မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၆ )


မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၅ ) မှ အဆက်

မေး။        ။ မစ္စတာလီတို့မိသားစုက သူ့အတွက်လိုအပ်တာတွေအားလုံး ဖြည့်ဆည်းမပေးနိုင်ပဲ သူဟာ တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဖြစ်လာမယ်လို့ ထင်ပါသလား။
ဖြေ။        ။ လုံးဝမဖြစ်နိုင်ဘူး။

မေး။        ။ တကယ် မဖြစ်နိုင်ဘူးလား။
ဖြေ။        ။ မဖြစ်နိုင်ဘူး။ သူ့ကို Dover Court Preparatory ကျောင်းကို ပို့လိုက်တယ်။ ကျောင်းကို ကြီးကြပ်သူက ဗြိတိသျှလူမျိုး။ ပထမဆုံးနေ့ရက်တွေမှာ သူ့ရဲ့အရှက်လွန်နေတဲ့ သဘာဝတွေ၊ ကောင်းကောင်းမမြင်ရတဲ့ အားနည်းချက်တွေ(Half- blindness) ကိုသာ အထူးပြုလေ့လာကြတယ်။ ကျောင်းက သူ့ကိုရှေ့ဆုံးတန်းမှာထားပြီး သက်တောင့်သက်သာနဲ့ ယုံကြည်မှုရှိလာအောင် လုပ်ပေးကြတယ်။ ဒီလိုနဲ့သူလည်း အဆင့်လေးတွေ ရလာတယ်။

    သူအလယ်တန်းကို တက်ရတော့မယ်ဆိုတော့ သူ့အမေ ဟိုချင်း ( Ho Ching- လက်ရှိ ဝန်ကြီးချုပ်ရဲ့ ဒုတိယဇနီး) က ကျောင်းအုပ်ဆီကို ကိုယ်တိုင်သွားအပ်ပြီး ဂရုစိုက်ပေးဖို့ မှာကြားတယ်။ အတန်းထဲမှာလည်း သူမျာကလေးတွေနဲ့မတူတဲ့ ကျောင်းသားအနေနဲ့ အသိအမှတ်ပြုပေးဖို့ပေါ့။ ကျောင်းတော်တော်များများက လက်မခံဘူး။ သူတို့က ဒီပြဿနာကို ရှင်းနိုင်တဲ့ဆရာ၊ သင်ထောက်ကူပစ္စည်းမရှိဘူးလို့ ပြောကြတယ်။ ဒါနဲ့ သူ့ကို Zhonghua (ချောင်းဝှာ) ကျောင်းကို ပို့ရတယ်။ လူကြိုက်သိပ်များတဲ့ကျောင်း မဟုတ်ဘူး ။ ကျောင်အုပ်ကြီးက ကိုယ်ချင်းစာတတ်တယ်။ သူ့ကို လက်ခံလိုက်တယ်။ ဒီလိုနဲ့ ယိပိုင်(Yipeng) လည်း တိုးတက်လာခဲ့တယ်။ အေလယ်ဗယ် (A level) ကို အောင်ခဲ့တယ်။ သူများထက်တော့ နှစ်ပိုကြာတာပေါ့။ သူ့မှာ ကောင်းကောင်းမမြင်ရတဲ့ အားနည်းချက်က ရှိနေတာကိုး။

    သူ့မှာ ဂီတနားရှိတယ်။ သူ့ဆီမှာ တေးဂီတပညာရှင်တွေ၊ တေးရေးဆရာတွေရဲ့  နာမည်တွေ အများကြီးပဲ။ ဂန္ထဝင်ဂီတသမားကောင်းတစ်ယောက်ဖြစ်နိုင်တဲ့ ပါရမီပါတယ်။ ဒါနဲ့ ငါကပြောပါတယ်။ မင်းဂီတဘက်ကို ဇောက်ချလိုက်ပါလားလို့။ သူက တော်ပြီ၊ စိတ်မဝင်စားဘူးလို့ ပြောတယ်။

မေး။        ။ မိသားစုဆီက အထောက်အပံ့တွေရတော့ သူကံကောင်းတာပေါ့။
ဖြေ။        ။ အထောက်အပံ့တွေတင် မဟုတ်ဘူး။ ဂရုစိုက်ပေးမှုပါပါတယ်။ သူ့အမေနဲ့ သူ့အဖေက သူ့ကို သိပ်ဂရုစိုက်ကြတယ်။ ဟိုချင်းဆိုရင် သူ့အတွက် အလယ်တန်းကျောင်း တက်ခွင့်ရဖို့ ကျောင်းတွေအများကြီး သွားခဲ့ရရှာတယ်။ အားလုံး ငြင်းလွှတ်လိုက်တာချည်းပဲ။ နောက်ဆုံး ကျောင်းအုပ်က ကြိုးစားကြည့်မယ်ဆိုတော့မှ အဆင်ပြေသွားတာ

    ဟုတ်ပြီ၊ တို့မှာ ဒီလိုကျောင်းမျိုးရှိတယ်။ ဒါဆို ပြဿနာတွေ အေးသွားရောလား။ မအေးသေးဘူး။ မိဘတွေက စနစ်တကျ ကလေးကိုလမ်းပြမှ၊ တာဝန်ရှိသူတွေဆီကိုလည်း စနစ်တကျ သွားရောက်အပ်နှံမှ အဆင်ပြေမယ်။ အဲသလိုမဟုတ်ရင် ဆရာတွေက တာဝန်တစ်ခုကို လုပ်နေသလို မနက်ကိုးနာရီကနေ ညရှစ်နာရီ၊ မနက်ကိုးနာရီကနေ ညနေ ငါးနာရီလုပ်ကြမှာ။ ပြီးပြီ၊ ကျောင်းဆင်း။ ပြန်လွှတ်ကြမှာ။ ဗြိတိန်မှာရှိတဲ့ အဲသလိုကျောင်းတွေရဲ့ စစ်စတန်ဟာ တကယ်အားနည်းတဲ့ ကလေးတွေကို ဖွံ့ဖြိုးလာစေဖို့ ထူးထူးခြားခြား ဘာမှလုပ်မပေးနိုင်လှဘူး။

မေး။         ။ ကလေးတစ်ယောက် ဖွံ့ဖြိုးသလောက် မဖွံ့ဖြိုးဘူးဆိုတဲ့ကိစ္စမှာ မစ္စတာလီဆိုလိုတာက တာဝန်ရှိသူဟာ နိုင်ငံတော်အစိုးရဆိုတာထက် မိသားစုလို့ ပြောချင်တာလား။
ဖြေ။        ။ နှစ်ခုစလုံး။ အစိုးရက လိုအပ်တဲ့ပစ္စည်းကိရိယာတွေ ပံ့ပိုးမပေးလို့။ မိသားစုက မောင်းနှင်မပေးလို့။ စိတ်ဓာတ်ခွန်အားက မိသားစုဆီကနေလာတာ။

မေး။        ။ ဒါဆို အစိုးရဖက်က တာဝန်လစ်ဟင်းခဲ့တယ်ဆိုတာကိုလည်း လက်ခံတယ်ပေါ့။
ဖြေ။        ။ ကျောင်းတွေ ဆောက်ပေးဖို့၊ တာဝန်ရှိသူတွေကို တာဝန်ပေးဖို့တွေမှာ တာဝန်လစ်ဟင်းခဲ့တယ်လို့ အသိအမှတ်မပြုနိုင်ပါဘူး။ အစိုးရက ပထမကိစ္စကို ပထမဆောင်ရွက်ပေးရတယ်။ဘာသာစကားလေးခုကနေ နိုင်ငံတော်ရဲ့ ဘာသာစကားတစ်ခုအဖြစ် ရောက်လာအောင် လုပ်ယူနေရတာကကို နည်းတဲ့တာဝန်မဟုတ်ဘူး။ နောက်ဆုံး Nanta (တရုတ်ဘာသာစကားသုံး နန့်ယန်းတက္ကသိုလ်၊ ယခု NTU) တက္ကသိုလ်ကို တရုတ်ဘာသာကနေ အင်္ဂလိပ်မီဒီယာအဖြစ် ပြောင်းပစ်လိုက်နိုင်တယ်။ အဲဒီနောက်မှာမှ အလယ်တန်း၊ အထက်တန်း၊ မူလတန်းကျောင်းတွေကို တစ်မျိုးတည်းဖြစ်အောင် အင်္ဂလိပ်လိုသင်၊ မိခင်ဘာသာစကားတစ်ခုကိုလည်း သင် ဆိုပြီး လုပ်ယူခဲ့ရတာ။ ဒီကိစ္စ အောင်မြင်ဖို့ ၁၉၈၀- ခုနှစ်တွေအထိ ငါတို့စောင့်ခဲ့ရတယ်။

    ဘယ်လိုလုပ်ရမယ်ဆိုတာကို ငါသိခဲ့တယ်။ သိတိုင်းလုပ်လို့မရဘူး။
    ဒီပညာရေးမူကို အထာကျဖို့ နှစ်တွေအများကြီး စောင့်ခဲ့ရတယ်။ နေ့ချင်း၊ ညချင်းလုပ်လို့မရဘူး။ ကျောင်းက ဆောက်လို့ရတယ်။ ဆောက်ပြီး၊ ကဲ ဘာလဲ။ အဆောက်အဦးကြီးပဲဖြစ်မယ်။ ကျောင်းတော့ ဖြစ်မလာဘူး။ အဆောက်အဦကို ကျောင်းဖြစ်အောင်လုပ်ရတာက လူတွေ။ အထူးပြုလေ့လာကြတယ်။ ဂရုစိုက်ကြတယ်။ ကလေးတွေကို ကရုဏာစိတ်နဲ့ ကူညီကြတယ်။ နောက်ဆုံးအချက်ကတော့ မိဘတွေနဲ့ ပိုဆိုင်တယ်။ ဒါတွေရှိမှ ကျောင်းဖြစ်လာတယ်(အဆောက်အဦကနေ)။

    မင်းက စပယ်ရှယ်လစ်တစ်ယောက်။ မင်းကလေးက အဲသလိုပုံမှန်မဟုတ်တဲ့ ကလေးတွေအုပ်စုထဲမှာ မပါဘူး။ ဒါဆိုမင်းက အလုပ်သဘောဆန်ဆန်ပဲလုပ်မှာပဲ။ မင်းကလေးကိုယ်တိုင်ကပဲ ပုံမှန်မဟုတ်တဲ့ ကလေးဆိုရင်တော့ ပုံစံတစ်မျိုးဖြစ်သွားပြီ။ မင်းတစ်ယောက်တည်းကကိုပဲ မတူတော့ဘူး။

 


 ဇင်ဝေသော်

Post a Comment