ကမ္ဘာ့အတော်ဆုံး ကလေးများ
By Amanda Ripley
တောက်တောက်ပပအရာတွေကို ဂရုမစိုက်ပါနဲ့ ကျောင်းဟောင်းကြီးကလည်း ကျောင်းကောင်းဖြစ်နေနိုင်ပါတယ်။ တောင်ကိုရီးယားမှာရှိတဲ့ ပူဆန်က အဲရစ်ရဲ့ကျောင်းဆိုရင် အရေးပါတဲ့ ကွန်ပျူတာတွေကလွဲရင် စာသင်ခန်းတွေဟာ ရိုးရိုးရှင်းရှင်းလေးပါ။ ကလေး တွေဆိုရင် ကျောင်းရှေ့က ဖုန်တွေ၊ရွှံ့တွေနဲ့ ကွင်းထဲမှာ ဘောလုံးကစားနေကြတယ်။ ထောင့်တစ်နေရာရာက နေ အဲဒီကျောင်းကို ကြည့်လိုက်ရင် ဒီကျောင်းဟာ ၁၉၅၀ ခုနှစ်တွေဆီက အမေရိကန် စာသင်ကျောင်းတွေနဲ့ ဆင်ဆင်တူပါတယ်။
ဖင်လန်နိုင်ငံမှာရှိတဲ့ ကင်(မ်) ရဲ့ကျောင်းက စာသင်ခန်းတွေဆိုရင်လည်း ဒီပုံစံအတိုင်းပါပဲ။ မြေဖြူနဲ့ရေး တဲ့ ဘလက်ဘုတ်(သို့) ခေတ်မမီတော့တဲ့ ၀ှိုက်ဘုတ်တွေနဲ့ သူတို့ရှေ့မှာ ကလေးတွေရဲ့ စာသင်ခုံ ခပ်ကြမ်း ကြမ်းကြီးတွေ ရှိပါတယ်။ စာသင်ဘုတ်တွေကလည်း နံရံနဲ့တွဲလျက်ပါ။
ပိုလန်မှာရှိတဲ့ တွန် ရဲ့ ကျောင်းဆိုရင် သူ့မွေးရပ်မြေ Pennsyluonia မှာရှိတဲ့ အကောင်းစား ကဇာတ်ရုံ အသာထားလို့ ကော်ဖီဆိုင်တောင် မရှိပါဘူး။ အမေရိကမှာရှိတဲ့ ကျောင်းတွေရဲ့စာသင်ခန်းတိုင်းမှာ အပြန် အလှန်ဆက်သွယ်ထားတဲ့ ၀ှိုက်ဘုတ်တွေရှိပါတယ်။ (၂၀၁၂ ခုနှစ်က တွန် ရဲ့ကျောင်းကို ကျွန်မသွားလေ့လာ တော့ ၀ှိုက်ဘုတ်အသစ်တွေနဲ့လဲဖို့ အဟောင်းတွေကို ဖြုတ်ပစ်ပြီးနေပါပြီ) ပိုလန်မှာရှိတဲ့ ဘယ်ကျောင်းက စာသင်ခန်းမှာမဆို ဒီလို ၀ှိုက်ဘုတ်မျိုးတွေ မရှိပါဘူး။
ကံမကောင်း အကြောင်းမလှစွာပါပဲ ခေတ်မှီနည်းပညာပစ္စည်းတွေနဲ့ ပညာရေး ဆက်စပ်ပြီး သုတေသန ပြုလုပ်ထားတဲ့ အချက်အလက်က မရှိပါဘူး။ လူကြီးသူမတွေပြောဖူးတာကတော့ ပညာရေးအတွက် အထောက် အကူ တကယ်ဖြစ်ပါတယ်ဆိုတဲ့ လက်တွေ့သာဓက မရှိဘဲ(မပြနိုင်ဘဲ) အမေရိကန်တွေဟာ ကျောင်းဆရာတွေ၊ ကျောင်းသားတွေအတွက် ခေတ်မီနည်းပညာဆိုင်ရာ ပစ္စည်းပစ္စယတွေ ၀ယ်ယူရင်း အလကား ငွေတွေဖြုန်း တီးနေတာပါတဲ့။ အခြား နေရာတော်တော်များများမှာ ငွေကုန်၊အချိန်ကုန် သက်သာစေဖို့ ကွန်ပျူတာဟာ အလွန်အရေးကြီးလှပါတယ်။ ကလေးတွေ ဘာတွေကိုဘယ်လိုသိထားသလဲ၊ သူတို့လိုအပ်ချက်က ဘာလဲ ဆိုတာမျိုးတွေ အဖြေရှာနိုင်ဖို့ပေါ့။ ဒါပေမဲ့ ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတာကို ပြသဖို့ ကလေး တိုင်းကို ဈေးကြီးလှတဲ့ ၀ိုင်ယာလက် ခလစ်ကာ(wireless clickers)တွေ ပေးထားဖို့ဆိုတာကတော့ တစ်ကမ္ဘာ လုံးကိုခြုံကြည့်ရင် လုံးဝစဉ်းစားလို့ မရနိုင်စရာပါပဲ။ (တစ်ကမ္ဘာလုံးက ကလေးတွေကတော့ သဘောတူရင် လက်ညှိုးထောင်လိုက်တာပါပဲ။ ဒါက အလုပ်လည်း ဖြစ်တယ်လေ)
“ပညာရေးမှာ လက်ရှိအတော်ဆုံး စာသင်ခန်းတွေကိုကြည့်ရင် သူတို့စာသင်ခန်းတွေထဲမှာ ထူးထူးခြား ခြား တက်ကနော်လော်ဂျီတွေ ရှိမနေတာကို တွေ့မြင်ရပါတယ်” လို့ အပြည်ပြည်ဆိုင်ရာ ပညာရေးဂုရုကြီး အွန်ဒရီ ရှလေချာက ကျွန်မကို ပြောပြပါတယ်။ “ဒါ ဘာကြောင့်လဲဆိုတာ ကျွန်တော့်ဆီမှာလည်း အဖြေမရှိဘူး။ ဖြစ်နိုင်တာကတော့ ဒီဂျစ်တယ်ပစ္စည်းတွေအစား မွေးရာပါ သူတို့ရဲ့အလေ့အကျင့်ကို (လက်ညှိုးထောင်ခြင်း စသည်) အသုံးပြုလိုက်လို့ ဖြစ်ဟန်တူပါတယ်”
ဒီစာအုပ်အတွက်သီးသန့် ကျွန်မသုတေသနလုပ်တော့ အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေနဲ့ အမေရိကန် (exchange student) ကျောင်းသား(၁၀)ယောက်မှာ (၇)ယောက်က အမေရိကန်ကျောင်းတွေမှာ တက်ကနော်လော်ဂျီတွေ ပိုများတယ်လို့ ဆိုကြပါတယ်။ အမေရိကကျောင်းတွေမှာ တက်ကနော်လော်ဂျီ အားနည်းတယ်လို့ ပြောတဲ့ အမေရိကန်ကျောင်းသား တစ်ယောက်မှ မရှိခဲ့ပါဘူး။
ကမ္ဘာ့ပညာရေးအကောင်းဆုံးနိုင်ငံတွေဟာ ကျောင်းဆရာတွေရဲ့လစာနဲ့ ကျောင်းသားတိုင်းအပေါ် မျှမျှတတဖြစ်ရေး (အကူအညီ အလိုအပ်ဆုံးကျောင်းသားကို အကူအညီပေးနိုင်ဖို့ စူးစမ်းလေ့လာခြင်း) တို့ကို အထူးအလေးထားပါတယ်။ ကမ္ဘာ့အဆင့် ပညာရေးအကြောင်းကို ရှာဖွေကြရာမှာ ပစ္စည်းကိရိယာတွေထက် လူတွေကပိုပြီး အရေးကြီးတယ်ဆိုတာကိုတော့ အမှတ်တရ ရှိကြပါ။
ကျောင်းအုပ်ကို မေးခွန်းခက်ခက်ခဲခဲတွေမေးပါ ကျောင်းအုပ်ကိုတွေ့ပြီဆိုရင်အလုပ်ရှင်တစ်ယောက်က မေးခွန်းတွေကိုမေးသလိုမျိုးမေးပါ။ ကျောင်းရဲ့ အဓိကအရေးထားတဲ့အချက်တွေ၊ ကျောင်းရဲ့အစဉ်အလာတွေကိုမေးပါ။ မကြောက်ပါနဲ့။ ကားတစ်စီး မ၀ယ်မီ၊ အလုပ်တစ်ခုလက်မခံမီ မေးတတ်တဲ့ မေးခွန်းမျိုးတွေကို မေးပါ။
ကျောင်းကောင်းတစ်ကျောင်းကိုရှာဖွေရာမှာအခြားအချက်တွေအားလုံးထက်ဒီကျောင်းရဲ့ခေါင်းဆောင်ဟာအရေးကြီးပါတယ်။ ဆရာတွေဟာအရေးကြီးတယ် ဆိုတာလည်းမှန်ပါတယ်။ ဒါပေမယ့် ရှင်တို့ကလေးကိုသင်မယ့်ဆရာကို ရှင်တို့ရွေးချယ်ခွင့်မရှိပါဘူး။ ဒီတော့ရှင်တို့အတွက် ဒီတာဝန်ကိုကျောင်းအုပ်ကယူဖို့သူ့ကို လွှဲပြောင်း ပေးရပါတော့မယ်။
ဆရာတွေကို ဘယ်လိုရွေးချယ်ပါသလဲ ဖင်လန်၊ တောင်ကိုရီးယားနဲ့ပညာရေးစူပါနိုင်ငံတွေအားလုံးမှာဆရာတစ်ယောက်ကို စစ်စစ်ပေါက်ပေါက် ရွေးချယ်လေ့ရှိကြပါတယ်။ ကျောင်းသားထုရဲ့လက်ခံမှုရာခိုင်နှုန်း၊သူတို့အထက်တန်းရမှတ်တွေကလည်း ထိပ် တန်း(၃၀)ရာခိုင်နှုန်းထဲမှာပါ ၀င်နေရတယ်။ ဆရာတစ်ယောက်ကိုဒီလိုစနစ်တကျ ရွေးချယ်တယ်ဆိုရုံနဲ့လည်း ပညာရေးကောင်းမွန်နေပြီလို့အာမ မခံနိုင်ဘူး။ အခြားကောင်းမွန်တဲ့ပေါ်လစီတွေရှိနေဖို့လည်း လိုအပ်ပါတယ်။
နိုင်ငံတော်တော်များများမှာ ဆရာတစ်ယောက်ကိုဒီလိုစနစ်တကျ ရွေးချယ်မှုမျိုးမရှိဘူးဆိုတော့ကျောင်း အုပ်ဟာပိုလို့တောင်အရေးကြီးနေပါသေးတယ်။ကျောင်းရဲ့ခေါင်းဆောင်ဟာသူ့ကျောင်းမှာခန့်အပ်မယ့်
ကျောင်းဆရာတွေကိုရေစစ်နဲ့စစ်ယူသလိုစစ်ရမယ်။ဒါကလည်းကမ္ဘာ့နိုင်ငံတော်တော်များများမှာမကျင့်သုံးကြသေးပါဘူး။ ဘယ်ဆရာကိုတော့ခန့်မယ်၊ဆရာတွေကိုဘယ်လိုဆက်လက်လေ့ကျင့်ပေးမယ်၊ ဘယ်ဆရာ ကိုတော့ဆက်ထား လို့မရတော့ဘူးစတဲ့ ကျောင်းအုပ်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ထက်ဘယ်အရာမှ ပိုအရေးမကြီးပါဘူး။ ဂျင်ကောလင်း (Jim Collings)ကသူ့ရဲ့ဂန္တ၀င်“Good to Great”စာအုပ်ထဲမှာ“
Great vision without great people is irrelevant”လို့ ရေးထားခဲ့ပါတယ်။ (လူတော်တွေမရှိဘဲနဲ့ ကြီးကျယ်တဲ့အမြင်ဟာ အလုပ်မဖြစ်ဘူး)။
ကျောင်းအုပ်တစ်ယောက်ဟာဘယ်သူ့ကို အင်တာဗျူးပြီးဘယ်သူ့ကိုဆရာအဖြစ် ခန့်အပ်ခွင့်ရှိသလား ဆိုတာကိုလည်း လေ့လာပါ။ ကျောင်းတော်တော်များများမှာ ဒီလိုလက်တွေ့ကျကျ သာမန်အမြင်တွေ မဲ့နေတတ်ပါတယ်။ ပြီးရင်ကျောင်းဆရာတစ်ယောက် စာသင်တာကိုကျောင်းအုပ်က စောင့်ကြည့်လေ့လာ ဖူးပါသလားလို့မေးကြည့်ပါ။ ဒီလိုလုပ်ရိုးလုပ်စဉ်ကလည်းအမေရိကအပါအ၀င် နိုင်ငံတော်တော်များများမှာမရှိဘူး။ ခေတ်သစ်ကမ္ဘာမှာ စိန်ခေါ်မှုအကြီးဆုံးဖြစ်နေတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ခေါင်းဆောင်မှုစွမ်းရည် ဘယ်လောက်ရှိ သလဲဆိုတာကို ဒီလိုစောင့်ကြည့် မှသိနိုင်ပါလိမ့်မယ်။ သူ့ကိုတကယ်မခန့်ခင်မှာ (ကလေးတစ်ယောက်ကိုသင်ပြခိုင်းတာမျိုးမဟုတ်စေဦး) လူကြီးတစ်ယောက်ကို ဘယ်လိုသင်မလဲ ဆိုတာ လောက်တော့အစမ်းအသင်ခိုင်းကြည့်ရပါမယ်။ဒီလိုစမ်းသပ်မှုဟာလုံးဝမစမ်းသပ်တာထက်တော့ အများကြီးသာ ပါတယ်။
ဆရာတွေပိုတော်လာအောင် ဘယ်လိုသင်ပါသလဲ ဒီမေးခွန်းအတွက်ကတော့ပိုပြီးတိကျတဲ့အဖြေရလေလေပိုကောင်းလေလေပါပဲ။ဆရာတော်တော်များ များဟာကျောင်းသားမိဘတွေဆီကအသံကိုလုံးဝနားမထောင်ဘဲခရီးဆက်နေကြတာများပါတယ်။
ဒီနေ့ခေတ် မှာဆင်ခြေပေးလို့လုံးဝမရတဲ့ အားနည်းချက်ပါ။“
Professional development”ဆိုတာ ဒီနေ့ပညာရေးမှာ ခေတ်စားနေတဲ့ မရှိမဖြစ်စကားလုံးပါ။ဆရာတစ်ဦးချင်းစီရဲ့အားနည်းချက် အားသာချက်တွေကို သိအောင်ကို လုပ်ထားရမယ်။ ဒါကို ဆရာပေါင်းထောင်ချီရှိနေတဲ့ အော်ဒီတိုရီယမ်ထဲက လက်ချာခန်းမှာတော့ ချမပြရဘူးပေါ့။
ဒါကိုဘယ်နိုင်ငံကမှတိတိကျကျလိုက်နာတာမတွေ့ရပါဘူး။ ဒါပေမဲ့တစ်ချို့နိုင်ငံတွေက တစ်ချို့နိုင်ငံ တွေထက် သာတယ်။ ဒါလောက်ပါပဲ။ ဖင်လန်မှာဆိုရင် သူတို့ဆရာဖြစ်သင်တန်းတွေမှာ ဆရာတစ်ယောက်က အခြားဆရာတစ်ယောက်သင်ကြားနေပုံကို စောင့်ကြည့်ရတယ်။ ဆရာတွေအချင်းချင်း နှီးနှောဖလှယ်နိုင်ဖို့ နိုင်ငံ တော်တော်များများကဆောင်ရွက်ပေးကြပါတယ်။ ဒီအချက်မှာအမေရိက ကတော်တော်အားနည်းတာတွေ့ ရပါတယ်။ အမေရိကန်ကျောင်းဆရာတွေရဲ့ ဆရာသက်တမ်းဟာ အခြားဆရာတွေထက် ပိုတိုပြီး သူတို့ အကြံဥာဏ်နဲ့ အတွေ့အကြုံကို သူများကိုဖြန့်ဝေဖို့နဲ့ သူများဆီကအသံကို နားထောင်ဖို့ အချိန်သိပ်မရကြဘူး။
ဒီတော့ ဆရာတွေအချင်းချင်း နှီးနှောနိုင်ဖို့နဲ့ သူရဲ့ထိပ်တန်းဆရာတွေကို ဘယ်လိုခေါင်းဆောင်မှုအခန်းတွေ ပေးသလဲဆိုတာ ကျောင်းအုပ်ဆရာတိုင်းကိုမေးပါ။
အောင်မြင်မှုကို ဘယ်လိုတိုင်းတာသလဲဒီလိုအမြင်ကိုခေါင်းဆောင်ကောင်းတိုင်းရှင်းရှင်းလင်းလင်းဖြေကြားနိုင်ပါတယ်။
ဒီလိုမေးခွန်းနဲ့ပတ်သက်လို့ရှင်းရှင်းလင်းလင်းမရှိတဲ့လေကြောရှည်ရှည်ဖွင့်ပြနေတာမျိုးကို ကြားရပြီဆိုရင်တော့ ဒီကျောင်းဟာသိပ်မစွံတဲ့ သာမန်ကျောင်းတစ်ကျောင်း၊ စမစ်ရှင်မရှိတဲ့ကျောင်းတစ်ကျောင်းလို့ မှတ်ယူထားနိုင်ပါတယ်။ အမေရိကမှာရှိတဲ့ ကျောင်းအုပ်တော်တော်များများကတော့ အောင်မြင်မှုတိုင်းတာတာနဲ့ပတ်သက်လို့စာမေးပွဲအမှတ်စာရင်း အချက် အလက်တွေကိုထုတ်ပြတတ်ကြပါတယ်။ ဒါဟာ ဖြစ်သင့်ပါတယ်၊ ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်ဘူး။ ဘွဲ့ရသွားတဲ့ အရေအတွက်နဲ့ မိဘတွေရဲ့ကျေနပ်အားရမှုရှိမရှိ ဆိုတာတွေလည်း ပါဝင်နေသင့်တယ်။ ကောင်းပါပြီ၊ ဒါဆို ထိတွေ့လို့မရတဲ့ အောင်မြင်မှုတွေကို ဘယ်လိုတိုင်းတာပြကြမလဲ။
ကျောင်းသားတွေကို ဘယ်လိုပိုပြီးတွေးခေါ်တတ်အောင်၊ ပြဿနာရဲ့အဖြေကိုရှာဖွေတတ်အောင် သင်ကြားပေးနေပါတယ်ဆိုတာ သူတို့ကိုယ်သူတို့ ဘယ်လိုသိနိုင်မလဲ။
ပုံစံကျစာမေးပွဲတော်တော်များများက ဒါတွေကို မခြုံငုံမိဘူး။
ကမ္ဘာမှာအကြီးမားဆုံးအောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာမရှိမဖြစ်လိုအပ်နေတဲ့ ဇွဲမလျှော့မှုတွေ၊ ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်မှုတွေ၊ ပတ်ဝန်းကျင်နဲ့ အတူတကွလိုက်လျောညီထွေနေနိုင်မှုတွေကို ကလေးတွေကို သူတို့သင်ကြားပေးနေပါတယ်ဆိုတာ ဘယ်အချက်နဲ့သက်သေပြမှာလဲ။
သူတို့တိုးတက်လာဖို့ဘာတွေ လိုအပ်သလဲဆိုတာဆရာတွေက ကျောင်းသားတွေကို မေးဖူးကြ သလား။ ကလေးတွေဆီက အသံတွေကို နားထောင်ပြီး ဆီမီးစတားတိုင်းမှာ ကျောင်းရဲ့လိုအပ်နေတဲ့ အခြေခံမူတွေကိုပြင်ဆင်ဖူးကြသလား။ ကမ္ဘာ့အဆင့်မီကျောင်းဆရာတွေဟာ သူတို့ဘယ်ကိုဦးတည်နေ တယ် ဆိုတဲ့အမြင် ရှင်းရှင်းလင်းလင်းရှိကြတယ်။ သူတို့လမ်းကြောင်းများလွဲသွားသလားဆိုတာကို အချက်အလက် တွေက အဆုံးအဖြတ်ပေးကြပါတယ်။ ပိုကောင်းတဲ့အနေအထားဆီရောက်အောင် လူတွေရဲ့ဓလေ့စရိုက်ကို ပြောင်းပေးရတယ်။
" လက်ရှိနည်းစနစ်ဟာ တကယ်ပဲ မှန်ကန်တဲ့နည်းစနစ်ဆိုတာ ဘယ်လိုသေချာအောင်လုပ်သလဲ။ကလေးတစ်ယောက်ရဲ့ အမြင့်ဆုံးစွမ်းရည်ထွက်လာအောင် ဘယ်လိုတွန်းအားပေးကြမလဲ။ "
နယူးယောက်စီးတီးမှာရှိတဲ့ Success Academy ချာတာကျောင်းက ကျောင်းသားတွေဟာ နေ့တိုင်းတစ်နာရီခွဲကြာအောင် စာဖတ်ရတယ်။ ပြီးတော့ ဖတ်ပြီးသားစာတွေကို ဆွေးနွေးရတယ်။ ပြီးရင် နောက်ထပ်နာရီဝက် အရေးလေ့ကျင့်ရတယ်။ မူလတန်းကစလို့ ကလေးတိုင်းဟာ နေ့တိုင်းသိပ္ပံဘာသာရပ်ကို သင်ယူရတယ်။ နယူးယောက်က တော်တော်များများ ပတ်ဘလစ်ကျောင်းတွေက ကလေးတွေဟာ အလယ်တန်းရောက်မှ သိပ္ပံကိုသင်ရတယ်။
ဒါတင်မကသေးဘူး။ Success Academy က ကျောင်းသားတွေဟာ ဂီတ၊ အနုပညာ(art)နဲ့ အကကို လည်းသင်ရတယ်။ နောက်ချက်စ်ကစားရတယ်။ရာသီဥတုဆိုးရွားတဲ့နေ့တွေမှာတောင်ဒီသင်တန်းတွေက ပျက်ခဲ တယ်။ ဒီပေါ်လစီကဖင်လန်နဲ့တူတဲ့ပေါ်လစီပဲ။ ဒီနည်းဗျူဟာကို သူတို့က“ပျော်ရွှင်စွာစည်းကမ်းသေ၀ပ်ခြင်း” (Joyful rigor)လို့ခေါ်ကြပါတယ်။
ဒီစနစ်က တကယ်အလုပ်ဖြစ်သလား။
Success Academy က လေးတန်းကျောင်းသားအားလုံးဟာ သိပ္ပံဘာသာရပ်မှာတော်တယ်။ ၉.၅ ရာခိုင်နှုန်းကဆိုရင် အထက်ကအတန်းတွေရဲ့အဆင့်ကိုတောင်မှီတယ်လို့ နယူးယောက်စီးတီး စစ်တမ်းအရ သိရပါတယ်။ ၀င်ငွေနည်းပါးတဲ့ မိဘတွေရဲ့သားသမီးတွေကို မဲဖောက်ပြီး လက်ခံတဲ့ Success Academy Harlem-1ကကျောင်းသားလေးတွေဆိုရင်လည်း နယူးယောက်မှာအတော်ဆုံးအကောင်းဆုံးဆိုတဲ့ ကျောင်း တွေနဲ့တန်းတူအရည်အချင်းရှိပါတယ်။
အဲဒီကျောင်းတွေက ဆရာတွေဆိုရင်ထူးချွန်ဖော်ရွေပြီး သင်ခန်းစာအတွက် အကောင်းဆုံးပြင်ဆင်ထား ကြမယ်လို့မျှော်လင့်ထားကြပါတယ်။ ပြီးတော့ကျောင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ပိုပြီး မျှော် လင့်ထားကြဖို့နဲ့ ကလေးတွေစိတ်ဓာတ်တွေများ ကျကုန်မလားဆိုတဲ့ စိုးရိမ်စိတ်တွေမ၀င်ဖို့ ဆရာ တွေ ကိုကောင်းကောင်း လေ့ကျင့်ပေးထားတာပါ။ အဲဒီကျောင်းတွေမှာ မူလတန်းပြဆရာတစ်ယောက်ဟာ ကလေး နဲ့စကားပြောတဲ့အခါ သီချင်းဆိုသံလိုလို ဘာလိုလိုနဲ့ညုတုတုစကားမပြော ဖို့လည်းတားမြစ်ထားပါတယ်။ အဲသလိုပြောဆိုရင် ကလေးတွေကဆရာ့ကိုလေးစားရတာခက်သွားမှာကြောင့်ပါ။
“ဒါကတော့ပညာရှင်ရဲ့ လုပ်ဆောင်မှုစွမ်းရည်ကို စော်ကားမှုပါပဲ”လို့ Success Academy ကျောင်း တွေရဲ့စီအီးအို(CEO)Eva Moskowitz နဲ့သူမရဲ့ပူးတွဲစာရေးသူArin Laviniaက၂၀၁၂ခုထုတ်“Mission Impossible” စာအုပ်ထဲမှာရေးသားထားပါတယ်။
“ဆရာတစ်ယောက်ရဲ့သင်ကြားမှုဟာ ကလေးတွေထိုင်ခုံပေါ်မှာ အငြိမ်နေလို့မရလောက်အောင် စိတ် ၀င်စားစရာကောင်းပြီးဆွဲဆောင်မှု ရှိနေရပါမယ်။ ကလေးတွေရဲ့အာရုံကို ဖမ်းစားထားနိုင်တာဟာ ဆရာ ရဲ့ အတတ်ပညာဖြစ်ပြီး သူတို့ကလေးလိုဟန်လုပ်ပြီး ပြောနေစရာမလိုပါဘူး။”
Success Academyကျောင်းတွေမှာ မိဘရဲ့ပူးပေါင်းမှုကလည်း တမူထူးခြားနေပါတယ်။ ကျောင်းသား မိဘတွေကို မုန့်လုပ်ရောင်းဖို့ ၊လက်ဆောင်ပစ္စည်းတွေစက္ကူနဲ့ထုတ်ရောင်းဖို့ မခိုင်းပါဘူး။ သူတို့ကိုခိုင်းတာက တစ်ပတ်မှာခြောက်ည ကလေးတွေရဲ့ပညာရေးကို စောင့်ကြည့်ပေးဖို့ပါ။ သူတို့ကလေးတွေကောလိပ်အတွက်အဆင်သင့်ဖြစ်နေအောင် ကျောင်းကသင်တဲ့ပညာရေးကိုအိမ်မှာဆက်ပြီး လေ့လာဖို့တွန်းအားပေးခိုင်းခြင်းမျိုးပါ။ဒါကကိုရီးယားတွေရဲ့အလေ့အကျင့်ဖြစ်ပါတယ်။ ကျောင်းသားမိဘတိုင်းဟာ ကလေးရဲ့ဆရာနဲ့ ကျောင်းအုပ် ကြီးတို့ရဲ့ဖုန်းနံပါတ်တွေရှိနေပါတယ်။
၂၀၁၁ ခုမှာ မန်ဟတ္တန်က Upper West Side မှာ Success Academy ကျောင်းအသစ်ဖွင့်ပါတယ်။ ဒီနေရာက အရင်ကျောင်းတွေထက် ပိုချမ်းသာတဲ့ရပ်ကွက်ပါ။ ဒီကျောင်းဟာ အခြာကျောင်းတွေနဲ့လုံးဝမတူဘဲ တမူထူးခြားနေပါတယ်။ Moskowitz က ဒီကျောင်းမှာ မိဘ၀င်ငွေတူညီတဲ့လူဖြူ၊ အာရှတိုက်သား၊ အာဖရိကန်-အမေရိကန်၊ စပိန်စတဲ့လူမျိုးပေါင်းစုံရောစပ်နေတာမျိုး ဖြစ်စေချင်ခဲ့ပါတယ်။ သူမဖြစ်စေချင်သလိုလည်း ဖြစ်လာခဲ့တယ်။ ဒီစနစ်ဟာ ကလေးပညာရေးအတွက် အကောင်းဆုံးပါပဲ။ မတူညီတဲ့မျှော်လင့်မှုတွေ ရောနှောသွားတယ်။ တစ်ဦးချင်းစီရဲ့အားသာမှုတွေ၊ လက်တွေ့ကျင့်သုံးနေထိုင်ပုံတွေအားလုံး ရောနှောမိ သွား တယ်။
တစ်နိုင်ငံလုံးမှာပဲဒီလိုပုံစံနဲ့ ကျောင်းတွေအမျာကြီးရှိပါတယ်။ နယူးယောက်မြို့တော်က Success Academyကျောင်းတွေဆိုရင် အမေရိကထဲက ဖင်လန်ပညာရေးလို့ဆိုနိုင်ပါတယ်။ ဖင်လန်နဲ့အနီးစပ်ဆုံး တူနေပါတယ်။ ၀ါရှင်တန်ဒီစီက ကျောင်းဆရာ ၀ီလီယံတေလာဆိုရင် သူ့ရဲ့ဆင်းရဲသားကျောင်းသားတွေဆီက မျှော်လင့်ချက်မြင့်မြင့်ထားရှိမှုဟာ ကိုရီးယားတွေနဲ့တူပါတယ်။ Rhole Island က Deborah Gist ဆိုရင် ကျောင်းသားတွေဆီက အမြင့်ဆုံးစွမ်းရည်ကို ရအောင်ထုတ်ယူနိုင်တဲ့ ဖင်လန်နဲ့ ကိုရီးယား ပေါင်းစပ် ပုံသဏ္ဍန်မျိုးပါ။
ကမ္ဘာ့အဆင့်မီကျောင်းဆရာတွေက ရှိနေပါတယ်။ ဒါပေမယ့်သူတိုလည်း ရှေးရိုးစွဲယဉ်ကျေးမှုတွေ ဥပဒေတွေနဲ့ တိုက်ပွဲဝင်နေကြပါတယ်။ အဲသလိုတိုက်ပွဲဝင်နေရတာနဲ့ သူတို့စွမ်းရည်နဲ့ အချိန်တွေလည်းကုန်သွားပါတော့တယ်။
တကယ်လို့ သူတို့သာ ဒီတိုက်ပွဲအောင်နိုင်ဖို့သာဆိုရင် မိဘနဲ့ကျောင်းသားတွေကိုယ်တိုင် သူတို့ကိုဝိုင်းဝန်းထောက်ခံပြီး-ကျွန်မတို့ကလေးတွေဟာစည်းစနစ်ကျတဲ့ပညာရေးကို လေ့လာနိုင်ရုံမက ဒီလိုပညာရေးစနစ်ကို ဘယ်တုံးကမှနဲ့မတူ အသည်းအသန်ကို အလိုရှိနေကြပါပြီလို့ တညီတညွတ်တည်း ထောက်ခံပေးလိုက်ဖို့ပဲ ရှိပါတော့တယ်။
-ပြီး-
The End of “How to sport a world- class education.”