“သူတို့က ခြင်္သေ့ဆိုရင် ကျွန်တော်တို့က လူခြင်္သေ့” ( အပိုင်း - ၂ )


ကျွန်တော် အဓိကဆွေးနွေးချင်တာက စင်ကာပူမှာရှိတဲ့ မြန်မာတွေရဲ့ ဘဝ၊ အခက်အခဲ၊ မြန်မာပြည်ပြန်လာချင်စိတ် ရှိ၊ မရှိ ဆိုတာပါ။ ဒီခေါင်းစဉ်အောက် မှာတော့ ကျွန်တော်နဲ့ ဆက်စပ်နေတဲ့ မြန်မာအသိုင်းအဝိုင်းရဲ့ အသံတစ်ချို့ လည်း ပါဝင်ပါလိမ့်မယ်။ ဒါကသည်ပင် အာဆီယံမှာ ကျားဖြစ်နေတဲ့ စင်ကာပူ နဲ့ ဆက်ဆံရေးကို တစ်စုံတစ်ရာ ပြောခဲ့ရာလည်း ရောက်ပါလိမ့်မယ်လို့ ယုံ ကြည်ပါတယ်။

၁။ စင်ကာပူရောက် မြန်မာများ-
သူတို့ လုပ်ကိုင်နေတဲ့ အလုပ်တွေကို အခြေခံပြီး-
(က) အင်ဂျင်နီယာများ
(ခ) ဘူမိဗေဒ ပညာရှင်များ
(ဂ) စာရင်းကိုင် ပညာရှင်များ
(ဃ) ကွန်ပျူတာနှင့် အိုင်တီပညာရှင်များ
(င ) ဆေးရုံက နာ့(စ်) များ
( စ )အိမ်ဖော်မိန်းကလေးတွေနဲ့
(ဆ) ဆောက်လုပ်ရေးက အလုပ်ကြမ်းသမားတွေနဲ့ သင်္ဘောကျင်းမှာ လုပ်နေရတဲ့ အလုပ်ကြမ်းသမား
- တွေလို့ အုပ်စု ၇ အုပ်စုခွဲထားနိုင်ပါတယ်။ ကျန်တာက လူနည်းစုပါ။

သူတို့ကို အလုပ်အကိုင်နဲ့ ခွဲခြားပြီးရင် သူတို့စင်ကာပူရောက်တဲ့ သက်တမ်း ကို အခြေခံပြီးတော့လည်း ဒီလို ခွဲခြားထားနိုင်ပါတယ်။
(က) တော်လှန်ရေး ကောင်စီအစိုးရ လက်ထက်နဲ့ ၈၈- အရေးအခင်း မတိုင် မီက ရောက်နေတဲ့ အုပ်စု
(ခ) ၈၈- အရေးအခင်းပြီးမှ ရောက်လာတဲ့အုပ်စု
(ဂ) ရွှေဝါရောင်ရဲ့ ဝန်းကျင်မှာ ရောက်လာတဲ့အုပ်စု လို့ အုပ်စုသုံးမျိုး ခွဲကြည့်နိုင်ပါတယ်။ ( ပုဂ္ဂလိက အမြင်ပါ )

တော်လှန်ရေး ကောင်စီအစိုးရ လက်ထက်နဲ့ ၈၈- မတိုင်မီကတည်း က ရောက်နေတဲ့အုပ်စုက လူနည်းစုဖြစ်ပြီး ပညာရှင် ပရော်ဖက်ရှင်နယ် စစ် စစ်တွေ၊ စီပွားရေးပညာရှင်တွေပဲ များပါတယ်။ သူတို့ဟာ စင်ကာပူမှာ လုံးဝ အခြေကျနေပြီး သူတို့ရဲ့ တတိယမျိုးဆက် အထိ ရောက်နေပြီဆိုရင် စင်ကာ ပူရီးယန်းစစ်စစ်ကြီး ဖြစ်နေကြပြီး တစ်ချို့ကလေးတွေဆိုရင် မြန်မာ့ အငွေ့ အ သက်ပျောက်နေပါပြီ၊ မြန်မာစာ၊ မြန်မာစကားကို မပြောတတ်ကြတော့ပါဘူး။

၈၈- အပြီးရောက်လာတဲ့ အုပ်စုက အင်ဂျင်နီယာအများစုပါ။ ဘူမိဘေဒ ပညာရှင်၊ စာရင်းကိုင်နဲ့ အလုပ်ကြမ်းသမားတစ်ချို့လည်း ရှိပါတယ် ။ သေချာ တာကတော့ (၂၀၀၀) ဝန်းကျင်အထိ အိမ်ဖော်မိန်းကလေးတွေက မရှိ သလောက် ရှားပါသေးတယ်။ ကွန်ပျူတာနဲ့ အိုင်တီပညာရှင်တွေလည်း သိပ် မရှိပါဘူး။
သက္ကရာဇ် (၂၀၀၀) ကျော်လောက်ကတည်းက သိသိသာသာ တိုးလာတာက ကွန်ပျူတာ၊ အိုင်တီ၊ အိမ်ဖော်၊ သူနာပြုတွေနဲ့အတူ အင်ဂျင်နီယာ အသစ် ကလေးတွေ၊ ဘူမိဗေဒပညာရှင်အသစ်ကလေးတွေ စုံလို့ပါပဲ။

သူတို့ဘဝတွေရဲ့ အခက်အခဲ-
အခက်မရှိတဲ့ဘဝကို လက်ညှိုးထိုးပြပါလို့ ဆိုရပါလိမ့်မယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ ပဲခူးက ကဗျာဆရာ၊ ပန်းချီဆရာကတော့ “မျှော်လင့်ချက်နဲ့နှိုင်းရင် ကြုံဆုံလာသမျှအဖြစ်တွေဟာ ကောင်းလွန်းပြန်တယ်” ဆိုပြီး ကိုထီးကြီး အသံနဲ့ ဆိုလေရဲ့။ သူက ဘူမိဗေဒပညာရှင်ပါ။
အထက်က အုပ်စုတွေအနေနဲ့ပဲပြောရရင် တော်လှန်ရေး ကောင်စီအစိုးနဲ့ (၈၈) မတိုင်မီကတည်းက ရောက်နေသူတွေကတော့ အဆင်ပြေသူ ရာနှုန်းပြည့် နီးပါးလို့ ပြောရပါလိမ့်မယ်။ လူချမ်းသာအသိုင်းအဝိုင်းထဲအထိ ပါတဲ့လူတောင် ပါဝင်ပါတယ်။ သူတို့ထဲက တချို့ကတော့ ဦးနေဝင်းအစိုးရနဲ့ တနည်းမဟုတ်တနည်း အကောင်းအဆိုး ဆက်စပ်နေသူတွေ လို့ ပြောရပါ လိမ့်မယ်။ အားလုံးဟာလည်း ပညာရှင်တွေနဲ့ စီးပွားရေးသမားတွေချည်းပါပဲ။ ကျနော်သိတဲ့ မစ္စတာ လီ ဝါးဝါး ဆို မြန်မာဖွား တရုတ်စစ်စစ်ပါ၊ အင်ဒိုနီးရှားငွေ၊ မြန်မာငွေစက္ကူတွေရိုက်ဖို့ စက္ကူတင်သွင်းခွင့် ရခဲ့သူလို့ သိရပါတယ်။ အဲသ လို လူတွေ တော်တော်ရှိပါတယ်။

၈၈- ပြီးမှ ထွက်လာတဲ့အုပ်စုကလည်း သက္ကရာဇ် ၂၀၀၀- ကျော်ကျော်ေ လာက်မှာရောက်တဲ့အထိ ပညာရှင်တွေပဲများပါတယ်။ ဒီအုပ်စုကြီးက အင် ဂျင်နီယာအုပ်စုကြီးလို့ ပြောရင်ရပါတယ်။ အများစုဟာ အင်ဂျင်နီယာတွေ ပါ။ မြန်မာပြည်က အင်ဂျင်နီယာဘွဲ့နဲ့ အလုပ်ဆက်လုပ်နေကြသူတွေရှိသလို ဒီမှာရှိတဲ့ NUS (National University of Singapore)၊ NTU ( Nanyang Technological University) တို့မှာ မာစတာဘွဲ့ဆက်တက်၊ အရေအတွက် မများလှပေမယ့် ပီအိတ်(ခ်ျ) ဒီအထိ ဆက်တက်သူတွေ ရှိပါတယ်။ အများစုက စင်ကာပူမှာပဲနေကြပြီး အနောက်ဘက်ကို ဆက်ထွက်သွားတဲ့ လူအနည်းစုလည်း ရှိပါတယ်။

ဒီအထဲမှာ ဘူမိဗေဒပညာရှင်များလည်း ပါဝင်ပါတယ်။
မြန်မာပြည်မှာ နေရာ သိပ်မရတဲ့ (ဆေး၊ အင်ဂျင်နီယာတို့ကို ထောက်ဆပြီး) ဘူမိဗေဒပညာဟာ အဆောက်အဦရဲ့ ဖောင်ဒေးရှင်းကို ဂရုတစိုက်ရှိလှတဲ့ စင်ကာပူမှာ နေရာကောင်းကောင်းတစ်ခု အမြဲလိုလို ရှိနေပါတယ်။ ဘူမိဗေဒအဖွဲ့တွေဟာ စင်ကာပူမှာ နာမည်ကောင်းလည်းရကြတဲ့အကြောင်း ဝမ်းသာဖွယ်သတင်းများ ကြားသိရပါတယ်။
ဒီအုပ်စုဟာလည်း အခြေအနေတကျတွေ ဖြစ်နေကြပြီမို့ အဆင်ပြေကြပါ တယ်။ ဘဝဒုက္ခလောက်သာရှိပြီး မဆံ့မပြဲ ဒုက္ခရောက်နေကြသူတွေ မရှိပါ ဘူး။

ရုန်းကန်ရဆုံးအဖွဲ့ကတော့ (၂၀၀၇) နောက်ပိုင်းမှ ထွက်လာကြတဲ့ လူငယ်တွေပါ။ အင်ဂျင်နီယာ၊ ကွန်ပျူတာ နဲ့ အေစီစီအေ လောက်အထိပြီး သူတွေကတော့ ပညာရှင်တွေမို့ အနှေးနဲ့အမြန် အဆင်ပြေသွားကြတာပါပဲ။ LCCI တွေလည်းအဆင်ပြေကြပါတယ်။ ဆေးရုံသူနာပြုလို့ဆိုတဲ့အထဲမှာ နှစ်မျိုးပြန်ခွဲကြည့်ရပါဦးမယ်။ ပရော်ဖက်ရှင်နယ်တန်းဝင် သူနာပြုတွေနဲ့ ရက်တို သင်တန်းတက်ပြီး အေးဂျင့်နဲ့ရောက်လာတဲ့ လူအိုရုံ၊ စိတ္တဇဆေးရုံမှာ အကူ အညီလုပ်နေရတဲ့ သူနာပြုလက်ထောက်တွေပါ။

ပထမအမျိုးအစားကတော့ ပညာရှင်တွေမို့ အဆင်ပြေကြပါတယ်။ ဒုတိယ အမျိုးအစားကတော့ ကိုယ့်နိုင်ငံထက် ငွေပိုရတယ်ဆိုတာလေးကလွဲရင် ကျပ်ကျပ်တည်းတည်းပါပဲ။ တစ်လမှာ ဒေါ်လာလေး ငါး ရာဝန်းကျင်လောက်ပဲ ရကြပါတယ်။ သင်္ဘောကျင်း၊ ဆောက်လုပ်ရေးစတာတွေမှာ လုပ်နေကြ တဲ့ မြန်မာလူငယ်တွေလည်း (၂၀၀၇) နောက်ပိုင်းမှာ ပိုများလာပါတယ်။ အမျိုးသားတွေဖြစ်လေတော့ သူတို့ဒုက္ခက မျက်ရည်ကျလောက်တဲ့ အဆင့် အထိ မရှိပါဘူး။ “ကံ” အပေါ်မူတည်တယ်လို့လည်း ပြောရပါလိမ့်မယ်။ အဆင်ပြေသူက ပြေ၊ မပြေသူက မပြေပါ။

အဆိုးဆုံးကတော့ အိမ်ဖော်လေးတွေပါ။ အဆင်ပြေသူတွေရှိကြပေမယ့် မပြေသူက ပိုများပါတယ်။ ကမ္ဘာမှာ လော ( ဥပဒေ ) ဘွဲ့ရတွေက အေ အဆင့်ပေမဲ့ မြန်မာ ဥပဒေ ဘွဲ့ရတွေကတော့ အိမ်ဖော်ဖြစ်နေတတ်တယ်၊ ကမောက်ကမ ပညာရေးပါပဲ။ အကူသူနာပြုလေးတွေရဲ့ ဘဝကလည်း အဆင်ပြေလှကြီးဟုတ်မယ် မထင်လှပါဘူး။ မှတ်မှတ်ရရကတော့ (၂၀၀၀) ဝန်းကျင်အထိ မြန်မာအိမ်ဖော်ဆိုတာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မတွေ့ ရသလောက်ပါပဲ။ ၂၀၀၇- နောက်ပိုင်းမှာတော့ မြန်မာအိမ်ဖော်တော်တော်များများ တွေ့လာရပါတယ်။ နောက်ဆုံးသတင်းအရ မြန်မာအိမ်ဖော် အရေအတွက်ဟာ အင်ဒို၊ ဖိလစ်ပိုင်၊ အိန္ဒိယတို့နောက် စတုတ္ထနေရာမှာ ရှိပြီး တစ်သောင်း ဝန်းကျင်ခန့် လို့ မှတ်သားရပါတယ်။

သူတို့ပြန်လာလိုစိတ် ရှိ၊ မရှိ-
လောလောဆယ်မှာတော့ အများအားဖြင့် စောင့်ကြည့်နေကြတယ်( wait and see) လို့ ဆိုရမှာပါ။
ဒီမှာ. မေးခွန်းတက်လာတာက စင်ကာပူမှာရတဲ့ လစာတစ်ဝက်လောက်အထိ ရမယ်ဆိုရင် အနစ်နာခံပြီး ပြန်လာနိုင်မလားဆိုတာပါ။
၁ ။ မပြန်နိုင်ဘူး။
၂ ။ တစ်ဝက်လောက်ရရင်ပဲ ပြန်မယ်ဆိုတဲ့ အဖြေနှစ်မျိုး အကြမ်းဖျင်း ထွက် လာပါတယ်။
မပြန်နိုင်ဘူး။ ဘာ့ကြောင့်လဲ။ လစာတစ်ဝက်လျှော့သွားပေမယ့် စားဝတ်နေရေးစရိတ်က အတူတူလိုဖြစ်နေတယ်။ မြန်မာပြည်ကတောင် ပိုဈေးကြီးသလိုလို ဖြစ်နေတယ်။ ဒီမှာ အိမ်ဝယ်နိုင်တယ်။ ရန်ကုန်မှာ အိမ် ဝယ်ဖို့မလွယ်ဘူး။ ဒီလိုတွေ ဖြေတတ်ကြတယ်။ ဒီအုပ်စုက စင်ကာပူလစာ တစ်ဝက်လောက်မှ မရရင်၊ ကုန်ဈေးနှုန်းလည်း မကျရင် စဉ်းစားမနေနဲ့ အထဲ ကပါပဲ။
ပြန်မယ်ဆိုတဲ့အုပ်စုလည်းရှိပါတယ်။ နိုင်ငံတော် ပြုပြင်တည်ဆောက်ဆဲကာလမှာ ပြောင်းလဲမှုအလျင်နဲ့ အတူတူပါသွားရင် ကိုယ်ပြန်လည် အခြေချနေတော့မယ်ဆိုတဲ့အခါ အဆင်ပြေပြီးသားဖြစ်သွားအောင်ဆိုတဲ့ အယူအဆမျိုး ဖြစ်နိုင်ပါတယ်။

စင်ကာပူမှာရှိတဲ့ မြန်မာတွေ ကျေနပ်နိုင်ကြတယ်ဆိုတာ စင်ကာပူနိုင်ငံ ကပေးတဲ့ အခွင့်အရေးအပြင် နိုင်ငံခြားတိုင်းပြည်တွေထဲမှာ စင်ကာပူ ဟာ မြန်မာအငွေ့အသက်အရဆုံး နိုင်ငံဖြစ်နေလို့လို့ပြောရင် ရနိုင်ပါတယ်။ ဘာသာရေးအနေနဲ့လည်း ကျောင်းပေါင်း (၁၇) ကျောင်း (ဆရာလေးတွေ နှစ်ကျောင်းအပါအဝင်) ရှိတယ်။ တရားထိုင်မယ်ဆိုရင်လည်း မဟာစည်၊ မိုးကုတ်၊ ဖားအောက် နည်းမျိုးစုံ ရိပ်သာတွေရှိတယ်။ မြန်မာပြည်က ကြွလာ တဲ့ နာမည်ကျော် ( Top 5 ) ဓမ္မကထိကတွေရဲ့ တရားပွဲတွေဆိုတာကလည်း သိပ်မပြတ်လှဘူး။

အစားအသောက်ဆိုတာကလည်း လိုတာ၊ လိုတဲ့အချိန်ရ တယ်။ မြန်မာ အချင်းချင်း လူမှုရေး၊ စီးပွါးရေး၊ ဘာသာရေး ကိစ္စတွေအတွက် တွေ့ကြမယ် ဆိုရင် တစ်နာရီအတွင်း ဘယ်နေရာကမဆို စုရပ်ကိုရောက်နိုင်တယ်။ စင်ကာပူက မြန်မာတွေဟာ မြန်မာပြည်ကို လွမ်းတယ်ဆိုဦးတော့ အလွမ်းဖြေ စရာ အငွေ့အသက်တွေက အများကြီးပါ။ ဒါကြောင့် မြန်မာပြည်ကို အရဲစွန့် ပြီးပြန်ဖို့ သိပ်လောကြလိမ့်မယ်လို့ မထင်မိဘူး။

ပြန်ခြင်း၊ မပြန်ခြင်းကိစ္စကို ဆက်ပါမယ်။ သေချာတာကတော့ (၈၈) မျိုး ဆက်ဟာ ဒေါ်စုအသည်းစွဲတွေပါ ( အွန်လိုင်းမှာ ဒီဘိတ်လုပ်ရတာ နှစ်ခြိုက် သူတွေလည်း တွေ့ရပါတယ်) သူတို့နဲ့ မလှမ်းမကမ်းမျိုးဆက်ကလည်း ဒီ ဂယက်ကြောင့်ပဲ ဒေါ်စုကို အသည်းစွဲကြပါတယ်။ ပြုပြင် တည်ဆောက် ဆဲ နိုင်ငံတော်အတွက် လိုအပ်နေတာက အဲဒီမျိုးဆက်ကြီးလို့ ယုံကြည်မိ ပါတယ်။
၈၈- မျိုးဆက်တွေဟာ ဒီနေ့အသက် ၄၀-နဲ့ ၅၀- ကြားတွေပါ။ ကာယအား၊ ဥာဏအား အကောင်းဆုံးအရွယ်ဖြစ်နေသလို အတွေ့အကြုံလည်း အမျာကြီး ရထားပြီးခဲ့ကြပါပြီ။ သူတို့စောင့်ကြည့်မှာက စီးပွါးရေးတောင် မဟုတ်လောက် ပါဘူး။ နိုင်ငံရေးပါ။ အစိုးရအဖွဲ့ထဲမှာ ဒေါ်စုဘယ်လောက် အလုပ်လုပ်ခွင့် ရနေပြီလဲ ဆိုတာပါ။ အဲဒါသည်ပင် သူတို့ပြန်လာချင်စိတ်ကိုပေါက်စေနိုင်တဲ့ အကြောင်းတရားပါပဲ။ ဒါကိုကြည့်ရင် ၂၀၁၅- ရွေးကောက်ပွဲဟာ ထွက်ပြေး သွားတဲ့ မြန်မာ့ဦးနှောက်တွေ ပြန်ရ၊ မရ အဖြေကို ထုတ်ပေးလိမ့်မယ်လို့ ယုံ ကြည်ပါတယ်။

ဘာပဲဆိုဆို ကျွန်တော်တို့နိုင်ငံဟာ စင်ကာပူကို ( တစိတ်တစ်ပိုင်း ) မော် ဒယ်ယူပြီး တဖြည်းဖြည်း တည်ဆောက်လိမ့်မယ်ဆိုတာကိုတော့ လတ်တလော ယုံကြည်လို့ရပါတယ်။ ဒီတော့ အစိုးရပိုင်းကအစ ပုဂ္ဂလိက စီး ပွါးရေး အထိ သူတို့နဲ့ တနည်းမဟုတ်တနည်း ပိုပြီးဆက်ဆံလာနိုင်စရာတွေ ရှိနေပါတယ်။ ဒီမှာ ကျွန်တော့်အတွေ့အကြုံကို သိုသိုသိပ်သိပ် ပြောခွင့်ပြုပါ။

၁။ ကိုယ်ကဦးဆောင်ရမယ်ဆိုရင် ခပ်ရှင်းရှင်း၊ ခပ်တင်းတင်း ဦးဆောင် တာ ကောင်းပါတယ်။ နေရှင်နယ်ဆားဗစ်မှာကတည်းက သူတို့ကို လေ့ ကျင့်ပေးထားတာက နောက်လိုက်ကောင်းဖြစ်ဖို့နဲ့ စွမ်းသူတွေတစ် ချို့ ခေါင်းဆောင်ကောင်းဖြစ်ဖို့ပါ။ စင်ကာပူလူမျိုးတွေဟာ ပါးစပ်က ပွစိ ပွစိပြောပေမယ့် နောက်လိုက်ကောင်းတွေများပါတယ်။ ရှမ်းလွယ်အိပ်တွေ နည်းတယ်။ ဟီးရိုးအစ်ဇင် များတယ်။ ကိုယ်က ခေါင်းဆောင်ခွင့်ရမယ် ဆို ရင် တော်တော်ကောင်းပါတယ်။

၂။ အဆင့်တူပေါင်းသင်းရရင်လည်း သူကအော်လိုက်၊ ကိုယ်ကအော်လိုက်၊ မဆိုပါဘူး။ သဘောမတူရင် ပြန်အော်လို့ ရတယ်။ ကိုယ် မအော်လည်း သူတို့ ကတော့ အော်မှာပဲ။ ငုံ့ခံလာပြီး သူတို့အတင်းပြောတာထက် သူအော် ကိုယ်အော်က အလုပ်ပိုဖြစ်တာ ( လက်လှမ်းမီသရွေ့ ) တွေ့ရပါတယ်။

၃။ သူတို့က အထက်ကဆိုရင်တော့ ဘယ်လောက်စိတ်ရင်းကောင်းတဲ့ လူ ပဲဖြစ်ဖြစ် အပေါ်စီးနည်းနည်းဆန်၊ ဘူလီ(Bully) နည်းနည်းကျတတ်ပါတယ်။ ( နည်းနည်း ဆိုတာက အားနာလို့ပါ ) သူတို့ကို အလွန်အမင်း ( အစိုးရ အရာရှိပိုင်းတွေ သတိထားသင့်တယ် ) အလျှော့မပေးဘဲ ဆက်ဆံတာဟာ အကျိုးအမြတ်အတွက်သာမက ရေရှည်ဆက်ဆံရေးကိုပါ ကောင်းမွန်စေပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကို နည်းနည်းမြှင့်ထားမှ ရပါလိမ့်မယ်။
ဆိုလိုတာက အကြောင်းအကျိုးမသိ၊ အရမ်းမဲ့မောက်မာတာမျိုး၊ အရှေ့တောင် အာရှရဲ့ ကျားတစ်ကောင်ဆိုပြီး အလွန်အမင်း ရိုကျိုးနေစရာမျိုး မလိုဘူးဆိုတာကို ပြောလိုတာပါ။


ဘယ်သူနဲ့မှ မညှိဘူး။ ကျွန်တော့် ပုဂ္ဂလိက ယုံကြည်မှုကတော့ “ မင်းတို့က စင်ကာပူရ၊ ခြင်္သေ့မြို့တော်က ခြင်္သေ့တွေဆိုရင် သဘာဝအရင်းအမြစ်နဲ့ လူ သား အရင်းအမြစ်ကို အချိုးညီညီ ပေါင်းစပ်နိုင်တဲ့နေ့မှာ ငါတို့ဟာ မနုဿီဟ လူခြင်္သေ့တွေ ဖြစ်လာမှာပါကွာ ” ပါဘဲ။ ဒီ အရှိန်အဟုန်နဲ့ ဆက်သွားရင် လာမည့် အနှစ်နှစ်ဆယ်ရဲ့ မြန်မာ့အနာဂတ်ကို ဘယ်သူကြိုဖတ်မလဲ။ ဘာပဲဖြစ်ဖြစ် ဒါက စိတ်ချမ်းသာတယ်။

( တစ်ယောက်ယောက်၊ တစ်ဖွဲ့ဖွဲ့ ကိုများ ထိပါးမှုရှိခဲ့ရင် တောင်းပန်ပါတယ်။ ဂျနယ်ကြီးတစ်ဆောင်က ရွေးထားတယ်ဆိုပေမဲ့ မစောင့်နိုင်လို့ တင်လိုက် တာပါ )


 လေးစားစွာဖြင့်
ဇင်ဝေသော်

Post a Comment