သဲပုံစေတီ (တည်စဉ် သဒ္ဓါ၊ ဖျက်စဉ် ဝိပဿနာ)


"ဘုရားတည်တာတော့ ကောင်းတဲ့အလုပ်ပါ၊ ဒါပေမဲ့ သူများမြေပေါ် ဘုရား တည်တာကတော့ ဘာညာ ဘာညာ" ဆိုသည့်စကားကို သတိရမိ၏။ ယနေ့ စင်္ကာပူမြေပေါ်မှာ သဲပုံစေတီ(စတုတ္ထအကြိမ်)တည်ကြဖို့လုပ်နေကြသည်။ ခွင့်ပြုချက်ရလျင် သူများမြေပေါ်မှာလည်း တည်လို့ရသည်။ ဆိုလိုသည်မှာ သဲပုံစေတီ တည်ဖို့ ဧရာဝတီကမ်းခြေဖြစ်နေဖို့မလို။ သဲ ရှိဖို့သာလိုသည်။
ဤယဉ်ကျေးမှုက တိဘက် မဏ္ဍလ ယဉ်ကျေးမှုနှင့် အနှစ်သာရအားဖြင့်ဆင် သည်။ သူတို့ကရောင်စုံသဲများဖြင့် စကြဝဠာပုံစံအထိ တည်ဆောက်သည်။ အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေ ရင်းနှီးသည်။ ပြီးတော့မှ စနစ်တကျ တည်ဆောက်ထားသော မဏ္ဍလကို ဖျက်ဆီးလိုက်ကြ၏။ အနိစ္စ သဘောကို သရုပ်ပြလိုက်ခြင်းဖြစ်၏။
အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေ မည်မျှရင်းနှီး ထားရသည်ဖြစ်စေ တဒင်္ဂအတွင်း ပျက်သုန်းသွားနိုင်သည် ဟု ပြလိုက်ခြင်းဖြစ်၏။

မြန်မာတို့က သဲပုံစေတီကိုတည်ကြ၏။ ဤ၌
၁။ ဘုရားရှင်ကိုယ်တော်တိုင်(သဗ္ဗညုတဉာဏ်တော်မှလွဲလျင်) အနိစ္စနောက် ကို လိုက်တော်မူရ၏။ (ရုပ်ဝတ္ထု သဲပုံစေတီကား ဆိုဖွယ်မရှိ)
၂။ အနိစ္စသည် သင်ပေးဆပ်ခဲ့ရသည့် အချိန်တွေ၊ ငွေတွေ၊ လုပ်အားေ တွကြောင့် ငဲ့ညှာ နောက်ဆုပ်နေမည်မဟုတ်။(အနိစ္စသည် ဘက်မလိုက်)
အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေများစွာဖြင့် တည်ထားသော ထိုစေတီ သည် စင်္ကာပူပင်လယ်ကမ်းခြေမှာ ထာဝရရပ်တည်ခွင့် မရှိ။ ဝမ်းနည်းတတ် လျင် ဝမ်းနည်းလို့ရ၏။ သို့သော် ဝမ်နည်းစရာ၊ ရန်ထောင်နေစရာ မလို။

အနိစ္စသည် စင်္ကာပူအစိုးရ၏ ပေါ်လစီမဟုတ်၊ ဗုဒ္ဓဒေသနာဖြစ်သည်။
ထိုစေတီကို ကိုယ်တိုင်မဖျက်ဘူးဆိုလျင်ပင် ပင်လယ်လှိုင်းကြောင့် ပျက်စီး သွားရမည်။ ရှောင်လွှဲလို့မရ။
သို့သော် မပျက်စီးသေးသော နာမ်သဘောအချို့ ရှိတန်ရာ၏။
ယင်းတို့ကား
တည်ဆောက်စဉ် သဒ္ဓါနှင့် ဝိရိယစသည်......
ဖျက်ဆီးရစဉ် အနိစ္စာနုပဿနာတို့ဖြစ်သည်။
ယင်း အနိစ္စာနုပဿနာသည် ဝိပဿနာအစစ်ကြီးမဟုတ်တန်သေးစေ လူထု ကြားက လူမှု-ဝိပဿနာတော့ ဖြစ်နိုင်၏။ လူမှုဝိပဿနာက နိဗ္ဗာန်တော့ မပို့နိုင်။ ရင့်ကျက်ယဉ်ကျေးသူတော့ ဖြစ်စေနိုင်၏။
သူများမြေပေါ်မှာလည်း ဘုရားတည်လို့ရသည်။ အကြောင်းက ဘုရားသည် လည်းကောင်း၊ သူများသည်လည်းကောင်း၊ သူများပိုင်သည်ဟုထင်နေသော သညာဝိပ္ပလ္လာသသည်လည်းကောင်း အနိစ္စများသာ ဖြစ်ကြသောကြောင့်ဖြစ် ၏။ သို့သော် သဒ္ဓါနှင့် ဝိပဿနာက သဲပုံပျက်ပြီးနောက် နာမ်သတ္တိအဖြစ် ကျန်ရစ်ခဲ့၏။

http://www.abhidhammafoundation.org/index.php?option=com_content&view=article&id=184

Post a Comment