လရိပ်ရယ်သံ ( မန်းကိုလွမ်းလို့ တမ်းတဲ့ စာ ၅ )


ဘုရားဝတ်တက်ရန် ၁၀ မိနစ်လောက် အလိုတွင် ဘယ်သူမှ မမြင်အောင် ခပ် ကုတ်ကုတ် သာသနာ့တက္ကသိုလ် ဂိတ်အပြင်သို့ တစ်ယောက်တည်း လှစ်က နဲ ထွက်လိုက်မိ၏။ ဤကိုပင် ရထားထိမ်းက မြင်မိအောင် မြင် လိုက်သေး သည်။ ရထားထိမ်းဟူသည် သာသနာ့တက္ကသိုလ် မတက်မီ မိုးကောင်းေ ကျာင်းတိုက်မှာကတည်းက အတူနေခဲ့ရသော သီတင်းသုံးဖော် ရဟန်းတစ် ပါးတည်း။

ရထားထိမ်းကလည်း လူလည်ပင်။ ဤရဟန်း ဘုရားဝတ်တက်ရန် ၁၀ မိနစ် အလိုတွင် အပြင်ထွက်သည်ဆိုကတည်းက ဘုရားဝတ်တက် လစ်ပြီ၊ ဘုရား ဝတ်တက် လစ်ပြီဆိုကတည်းက နာယကချုပ်ဆရာတော် ခရီးထွက်ခိုက်ဖြစ် မည်ကို နားကွက်က မီးတောက်ပြီးဖြစ်သည်။ သူ့တွက်ကိန်း ကွက်တိမှန်ပါ ၏။ နာယကချုပ်ဆရာတော် ခရီးထွက်ခိုက် ဘုရားဝတ်တက် စစ်မည့်ဆ ရာတော် မရှိ။ ထို့ကြောင့် တပည့်ရင်းဖြစ်ပြီး သတင်းဦးရသောမိမိက လစ်ခြင်း ပင်ဖြစ်သည်။

စာဖတ်သူ အနည်းငယ်သိသာစေရန် ရထားထိမ်းအကြောင်း အနည်း ငယ် ပြောပြချင်သည်။ ထိုရဟန်းက အရပ်ပုသည်၊ အသားဖြူသည်၊ ထူးခြား သည်က သူဝတ်သော သင်္ကန်းရောင်သည် အညိုမဟုတ်၊ အုတ်ခဲရောင် မ ဟုတ်၊ အဝါနုရောင်ဖြစ်သည်၊ ဘာကြောင့်မှန်းတော့ မသိ။သိစရာလည်း မလို ။ သူနှင့် မိမိ တူသောအချက်က အစအနောက်သန်တတ်ခြင်းဖြစ်သည်။ တစ်ခုခုဆို သူက အလွန်လည်း အကင်းပါးသည်၊ ဟာသဉာဏ် ရွှင်သည်။

နှစ်ပါးအတူ ကုသိုလ်တော်ဘုရားထဲမှဖြတ်ကာ မန္တလေးတောင်ခြေက ကွမ်း ယာဆိုင်ကို သွားပြီး ကွမ်းယာထုပ်ကြသည်။ ကျောက်တော်ကြီး ဘုရားကို ပတ် လမ်းလျှောက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းရှေ့မှဖြတ်ကာ အတုမရှိကျောင်းဝင်ထဲမှတဆင့် တက္ကသိုလ်ထဲ ပြန်ဝင်ကြရန်ဖြစ်သည်။

အတုမရှိကျောင်းတော်ကြီးပါလာသဖြင့် အတုမရှိကျောင်းတော်ကြီး အကြောင်း ပြော ပရန်လိုလာပြန်သည်။ ထိုစဉ်က အတုမရှိကျောင်းတော်ကြီးသည် ယခုလို ရွှေရောင်တဝင်းဝင်း လက်တန်ရှည် တကားကားဖြင့် ခပ်ကြွားကြွားမော်ဒန် ကျောင်းတော်ကြီးမဟုတ်ရှာ၊ ကမ္ဘာ စစ်ဗုံးဒဏ်ကြောင့် မတ်တပ်ရပ် လေးဖက်နံရံနှင့် ရင်ခေါင်းဗလာ ကျောင်း မည်ကမတ္တ အုတ်ပုံအုတ်စတို့သာ ရှိလေ၏။

ထိုနေ့က ဘာနေ့မှန်း မမှတ်မိ၊ မှတ်မိသည်က ထိုညက လသာ၏။ ထို အတု မရှိကျောင်းတော်ကြီး၏ လေးဖက်နံရံများနှင့် ကျောင်ကြီးအလယ် တိုင်ကျိုး များပေါ်၌ သမီးရည်းစား စုံတွဲများ ချိန်းတွေ့ စကားပြောနေကြတတ်သည်ကို လည်း တွေ့ရတတ်၏။ ထို့အတူ အားအားလျားလျား သူများ ဘစ်စနစ် ကို ချောင်မြောင်းကြည့်မှ စားဝင် အိပ်ပျော် လူ့ကချော်များကိုလည်း တွေ့ရ တတ်သည်။

အတုမရှိကျောင်းတော်ကြီးဝင်းထဲ မဖြတ်မီ ရထားထိမ်းက
" အတွဲချောင်းတဲ့လူတွေနဲ့ ပတ်သက်ပြီး မင်း ဘယ်လို မြင်သလဲ "
စာသင်ခန်းနှင့်မဆိုင်၊ စာမေးပွဲနှင့်လည်းမဆိုင်၊ ပိဋကတ်တော်နှင့်လည်းမဆိုင်သော မေးခွန်းကို မေးလာ၏။

" အလကား လူရှုပ်တွေပါကွာ၊ အောက်တန်းကျတဲ့အလုပ်ပါ။ သူတို့ခမျာ အိမ်မှာမလွတ်လပ်လို့ ဒီမှာ လာတွေ့ကြရတယ်၊ ဘေးကချောင်းနေ တဲ့ လူတွေကြောင့် တော်တော်အာရုံနောက်ကြရလိမ့်မယ် "
မိမိကလည်း စာသင်ခန်းနှင့်မဆိုင်၊ စာမေးပွဲနှင့်လည်းမဆိုင်၊ ပိဋကတ်တော်နှ င့်လည်းမဆိုင်သောအဖြေကို ပေးမိ၏။
" ငါတို့လည်း အုတ်ကျိုးတစ်ခုပေါ်ထိုင်ပြီး စကားပြောနေရအောင် "
သူက မျက်ရိပ်ပြရင်း စကားဆို၏။

မိမိကလည်း ငြင်းစရားအကြောင်းလည်းမရှိ၊ သူဆိုလိုတာကို သဘောပေါက် မိသဖြင့် အတုမရှိကျောင်းတော်ကြီး၏အလယ် အုတ်ကျိုးတစ်ခု ( ကျောင်း တိုင်ငုတ်ကြီးဖြစ်သည် ) အပေါ် ထိုင်ရင်း စကားပြောနေကြတော့သည်။ ပြော မိသော စကားတို့က တောင်ရောက် မြောက်ရောက်၊ ဘာတွေပြောမိမှန်းတော့ မမှတ်မိ၊ ထို့ကြောင့် ဘာတွေပြောနေကြသည် ကို ပြန်ပြောပြရန် မလိုတော့။ မှတ်မိသည်က ထိုညက လသာ၏။ လရိပ်က ရဟန်းနှစ်ပါးနောက်ကြောမှ ရိုးတရိပ် ထိုးထားခြင်းပင်ဖြစ်လေသည်။ လှသော ည ဟု ယေဘုယျဆိုနိုင်သည်။

ဤသို ဆယ်မိနစ်ခန့် စကားပြောပြီးသောအခါ တီးတိုးစကားသံများ ကြား စပြုလာရ၏။ ခြေသံ တရှပ်ရှပ်များ ကြားလာရ၏။ ခြေသံ များကို နားထောင် ကြည့်တော ဆယ်ဦးအောက် မလျော့နိုင်။ သူတို့ ရဟန်းနှစ်ပါးအနီးသို့ နီးနိုင် သမျှ နီးအောင် ချဉ်းကပ်နေကြ၏။
သူ့ပစ်မှတ် ထိနေပြီကိုသိသော ရထားထိမ်းက ခေါင်းငုံ့ကာ မိမိဘေးသို့ ပို၍ နီးကပ်အောင် တိုး၍တိုး၍ထိုင်သည်။ မိမိက ခေါင်းငုံ့ရန်မလို၊ အနားကပ် လာသော သူ့ပခုံးကို ဖက်ထားလိုက်ရုံသာရှိ၏။
ထိုအခါ ထိုခြေသံရှင်တို့ကလည်း ခပ်ဖွဖွလရိပ်နှင့် မလုံ့တလုံ ခြုံငယ်လေးများ ကို အကာအကွယ်ယူကာ ရဟန်းနှစ်ပါးအနီးသို ပို၍ ပို၍ နီးအောင် ကြိုးစား ကြလေတော့၏။

ဤသို့ဖြင့် ...
ဤသို့ဖြင့် ......
ဤသို့ဖြင့် ........
ဤသို့ဖြင့် ...........

နောက်ဆုံး ပညာ ဆက်မပြချင်ကြတော့သဖြင့် နှစ်ယောက်သား လက်တို့၊ သင်္ကန်းများ ခါကာ သာသနာ့တက္ကသိုလ် ဂိတ်ဆီသို့ ခပ်တည်တည် လမ်းလျှောက် ထွက်ခဲ့ကြသည်။
ထိုစဉ် နောက်မှာ " တက် " ခေါက်ရင်း ကျန်ရစ်သူတို့ထံမှ
" နာပါ့ကွာ၊ လွတ်ကုန်ပါပြီ၊ ဘုန်ကြီးနဲ့သီလရှင် ချိန်းတွေ့နေတာ၊ အထူး အ ဆန်းဆိုပြီး ချောင်းလိုက်ရတာ ဒူးတောင် ကွဲတယ် " ဟူသတတ်။

ထိုစဉ် ကျောင်းနံရံပေါ်ရှိ အတွဲ အစစ်တို့ဆီမှ တခစ်ခစ်လှောင်ရယ်သံကို လည်း ကြားလိုက်ရသည်။
သူတို့ထံမှသာမက မန္တလေး " လ " ကပင် ထိုညက ခပ်ဖွဖွ ရယ်နေသလိုလို။

မိမိလောက် အရပ်မရှည်၊ အသားက ဖြူဖြူ၊ သင်္ကန်းအဝါရောင် ဝတ်လေ့ရှိေ သာ ရထားထိမ်းက ထိုညက သူ သရုပ်ဆောင်ရမည့် ဆရာလေးတစ်ပါး အခန်းကို လရိပ်အောက်၌ ပိုင်ပိုင်ကြီး သရုပ်ဆောင်သွားနိုင်ခဲ့သည်။ မိမိလည်း သိပ်တော့ မညံ့လှဟု ထင်မိ၏။
ဆယ်စုနှစ် ကျော်ခဲ့လေပြီ။သို့သော် ထို ညကိုမူ ထူးထူးခြားခြား ယနေ့ အမှတ် ရနေသဖြင့် ဤစာကို ရေးလိုက်မိ၏။
ကြာပြီဆိုသော်လည်း ထိုလရိပ်ရယ်သံက ယခုတိုင် ခပ်ညှင်းညှင်းတော့ ကြားရ ဆဲဟု ဝေတဝါး ထင်နေဆဲပင်။

( ရေးလိုက်ပြီ သုနန္ဒ၊ရထားထိမ်းရေ )


သီဟနာဒ

Post a Comment