကိုတော့ အမြဲတမ်းဆက်ချစ်နေမယ်ဆိုတဲ့အကြောင်း ပြောပြထားတယ်။ စာရဲ့အောက်မှာ ဆိုင်းထိုးထားတဲ့နာမည်က ဟန်နာ့တဲ့။ စာကလေးကတော့ ချစ်စရာလေးပါ။ ဒါပေမယ့် ဒီစာပိုင်ရှင်ရဲ့ သဲလွန်စကိုလိုက်ရှာဖို့ မိုက်ကယ်ဆိုတာကလွဲလို့ ဘာမှ မရှိခဲ့ဘူး။ ဒါနဲ့ အင်ဖော်မေးရှင်းစင်တာကို သတင်းအစအနလေးများ ရလိုရငြား ဖုန်းကောက်ဆက်လိုက်မိတယ်။

           “အော်ပရေတာခင်ဗျား၊ ကျွန်တော့်မှာ ထူးထူးဆန်းဆန်း မေတ္တာရပ်ခံစရာလေး ရှိနေလို့ပါ။ ကျွန်တော်ကောက်ရခဲ့တဲ့ ပိုက်ဆံအိတ်ရဲ့ ပိုင်ရှင်ကိုတွေ့ဖို့ ကျွန်တော်ကြိုးစားရှာဖွေနေတာပါ။ ဒီစာထဲမှာပါတဲ့ လိပ်စာရဲ့ဖုန်းနံပတ်လေးများ ပြောပြနိုင်မလားလို့ပါ။”

           အော်ပရေတာက ကျွန်တော့်ကို သူမရဲ့ စူပါဗိုက်ဆာလိုင်းဆီ လွှဲပေးလိုက်ပါတယ်။ သူမက ဖုန်းနံပါတ်ရှိကြောင်း ကျွန်တော့်ကိုတော့ အဲဒီဖုန်းနံပါတ်မပေးနိုင်ကြောင်း ပြောပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေကို သူမကပဲ ရှင်းပြပေးပြီး ဟိုဖက်က လက်ခံစကားပြောဆိုဖို့ သဘောတူရင် ကျွန်တော့်ဆီ ဖုန်းပြန်ခေါ်ပေးမယ်လို့ ပြောပါတယ်။ တစ်မိနစ်လောက်ကြာတဲ့အခါမှာတော့ ကျွန်တော့်ဆီ ဖုန်းပြန်ဝင်လာပါတယ်။ “အမျိုးသမီးက ရှင်နဲ့စကားပြောမယ်လို့ ပြောပါတယ်”။

           ဟန်နာ့ကို သိသလားလို့ အဲဒီအမျိုးသမီးကို ကျွန်တော်ကမေးတယ်။
           “သိတာပေါ့ရှင်၊ ကျွန်မတို့ ဒီအိမ်ကို ဟန်နာတို့မိသားစုဆီက ဝယ်ထားလိုက်တာပဲ။”
           “အခု သူတို့ ဘယ်မှာနေကြသလဲဆိုတာ ပြောပြပေးနိုင်မလားဗျာ”
           “ကြာတော့ ကြာပြီရှင့်၊ ဟန်နာက သူ့အမေကို လူကြီးဂေဟာကို ပို့လိုက်ရတယ်။ ဂေဟာကို ခေါ်ကြည့်မယ်ဆိုရင်တော့ ဟန်နာရဲ့ လက်ရှိလိပ်စာကို ရနိုင်လိမ့်မယ်လို့ထင်ပါတယ်။
          
သူမကပဲ လူကြီးဂေဟာရဲ့ ဖုန်းနံပါတ်ကိုပေးလို့ ကျွန်တော်ခေါ်ကြည့်တော့ ဟန်နာရဲ့မိခင်ဟာ ဂေဟာမှာပဲ ဆုံးပါးသွားတဲ့အကြောင်း ပြောပြပြန်ပါတယ်။ တဆက်တည်း သူမကပဲ ဟန်နာရှိနိုင်လောက်တဲ့ လိပ်စာတစ်ခုကို ကျွန်တော့်ကို ထပ်ပေးပြန်တယ်။ ကျွန်တော်ဖုန်းဆက်တော့ ဖုန်းဖြေတဲ့အမျိုးသမီးကပဲ အခုဟန်နာကိုယ်တိုင် လူကြီးဂေဟာမှာ ရှိနေတဲ့အကြောင်း ရှင်းပြပါတယ်။ ပြီးတော့ အဲဒီဂေဟာရဲ့ ဖုန်းနံပါတ်ကို ထပ်ပေးလို့ ဆက်ကြည့်တော့ ဖုန်းဖြေတဲ့အမျိုးသမီးက “ဟုတ်ပါတယ်ရှင်၊ ဟန်နာဟာ ကျွန်မတို့နဲ့အတူတူ ရှိနေပါတယ်” လို့ ဖြေလာပါတယ်။

           ကျွန်တော်များ ခဏဝင်တွေ့လို့ရမလားလို့ မေးမိတယ်။ ဟုတ်တယ်လေ၊ အချိန်က ည (၁၀) နာရီထိုးနေပြီ။ ဂေဟာရဲ့ ဒါရိုက်တာက ဟန်နာက အခုအချိန်ဆိုရင် အိပ်ပြီလား၊ တီဗွီကြည့်နေတုန်းပဲလား မသေချာဘူး။ ကံကောင်းလို့ မအိပ်သေးရင်တော့ တွေ့နိုင်ပါတယ်ပြောလို့ ကျွန်တော်လည်း ကံစမ်းလိုက်မိပါတယ်။ ဒါရိုက်တာနဲ့ အစောင့်က ဂေဟာရဲ့အပေါက်ကနေ ကျွန်တော့်ကိုစောင့်နေကြတယ်။ ပြီးတော့ ဂေဟာရဲ့ တတိယထပ်ကိုရောက်တော့ ကျွန်တော့်ကံ သိပ်မညံ့ကြောင်း တွေ့လိုက်ရတယ်။ ဟန်နာက တီဗွီကြည့်နေတုန်းပါ။
           ကျွန်တော်တို့ အခန်းထဲဝင်သွားတော့ မျက်နှာချိုချို၊ ငွေအိုရောင်ဆံပင်၊ ဖော်ရွေတဲ့မျက်လုံးနဲ့ ပြုံးနေတဲ့ဟန်နာ့ကို တွေ့ခဲ့ရတယ်။ ကျွန်တော်ကပဲ ကောက်ရခဲ့တဲ့ ပိုက်ဆံအိတ်နဲ့ စာအကြောင်းကိုရှင်းပြပြီး သူမကို ထုတ်ပြလိုက်တယ်။ စာကို သူမခဏ စူးစိုက်ပြီးကြည့်တယ်။ ပြီးတော့မှ သက်ပြင်းတစ်ချက်ချလိုက်ပြီး-

           “လူလေးရယ်၊ ဒီစာလေးဟာ မိုက်ကယ်နဲ့ အဒေါ်တို့ နောက်ဆုံးဆက်သွယ်ခဲ့ရတဲ့ စာလေးပါ”
           အဲဒီနောက် သူမက ဟိုးအဝေးကို ငေးကြည့်ရင်း-
           “သူ့ကို သိပ်ချစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီတုန်းက အဖွားက (၁၆) နှစ်ပဲ ရှိသေးတယ်လေ။ မေမေက သိပ်ငယ်သေးတယ်ဆိုပြီး အဖွားကို မိုက်ကယ်နဲ့ တွေ့ခွင့်မပေးတော့ဘူးလေ။ မင်းယုံမလားမသိဘူး။ မိုက်ကယ်က သိပ်ချောတာ။ ရုပ်ရှင်မင်းသား ရှောင်ကွန်နရီကျနေတာပဲ”

           ကျွန်တော်တို့ ပြိုင်တူရယ်မိကြသေးတယ်။ ဒီနောက်တော့ ဒါရိုက်တာက ကျွန်တော်တို့နှစ်ယောက်ကို ချန်ထားခဲ့ပြီး အပြင်ထွက်သွားခဲ့တယ်။
           “ဟုတ်တယ်ကွဲ့၊ မိုက်ကယ်ဂိုးစတိန်းဆိုတာ သူ့နာမည်ပဲ။ သူ့ကိုတွေ့ရင် ပြောပြပေးပါကွယ် ဟန်နာကချစ်နေဆဲ၊ မိုက်ကယ့်ကို သတိရနေဆဲပါ၊ အခုအချိန်အထိ အဖွားဘယ်သူ့ကိုမှ လက်မထပ်ခဲ့ပါဘူး” လို့။

           သူမရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ ရီဝေနေတယ်။ မျက်ရည်တွေကြားကပဲ ရအောင်ပြုံးပြီး “မိုက်ကယ့်လောက် ချစ်ရမယ့်လူ အဘွားဘဝမှာ မရှိခဲ့ဘူး” လို့ ဆက်ပြောရှာတယ်။

           အတော်ကြာတော့မှ ဟန်နာ့ကို ကျေးဇူးတင်စကားပြော၊ နှုတ်ဆက်ပြီး စက်လှေကားနဲ့ ပထမထပ်ကို ဆင်းသွားမိတယ်။ တံခါးဝမှာ ကျွန်တော်ရပ်နေတော့ အစောင့်က “ဟန်နာက ဘာအကူအညီများ ပေးလိုက်နိုင်သလဲ” လို့ မေးတယ်။ လမ်းစတော့ရခဲ့ကြောင်း သူ့ကိုရှင်းပြပြီး ကျွန်တော့်အိတ်ထဲက ပိုက်ဆံအိတ်ကလေးကို သူ့ကိုထုတ်ပြမိတယ်။ ပြီးတော့ ဒီပိုက်ဆံအိတ်ပိုင်ရှင်ကိုတွေ့ဖို့ ဒီနေ့တစ်နေ့လုံး ကြိုးစားခဲ့ရပုံကိုလည်း သူ့ကိုရှင်းပြလိုက်တယ်။

           ပိုက်ဆံအိတ်ကိုလည်းမြင်လိုက်ရော အစောင့်က “ ကျွန်တော်သိပြီ၊ အိတ်ပိုင်ရှင်က မစ္စတာ ဂိုး(လ်) စတိန်းပဲ။ အဲဒါ သူအမြဲတမ်း သိမ်း၊ အမြဲတမ်း ကျပျောက်နေတတ်တဲ့ ပိုက်ဆံအိတ်ကလေးပဲ”
           “မစ္စတာ ဂိုး(လ်) စတိန်း ဆိုတာဘယ်သူလဲ”
           “ကျွန်တော်တို့ဂေဟာက သက်ကြီးရွယ်အိုတစ်ယောက်ပဲ။ ရှစ်ထပ်မှာနေတယ်။ သေချာပါတယ်၊ ဒါ သူ့ပိုက်ဆံအိတ်ပါ။ သူလမ်းလျှောက်ထွက်ရင်း ကျပျောက်ခဲ့တာဖြစ်မှာ”

           အစောင့်ကို ကျေးဇူးတင်စကားပြောပြီး ဒါရိုက်တာရုံးခန်းကို ကျွန်တော်ပြန်သွားတယ်။ အစောင့်ပြောသမျှတွေကို ဒါရိုက်တာကို ပြန်ပြောလိုက်တယ်။ ပြောပြီးတော့ သူမကိုယ်တိုင် ကျွန်တော်နဲ့အတူလိုက်လာပြီး ရှစ်ထပ်ကို ကျွန်တော်တို့ တက်သွားကြပြန်တယ်။
           “သူဧည့်ခန်းထဲမှာရှိနေတုန်းလို့ ထင်တာပဲ။ ညပိုင်းတွေမှာ သူစာကြည့်နေတတ်တယ်” လို့ နာ့စ်မလေးကပြောတယ်။
          
မီးလင်းနေတဲ့အခန်းထဲကို ကျွန်တော်တို့ဝင်လိုက်တော့ စာအုပ်ဖတ်နေတဲ့ လူကြီးတစ်ယောက်ကို တွေ့ရတယ်။ ဒါရိုက်တာက သူ့ကိုပဲ ပိုက်ဆံအိတ်များ ကျပျောက်ခဲ့သလားလို့မေးတော့ မိုက်ကယ်ဂိုးစတိန်းက သူ့အိတ်ထောင်ကို စမ်းကြည့်တယ်။ ဒီတော့မှ အဖြစ်မှန်ကိုသိပြီး “ဘုရား၊ ဘုရား ဟုတ်တယ်၊ ကျုပ်ပိုက်ဆံအိပ်ပျောက်နေတယ်” လို့ဖြေတယ်။

ပိုက်ဆံအိတ်ကိုလည်းတွေ့လိုက်ရော သူတော်တော် သက်တောင့်သက်သာ ဖြစ်သွားတဲ့ပုံပဲ။ “ ဟုတ်တယ်၊ ဒီနေ့ နေ့ခင်းပိုင်းက ကျပျောက်ခဲ့တာနေမှာ။ မင်းကို ဆုချရဦးမယ်” လို့ပြောတယ်။

           “မလိုပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော်ဝန်ခံစရာရှိတယ်။ အိတ်ထဲကစာကို ကျွန်တော်ဖတ်လိုက်မိတယ်။ ဒါကလည်း ပိုက်ဆံအိတ်ပိုင်ရှင်ကို သိလိုတဲ့ဆန္ဒကြောင့်ပါ။ ခွင့်လွှတ်ပါဗျာ”
           သူ့မျက်နှာပေါ်က အပြုံးတွေ ရုတ်တရက် ပျောက်သွားတယ်။
           “မင်း စာကိုဖတ်လိုက်တယ်၊ ဟုတ်လား”
           “စာဖတ်မိရုံတင် မကပါဘူးဗျာ။ ဟန်နာဆိုတာ ဘယ်သူလဲဆိုတာတောင် ကျွန်တော်သိခဲ့ရပါတယ်”
           သူ့မျက်နှာက ပိုပြီး ဖြူရော်ရော်ဖြစ်သွားတယ်။
           “ဟန်နာ၊ မင်း ဟန်နာဘယ်မှာဆိုတာ သိတယ်၊ ဟုတ်လား။ သူနေကောင်းသလား။ အရင်တုန်းကလိုပဲ ချစ်စရာလေးပဲလား”
           သူ့ရဲ့ တလစပ်မေးခွန်းတွေကြားမှာ ကျွန်တော်နှုတ်ဆိတ်သွားမိတယ်။
           “ကျေးဇူးပြုပြီး ငါ့ကို ပြောပြပါလားကွာ” မိုက်ကယ်က ထပ်ပြီးတောင်းဆိုတယ်။
           “သူမ နေကောင်းပါတယ်။ ပြီးတော့ ခင်ဗျားသိတဲ့အတိုင်းပဲ ဟန်နာက အမြဲတမ်းချစ်စရာလေးပါ”
           “သူဘယ်မှာလဲ၊ ငါ့ကို ပြောပြပါကွာ။ မနက်ဖြန် သူ့ကို ငါဖုန်းဆက်ချင်လို့” သူက ကျွန်တော့်လက်တွေကို ဆွဲယမ်းပြီး အားမလိုအားမရ ဆက်ပြောတယ်။
           “မင်းသိသလား။ သူ့စာရောက်တဲ့နေ့မှာ ငါ့ဘဝလည်း သေဆုံးခဲ့တယ်။ ဘယ်သူ့ကိုမှလည်း လက်ထပ်ချင်စိတ်မရှိဘူး။ သူ့ကို တစ်သက်လုံးချစ်နေမှာ”

           “မိုက်ကယ်၊ ကျွန်တော်နဲ့လိုက်ခဲ့” လို့ ကျွန်တော်က ပြောလိုက်တယ်။
           ကျွန်တော်တို့သုံးယောက် စက်လှေကားနဲ့ သုံးထပ်ကိုဆင်းသွားပြီး ဟန်နာရှိတဲ့အခန်းကို ဝင်သွားကြတယ်။ ဟန်နာက တီဗွီကြည့်နေတုန်းပါ။ ဒါရိုက်တာကပဲ သူမဆီလျှောက်သွားပြီး-
           “ဟန်နာ၊ ဒီအမျိုးသားကို သိသလား” လို့ ခပ်ဖွဖွ မေးတယ်။ မိုက်ကယ်က တံခါးပေါက်မှာ ရပ်လို့ပေါ့။
           သူမက မျက်မှန်ကိုပြင်တပ်ပြီး ခဏစိုက်ကြည့်တယ်။ ဘာမှတော့ မပြောဘူး။
           “ဟန်နာ၊ အဲဒါ မိုက်ကယ်လေ၊ မိုက်ကယ်ဂိုးစတိန်းပေါ့။ သူ့ကို မှတ်မိတယ်မဟုတ်လား”

           “မိုက်ကယ်၊ ရှင်က မိုက်ကယ် ဟုတ်လား”
           မိုက်ကယ်က ဖြေးဖြေးချင်း သူမဆီလျှောက်သွားတယ်။ သူမကလည်း ထရပ်ပြီး သူတို့ ဖက်ထားကြတယ်။ သူတို့နှစ်ယောက် လက်ချင်းအတူတူတွဲ ဆိုဖာပေါ်ထိုင်ရင်း စကားတွေပြောကြတော့ ကျွန်တော်နဲ့ ဒါရိုက်တာလည်း အလိုက်တသိ အခန်းထဲက ထွက်လာခဲ့ကြတော့တယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ မျက်လုံးထဲမှာလည်း မျက်ရည်တွေနဲ့ပါ။
          
           သုံးပတ်ကြာတော့ ဒါရိုက်တာက ကျွန်တော့်ဆီ ဖုန်းဆက်တယ်။
           “လာမယ့် တနင်္ဂနွေနေ့မှာ လက်ထပ်ပွဲတစ်ခုကို တက်ရောက်ဖို့ အချိန်လေးများ ပေးနိုင်မလားလို့ပါ”
           ကျွန်တော့် အဖြေကိုတောင် မစောင့်တော့ပဲ-
           “ဟုတ်ပါတယ်၊ မိုက်ကယ်နဲ့ ဟန်နာတို့ရဲ့ လက်ထပ်ပွဲပါ” တဲ့။
           မဖြစ်မနေကို တက်ရမယ့် လက်ထပ်ပွဲပေါ့ဗျာ။ အဲဒီလက်ထပ်ပွဲကို ဂေဟာတစ်ခုလုံးကလူတွေ အားလုံးတက်ရောက်ကြတယ်။ ဟန်နာက သတို့သမီးဂါဝန်ရှည်နဲ့ သိပ်လှနေသလို မိုက်ကယ်ကလည်း နက်ပြာရောင် ကုတ်အင်္ကျီနဲ့ ထောင်ထောင်မောင်းမောင်း စမတ်ကျလှပါတယ်။ ဂေဟာက သူတို့နှစ်ယောက်အတွက် သီးသန့်ခန်းတစ်ခန်း စီစဉ်ပေးတယ်။ ၇၆- နှစ်ရှိ သတို့သမီးနဲ့ ၇၈-နှစ်ရှိ သတို့သားတို့ ဆယ်ကျော်သက်ကလေးတွေလို နုပျိုနေတာကိုများ မြင်ဖူးချင်ရင် သူတို့စုံတွဲကိုသာကြည့်ကြဖို့ အကြံပေးလိုက်ချင်ပါတော့တယ်။

           အနှစ် ၆၀- ကြာ ဝေးကွာနေတဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ဒီလိုပဲ လှလှပပ အဆုံးသတ်နိုင်ခဲ့တယ်။ တကယ့် ကြည်နူးစရာ…….။       ။


 ဇင်ဝေသော်

1 comments:

သူတို့တော်တော်ကံကောင်းတယ် .......

Reply

Post a Comment