သမုဒယ ဟိုက်ကူ


"Even in Kyoto
hearing the coukoo's cry
I long for Kyoto"


ဒီ ဟိုက်ကူကဗျာက ဇင်ဘုန်းကြီး၊ ဟိုက်ကူမာစတာကြီး ဘရှိုးရဲ့ (Basho. 1644-1694) လက်ရာပါ။ ခံစားလေ့လာသူတွေ၊ ကမ္ဘာ့ ကဗျာဗေဒပညာ ရှင်တွေကတော့ ဒီကဗျာမှာ သစ္စာလေးပါးရဲ့ အငွေ့အသက်တွေ၊ လက္ခဏာေ ရး သုံးပါးရဲ့ အငွေ့အသက်တွေ စီးဝင်နေတယ်လို့ ဆိုကြပါတယ်၊ ကျနော်ကတော့ သမုဒယသစ္စာ၊ ခပ်ပါးပါး ဒုက္ခသစ္စာနဲ့ လက္ခဏာရေး သုံးပါး ရှုမျှော်ကွင်းလောက်ပဲ ခံစားလို့ ရပါတယ်။

"ကျိုတိုမှာဆိုရင်တောင်
ဥဩတွန်သံကို ကြားနေရရင်း
ကျိုတိုကို ကျနော် လွမ်းမိဆဲ"


ဒီကဗျာတစ်ပုဒ်းလုံးကတော့ ဘရှိုးဟာ ကျိုတိုမြို့ကို ဘယ်လောက်ချစ်တယ် ဆိုတာကို ဖွဲ့နွဲ့ပြထားတာပဲ ဖြစ်ပါတယ်။
ဒီကဗျာရဲ့ မိတ်ဆက်က "Even in Kyoto" ပါ။ ဒီလိုပြောလိုက်တော့ ဒီ ကဗျာ ကို သီကုံးခိုက် ဘရှိုးဟာ ကျိုတိုမြို့မှာ ရှိမနေဘူးလို့ ခံစားလို့ သလို ဘရှိုး ဟာ ကျိုတိုမြို့ကနေ တစ်ခါတစ်ခါ အဝေးရောက်နေရတတ်တယ် လို့ ခံစား ရင်လည်း ရပါတယ်။
သူ ကျိုတိုကို လွမ်းတယ် ဆိုရာမှာ သူ့အလွမ်းစိတ်ကို မြားခေါ်သွားတာက ကျိုတိုတင်မကတော့ဘဲ ဥဩတွန်သံနဲ့ပါတွဲပြီး အားဖြည့်ပေးထားတာ တွေ့ ရပါတယ်။
"ဥဩတွန်သံကို ကြားနေရရင်း (နဲ့တောင်)
ကျိုတိုကို ကျနော် လွမ်းမိဆဲ"
ဒီ နှစ်ကြောင်းက အနှောင်အဖွဲ့လို့ အမည်ရတဲ့ "သမုဒယသစ္စာ" ကို ကဗျာ ဆရာက ပြန် " နှောင်ဖွဲ့" လိုက်တာပါပဲ။
ကျိုတိုမှာ မဟုတ်လို့၊ ဥဩတွန်သံကို မကြားရလို့ သူ လွမ်းနေတာ မဟုတ်တော့ဘူး။ ၊ ဥဩတွန်သံကိုကြားနေစဉ်မှာကိုပဲ ဥဩတွန်သံကို ထပ်လွမ်းပြလိုက်ချင်းပါ။
ဒါ ဘာလဲ?
ပိုင်ဆိုင်နေရပြီပဲ၊ လွမ်းနေ၊ တမ်းတနေစရာ မလိုတော့ဘူး။

တကယ်တော့လည်း သမုဒယမှာ ရပ်နားစရာ ဂိတ်မရှိ၊ ရပ်နားစရာအရိပ် လည်း မရှိပါဘူး။ ဒါကြောင့်လည်း သမုဒယက နာမည်တစ်လုံးနဲ့ နေနိုင်တာ မဟုတ် လား။
သမုဒယက ရပ်နားစရာ ဂိတ်မရှိ၊ ရပ်နားစရာအရိပ် မရှိသလို ဘရှိုးကလည်း ရပ်မနေခဲ့ပါဘူး။ ကျနော်တို့ကိုလည်း ရပ်နားခွင့် သူ မပေးခဲ့ဘူး။
အခု ဥဩတွန်သံကို ကြားနေရပေမဲ့.....
ကျိုတိုမြို့ကနေ အဝေးကို ခရီးသွားရတဲ့ အခါ.....
ဥဩတွန်သံကို မကြားလိုက်ရတဲ့ အခါ.......
ဘုရား ဘုရား!!!!!
အနိစ္စတရားကို ဘယ်သွားထားကြမလဲ?
သူလာခေါ်လို့ အပြီးလိုက်သွားရတဲ့ အခါ.......
အဲဒီ အခါတွေမှာ
ကျိုတိုကို.............
ဥဩတွန်သံကို.................

သူ့အလွမ်းကို စိုးရိမ်မှု (ဒုက္ခသစ္စာ) အမြှေးပါးလေးနဲ့ပါ ထုပ်ပိုးပြသွားတယ်။
ဒုက္ခကို ခပ်ပါးပါး ပြသွားခဲ့ပေမဲ့ ဘရှိုးရော ကျနော်တို့အားလုံးဟာ အမြှေး ပါးလေးကို ခွာပြီး (ငှက်ပြောသီး အခွံကို ခွာလိုက်သလိုမျိုးပဲ) သမုဒယ ဆီ ခြေကုန် သုတ်ကြပြန်တယ်။
ဒီကဗျာမှာတော့ သမုဒယသစ္စာ ကိုယ်တိုင် ဘရှိုးရဲ့ ချည်နှေင်ခြင်းကိုခံလိုက် ရတယ်။
ဒီလိုနဲ့ သမုဒယက ဘရှိုးကို ချည်လိုက်၊ ဘရှိုးက သမုဒယကို ချည်လိုက်။
သမုဒယက ကျနော်တို့ကို ချည်လိုက်၊ ကျနော်တို့က သမုဒယကို ချည်လိုက် ပါပဲ။


21/11/2013

Post a Comment