" Wh " များနဲ့ အဖေ (ကမ်းလက် ၁၄ လပြည့်အမှတ်တရ )


သား ရေ
" သား ဘယ်ကို သွားမလဲ " မေးတာဟာ
သား ခရီးစဉ်ကို ဟန့်တားဖို့ မဟုတ်ဘူး
အနည်းဆုံး သားကို လိုက်ပို့ခွင့် ရမလား
အများဆုံး သား ဘယ်မှာ ရှိတယ်ဆိုတာ သိချင်ရုံပါ။
သား ရေ
 " သား ဘယ်သူနဲ့ သွားမှာလဲ "  မေးတာဟာ
သား သူငယ်ချင်းကို သံသယရှိလို့ မဟုတ်ဘူး
အနည်းဆုံး သား သူငယ်ချင်းအတွက် ဘာလုပ်ပေးနိုင်မလဲ
အများဆုံး သား ဘယ်သူနဲ့ ရှိနေတယ်ဆိုတာ သိချင်ရုံပါ။

သား  ရေ
" သား ဘာကြောင့် သွားမှာလဲ "  မေးတာဟာ
သား ကိုယ်ရေးကိုယ်တာကို စွက်ဖက်ဖို့ မဟုတ်ပါဘူး

အနည်းဆုံး သားကျရှုံးရင် ဘာလုပ်ပေးနိုင်မလဲ
အများဆုံး သား ရည်ရွယ်ချက်ကို ဂုဏ်ယူချင်ရုံပါ။


သား  ရေ
" သား ဘယ်လို သွားမှာလဲ " မေးတာဟာ
သား အစီအစဉ်ကို သံသယရှိလို့ မဟုတ်ဘူး
အနည်းဆုံး အဖေ လမ်းပြခွင့် ရမလား
အများဆုံး သား အစီအစဉ်ကို ဝမ်းမြောက်ချင်ရုံပါ။

သားရေ
" သား ဘယ်အချိန် ပြန်ရောက်မလဲ " ဆိုတာ
အချိန်နဲ့ ကန့်သတ်ချင်လို့ မဟုတ်ဘူး

အနည်းဆုံး မင်း အိမ်ပြန်လာမယ်
အများဆုံး မင်း အပြန် တံခါးစောင့်ဖွင့်လို့ ရချင်ရုံပါ။

အဖေ စကားတွေ သိပ်ပြောနေမိသလား
တစ်ဦးတည်းသော သားပဲ သားရယ်
အဖေ စကားနည်းတာ သားသိပါတယ်။  ။

( အဖေနဲ့ အဖေများ အားလုံးသို့ ...)


 ကမ်းလက် 

1 comments:

အဖေလည်း စကားနည်းတယ် ..
ဒါပေမယ့် အသံတွေ ကြားနေရတယ် .. ။

Reply

Post a Comment