မရေးအပ်တဲ့ဥပဒေပေမဲ့ ဘာသာရေးနဲ့ကပ်ပြီး ဒီလို ကြည့်မိပါတယ်။ ဒီဥပဒေဟာ ရယ်စရာ ကောင်းလောက်အောင် နေရာမှားနေသလို ဘယ်တော့မှလည်း ထိထိရောက်ရောက် ကျင့်သုံးလို့ ရလိမ့်မယ် မဟုတ်ပါ။
ဗုဒ္ဓဘာသာရဲ့ အခြေခံဥပဒေက ငါးပါးသီလလို့ဆိုရင် ရပါတယ်။ အဲဒီ ငါးပါးထဲမှာ မေထုန်နဲ့ဆိုင်တဲ့ ကိစ္စက ကာမေသု "မိစ္ဆာစာရ" ပါ။
ဗုဒ္ဓဘာသာတိုင်းအတွက် ရည်စူးလို့ "မိစ္ဆာစာရ" ကိုသာ တားမြစ်ပြီး မိစ္ဆာ စာရ မဟုတ်တဲ့ အခြားကာမဂုဏ်တွေကို လွှတ်ပေးထားရပါတယ်။ အဲသလို မဟုတ်ရင် ဘယ်သူမှ လိုက်နာလို့မရတဲ့ ဥပဒေဖြစ်ပြီး ဟန်ဆောင်ဥပဒေ၊ လူသားများ ရယ်ဖွယ်ဥပဒေ ဖြစ်သွားပါလိမ့်မယ်။ မိစ္ဆာစာရကိုပဲ အရွယ် မရောက်သေးသူ၊ အလိုမတူဘဲ မတရားကျင့်သူ စသည် ခေတ်နဲ့အညီ အဓိပ္ပါယ်ဖွင့်ဆိုပြီး သတ်မှတ်နိုင်ပါတယ်။
မေထုန်နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာက ဒါပဲပြောသလားဆိုရင်တော့ မဟုတ် ပါဘူး။ အများအားဖြင့် လပြည့်လကွယ်လို ဥပုသ်နေ့တွေမျိုးမှာ ထူးထူးခြားခြား စောင့်ထိန်းကြတဲ့ ရှစ်ပါးသီလရှိပါတယ်။ ခေတ်စကားနဲ့ အထူးဥပဒေလို့ ခေါ်နိုင်ပါတယ်။ ဒီမှာ မေထုန်နဲ့ပတ်သက်လို့ "အဗြဟ္မစရိယ" လို့ သုံးပြီး ဘယ်လို မေထုန်ဆက်ဆံခြင်းမျိုးကိုမဆို တားမြစ် ပါတယ်။ အထူးဥပဒေဖြစ်လို့ လူတိုင်း၊ နေ့တိုင်း စောင့်ထိန်းနေကြမယ် မဟုတ်တော့ပါဘူး။
ကျင့်လိုက ကျင့်၊ မကျင့်လိုက နေ။
ဒါကို မဖြစ်မနေ လိုက်ကိုလိုက်ရမယ်ဆိုရင် အများစုကတော့ ဗုဒ္ဓဘာသာအဖြစ်ကနေ နှုတ်ထွက်သွားမှာပါပဲ။
လက်မထပ်ခင် အတူနေသင့် မနေသင့်က အရှေ့တင်မက အနောက်မှာလည်း ပြောဆိုနေကြဆဲပါ၊ ဒါပေမဲ့ ဒါက တစ်ဦးချင်းစီရဲ့ ယုံကြည်မှုနဲ့ ရွေးခြယ်မှုအနေနဲ့ပဲ ရှိနေပါတယ်။
အခု ဥပဒေအရ လူပျို၊ အပျိုတိုင်း မေထုန ရှစ်ပါးသီလ စောင့်ထိန်းရမယ်လို့ ဆိုလိုရာ ရောက်နေတော့ လက်တွေ့မကျတဲ့အပြင် ဥပဒေကို ဘယ်လို ကျင့်သုံးမလဲ(How to apply) ဆိုတာအတွက်လည်း အဖြေ မရှိပါ။
Post a Comment