မိုးတွေ ရွာဆဲပဲလား အဖေ

"ငါ့သား၊ မိုးတွေသိပ်ရွာနေတယ်၊ လယ်ကန်သင်းတွေ ကျိုးကုန်မှာစိုးရတယ်။ အဖေတို့ လယ်ထဲဆင်းကြည့်ရအောင်"
အိပ်နေတဲ့ ကျနော့်ကို အဖေက တိုးတိုးလေး လှုပ်နှိုးပါတယ်။ လယ်က ရွာနဲ့ သုံးမိုင်လောက်ဝေးမယ် ထင်တယ်။ အိပ်ယာက မထချင်ထချင် ကျနော်က
"အဖေ၊ ကျုပ် ဖိနပ်သည်းကြိုးပြတ်နေတယ်၊ စီးလို့မရတော့ဘူး"
"အဖေ့ဖိနပ်ကို စီး၊ ပေါက်ပြားကိုယူ၊ လာ အမြန်သွားရအောင်"
ဒီလိုနဲ့ ရွာကထွက်ခဲ့ကြတယ်။ ခပ်တည်းတည်း အဖေ့ဖိနပ်ကလည်း ချောင်း ကိုကျော်တော့ ပြတ်သွားပြန်ရော။
ဒီတော့ တောသား၊ လယ်သမား၊ သိန်းဖေမြင့် အသည်းစွဲ၊ လက်ဝဲယိမ်းတဲ့ အဖေက
"ခရီးက မဆုံးသေးတော့ ဖိနပ်မပါလည်း ဆက်လျှောက်ရမှာပဲ ငါ့ သားရေ။ ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့" လို့ ပြောခဲ့ပါတယ်။
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့..
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့....
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့......
ခပ်ညံ့ညံ့သားတစ်ယောက်ရဲ့ ကြိုးစားမှုလေးပါ။
လောကကြီးမှာ အဖေ့လက်ခုပ်သံထက်ကျယ်တာလည်း တစ်ခါမှ မကြားခဲ့ရဖူးပါဘူး အဖေရယ်။
ဇင်ဝေသော်

Post a Comment