ဒကာမလည်း သနပ်ခါး မလူးရ၊ ရဟန်းတွေလည်း ဝါဆိုသင်္ကန်း မရ

ဖြစ်ပုံက ဤသို့တည်း။

လွန်ခဲ့သည့် တနင်္ဂနွေနေ့က မျက်နှာသိ ဒကာတစ်ယောက် ဝါဆိုသင်္ကန်း လာကပ်၏။ မိမိက ကော်မတီအစည်းအဝေးရှိနေသဖြင့် မတွေ့လိုက်၊ သူတွေ့သော ရဟန်းကို ကပ်လှူထားခဲ့၏။
ထို သင်္ကန်းက လေးလံလွန်းသည်။ ရှစ် ကီလိုဂရမ်မျှရှိ၏။ အဘယ်သို့သော ဝါဆိုသင်္ကန်းပေနည်း။ အဆမတန် လေးပဲလေးလံလွန်းချေသည်။
ထို သင်္ကန်းကိုလက်ခံရရှိလိုက်သော ရဟန်းက သံသယဖြင့် သင်္ကန်းဗူးကို ဖွင့်ကြည့်လိုက်မိလေတော့သည်။
ဝေယျာဝစ္စများပြီး၍ ည ကိုးနာရီခန့်အချိန် ကျောင်းပေါ်ပြန်ရောက်တော့မှ ထူးဆန်းလေးလံလှသည့် သင်္ကန်းကိုလက်ခံရရှိလိုက်သော ရဟန်းက ၎င်းသင်္ကန်းကို ယူလာကာ မိမိကိုပြသည်။ မှန်၏။ ဝိသာခါတို့ဝတ်ဆင်သည့် မဟလ္လက ဝတ်စုံအလား လေးလံလွန်းချေ၏။

သို့ဖြင့် ဖွင့်ကြည်ရာ တိပ်ကပ်ထားသော ထို သင်္ကန်းဗူးထဲမှာ
၁။ ဘာသင်္ကန်းမှ မပါ။
၂။ သနပ်ခါးသွေးသည့် ကျောက်ပြင် အငယ်စား တစ်ခု (စက္ကူဖြင့် ပတ်ထား ၏)
၃။ သနပ်ခါးတုံး လေးတုံး (စက္ကူဖြင့် ပတ်ထား၏)
၎။ မြန်မာပြည်ထွက် မိတ်ကပ် နှစ်ဗူး
၅။ ပိတ်မထားသော စာတစ်စောင် ပါဝင်လေသည်။( လိပ်စာ၊ ဘာညာ ဆက် သွယ်ရန် မပါ)
သင်္ကန်းဆိုင်၏ အမှားလား၊ထို ဒကာ၏ အမှားလား မသိ။ ယင်းဒကာကို သိ၏ သို့သော် သူ့ ဖုန်းနံပတ်ကို မသိသဖြင့် ဆက်သွယ်လို့ မရဖြစ်နေရ၏။




ယခု သတင်းထုတ်ပြန်ချိန်အထိ ထို ဝါဆိုသင်္ကန်းသည် ရှစ် ကီလိုဂရမ် မျှလေးလံလျက်ရှိသေးကြောင်း၊ အလေးချိန် မလျော့သေးကြောင်း တွေ့ ရသည်။

(24/07/2013 17:01)

Post a Comment