မရယ်ရတဲ့ ပျက်လုံး


မပြောမရှိနဲ့
ပထမသစ္စာကတော့
ဘယ် ဘုရား ပွင့်လို့ ဟောဟော
တို့ကတော့ ခပ်ပါးပါးပဲ သဘောပေါက်တယ် ကိုယ့်လူ။

နင်တို့နဲ့တွေ့တာ နောက်ကျတယ်
နို့မို့ဆို ငါ စောစီးစွာ မိစ္ဆာဒိဋ္ဌိ ဖြစ်ခွင့်ရခဲ့မှာ တဲ့
ဒီသတ္တဝါ အလှူငွေက ဒီလ သိန်း ၅၀ ကျော်နေပြီ။

နှင်းဝေချိန် အပြောင်းအလဲ ရှိရင်လည်း ပြောပေါ့
ငါ့ရင်ဘတ်မှာ တိမ်ထူထူ ကပ်ထားလို့ရအောင်
လူယုံဖို့ ပုံပြင်လက်ကိုင်တုတ် တစ်ချောင်းနဲ့
နွားကျောင်သား ငါလည်း မလုပ်ချင်ပါဘူး။

အမေးတိုင်း ဖြေကိုဖြေရမယ်ဆိုတဲ့ လူတွေရှိသရွေ့
ကမ္ဘာဟာ နိုဘယ် ဆိုင်းလင့်စ် ဘယ်တော့မှ မဖြစ်ဘူး
သူ့သဘာဝနဲ့သူ ဆံပင်ကျွတ်တာကို
ပညာတွေတတ်လို့ ခေါင်းပြောင်တာလို့ မပြောကြေး နော် ကိုယ့်လူ။

ငါတို့သိထားတာက
ငါတို့ကို ချည်တဲ့ကြိုးနဲ့
ငါတို့က ချည်တဲ့ကြိုးတောင် မသဲမကွဲရယ်

ဒါနဲ့များ စကားကြီး စကားကျယ်ပြောဖို့
ချောင်းတွေ ဟန့်နေသေးတယ်။

မနောက်ဘူး တကယ်
ဒီပျက်လုံးက လုံးဝ မရယ်ရဘူး။     ။


 ဇင်ဝေသော်

Post a Comment