ဒကာတစ်ယောက်နှင့်
အတူတက္ကစီစီးကာ တန်တောက် စင်းဆေးရုံမှ ပြန်လာခဲ့၏။ ကျောင်း၏ ဖောင်းဒင်း
မန်ဘာဒကာကြီးတစ်ယောက်အတွက် ဗောဇ္ဈင်သုတ် သွားရွတ်ရာမှ
ပြန်လာခြင်းဖြစ်၏။ P.I.E လမ်းပေါ်မှာ….
“ဒုန်း -
ဒုန်း - ဒုန်း”
အသံကြီး သုံးသံဆက်တိုက်ကြားလိုက်ရပြီး တဒင်္ဂမျှ
အသက်ရှုဖို့မေ့သွားခဲ့၏။ အသက်ကမူ ရှုဆဲ၊ ရှူနေသည်ကို မသိတာလည်းဖြစ်နိုင်၏။ တဒင်္ဂမျှ
ကြာသောအခါ ရှေ့နောက်ဝဲယာ ကို ကြည့် လိုက်မိ၏။
ဘုရား… ဘုရား …. ။ စီးလာသော
တက္ကစီ၏ အဖုံးများလွင့်ပျံထွက်သွားပါလား။ ကားသုံးစီး ဆက်တိုက် တိုက်မိခြင်းတည်း။
ကားနောက်ခန်းမှ ထိုင်နေခဲ့သော်လည်း ထိုနေ့က ကံကောင်းထောက်မ စွာ ထိုင်ခုံခါးပတ်
ပတ်ထားခဲ့မိ၏။ ထို့နောက်လက်ကိုလှုပ်ကြည့်၏။ ခါးကိုဆန့်ကြည့်၏။ ခြေကိုဆန့်ကြည့်၏။
လည်ပင်းကို လှုပ်ရှားကြည့်၏။ အမှားအယွင်းမရှိ။ ဘာမှ မဖြစ်။
ကားက မူ ရုပ်ပျက်ဆင်းပျက်။
ထို့နောက်တက္ကစီ နောက်တစ်စီးကိုငှားကာ ကျောင်းသို့
ပြန်လာခဲ့ကြ၏။
“ အရှင်ဘုရားရယ်…. ရင်တုန်ပန်းတုန်ရှိလိုက်တာ
ဘလက်ဇင်( Blessing ) လုပ်ပေးပါဦး” ဟု မိမိလောက် အန္တရယ်မရှိသောနေရာတွင်
ထိုင်ခဲ့သော ဒကာက လျှောက်၏။ အမှန်မူ ရဟန်းလည်း လူဖြစ်၏။
ထို့ထက်ရှင်းအောင်ဆိုရလျှင် သီဟနာဒဆိုသည့် ရဟန်း၌ ဒေါသကိလေသာရှိဆဲတည်း ။ ကြောက်၏။
(ကိလေသာ ဆယ်ပါးချမ်းသာသည့် ရဟန်းဖြစ်၏။ တစ်ပါးမှ မသုံးရသေး။ မကုန်သေး ဟူလို)
သို့သော် ကြောက်စိတ်မပြေရှာသေးသော ထိုဒကာကိုမူ ချွေးသိပ်ရန်တာဝန်ရှိနေ၏။
ရဟန်းပေကိုး။
“ ကျေးဇူးပါအရှင်ဘုရားရယ်။ အခုမှ နေသာထိုင်သာ
ရှိသွားတော့တယ်” ဟု ထိုဒကာက လျှောက်ကာပြန်သွား၏။
“ အင်း…. ငါကရော ဘယ်သူ့ကိုသွားပြီး Blessing
အလုပ်ခိုင်းရပါ့။ သေတွင်း မှ လက်နှစ်လုံးလောက်သာ လွတ်ခဲ့၏။ ရင်ခုန်၊ ရင်တုန်သံများ
မငြိမ်းသေး “
ရဟန်းဖြစ်သည့်အတွက် ခပ်တည်တည်ဖြင့်ပင်
ဟန်ဆောင်လိုက်ရ၏။
လိမ်လည်မှုလေလော? အပြစ်မဟုတ်ဟုတော့ထင်၏။
29/12/2011
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment