ဦးသိန်းစိန် အီးယားဖုန်းတပ်တတ်သွားရင်


လက်ရှိအစိုးရက ခပ်ချာချာ။ ဘာမှမသိတော့ ခရိုနီအားကိုး၊ ခရိုနီစကား အဟုတ် ထင်နေရ၊ ခရိုနီနဲ့တရုတ်က ဒေါ်စုကိုမလိုချင်၊ အနောက်ကလည်း ဒီမိုကရေစီဖြစ် သွားတဲ့နောက် အစွန်းခပ်ရောက်ရောက် အမျိုးသားရေးဝါဒဆီ ခြေဦး လှည့်သွား တတ်တဲ့ အာရှ သမိုင်းကြောင့် ခပ်တွန့်တွန့်။ ဦးသိန်းစိန်အနေနဲ့ သက်ဆင်ကို အတုယူသင့်တယ်။

ဟုတ်သလားတော့မသိဘူး၊ ဖေ့စ်ဘုတ်မှာ ပြောကြတာကတော့ ဦးသိန်းစိန်က ကမ္ဘာပတ်ပြီး ပိုက်ဆံချေးနေသတဲ့။
ရကြပါ့မလား။ ရပ်ကွက်ထဲ၊ ရွာထဲမှာတော့ အသုံးမကျလို့မွဲတာမျိုးဆိုရင် ပတ်ဝန်း ကျင်က စေတနာမရှိလှဘူး။
ဦးသိန်းစိန်အရင်ဆုံးလုပ်ရမှာက အိပ်ပေါက်ဖာရမှာ။
အကျင့်ပျက်ဆဲ ဗိုလ်ချုပ်လူထွက်ကြီးတွေအကြောင်း ကမ္ဘာက မသိမှာမဟုတ်ဘူး။

အကူအညီပေးတော့ ဗိုလ်ချုပ်ကြီးအိပ်ထဲရောက်။
အလုပ်ပေးနိုင်ဖို့ စီးပွားရေးနဲ့ဝင်မယ်ဆိုတော့ ခရိုနီတွေနဲ့ တပ်လန်ပြန်ကြရ။
ဂျပန်ကဆိုရင် မစ်စူဘီရှီအပါအဝင် ခရိုနီနဲ့ကို ရှင်းမပြီးနိုင်လို့ တော်တော် စိတ်ညစ် ကြသတဲ့။
လက်ရှိမြန်မာ့အကြီးစားစီးပွားရေးက ခရိုနီလက်ထဲမှာမို့ သူတို့ကို အမြစ်ဖြတ် လို့တော့ မရဘူး။
ဒါပေမဲ့ သူတို့ကို တင်းကြပ်မှရမယ်။
သူတို့နဲ့ဗိုလ်ချုပ်ကြီးလူထွက်တွေရဲ့ အာဏာကိုကန့်သတ်ရဲမှရမယ်။
လက်ရှိ ဦးသိန်းစိန်အနေနဲ့ အထိုက်အလျောက် အတုခိုးရမှာက ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင်ဖြစ်မယ်။
ဘန်ကောက်ခရိုနီတွေကို သက်ဆင်ကိုင်တွယ်ခဲ့ပုံ ကောင်းတယ်။ လူထုအကျိုးရှိတယ်။
ခက်တာက အကဲခတ်လို့ရသလောက် ဦးသိန်းစိန်က သက်ဆင်လောက် စီးပွားရေးအမြင်ရှိဟန်မတူဘူး။
စီးပွားရေးအမြင်ရှိတဲ့သမ္မတမဟုတ်ရင် မြန်မာခရိုနီကလည်း ကြောက်မှာမဟုတ်ဘူး။
ဒီအချက်က ဒေါ်စုကို ပိုပြီးအခက်တွေ့စေတယ်။
အာဏာရှိပြီး စီးပွားရေး ဘာမှနားမလည်တဲ့ဗိုလ်ချုပ်ကြီးတွေက ခရိုနီစကားကို နားထောင်နေရတယ်။ လုံးဝမကောင်းတဲ့အချက်။

ထိုင်းသမိုင်းကိုကြည့်ရင် ဒေါ်စုလိုပုဂ္ဂိုလ်သမ္မတဖြစ်မှာကို ဗိုလ်ချုပ်ကြီးတွေထက် ခရိုနီတွေကတောင် ပိုလန့်ကောင်းလန့်နေနိုင်တယ်။ တရုတ်ကလည်း ဒေါ်စု ဆိုရင် လက်ရှိလူကြီးတွေနဲ့ဆက်ဆံရတာလောက် စားပေါက်ချောင်မှာ မဟုတ်တော့ လိုလိုချင်ချင်ရှိလှမယ်မဟုတ်ဘူး။
ချုပ်ကြည့်ရင် လက်ရှိအစိုးရက ခပ်ချာချာ။ ဘာမှမသိတော့ ခရိုနီအားကိုး၊ ခရိုနီစကားအဟုတ်ထင်နေရ၊ ခရိုနီနဲ့တရုတ်က ဒေါ်စုကိုမလိုချင်၊ အနောက်ကလည်း ဒီမိုကရေစီဖြစ်သွားတဲ့နောက် အစွန်းခပ်ရောက်ရောက် အမျိုးသားရေးဝါဒဆီ ခြေဦးလှည့်သွားတတ်တဲ့ အာရှသမိုင်းကြောင့် ခပ်တွန့်တွန့်။ ဦးသိန်းစိန်အနေနဲ့ သက်ဆင်ကို အတုယူသင့်တယ်။
ဦးသိန်းစိန် အီးယားဖုန်းတပ်တတ်သွားရင်တော့ အသံတွေ ပိုကြည်ကြည် လင်လင် ကြားနိုင်သွားကောင်းပါရဲ့။
ဂျာမန်အဓိပတိမကြီးကို အားကိုးရတော့မှာပဲ။

Post a Comment