လူ့ယဉ်ကျေးမှုပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း (၃)


(ဆင်မြူယယ် ဖီးလစ် ဟန်တင်တန်)

ဟန်တင်တန်ကတော့ "အခြေခံဥပဒေရေးဆွဲသူတွေအတွက် အထောက် အကူဖြစ်စေဖို့"လို့ သူ့ရည်ရွယ်ချက်ကို အမှာစာထဲမှာ အတိအလင်း ဖော်ပြခဲ့ပါ တယ်။ တကယ်လည်း ကမ္ဘာ့နိုင်ငံရေး ပုံဖော်လာနေပုံတွေက သူ့အညွှန်းတွေ နဲ့ တော်တော် ဆင်တူနေပါတယ်။ ဘာသာပြန်သူအနေနဲ့ကတော့ သူ့လောက် မတောင်းဆိုရဲပါဘူး။ ဒီစာအုပ်နဲ့ ဒီစာအုပ်ကပေးတဲ့ အကိုးအကားတွေကို လက်လှမ်းမှီသမျှလိုက်ကြည့်ရင်း လက်ရှိမြန်မာ့နိုင်ငံရေးထဲက ခေါင်းဆောင်တွေ ဘယ်လိုလှုပ်ရှားနေကြသလဲဆိုတာ လူ(ငယ်)ထုက အကဲခတ်နိုင် ဖို့ လက်တို့ပေးလိုက်မိတဲ့ ဟန်တင်တန်ရဲ့ ပေတံတစ်ချောင်းသာပါ။ စာအုပ် ပုံနှိပ်ဖြန့်ဝေတဲ့ကာလက ၁၉၉၆ ဆိုပေမဲ့ ကမ္ဘာ့ရေစီးရဲ့ ဘေးမှာရောက်နေ တဲ့မြန်မာနိုင်ငံအတွက် သူ့ကောက်ချက်တွေက အခုမှ တည့်တည့် လာ မှန်နေလို့ ဘာသာပြန်မိတာပါ။"

****************************************************
ပုံစံမတူတဲ့ ကမ္ဘာတွေ ဖြစ်လာနိုင်ဦးမလား

အညွှန်းမြေပုံနဲ့ ပါရာဒိုင်းများ (ဥဒါဟရုဏ်များ)

ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များ၊ စီဗီလိုက်ဇေးရှင်း မတူညီသော နိုင် ငံ၊ အသင်းအဖွဲ့များဖြင့် ပုံဖော်ပေးခဲ့တဲ့ စစ်အေးလွန်ကာလရဲ့ ကမ္ဘာ့နိုင်ငံရေး ပုံရိပ်ဟာ အလွန်ရိုးရှင်းလွန်းနေတော့ တချို့ အချက်အလက်တွေ မပါဝင်၊ တချို့အချက်အလက်တွေက ရှုပ်ထွေး၊ အများအားဖြင့် ဝေေ၀၀ါးဝါး သာ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အကြောင်းကို တလေးတနက် စဉ်းစားပြီး အကျိုးသက်ရောက်မှုရှိရှိ အလုပ်လုပ် ကြဖို့ဆိုရင်တော့ တကယ့် အဖြစ် အမှန်ကို ဖွင့်ဆိုပြနိုင်တဲ့ မြေပုံတွေ၊ သီအိုရီတွေ၊ ခံယူချက်တွေ၊ စံနမူနာတွေ ဟာ မလွဲမသွေ လိုအပ်နေဆဲပါ။ ၀ီလီယံ ဂျိမ်း(စ်) (William James) ပြောခဲ့ သလို “ပညာရှင်တွေရဲ့ အညွှန်း ဇယားတွေ၊ ပါရာဒိုင်းတွေ မပါဝင်ဘူး ဆို ရင်တော့ ကမ္ဘာ့နိုင်ငံရေးဟာ ရွှေတစ်နေ့၊ ငွေတစ်နေ့နဲ့ နောက် ဆုံး ဝေ ၀ါးခြင်းနဲ့ပဲ အဆုံးသပ်ရ ပါလိမ့်မယ်။” ပါ။

သောမတ်ခုန်း (Thomas Khun) ကလည်း သူ့ရဲ့ ကလပ်စစ်ဖြစ်တဲ့ “The Structure of Scientific Revolution” သိပ္ပံတော်လှန်ရေးရဲ့ အခြေခံမူမှာ “သိပ္ပံပညာတိုးတက်လာမှုရဲ့အားသာချက်က လတ်တလော ဖြစ်ပေါ်နေ တဲ့ ပြဿနာ အသစ်တွေကို အချက်လက်တွေနဲ့အညီ ဖြေရှင်းမပေးနိုင်တဲ့ ပါရာဒိုင်း တွေကို အခြား ပါရာဒိုင်း အသစ်တွေနဲ့ အစားထိုးပေးခြင်းပဲ ဖြစ် ပါတယ်။ အစားထိုးခဲ့တဲ့ ပါရာဒိုင်း တွေဟာ ပိုပြီး ကျေနပ်နှစ်သိမ့်ဖွယ် ကို ဆောင်နေရပါမယ်။ ပိုကောင်းတဲ့ ပါရာဒိုင်း အနေနဲ့ လက်ခံဖို့ဆိုရင် သီအို ရီအရ အခြား စံနမူနာတွေထက် ပိုမိုကောင်းမွန်နေရပါမယ်။ ဒါပေမဲ့ ပါရာဒိုင်း အသစ်ဟာ သူ့ရဲ့ ဆန့်ကျင်ဖက် အခြေအနေတွေနဲ့ အချက်အ လက်တွေ အားလုံးကို ရှင်းပြနေဖို့မလိုအပ်လှသလို ဖြစ်လည်း မဖြစ်နိုင်ပါဘူး” လို့ ဆိုခဲ့ပါတယ်။ (4)

ဂျွန်လူး ၀စ် ဂတ်ဒီ (John Lewis Gaddis) ကလည်း ပညာသားပါပါ ဒီလို သုံးသပ်ခဲ့ပြန်ပါတယ်။ “ကိုယ်နဲ့ မရင်းနှီးတဲ့ နယ်မြေထဲ ရောက်နေပြီဆိုရင် လမ်းမှန်ကိုသိဖို့ မြေပုံ စတဲ့ အထောက်အကူတွေ တကယ် လိုအပ်ပါ တယ်။ မြေပုံ အတတ်ပညာဟာ ကျွန်တော်တို့ ဘယ်ရောက်နေတယ်၊ ဘယ် ကို ဦးတည်နေတယ် ဆိုတာကို ပြောပြနိုင်ပါတယ်”
သူထောက်ပြပုံအရ စစ်အေးကာလရဲ့ စူပါ ပါဝါ အားပြိုင်မှုဟာ ဟယ်ရီ တရု မင်း (Harry Truman) မိတ်ဆက်ပေးခဲ့တဲ့ မော်ဒယ်အတိုင်းပါပဲ။ “အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးပုံသဏ္ဍန်ကို လူတိုင်းနားလည်လို့ရတဲ့ အဆင့် အထိရောက်အောင် ပထ၀ီနိုင်ငံရေးသဘောတရားကို ကြိုးစားပြင် ဆင်ယူ ပါ။ နောက်ပြီး မကြာမီ ဖြစ်ပေါ်လာနိုင်တဲ့ ရှုပ်ထွေးပွေလီလှတဲ့ မဟာဗျူဟာေ တွအတွက်လည်း ပြင်ဆင်ထားပါ။” ကမ္ဘာ့နိုင်ငံရေးကို လမ်းညွှန်ဖို့ကမ္ဘာ့အမြင် နဲ့ အကျိုးအကြောင်းဆက် သီအိုရီတွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။ (5)

နိုင်ငံတကာဆက်ဆံရေးပညာကို လေ့လာနေကြတဲ့ ကျောင်းသားတွေနဲ့ လေ့လာကျင့်သုံးသူတွေဟာ အလွန်လည်းရိုးရှင်း၊ အသုံးလည်းကျတဲ့ စစ်အေးကာလ ကမ္ဘာ့နိုင်ငံရေး ပါရာဒိုင်းတွေကို နှစ်ပေါင်းလေးဆယ် ကြာအောင် သုံးသပ်ခဲ့၊ ကျင့်သုံးခဲ့ကြပါတယ်။ ဒီ ပါရာဒိုင်းဟာ ကမ္ဘာ့နိုင်ငံရေးမှာ ဖြစ်ပျက် ခဲ့သမျှတွေ အားလုံးကို ညွှန်းဆိုနိုင်မယ်တော့ မဟုတ်ပါဘူး။ ခုန်း (Kuhn) ရဲ့ စကားအတိုင်းပြောရရင် အချိန်နဲ့အမျှ ကွဲပြားနေမှုတွေ အများအပြား ရှိနေနိုင် ပါတယ်။ တစ်ခါတစ်ခါ အဲဒီ စံညွှန်းတွေကပဲ ကျောင်းသားတွေနဲ့ နိုင်ငံရေး သမားတွေရဲ့ အမြင်ကို ကာဆီးနေတတ်ပြန်ပါတယ်။ ဥပမာအားဖြင့် တရုတ် ဆိုဗီယက် အကွဲအပြဲ ကိစ္စမျိုးမှာပါ (Sino- Soviet split) ဒါပေမဲ့လို့ စစ်အေး ကာလ ကမ္ဘာ့နိုင်ငံရေး မော်ဒယ်ဟာ အခြား မော်ဒယ်တွေထက် ပိုပြီး ပြည့်ပြည့် စုံစုံ ပြောပြနိုင်သလို ကမ္ဘာ့နိုင်ငံရေးကို လေ့လာသုံးသပ်ဖို့ အရေးပါတဲ့ ပထမခြေလှမ်းလည်း ဖြစ်နေပါတယ်။ နောက်ပြီး ဒီမော်ဒယ်ကို တစ်ကမ္ဘာလုံးက လက်ခံထားသလို မျိုးဆက်နှစ်ဆက်ရဲ့ နိုင်ငံရေးကို ပုံ သွင်းပေးခဲ့ တာလည်း ဒီမော်ဒယ်ပါပဲ။

လူတွေရဲ့ အတွေးအခေါ်နဲ့ အမူအကျင့်တွေအတွက် ရိုးရှင်းတဲ့ ဥဒါဟရုဏ် (သို့) မြေပုံ လိုအပ်ပါတယ်။ သီအိုရီတွေ၊ မော်ဒယ်တွေကို ပုံစံချပြီး ဒီ သီအို ရီတွေ၊ မော်ဒယ်တွေနဲ့အညီ တသမတ်တည်း ကျင့်သုံးသွားလို့ ရနိုင်တာ မျိုးတွေရှိသလို အခြားနည်းအားဖြင့် ဒီ သီအိုရီ၊ မော်ဒယ်တွေကနေ ဖယ် ခွာပြီး လတ်တလော ဖြစ်ပေါ် လာတဲ့ အကြောင်းအကျိုးတွေအပေါ် အခြေ ခံပြီးတော့ ကျင့်သုံးသွားတာမျိုးလည်း ရှိလာနိုင် ပြန်ပါတယ်။ ဒါဆို ရင်တော့ ကျွန်တော်တို့အားလုံး ရှုပ်ထွေးသွားပါလိမ့်မယ်။

ဘာကြောင့်လည်းဆိုရင် ကျွန်တော်တို့ မသိစိတ်ထဲမှာ ငုတ်လျှိုးနေတတ် တဲ့ ကောက်ချက်တွေ၊ ဘက်လိုက်မှုတွေ၊ အယူသည်းမှုတွေကြောင့်ပါ။ ဒါတွေကပဲ သဘာဝတရားအပေါ် ကျွန်တော်တို့ ဘယ်လို ရှုမြင် တယ်၊ အချက်အလက်တွေကိုကြည့်ပြီး ဘယ်လို ကောက်ချက်ချတယ်၊ ဘယ်ဟာက အရေးကြီးပြီး ဘယ်အရာက မှန်တတ်တယ်ဆိုတာကို ဆုံးဖြတ်ပေးနေလို့ပါ။

၁။ သဘာဝအမှန်ကို အမှန်အတိုင်းဖြစ်အောင် စနစ်တကျ ခြုံငုံပြီး ကောက် ချက်ချနိုင်ဖို့
၂။ သဘာဝတရားတွေကြားက အကြောင်းအကျိုး ဆက်သွယ်မှုကို နား လည်သဘောပေါက်နိုင်ဖို့
၃။ ဖြစ်နိုင်ခြေကို မျှော်လင့်နိုင်ဖို့၊ ဒီ့ထက် ကံပိုကောင်းမယ်ဆိုရင် အနာဂတ် ဖွံ့ဖြိုးရေးအတွက် ဟောကိန်း(ခန့်မှန်းချက်)တွေ ထုတ်နိုင်ဖို့
၎။ အရေးကြီးတာတွေနဲ့ အရေးမကြီးတာတွေကို ခွဲခြားသတ်မှတ်နိုင်ဖို့
၅။ ကျွန်တော်တို့ လျှောက်သင့်တဲ့လမ်းနဲ့ ကျွန်တော်တို့ ရည်မှန်းထား တဲ့ အောင်မြင်မှုပန်းတိုင်တွေကို ပေးနိုင်ဖို့
ရှင်းလင်းပြတ်သားတဲ့ ဥဒါဟရုဏ်(သို့) မြေပုံတစ်ခု လိုနေပါလိမ့်မယ်။

မော်ဒယ်တိုင်း၊ အညွှန်းမြေပံတိုင်းဟာ အချင်းချင်းဆန့်ကျင်နေသလို ဘာအတွက် ဒီမော်ဒယ်ကို အသုံးပြုမှာလည်း ဆိုတဲ့အပေါ် အခြေခံပြီး မော် ဒယ်တစ်ခုစီရဲ့ အသုံးကျမှု၊ မကျမှုလည်း ကွဲလွဲနေနိုင်ပါတယ်။ လမ်းညွှန်မြေ ပုံတစ်ခုက A ကနေ B ကို သွားချင်ရင် ဘယ်လိုသွားဆိုတာ ညွှန်ပြနိုင်ပေမဲ့ ကျွန်တော်က လေယာဉ်မောင်းတစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ ဒီ လမ်းညွှန်မြေပုံက သိပ်ပြီး အသုံးတည့်မယ် မဟုတ် တော့ပါဘူး။ ဒါဆိုရင် ကျွန်တော်လိုအပ်တာက လေယာဉ်ကွင်းမြေပုံ၊ ရေဒီယို ဆက်သွယ်မှု၊ လေ ယာဉ်ပြေး လမ်းနဲ့ မြေပုံပညာရပ်ပဲ ဖြစ်ပါတယ်။ မြေပုံလုံးဝ မပါဘူးဆိုရင် လည်း လမ်းပြောက်သွားနိုင်ပါတယ်။ ပိုမိုပြည့်စုံတဲ့ မြေပုံက အမှန်တရားနဲ့ ပိုပြီး နီးစပ်ပါတယ်။ ဒါပေမဲ့ လိုတာထက် ပိုပြီး အသေးစိပ်တွေ ဖော်ပြနေပြန် ရင်လည်း သိပ်ပြီး အသုံးတည့်လှမယ် မဟုတ်ပြန်ပါဘူး။ ကျွန်တော်တို့က အဝေးပြေးလမ်းမကြီးကို သုံးပြီး မြို့တစ်မြို့ကနေ အခြားမြို့တစ်မြို့ကို သွားနေတယ်ဆိုပါတော့၊ ဒါဆိုရင် ကားလမ်း ဆက်သွယ်ရေးနဲ့ မဆိုင်တဲ့ အခြား အချက်အလက်တွေပါ ပါဝင်နေမယ်ဆိုရင်၊ အဝေးပြေးလမ်းရဲ့ မြေပုံ ဟာ မြို့ထဲက အခြား လမ်းငယ်တွေ လို ဟိုဝင်၊ ဒီထွက် လမ်းသွယ်တွေနဲ့ ရှုပ်ထွေးနေမယ်ဆိုရင် ကျွန်တော်တို့လည်းေ၀၀ါး လမ်းမှားသွားတော့ မှာပါ။ ပြီးတော့ ဒီမြေပုံက အဝေးပြေးလမ်းမကြီး တစ်ခုတည်းကိုပဲ ပြနေပြန်ရင် လည်း လမ်းမှာ အက်ဆီးဒင့် ဖြစ်လို့ ဒီလမ်းကနေ မသွားဘဲ ဘယ်လမ်း ကို ရွေးခြယ်သင့်တယ်ဆိုတဲ့ ရွေးခြယ်မှု အခွင့်အရေးကို မပေးနိုင် ပြန်ပါဘူး။ အတိုချုပ်ဆိုရရင်တော့ ကျွန်တော်တို့ အိုအပ်သလို အသုံးပြုနိုင်ဖို့ အသေး စိတ် မြေပုံရော၊ ရိုးရှင်းတဲ့ မြေပုံရော လိုပါတယ်။ စစ်အေးကာလပြီးဆုံးပြီးခဲ့တဲ့နောက်မှာတော့ ကမ္ဘာ့နိုင်ငံရေးနဲ့ ပတ်သက် လို့ မြေပုံတွေ၊ ဥဒါဟရုဏ် တွေလည်း အများအပြား ပေါ်ထွက်လာခဲ့ပါတော့ တယ်။

တစ်ခုတည်းကမ္ဘာ။ ပျော်ရွှင်မှုနဲ့ သဟဇာတဖြစ်မှု။

စစ်အေးကာလအပြီးမှာ အားလုံးလိုလို မျှော်လင့်တကြီး ဆွဲယူခဲ့ကြ တဲ့ ကောက်ချက်ကတော့ ကမ္ဘာ့နိုင်ငံရေး မှာ ကြီးကြီးမားမား ပဋိပက္ခတွေ အဆုံးသတ်သွားပြီး ညီညွတ်တဲ့ တစ်ခုတည်းသော ကမ္ဘာ ပေါ်ထွက်လာခဲ့ပြီ ဆိုတာပဲ ဖြစ်ပါတယ်။ ဒါတွေအထဲမှာ အကျယ်ပြန့်ဆုံး ဆွေးနွေးခဲ့ကြတဲ့ မော် ဒယ်ကတော့ ဖရန်စစ် ဖုကူယားမား ရဲ့ သမိုင်းတစ်ခန်းရပ်သွားခြင်း (The End of history) ပဲ ဖြစ်ပါတယ်။ (ယခု ကျွန်တော် ဆွေးနွေးမယ့် အကြောင်း အရာဟာ စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်း အကြောင်းမဟုတ်ပါ။ Universal civilization အယူအဆကို မွေးထုတ်ပေးလိုက်တဲ့ ရေရှည် စီးပွားရေးနဲ့ လူမှုေ ရး ဆက်သွယ်ချက်အကြောင်းပဲ ဖြစ်ပါတယ်။ အခန်း ၃ မှာ ဆက်လက်ေ ဆွးနွေးထားပါတယ်။ မူရင်း စာရေးသူရဲ့ အမှာ)

“အဆုံးသတ်သွားတဲ့ လူ့သမိုင်းကို ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ တွေ့မြင် ကြရတော့မယ်။ ဆိုလို သည်မှာ လူသား၏ အိုင်ဒီယော်လော်ဂျီ ပြိုင်ဆိုင်ပွဲပြီး ဆုံးသွားပြီးနောက် အနောက် လစ်ဘရစ် ဒီမိုကရေစီ၏ တစ်ကမ္ဘာလုံး တစ် သားတည်း အယူဝါဒသည်သာ အစိုးရတိုင်း၏ အုပ်ချုပ်ရေးပုံသဏ္ဍန်အဖြစ် ကျန်ရှိနေ ပေတော့မည်။”လို့ ဖူကူယားမားက ဆိုခဲ့ပါတယ်။ သူက ဆက်ပြော တယ်။ “တတိယကမ္ဘာနိုင်ငံတွေမှာတော့ ပဋိပက္ခတွေ ရှိနေဦးမည် အမှန်ပါ။ ဥရောပတိုက်တွင်း စစ်ပွဲများသာမက ကမ္ဘာနဲ့ချီပြီးဖြစ်မည့် စစ်ပွဲတွေတော့ မရှိနိုင် တော့ပါ”

တကယ်အပြောင်းအလဲ ကြီးကြီးမားမားတွေ ဖြစ်ခဲ့တာက ဥရောပတိုက်ထဲမှာ မဟုတ်ခဲ့ပါဘူး တိတိကျကျပြောရလျှင် တရုတ်နှင့် ဆိုဗီယက်ပြည်ထောင် စု နိုင်ငံတွေမှာဖြစ်ခဲ့တာပါ။ စစ်ဝါဒ ပြီးဆုံးပါပြီ။ မာ့က်(စ်)နဲ့ လီနင် ၀ါဒတွေ မန်နဂွ (Managua)၊ ပြုံးယန်း ကိန်းဘရေ့(ဂ်ျ)နဲ့ မန်ဆာချူးဆက်တို့မှာ ကျန်ကောင်းကျန်နိုင်သေးပေမဲ့ ယေဘုယျအားဖြင့် လစ်ဘရစ် ဒီမိုကရေစီ က အောင်ပွဲခံနိုင်ပြီ။ အနာဂတ်လူထုကလည်း အယူဝါဒ ရေးရာနှင့် ပတ် သက်ပြီး အသေအလဲ တိုက်ပွဲဝင်နေခြင်းထက် စီးပွားရေးနှင့် နည်းပညာ ရပ်ပိုင်းဆိုင်ရာ ပြဿနာ များကို ဖြေရှင်းနိုင်ဖို့သာ အာရုံစိုက်ကြတော့မယ်။

“ဒါဆိုလျှင် ပျင်းရိဖွယ်ပင် ကောင်းနေပေဦးမည်” လို့တောင် သူက ၀မ်းနည်း တဲ့ လေသံနဲ့ နိဂုံးချုပ် သွားခဲ့ပါတယ်။ (6)

Post a Comment