လုပ်ချင်ရာ လုပ်ရရင် ပျော်တာပဲ (သိပ္ပံတဲ့လား … ပျင်းတောင် ပျင်းသေး …)


ကိုယ်လုပ်ချင်တာ လုပ်နေရရင် ပျော်တာပဲလို့ ပြောရင် ဖြစ်ကတတ် ဆန်း ပြောတာလို့ ထင်စရာ ရှိပါတယ်။ တကယ်တော့ ဘာမှ မကွဲပါဘူး။ စိတ်ပညာသိပ္ပံကလည်း ကြီးကြီး ကျယ်ကျယ်တွေ ကိုးကားပြီး နောက် ဆုံးတော့ ဒီအတိုင်းပဲ ပြောတာပါ။ အရွယ်ရောက်ပြီး သူတွေမှာ ဘယ်သူတွေ အပျော်ရွှင်ဆုံးလဲလို့ စစ်တမ်းေ ကာက်တော့ ကိုယ့်ဝါသနာနဲ့ အကိုက်ဆုံး အလုပ်ကို လုပ်နေရ သူတွေဟာ အပျော်ရွှင်ရဆုံး ပုဂ္ဂိုလ် တွေပါ။ တခြား ပျော်ရွှင်စရာတွေ ရှိပေမဲ့ ရေ ရှည် ပျော်ရွှင်ရတာကတော့ ဝါသနာနဲ့ အလုပ် တစ်ထပ်တည်း ကျနေခြင်းလို့ ဆိုပါတယ်။

ဒါပြီး ဘယ်သူတွေဟာ မပျော်ရွှင်ရဆုံးလည်း ဆိုရင် ဆန့်ကျင်ဘက် ကို တောင့်တသူ တွေလို့ ဆိုပါတယ်။ နည်းနည်း ရှုတ်သွားမယ် ထင်ပါတယ်။ ဒီလိုပါ။ ဆရာဝန်လည်း ဖြစ်ချင်၊ သွေးသံရဲရဲလည်း မမြင်ချင်၊ ရှေ့နေလည်း လုပ်ချင်၊ လူမှုရေး ပြဿနာတွေ ကိုလည်း မကြုံချင်၊ ဒါမျိုးတွေပေါ့။ လူမှုရေး နယ်ပယ်မှာလည်း ခင်ပွန်းကောင်းတော့ ဖြစ်ချင်၊ ကောင်မ ငယ်ငယ်လေးေ တွ တွေ့ရင်လည်း လိုက်စားချင် (ဇနီးလည်း ဒီအတိုင်းပဲပေါ့)။ ရန်ကုန်မှာ လည်းနေချင် မိုးတွင်းမှာ မိုးများတာ မကြိုက်၊ မန္တလေးမှာလည်းနေချင် နွေရာ သီ ပူလွန်းတာကို သဘောမတွေ့၊ ဒါမျိုးတွေပါ။
ဒါတွေဟာ ဆန့်ကျင်ဘက်ကို တောင့်တတာမျိုးဖြစ်လို့ အဲသလို ပုဂ္ဂိုလ်တွေ ဟာ အလိုမကျ၊ မပျော်ရွှင်ရဆုံး ပုဂ္ဂိုလ်တွေလို့ ဆိုပါတယ်။

သူတို့ သိပ္ပံဆိုလို့သာ ပံလိုက်ရတာပါ။ သိပ်တော့ မထူးခြားပါဘူး။ မြန်မာတွေ ရဲ့ နေ့စဉ်သုံးစကားတွေ ထဲမှာတောင် ဒီအဓိပ္ပါယ်မျိုးတွေက အများကြီး ရှိပါ တယ်။

ဟိုတချိန်ကတော့ သုတေသန လုပ်ကြတယ်ဆိုရာမှာ လူမှုရေးပြဿနာ၊ စိတ် ဆင်းရဲစရာတွေ ဘာ့ကြောင့် ဖြစ်ရတာလဲဆိုတာကို ဦးတည်ပြီး သုတေသန လုပ်ကြတယ်။ ဒီနေ့ခေတ်မှာတော့ ပြောင်းပြန် လှန်လာကြတယ်။ ဒါမှမဟုတ် ပိုပြီး လက်တွေ့ကျလာကြတယ်လို့ ဆိုရပါလိမ့်မယ်။ အခု သုတေသန ပြု လုပ်နေကြတာက ဘာကြောင့် ပျော်ရွှင်ကြရသလဲ ဆိုတာပါ။ ဒီအထဲမှာ အီလီနွိုက်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ဒီယင်နာ (Deiner) တို့ က ရှေ့တန်းက ပါဝင်ပါတယ်။

" ပျော်ပျော်ပါးပါး နေတတ်သူဟာ ကျန်းမာရေး ပိုကောင်းတယ်။ တီထွင် ဖန်တီးမှု စိတ်ကူးစိတ်သန်း ပိုကောင်းတယ်။ အလုပ်လုပ်ရာမှာ လည်း ရှေ့ရောက်တယ်။ နောက်ဆုံး အစားကြေချက်မှု စစ်စတန်တောင် သူများတွေထက် ပိုကောင်းတယ် " လို့ သူကဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့
“တီထွင် ဖန်တီးတတ်တဲ့ အနုပညာရှင်ကြီးတွေ အားလုံးလိုလိုကတော့ ဆင်း ဆင်းရဲရဲပဲ နေသွားကြရတာ မဟုတ်လား” ဆိုတဲ့ မေးခွန်းမျိုး မေးစရာ ရှိပါ တယ်။ ဒီအယူအဆက ရှေးဟောင်းအယူအဆ၊ ခေတ်ကုန်သွားပြီလို့ သူက ရှင်းပြ တယ်။ ဒီနေရာမှာ ထူးဆန်းမှု အရှိဆုံးက လောကကြီးကို ပိုပြီး သိသွားတဲ့ လူဟာ ပိုပြီး ပညာရှိပေမဲ့ သူများလောက် မပျော်နိုင်တော့ဘူးဆိုတဲ့ စကားပါ။ (The people who see the world clearly are wiser but sadder)။ ဒီစကားကတော့ တော်တော်သဘာဝကျပါတယ်။ ရင့်ကျက်သွားရင် ပျော်စ ရာနေရာမှာ သိမ်သိမ်မွေ့မွေ့ကြည်နူးမိတာလောက်နဲ့ ပြီးသွားနိုင်ပါတယ်။ sadder ဆိုတဲ့ စကားကကို ဝမ်းနည်းမှု ( သောက၊ ပရိဒေဝ )ဆိုတာထက် ကရုဏာဖက်ကို ခပ်နွယ်နွယ်ပါ။

အကြမ်းဖျင်းအားဖြင့် ဒီနေရာမှာ လူတန်းစားနှစ်မျိုး ခွဲထားလို့ ရပါတယ် ။ ပျော်ပျော်ပါးပါး နေတတ်တဲ့သူနဲ့ ခပ်တည်တည် နေတတ်တဲ့သူပါ။
ဒီနေရာမှာ ဥပမာမေးခွန်းတစ်ခုနဲ့ သူဟာ ဘယ်အထဲမှာ ပါဝင်သလဲဆိုတာ သိဖို့ လုပ်လို့ ရနိုင်တယ်လို့ သူက ပြောပါတယ်။
“ဒီအတန်း (အုပ်စုထဲမှာ) မင်းဟာ အတော်ဆုံးလို့ ထင်ပါသလား” ဆိုတဲ့ မေးခွန်းကိုသာ မေးကြည့်ပါ။ ပျော်ပျော်ပါးပါး နေတတ်သူက ဒီမေးခွန်း မျိုးကို သိပ်ပြီး ရေးကြီးခွင်ကျယ် စဉ်းစားမနေဘဲ “မှန်တာပေါ့” လို့ ဖြေလိမ့် မယ်။ ခပ်တည်တည်သမားကတော့ သူ့စကား မှားသွားမှာ စိုးတာနဲ့ “မဟုတ်ပါဘူး” လို့ ဖြေလိမ့်မယ်။

ဒီမေးခွန်းကို မေးတဲ့ ဆရာကိုယ်တိုင်ကကို ဉာဏ်စမ်း၊ စိတ်စမ်းတဲ့ သဘော မျိုးနဲ့ပဲ မေးတာပါ။ မှားလို့ ဘာမှ မဖြစ်သလို မှန်ရင်လည်း ဘာမှ မရပါဘူး။ အရင်တချိန်က ဆိုရင်တော့ “No” ဖြေတဲ့ ခပ်တည်တည်သမားကို ချီးကျူးကြ မှာ ဖြစ်ပေမဲ့ ဒီနေ့ခေတ်မှာတော့ ပေါ့ပေါ့ပါးပါး မေးခွန်းကို ပေါ့ပေါ့ ပါးပါး ပဲ ဖြေတတ်သူကို ပိုပြီး အမှတ်ပေးထားသလိုလို ရှိပါတယ်။ စိတ်ပညာသဘောအရ “Yes” ဖြေသူတွေဟာ ပိုပြီး ပျော်ရွှင်ရတတ်တယ်လို့ ဆိုကြပါတယ်။

ဘာကြောင့်မှန်းတော့ မသိပါဘူး။ အမေရိကန်ပညာရှင်တွေက သီလရှင်တွေ ကို သုတေသန လုပ်ရတာလည်း တော်တော် ဝါသနာ ပါပါတယ်။ အတိတ်မေ့ရောဂါနဲ့ ပတ်သက်လို့ အရင်ဆုံး သီလရှင်တွေကို သုတေသန လုပ်သလို အသက်ရှည်၊ မရှည်နဲ့ ပတ်သက်လို့လည်း သီလရှင်တွေကိုပဲ အရင် သုတေသန လုပ်ကြည့်ကြတယ်။ သူတို့ အဆိုအရ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ သီလရှင်တွေက (ဘယ်သူမှ နာတာရှည်ရောဂါ၊ အက်ဆီးဒင့် စသည် မဖြစ်ရင်) ခပ်တည်တည် နေတတ် တဲ့ သီလရှင်တွေထက် ခြောက်နှစ်ကနေ ဆယ်နှစ်အထိ အသက် ပိုရှည် ရှည် နေရတယ်လို့ ဆိုပါတယ်။
စီးပွားရေး နယ်ပယ်ထဲမှာလည်း ပျော်ပျော် ပါးပါး နေတတ်၊ ပြောတတ် သူတွေက ပိုပြီး စိတ်ချရတဲ့ အလုပ်ရှင်၊ အလုပ်သမားတွေ ဖြစ်နေတတ် တာ တွေ့ရတယ်။ လစာလည်း ပိုရတတ်တယ်။ အလုပ် အကူး အပြောင်းမှာ လည်း သူများထက် ပိုပြီး လွယ်ကူချောမွေ့ တတ်ပါတယ်လို့ ဒေါက်တာ ဒီယင်နာက သူ့ဒေတာကို ထုတ်ပြပါတယ်။

ပျော်ရွှင်မှုဆိုတာ ငွေနဲ့ ဝယ်ယူလို့ မရဘူး။ ဒါပေမဲ့ ငွေကြေးပြည့်စုံသူတွေက မပြည့်စုံသူတွေထက် ပိုပြီး ပျော်ရွှင်ရတာကိုလည်း ငြင်းလို့တော့ မရပြန်ဘူး။ အမေရိကန်သူဌေးတွေဟာ သာမန်လူတွေထက် (နည်းနည်းပဲဖြစ်ဖြစ်) ပိုပျော်ရတယ်လို့ ငွေကြေးနဲ့ ပျော်ရွှင်မှုကိုလည်း သူက ဆက်စပ်ပြတယ်။
ဘယ်သူက ပိုပျော်တယ်၊ မပျော်ဘူးဆိုတာနဲ့ ပတ်သက်လို့ ရှင်းမရသေး တဲ့ ပြဿနာတွေလည်း ကမ္ဘာမှာ ရှိနေဆဲပါ။ အရင်ဆုံး အမျိုးသမီးနဲ့ အမျိုး သား ဘယ်သူက ပိုပြီး ပျော်ရွှင်ကြသလဲ။ ပျော်ရွှင်ကြတဲ့ နေရာမှာ အတူတူပဲ လို့ ဆိုကြပါတယ်။ ဒါပေမဲ့ မပျော်ရွှင်ကြတဲ့ နေရာမှာတော့ အမျိုးသမီးတွေ က နှစ်ဆပိုပြီး စိတ်ညစ်တတ်တယ်လို့ ဆိုထားပြန်ပါတယ်။

(ဆက်ရန်)


 ဇင်ဝေသော်

Post a Comment