အမှာ။ ။ Samuel P Huntington ရဲ့ The Clash of Civilization ကြောင့် လီကွမ်းယုကလွဲပြီး အခုတလော ပို့စ်အသစ် တက်နိုင်မယ်မဟုတ်လို့ အဟောင်းတချို့ကိုပဲ မဖတ်ရသေးသူများအတွက် ပြန်တင်ပေးလိုက်ပါတယ်။
ဤဆောင်းပါးက လာအို ခရီးစဉ်နှင့် ပတ်သက်သည့် အမှတ်တရ လေးများကို ပြန်ရေးခြင်း ဖြစ်သည်။
၁ ။ စလုံးပိုင် ဟော်တယ်များ
လာအိုနိုင်ငံ ဟု ဆိုသော်လည်း တည်းခိုခဲ့ရသော ဟော်တယ်များက စလုံးပိုင်များ ဖြစ်ကြသည်။ စလုံး တို့ စီးပွားရေး လက်တန် ရှည်သည်။ လာအိုနိုင်ငံ၏ ဥပဒေ အရ နိုင်ငံခြားသားများ အနေနှင့် ဒေသခံ ရှယ်ယာ မပါဘဲ စီးပွားရေး လုပ်ခွင့်မရှိ၍ ဖက်စပ်ဖြစ်နေ ရသော်လည်း ခန့်ခွဲမှုက စလုံး တို့ လက်အောက်မှာ လုံးလုံးလျားလျား ရှိနေသည်။ ထူးခြားသည့် အချက် က စလုံးပိုင်ဖြစ်သည့်အ တွက် အခြား ဟော်တယ်တွေထက် ပိုသန့်ပြီး ဆက်ဆံရေး ပိုကောင်းမွန်သည်။ စလုံး တို့ စီးပွားရေး လုပ်တတ်ကြသည်။ ပိုင်ရှင်က စလုံး၊ အလုပ်သမားက လာအို။ သို့သော် အလုပ်အကိုင် ရှိနေသည်၊ဟော်တယ်က လူထုကို အလုပ်ပေးထားနိုင်သည်ကပင် မဆိုးဟု ဆိုရမည်။ ထို လာအိုလေးပင် ၁၉၉၇ ခုနောက် မီးပျက်သည် သိပ် မရှိတော့ ဟု သိခဲ့ရသည်။
၂ ။ ဘ၊က ကျောင်းထွက် ခရီးလမ်းညွှန်များ
ဘယ်မှာ အင်္ဂလိပ်စာ သင်ခဲ့သလဲဟု မေးတိုင်း ဘုန်းကြီးက သင်ပေးသည် ဟု ခရီးလမ်းညွှန် လေးယောက်စလုံး တညီ တညွတ် တည်း ဖြေကြသည်။ မဖွံ့ဖြိုးသေးသော ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်သည်နှင့် အညီ ပညာရေး ကဏ္ဍကလည်း ဘုန်းတော်ကြီးများ
အပေါ် တော်တော် အမှီပြုနေရကြောင်း သိသာလှသည်။ တစ်ခု ကောင်းသည်က လူငယ်တိုင်း ကိုရင် လူထွက်လေးများ ဖြစ်သဖြင့် ဘုန်းကြီး အထာတော့ တော်တော်နပ်ကြသည်။ သူတို့ အင်္ဂလိပ်ကတော့ နားလည်၍ ရရုံလောက်သာ ရှိသည်။ သို့သော် မြန်မာပြည် ပြန်စဉ်က အဖွဲ့နှင့်အတူ ပါလာသည့် မြန်မာခရီးလမ်းညွှန်လည်း လာအိုတို့ ထက် မသာ ဟုထင်သည်။ လာ အိုနှင့် နှိုင်းရသည်က သိပ်တော့ မမိုက်။ မြန်မာတို့ ကြိုးစားဖို့ လိုသေးသည်။
" သူပြောတာ နားလည်တယ်၊ ပြန်မပြောတတ်လို့ " နှင့် မရတော့။
၃ ။ အတုံ့ အလှည့်
ခရီးစဉ်တစ်လျှောက် ပြုံးစရာ အကောင်းဆုံးဟု ဆိုရမည် ထင်သည်။ နံနက် စောစောထ၊ ဆွမ်းလောင်း၊ သင်္ကန်းများ လှူဒါန်းကြရာ စလုံးဒကာမတစ်ယောက် ဆွမ်းအိုးက ဆွမ်းလောင်းရင်း ကုန်သွားသည်။ ထိုအခါ ဆွမ်းခံရဟန်းက ထိုဒကာမကို အားနာသွား သည် ထင်၏။ သူ့ သပိတ်ထဲ ရှိရှိသမျှ ဆွမ်းတို့ကို ထိုဒကာမ ဆွမ်းခွက်ထဲ ထည့်ပေးထာခဲ့ပြီး ကြွသွားလေတော့သည်။ ထို အဖြစ် အပျက် က စလုံး တို့ကြား ပြောမဆုံးပင် ရှိခဲ့သည်။ ရဟန်းလောင်းသည့် ဆွမ်းကိုပင် ခံယူထိုက်သည့် ဒကာမ ဟုတည်း။
၎ ။ ဂန်းနန်း စတိုင် ကောင်ကလေး
စိတ်ဝင်စားစရာ အကောင်းဆုံးက ဤ ကောင်ကလေးဖြစ်သည်။ တစ်ဖွဲ့လုံး အတွက် ဘစ်စနစ် ကလပ် လေယာဉ် လက်မှတ်
တစ်ဆောင်ကို ဟော်တယ် ပိုင်ရှင်က လက်ဆောင်ပေးသည်။ ထို့ကြောင့် မစီးစဖူး ဘစ်စနစ်ကလပ်မှာထိုင်နေစဉ် ကောင်ကလေး တစ်ေ ယာက် ရောက် လာပြီး မိမိဘေး ဝင်ထိုင်သည်။ ကြည့်တော့ မိဘနှင့် တူသူတွေလည်း မပါ။ ဆွေမျိုးတော်စပ်ပုံ ရသော လူ လည်းမပါ၊ တစ်ယောက်တည်းမှ တကယ့်ကို တစ်ယောက်တည်း။ လေယာဉ်ထွက်သည်အထိ မလာတော့မှ သူ့ကို စကားစပြော မိ သည်။
" တစ်ယောက်တည်း လား"
" ဟုတ်တယ်၊ တစ်ယောက်တည်း "
" အသက် ဘယ်လောက် ရှိပြီလဲ "
" ၁၂ နှစ် "
" ဘာလူမျိုးလဲ "
" ကိုရီးယား၊ ဆိုးလ် က "
" မိဘတွေက စင်္ကာပူမှာ နေတာလား "
" ဟုတ်တယ်၊ ကျနော်လည်း စင်္ကာပူမှာ ကျောင်းတက်နေတယ် "
" လာအိုကို ဘာလာလုပ်တာလဲ "
" ကျောင်းပိတ်ရက် ဟောလီးဒေး လာတာ "
ပြောရန်ပင် မရှိတော့။ တေဂျုန်း ဆိုသည့် ၁၂ နှစ်သား လူငယ်လေးသည် စင်္ကာပူမှ လာအိုကို တစ်ယောက်တည်း ကျောင်းပိတ် ရက် ဟောလီးဒေး ထွက်သည် တဲ့။
မိဘတို့၏ စိတ်ချ ယုံကြည်ရဲမှု၊
ကလေး၏ သတ္တိ။
ငယ်စဉ်က ၂ မိုင်ဝေးသော အလယ်တန်းကျောင်းကို သွားတက်ဖို့ စိတ်မချသဖြင့် ကျောင်းအထွက်ခိုင်းသည့် မိခင် ကြီးကိုသာတွေး ရင်း မြင်လိုက်မိတော့သည်။
ကိုရီးယားတို့က အနောက်ကို လုံးဝ မှီသွားကြပြီထင်သည်။ ခဏကြာသော် တေဂျုန်းကသူ့အိပ်ထဲ မှ လက်ပ်တော့ကို ထုတ်ပြီး ဂိမ်း ကစား ၍ သာ နေလေတော့သည်။ လိုက်ကြပေဦး ရွှေမြန်မာ တို့။
မိမိ စိတ်ထဲမှာတော့ တေဂျုန်း လေးသည် တကယ့်ကို ဂန်းနန်း စတိုင် တေဂျုန်း ဖြစ်နေတော့သည်။ ။
ဘန်ကီမွန်း၏ မျက်နှာ မြင်ရတိုင်း မမြင်ဖူးလိုက်ရသော ဦးသန့်ကို မဆီမဆိုင် သတိရမိ၏။ ။
သီဟနာဒ
Post a Comment