အသက် ၆၀ ဝန်းကြင် အမျိုးသားနဲ့ အမျိုးသမီး ရှေ့ရောက်လာပြီး စကား အ နည်းငယ်လောက် ပြောချင်တယ်၊ ပြောလို့ ရမလားဟုမေးသည်။ ရကြောင်း အချက်ပြ အထိုင်းခိုင်းပြီးကြည့်မိတော့ သူတို့မျက်တွေက မသာယာ။ အမျိုးသမီးမျက်နှာမှာ မျက်ရည်အချို့ပင် စွတ်စိုလျှက်။ အမျိုးသားက စကား စသည်။ သူတို့မှာ သမီးနှစ်ယောက်ရှိကြောင်း၊ အကြီးက အောစတေးလျမှာ ပညာသင်၊ ဘွဲ့ရပြီးဖြစ်ကြောင်း၊ သူမဘဝ အသစ်ကို အောစတေးလျမှာ စ တင်မယ် ပြောပြီးဘယ်လိုအဆက်အသွယ်မှ မလုပ်တော့သလို ဒီဖက်က ဆက်သွယ်ရင်လည်း ဖုန်းမဖြေ၊ စာမပြန်ကြောင်း၊ ယခုဆို သူမ ဘယ်ရောက် လို့ ဘာဖြစ်နေတယ်ဆိုတာပင် မသိရကြောင်း ပြောပြသည်။
သမီးအငယ်က ရှေ့လထဲမှာ အမေရိကကို သွားတောမှာမို့ ပိုလို့ ဝမ်းနည်း မိကြောင်း ဆက်ပြောသည်။ မဆန်းလှသည့် မိဘသောကဇာတ်လမ်းပင်။ သမီးကြီးအတွက် အလွန်အမင်းစိတ်မပူဖို့လောက်သာ ပြောနိုင် ပါသည် ။ သေကွဲ၊ ရှင်ကွဲ ဒုက္ခသစ္စာကို သူတို့လည်း သိကြသည်။ သူတို့ကလည်း နားထောင်ပေးမည့် နားတစ်စုံထံ ရင်ဖွင့်လိုရုံသာဖြစ်ပြီး ဤ ကိစ္စမျိုးမှာ ရ ဟန်းတစ်ပါးက လက်တွေ့ကျကျ (ထိထိရောက်ရောက်) ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ကြောင်း သဘောပေါက်ကြပါသည်။
သူတို့ပြန်သွားမှ သူတို့သမီးနှစ်ယောက်နဲ့ ဆက်စပ်ကာ "ပူဇာစ ပူဇနေယျာနံ" ဆီ စိတ်ညွတ်သွားမိသည်။
ပူဇော်ထိုက်သူကို ပူဇော်(ခွင့်)ရခြင်းသည် မင်္ဂလာမည်၏ တဲ့။ ပူဇော်ထိုက်သူများသည် ရတနာသုံးပါး၊ မိဘ၊ ဆရာသမားတို့ဟု စာပေနှင့် ယဉ်ကျေးမှုက ဆိုသည်။
ဤ မင်္ဂလာနှင့် ပြည့်စုံရန်
၁။ ကျေးဇူးသိတတ်မှု၊ ပြန်လည်ပူဇော်လိုမှု
၂။ ကျေးဇူးရှင်များ သက်ရှိထင်ရှားရှိနေဖို့လို၏။
ကျေးဇူးရှင်များ သက်ရှိထင်ရှားရှိနေစဉ် ပူဇော်ရမှန်း မသိခြင်း၊ မပူဇော်နို င်ခြင်း။ ပူဇော်ရမှန်းသိ၊ ကျေးဇူးဆပ်တော့မယ်ဆိုသည့်ချိန်တွင် ကျေးဇူးရှင်များ မရှိတော့ခြင်းသည် မင်္ဂလာနှင့် လွဲရခြင်းဖြစ်သည်။
သူတို့ မင်္ဂလာနှင့်အချိန်မှီ ဆက်သွယ်မိကြပါစေဟု ဆန္ဒပြုရုံမှလွဲ၍.....
မိမိကိုယ်တိုင်လည်း နွမ်းပါး စာသင်သားဘဝက သက်ရှိထင်ရှား မိဘများ....
ကျေးဇူးဆပ်နိုင်သည့် အခြေအနေရောက်မှ မရှိရှာတော့သည့် မိဘနှစ်ပါး...
မိသားစုထဲမှာ အငယ်ဆုံးဖြစ်ခဲ့ရခြင်းက အဓိကအကြောင်းလား.....
သူတို့ကံလား၊ ကိုယ့်ကံလား..
ကံတရားက ဘုရားရှင်မှသာ အပြည့်အဝ သိနိုင်သည်ဟု စာပေလာ၏။
မည်သို့ဆိုစေ တစ်ခါတစ်ရံ မင်္ဂလာသည် ပြည့်စုံရန် ခက်ခဲနေတတ်၏။
Post a Comment